<

ဆိုက်ကားသမား

နွေဦးပေါက်လာပြီဆိုတော့ လူက အလိုလိုနေရင်း ပျင်းရိငြီးငွေ့လာသလို ဖြစ်လာတယ်။ အလုပ်ကလည်း ထွေထွေထူးထူး မရှိလှတော့ စာတွေ အတော်ဖတ်ဖြစ်တယ်။ ဖတ်ဖြစ်တော့ ဖတ်မိတာတွေထဲက ထိခိုက်ခံစားမိတာတွေကို ချလည်းရေးဖြစ်တယ်။ အဲဒီလို စာဖတ်လိုက်၊ စာရေးလိုက် အခိုက်အတန့်တွေဟာ စိတ်နှလုံးငြိမ်းအေးနေတဲ့ ကာလတွေပါပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ တစ်ယောက်တည်း ကိုယ်တွင်း ပဋိပက္ခတွေနဲ့ စိတ်ရှုပ်စရာတွေချည်းပဲ။ “စာရေးတဲ့ အလုပ်ဟာ မိမိရဲ့ အတွင်းပဋိပက္ခကို ဖြေရှင်းတဲ့ နည်းတစ်နည်း ဖြစ်တယ်” လို့ ပြင်သစ်စာရေးဆရာ အန်ဒရေမော်ရွိုင်းက ပြောတယ်လို့ တစ်နေရာရာမှာ ဖတ်လိုက်မိတယ်။ ကိုယ့်ခံစားမှု၊ ကိုယ့်ဖြစ်တည်မှုနဲ့ တိုက်ဆိုင်နေလို့ အတော်လေး သဘောကျသွားမိတယ် ။

စာတွေကတော့ အမျိုးအစားအစုံကို ဖတ်နေမိတာပဲ။ မကြာသေးခင်ကမှ ၀ယ်ခဲ့တဲ့ စာအုပ်အထပ်လိုက်ထဲကနေ ရွေးမနေတော့ဘဲ တစ်အုပ်ပြီး တစ်အုပ်ကြုံသလို ဖတ်နေလိုက်တော့တယ်။ ကဗျာစာအုပ် လက်ထဲရောက်ရင် ကဗျာ၊ အက်ဆေးစာအုပ်ကောက်ကိုင်မိရင် အက်ဆေး၊ ၀တ္ထုစာအုပ်ကတော့ သိပ်မ၀ယ်ဖြစ်လို့ ဖတ်ဖြစ်တာ နည်းတယ်။ ဒီနေ့တော့ ကဗျာ့အသံဆိုတဲ့ စာအုပ် ကောက်ကိုင်လိုက်တယ်။ စကိုင်လိုက်မိတာနဲ့ တစ်ရှိန်ထိုး ဖတ်သွားမိတာပဲ။ မောင်သိန်းဇော် အင် တာဗျူးနဲ့ ဂျူးကဗျာဆရာ ရဟူဒါအမီခိုင်း အင်တာဗျူးတွေ ဖတ်ရတာ အတော်သဘောကျမိတယ်။ စာအုပ်ရဲ့ နောက်ဆုံးမှာ လူမျိုးအောင် (မုံရွာ) ရေးတဲ့ အသေမဦးမီ အုတ်ဂူတည်သူ (သို့မဟုတ်) နှလုံးလှကဗျာဆရာဆိုတဲ့ ဆောင်းပါးထဲက ကဗျာတစ်ပုဒ်ကို ဖတ်ပြီး စိတ်ထဲ အတော်ခံစားမိလိုက်တယ်။ ကဗျာကို စဆုံးဖတ်ပြီး ရှေ့ဆက်မဖတ်ဖြစ်တော့ဘဲ အတွေးတွေက ၀င်ရောက်လာတယ်။ ဒါနဲ့ ကဗျာကို တစ်ပုဒ်ချင်း အရသာခံပြီး တစိမ့်စိမ့် ပြန်ဖတ်မိတယ်။ ကဗျာကို ရေးတဲ့သူက ဒိတ် ဒိတ် (မုံရွာ) ဖြစ်ပြီး ကဗျာခေါင်းစဉ်ကတော့ အိပ်ရာတဲ့။ ကဗျာကအပိုဒ် ငါးပိုဒ်ပဲရှိတဲ့ တိုတိုတုတ်တုတ်လေးပါပဲ။

