တိန့်ရှောင်ဖိန်၊ လေကောင်းလေသန့်နှင့် ယင်ကောင်များ

တိန့်ရှောင်ဖိန်၊ လေကောင်းလေသန့်နှင့် ယင်ကောင်များ
Published 2 March 2018

၂၀၁၄ ခုနှစ် သြဂုတ် ၂၂ ရက်က တိန့်ရှောင်ဖိန်၏ အတ္ထုပ္ပတ္တိစာအုပ်များကို ပေကျင်းမြို့ စာအုပ်ဆိုင်တစ်ဆိုင်တွင် တွေ့ရစဉ်

လက်ငင်းမြန်မာ့နိုင်ငံရေး စပ်ကူးမပ်ကူးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးစတဲ့ နယ်ပယ်တွေမှာ လေကောင်းလေသန့်ရဖို့ဟာ အတော့်ကို အရေးကြီးနေပါတယ်။ မွန်းကျပ်နေဆဲ စိန်ခေါ်ချက်တွေကြားမှာ တံခါးတွေကို ပိတ်ထားမယ်ဆိုရင် ပိုခက်ခဲသထက် ခက်ခဲလာနိုင်ပါတယ်။ ယင်ကောင်တွေကတော့ သူတို့အလုပ်သူတို့ လုပ်ကြမှာပါ။ လေကောင်းလေသန့်နဲ့အတူ မြန်မာ့ဒီမိုကရေစီခရီးရှည်ဟာ လန်းဆန်းတက်ကြွ နေဖို့လည်း သော့ချက်ကျ အရေးကြီးပါတယ်။ အဲဒီလိုနဲ့ တိန့်ရှောင်ဖိန်ပြောခဲ့တဲ့ လေကောင်းလေသန့်နဲ့ ယင်ကောင်တွေဟာ စာတစ်စောင်ပေတစ်ဖွဲ့ဖြစ်လာပါတယ်။

တိန့်ရှောင်ဖိန်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ခေတ်သစ်ကိုတည်ဆောက်ခဲ့တဲ့၊ ဒုတိယမြောက် တရုတ်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်ကြီးလည်းဖြစ်၊ ဗိသုကာကြီးလည်းဖြစ်ပါတယ်။ သူဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပိတ်ထားတဲ့ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို စနစ်တကျ၊ ဗျူဟာမြောက်ဖွင့်နိုင်ဖို့ လမ်းပြဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ စစ်အေးခေတ်၊ လက်ဝဲဂိုဏ်းမှာ လမ်းသစ်ဖောက်ခဲ့တဲ့ ခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်။ တိန့်ရဲ့ အမြော်အမြင်နဲ့အတူ တရုတ်ရဲ့တံခါးဖွင့် မူဝါဒတွေဟာ အာရှတစ်လွှားမှာရော၊ ဥရောပတစ်လွှားမှာရော၊ ကမ္ဘာတစ်လွှားမှာပါ အသိအမှတ်ပြုခံလာရတာက ဒီနေ့ဒီအချိန်အထိပဲ ဖြစ်ပါတယ်။

ပေကျင်းရဲ့ပြုပြင်ပြောင်းလဲရေးခြေလှမ်းတွေကို ဇာတ်စီးခဲ့တဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ဟာ ၁၉၇၈ ခုနှစ်နောက်ပိုင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးကို ဒုတိယမြောက်တော်လှန်ရေးလို့လည်း အမည်တပ်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန်ဟာ တံခါးဖွင့်ပြီးနောက် ၁၉၇၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတည်းက သူဟာ ဝါရှင်တန်ကို ပထမဆုံး အလည်အပတ်သွားခဲ့တဲ့ တရုတ်အဆင့်မြင့် ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဝါရှင်တန်နဲ့ မော်စကိုအကြား စစ်အေးကာလအားပြိုင်နေဆဲမှာ ဝါရှင်တန်ဟာ ပေကျင်းကို မော်စကိုနဲ့အလှမ်းဝေးစေချင်တာကလည်း တိန့်ရှောင်ဖိန်ရဲ့ဝါရှင်တန်ဗျူဟာအတွက် အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ နောက်နှစ် ၃၀ နီးနီးမှာ ပေကျင်းဟာ ဝါရှင်တန်ရဲ့ပြိုင်ဘက်ကောင်း ဖြစ်လာပြီး စစ်အေးခေတ်နဲ့မတူတဲ့၊ စစ်အေးခေတ်ကထက် ပရိယာယ်ကြွယ်ကြွယ် ၊ ပညာသားပါပါ အားပြိုင်တာတွေကို မြင်တွေ့နေရပါတယ်။ တိန့်ရှောင်ဖိန်ဟာ ၁၉၇၀ ဆယ်စုနှစ်နှောင်းပိုင်းမှာ ဝါရှင်တန်-ပေကျင်း ဆက်ဆံရေးကို ဂငယ်ကွေ့ကွေ့ခဲ့ပြီး၊ ဝါရှင်တန် အပါအဝင် အနောက်အုပ်စုနဲ့ဆက်ဆံရေးကောင်းအောင် ထိန်းကျောင်းရင်း ပေကျင်းကို စီးပွားရေး မဟာအင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်အောင် ဗျူဟာမြောက်ပုံသွင်းနိုင်ခဲ့ပါတယ်။

တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ရဲ့အဆိုအမိန့်တွေထဲမှာ တံခါးဖွင့်ဝါဒနဲ့ဆက်စပ်နေတာလေးကို အမှတ်ရမိပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ အိမ်တစ်အိမ်လိုပဲ၊ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေရှိတယ်။ တံခါးပေါက်တွေကို ပိတ်ထားရင် လေကောင်းလေ သန့်မရနိုင်ဘူး။ ယင်ကောင်တွေလည်း ဝင် မလာနိုင်ဘူး။ ဒါပေမဲ့ ပြတင်းပေါက်တွေကို ဖွင့်လိုက်ရင်တော့ လေကောင်းလေသန့်တွေ ဝင်လာမယ်။ အဲဒါနဲ့တစ်ဆက်တည်း ယင်ကောင်တွေလည်းပါလာမယ်လို့ တိန့်ရှောင်ဖိန်က ပြောခဲ့တာကို အမှတ်ရမိပါတယ်။ လေ ကောင်းလေသန့်ကိုလိုချင်လို့ တံခါးဖွင့်ပါ တယ်ဆိုမှ ယင်ကောင်တွေဝင်လာမှာကို ကြောက်နေလို့မရဘူးလို့ အနက်အဓိပ္ပာယ်ရတဲ့ တိန့်ရှောင်ဖိန်ရဲ့စကားဟာ တရုတ်နိုင်ငံက ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို ပွင့်သွားစေခဲ့တဲ့ တံခါးဖွင့်မူဝါဒရဲ့ ကနဦးခြေ လှမ်းလို့လည်း ဆိုရမှာဖြစ်ပါတယ်။

လေကောင်းလေသန့်ကိုလည်း လိုချင်သေး၊ ယင်ကောင်တွေ ဝင်လာမှာကိုလည်း မလိုလားဘူးဆိုရင်တော့ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို ပိတ်ထားဖို့ပဲရှိပါတယ်။ လေကောင်းလေသန့်နဲ့အတူ အမှိုက်သရိုက်တွေ၊ ယင်ကောင်တွေဆိုတာ အမြဲပါလာတတ် စမြဲဆိုတာကတော့ ငြင်းမရတဲ့ အချက်ပါ။ ဘာပဲလုပ်လုပ် အကောင်းနဲ့အဆိုးကတော့ ပခုံးချင်းယှဉ်နေတာပါ။ တရုတ်နိုင်ငံလိုပဲ  မြန်မာနိုင်ငံ အပါအဝင်နိုင်ငံတွေဟာ လေကောင်းလေသန့်လိုချင်လို့ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကိုဖွင့်တော့မယ်ဆိုရင် ခြင်တွေ၊ ယင်တွေ ဝင်လာနိုင်တယ်ဆိုတာ နားလည်သဘောပေါက်ဖို့လိုပါတယ်။