ဝင်းတံခါးပေါက်၊ ၀ါးလုံးထောက်ထား
ဟန့်တားရုံဆို တော်ပြီ။

ဖတ်နေရင်းနဲ့ စိတ်က ဟိုးလွန်ခဲ့တဲ့ မန္တ လေးမှာ နေခဲ့တဲ့ နှစ်ပေါင်း၂၀ လောက်က အတိတ်ဆီကို ပြန်ရောက်သွားတယ်။ အဲဒီတုန်းက ကျွန်တော်က တောင်ပြင်လို့ ခေါ်တဲ့ ဘုရားကြီးနားက ဘုန်းကြီးကျောင်း တစ်ကျောင်းနားမှာ နေတယ်။ အဲဒီဘုန်းကြီး ကျောင်းရဲ့ မုခ်ပေါက်ဝ တံတိုင်းဘေးမှာ မိသားစုလေး တစ်စုကပ်ပြီးနေတယ်။ တံတိုင်းဘေး ကပ်လျက်မှာက ရေပုပ်မြောင်းရှိတယ်။ အဲဒီ ရေပုပ်မြောင်းကို ၀ါးနဲ့ ခင်းပြီး အပေါ်က မိုးကာနဲ့ မိုးပြီး နေနေကြတာပါ။ သူတို့က ကျောင်းမုခ်တည့်တည့်မှာရှိတဲ့ မြောင်းပေါ် က အုတ်တံတားတိုလေး ဘေးမှာပေါ့။ အဲဒီ ကျောင်းဝင်ပေါက်တံတားလေးမှာ လူထိုင်လို့ရတဲ့ အုတ်ခုံလေးတွေ ပါတယ်။ ကျွန်တော်က မကြာခဏ အဲဒီအုတ်ခုံလေးမှာ သွားသွားထိုင်တတ်လို့ သူတို့မိသားစုနဲ့ ရင်းနှီးနေတာပါ။ ကိုမြင့်နိုင်တဲ့။ သူ့မိန်းမက မ၀င်းတဲ့။ သူတို့မှာ အရွယ်ရောက်နေတဲ့ သားနှစ်ယောက်လည်း ရှိတယ်။ အကြီးက ၁၅ နှစ်လောက် ရှိပြီး အငယ်ကတော့ ရှစ်နှစ်လောက်ပဲ ရှိမယ် ထင်ပါတယ်။ နှစ်ယောက်လုံး ကျောင်းနေတာ မတွေ့ရဘူး။ အကြီးကောင်က မလှမ်းမကမ်း က မီးသွေးရောင်းတဲ့ ဆိုင်မှာ လက်တိုလက်တောင်း ၀င်လုပ်နေတာ တွေ့ရတယ်။ မ၀င်းက ကွမ်းယာရောင်းတယ်။ ကိုမြင့်နိုင်က ဆိုက်ကားနင်းတယ်။ ပြီးတော့ အရက်သောက်တယ်။ သူတို့အိမ်ကလေးက ကျဉ်းကျဉ်းကျုတ်ကျုတ်ပါပဲ။ ခုတင်တစ်လုံးပေါ်မှာ စုပြီး အိပ်ကြတာပဲ။ သူတို့မှာ ညအိပ်ရင် ဘယ်ဝင်းဘယ်တံခါးမှ ပိတ်စရာ မရှိဘူး။ ကွမ်းယာခုံက ပစ္စည်းလေးတွေနဲ့ ပန်းကန်ခွက်ယောက်လေးတွေ ခုတင်အောက်ထိုးသိမ်းပြီး ခုတင်ပေါ်က ငှက်ပျောအူ ခြင်ထောင်ကြီး ချပြီး အိပ်လိုက်ကြတာပဲ။

သမီး မိအေး
ဆေးလိပ်ကတ်ကြေး၊ ညည်းဘေးမှာထား။
ရော့ ဆိုက္ကားကူရှင်တစ်လုံး
ခေါင်းအုံးဖို့။

မ၀င်းက တစ်ခါတလေ အပေါက်ဆိုးတာကလွဲရင် သဘောကောင်းပါတယ်။ ဘုန်းကြီးကျောင်းထဲက ကွမ်းစားတဲ့ ဦးဇင်းတွေကလည်း သူ့ဆိုင်မှာပဲ ၀ယ်စားကြတာများတယ်။ သူတို့က ညဆိုလည်း တော်တော်နဲ့ မအိပ်ကြဘူး။ လမ်းဘေးလည်း လူသွား လူလာတွေ လည်းရှိနေတော့ သူတို့မှာ စောစောစီးစီး အိပ်လို့လည်း မသင့်ဘူးလေ။ လူသွားလူလာပါးပြီး လူခြေတိတ်လောက်မှပဲ သူတို့မှာ သိမ်းစရာရှိတာလေး တွေ သိမ်းပြီး အိပ်ကြရတာပဲ။ ကျွန်တော်က မ၀င်းကို “ခင်ဗျားတို့ ညတိုင်း သူခိုးကြမ်းပိုးတွေရဲ့ ရန်မကြောက်ဘူးလား ဗျ” လို့ စတော့ မ၀င်းက ကွမ်းရွက်ညှပ်တဲ့ ကတ်ကြေးကိုထောင်ပြပြီး “ဘာကြောက်စရာလို လဲ၊ လာရဲလာကြည့်လေ။ ဒါနဲ့ မိသွားမှာပေါ့” တဲ့ ပြောင်ရင်းက ကတ်ကြေးကိုတချပ်ချပ် လုပ်ပြနေသေးတယ်။

သား ငထီက
ဆား ဆီ ပုလင်း ခေါင်းရင်းမှာထား
ဓားကို ဖက်အိပ် စိတ်ချပါရစေ။

ကိုမြင့်နိုင်က ပျော်ပျော်နေတတ်တဲ့သူပါ။ သူ့ကြည့်ရင်တော့ သူ့ဘ၀ကို ဘယ်တော့မှ စိတ်ပျက်နေတဲ့ ပုံစံမရှိဘူး။ ညမှာဆို တံတား အုတ်ခုံလေးပေါ်မှာ ထိုင်ရင်း အရက်ကလေးထွေထွေနဲ့ ကွမ်းယာဆိုင်လေးရဲ့ ဘေးမှာ မီးသွေးဖိုလေးနဲ့ ညစာချက်ပြုတ်နေတဲ့ သူ့မိန်းမမ၀င်းကို စချင် စနောက်နေတာပဲ။ မ၀င်းကတော့ “မသာ နင် ဒီအရည်တွေပဲ သောက်နေ၊ နင် နင်းရတဲ့ ဆိုက်ကားခက နင်သောက်တာနဲ့ ကုန်တာ၊ နင် ဘာသောက်သုံးကျလဲ” ဆိုပြီး ဗျစ်တောက် ဗျစ်တောက်နဲ့။ သူ့သား အကြီး ကောင်က တစ်ကိုယ်လုံး မီးသွေးတွေနဲ့ ညစ်ပေပြီး ပြန်လာရင် “ဟ ငါ့သားက လှလှချည်လားကွ”လို့ ပြောပြီး တဟားဟား အော်ရယ်ချင် ရယ်နေတတ်တာ။

ကဲ ရှင်မ၊ နင်က
ဒီဆန်တစ်စိတ်၊ ခေါင်းခု အိပ်
ဆေးလိပ်တစ်ဖွာ ပေးစမ်း။

တစ်ခါတစ်ခါ သူတို့ဟာ ည ၉ နာရီ ထိုး ခါနီးသည်အထိ ညစာ မစားရသေးရုံသာမက ညစာထမင်းကို မချက်ရသေးတာမျိုးကို ကျွန်တော် ကြုံဖူးပါတယ်။ ညစာချက်ဖို့ ဆန်ကို သွားမ၀ယ်ရသေးလို့ပါ။ သူတို့မှာ ဆန်ကို တစ်နေ့စာ တစ်နေ့ သွားဝယ်ပြီး ချက်စားနေ ရတာပါပဲ။ ဆန်ကို အိတ်လိုက် ၀ယ်ထားဖို့ဆို တာ သူတို့ စိတ်ကူးထဲမှာ ရှိပုံမရပါဘူး။ ဘုန်းကြီးကျောင်းက ဦးဇင်းတွေက သူတို့ကို သနားတော့ ဆွမ်းကျန် ဟင်းကျန်လေးတွေ ပေးလေ့ရှိကြတယ်။ မ၀င်းက ဆင်းရဲသာ ဆင်းရဲတာ ဆန်ကြမ်းကြီးတွေကိုတော့ မစားနိုင်ဘူးလို့ ပြောသေးတယ်။