လွန်ခဲ့တဲ့နှစ် ၄၀ နီးနီးကာလတုန်းက  တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို ရဲရဲဝံ့ဝံ့ဖွင့်လှစ်ပြီး တရုတ်နိုင်ငံကို ကမ္ဘာကြီးနဲ့ပြန်ပေါင်းကူးပေးခဲ့တဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ဟာ စစ်အေးခေတ်တုန်းကရော၊ စစ်အေးခေတ် အလွန်မှာပါ ကမ္ဘာ့နိုင်ငံတွေအကြား စံပြုထိုက်တဲ့ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန်ရဲ့အတွေးအခေါ်၊ သီဝရီ၊ အမြော်အမြင်၊ နည်းနာနဲ့ လုပ်ဟန်တွေဟာ တရုတ်နဂါးကြီးကို အားကောင်းသထက် အားကောင်းလာစေတာကတော့ သိသာမြင်သာတဲ့ အထောက်အထားပဲဖြစ်ပါတယ်။

တိန့်ရှောင်ဖိန်ရဲ့မိန့်စကားကို အကိုးအကားလုပ်ကာ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးနဲ့စပ်ကူးမပ်ကူးကာလမှာ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကိုဖွင့်ပြီး၊ လေကောင်းလေသန့်တွေရအောင် လုပ်နိုင်မလားလို့ စဉ်းစားမိပါတယ်။ စိန်ခေါ်ချက်တွေကလည်း ရှိနေပါတယ်။ ယင်ကောင်တွေဝင်လာမှာကို စိုးရိမ်ပြီး၊ တံခါးတွေကိုဖွင့်ဖို့ တွန့်ဆုတ်နေမယ်ဆိုရင်တော့ လေကောင်းလေသန့်နဲ့ အလှမ်းဝေးနေဦးမှာပဲဖြစ်ပါတယ်။ အရေးကြီးတာက တံခါးပေါက်တွေ၊ ပြတင်းပေါက်တွေ ဖွင့်လိုက်လို့ ခြင်တွေ၊ ယင်ကောင်တွေ ဝင်လာရင် ဘယ်လိုတားဆီးမလဲ၊ ဟန့်တားမလဲဆိုတာပါ။ နောက် တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အကျင့်သီလ ကောင်းမွန်ရေးစတဲ့ နည်းနာတွေနဲ့ ဘယ်လောက်ထိထိရောက်ရောက်၊ သက်သာအောင်ကုစားနိုင်မလဲဆိုတာကိုလည်း စောင့်ကြည့်ထိန်းကျောင်းဖို့လိုမှာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တုန်းက ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ ပေါ်လစ်ဗျူရို၏လေ့လာရေးအစု အဖွဲ့အစည်းအဝေးမှာ ပါတီအထွေထွေ အတွင်းရေးမှူးရှီကျင်ပင်းက မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်မဆို ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့  ဥပဒေတွေကို ကျော်လွန်နိုင်တဲ့အခွင့်အာဏာမရှိကြောင်း အလေးအနက် ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပေကျင်းကတော့ လေကောင်းလေသန့်  ရသထက်ရအောင်လုပ်နိုင်ခဲ့သလို၊ ယင်ကောင်တွေကိုလည်း နည်းနိုင်သမျှနည်းအောင်  စွမ်းဆောင် နိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ အညှီရှိရင် ယင်အုံတတ်တဲ့အလျောက် ယင်ကောင်တွေကို နှိမ်နင်းဖို့ဆိုရင် အညှီတွေကို တိုက်ချွတ်၊ ဆေးကြောပစ်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ မြန်မာအပါအဝင် နိုင်ငံတိုင်းမှာ မတူကွဲပြားခြားနားတဲ့ အခင်းအကျင်းတွေရှိနေနိုင်ပေမယ့် အညှီကို ဖွင့်ဆိုတဲ့ နေရာမှာတော့ ကွဲလွဲချက်သိပ်မရှိနိုင်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့အညှီဟာ တခြားနိုင်ငံ တစ်နိုင်ငံအတွက်လည်း အညှီပဲဆိုတာ ထင်ရှားပြီးသားဖြစ်ပါတယ်။ အဲဒီလို အညှီတွေကို ထိန်းကျောင်းတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ဥပဒေတွေ၊ စည်းမျဉ်းတွေနဲ့ တရားဥပဒေစိုးမိုးရေးဟာ အတော့်ကို သော့ချက်ကျ အရေးပါတယ်လို့ဆိုရမှာဖြစ်ပါတယ်။

ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်ဟာ ပေကျင်းကိုရော၊ ဒေသတွင်း တတိယကမ္ဘာ့နိုင်ငံတွေကိုပါ ဦးဆောင်လမ်းပြခဲ့တဲ့ပုဂ္ဂိုလ်ကြီးလို့ ဆိုရမှာဖြစ်ပါတယ်။ ပေကျင်းနဲ့ နယူးဒေလီ၊ ပေကျင်းနဲ့တိုကျိုအကြား ကျောင်းတော်က ရန်စတွေ ဘယ်လိုဘယ်ပုံရှိနေပါစေ၊ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ပြည်သူလူထု အကျိုးအတွက်ဆိုရင် သူဟာ ရန်စတွေကို ယုံကြည်မှုတွေ၊ နားလည်မှုတွေအဖြစ် စိတ်အားထက်သန်စွာပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန်ဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူလူထုနဲ့ မစိမ်းသူတစ်ဦးလို့လည်းဆိုရမှာ ဖြစ်ပါတယ်။ သူဟာ ၁၉၇၈ ခုနှစ် ဇန်နဝါရီလမှာ ဒုတိယဝန်ကြီးချုပ်အနေနဲ့ တရားဝင် အလည်အပတ်ခရီး လာရောက်ခဲ့သလို၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူခရီးစဉ်အတောအတွင်း ၁၉၇၈ ခုနှစ် နိုဝင်ဘာလတုန်းက မြန်မာနိုင်ငံမှာ ခရီးတစ်ထောက် ဝင်နားခဲ့ပါတယ်။

မျက်မှောက်ခေတ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကြီးကို မော်စီတုန်း၊ တိန့်ရှောင်ဖိန်ကနေ  ရှီကျင်ပင်းအထိ လက်ဆင့်ကမ်းသယ်ဆောင်လာတာ ဒီနေ့ဆိုရင် အတော်ကိုခရီးပေါက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ သမ္မတရှီကျင်ပင်းဟာ တိန့်ရှောင်ဖိန်အလွန် ပြုပြင်ပြောင်း လဲရေးခရီးရှည်ကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ဦးဆောင်မယ့်ပုဂ္ဂိုလ်အဖြစ် ထင်ရှားသထက်၊ ထင်ရှားလာနေပါတယ်။ အဂတိလိုက်စားတာကို ကျောသားရင်သား မခွဲမခြား အရေးယူလာနိုင်မယ်ဆိုရင်၊ တရားဥပဒေစိုးမိုးရေးကို ကြပ်မတ်ဖော်ဆောင်လာနိုင်မယ်ဆိုရင် ပေကျင်းဟာ ၂၀၅၀ ပြည့်နှစ်မှာ ခေတ်မီဆိုရှယ်လစ်နိုင်ငံသစ်ကြီးဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းချက်တွေလည်းရှိနေပါတယ်။

အချုပ်အနေနဲ့ပြောရရင် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲမှာ တိန့်ရှောင်ဖိန်ပြောခဲ့သလို လေကောင်းလေသန့်ကိုရဖို့ မျက်စိဖွင့်၊ နားစွင့်ကြရဦးမှာဖြစ်ပါတယ်။ ကိုယ့်အိမ် ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေဖွင့်ဖို့လိုသလို၊ ခေါင်းဆောင်တွေအနေနဲ့ကိုယ့်စိတ်ရဲ့တံခါးပေါက်တွေ၊ ပြူတင်းပေါက်တွေကို အဆောတလျင် ဖွင့်နိုင်ကြဖို့လည်းလိုမှာဖြစ်ပါတယ်။ ကိုယ်ဘာလုပ်လုပ်ကောင်းတယ်လို့ပြောတာဟာ လေကောင်းလေသန့်မဟုတ်၊ လေကောင်းလေသန့်နဲ့ကပ်ပါလာတဲ့ခြင်တွေ၊ ယင်တွေဆိုတာ ရှင်းရှင်းသိဖို့လိုပါတယ်။ ပြောသင့်၊ ဝေဖန်သင့်တာတွေကို ပြည်သူ့မျက်နှာပဲကြည့်ကာ ရှင်းရှင်းဘွင်းဘွင်း ဝေဖန် ထောက်ပြတာကမှ အပြောင်းအလဲအတွက်၊ တော်လှန်ရေးအတွက် လေကောင်းလေသန့် စစ်စစ်ဆိုတာ ကွဲကွဲပြားပြားသိဖို့ လိုအပ်တဲ့ အကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Most Read

Most Recent