ငါလား
ဆိုက်ကားပေါ်မှာ အိပ်မယ်လေ။

တစ်ညမှာတော့ ကိုမြင့်နိုင်က သူ့ဆိုက်ကားပေါ်မှာ မူးမူးနဲ့ ပက်လက်ကြီးလန်ပြီး သူ့ မိန်းမကို စနေတယ်။ ကျွန်တော်က တံတား အုတ်ခုံပေါ်မှာ ထိုင်ရင်း နားထောင်နေရတယ်။ “ဟေ့လူ ခင်ဗျား ကျုပ်မိန်းမကို သေချာကြည့်စမ်းဗျ၊ ဘယ်လောက်လှသလဲ။ ကလေးနှစ်ယောက် ရနေတာတောင် တော်ရုံတန်ရုံ အပျိုလောက်တော့ ခေါက်ထားလို့ရတယ်။ တော်သေးတယ်ဗျာ ဟိုး ရှေးခေတ်ဘုရင်တွေ ခေတ်ကလို လှတာမြင်လို့ တော်ကောက်တဲ့ခေတ် မဟုတ်တော့လို့ အဲဒီခေတ်လိုဆိုရင် ကျုပ် မိန်းမလည်း တော်ကောက် သွားလောက်ပြီဗျ” လို့ ပြောပြီး သူ့ဟာသူ သဘောကျပြီး အော် ရယ်နေတော့တာပဲ။ မ၀င်းက “မသာ ဒီနေ့ ဘာတွေ အူမြူးနေလဲ မသိဘူး”တဲ့။ မ၀င်းရဲ့ မျက်နှာက သဘောကျလို့ ပြုံးတုံ့တုံ့ မျက်နှာ ပေးနဲ့။ သိပ်မကြာဘူး ကိုမြင့်နိုင်က ဆိုက္ကား ပေါ်မှာ တခူးခူးနဲ့ အိပ်မောကျသွားတော့လေ ရဲ့။

ကျွန်တော်က သူတို့ မိသားစု ဘ၀လေးကို ကြည့်ပြီး ဓားသွားပေါ်က ပျားရည်စက်ကို လျှာအပြတ်ခံလျက်နေကြသူတွေပဲလို့ တွေးနေမိတယ်။ သူတို့မှာ ဆင်းရဲပေမယ့်လည်း စိတ်ပျက်အားငယ်နေတာမျိုးတွေ မတွေ့ရဘူး။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေကြတယ်။ မိန်းမ သံယောဇဉ်၊ ယောက်ျား သံယောဇဉ်၊ သားသမီး သံယောဇဉ်တွေနဲ့ ရက်ရှယ်ထားတဲ့ သူတို့မိသားစုလေးဟာ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်၊ စလိုက် နောက်လိုက်နဲ့ ချစ်ခြင်း မေတ္တာတရားနဲ့ ဆင်းရဲမှုအပေါင်းကို တွန်း လှန်နေကြသူတွေပဲလို့ ကျွန်တော်က မြင်ပါတယ်။ နေတတ်ရင် ဘယ်ဘ၀မဆို ကျေနပ်စရာပဲ မဟုတ်လား။ ဘ၀ပျော်ရွှင်မှုဆိုတာ ငွေကြေးနဲ့ တိုင်းတာ သတ်မှတ်လို့ မရဘူးပေါ့။

တိုက်ကြီးတာကြီး၊ ခြံကြီး ၊ ကားကြီးတွေ နဲ့ ဖိတ်ဖိတ်လက်နေတဲ့ ဧည့်ခန်းဆောင်ထဲက ပါးစပ်က ငွေသံကြေးသံ တချွင်ချွင်ထွက်နေတဲ့ မိသားစုတချို့ဟာ မိသားစု အိမ်တွင်းရေး ပြဿနာတွေနဲ့ မပျော်နိုင် မပါးနိုင် ဖြစ်နေကြတာ ကြားဖူးမှာပါ။ ချစ်ခြင်းမေတ္တာတရားတွေ ခေါင်းပါးနေတဲ့အရပ်ဟာ ဘယ်နေရာမှ ပျော်နိုင်စရာ မရှိဘူးမဟုတ်လား။ ချစ်ခြင်းမေတ္တာတရားဟာ ပျော်ရွှင်ကြည်နူးချမ်းမြေ့ခြင်းရဲ့ ရေသောက်မြစ်လို့ ကျွန်တော်က ထင်မိပါတယ်။

နောက်တော့ ကျွန်တော်က ဟိုရောက်ဒီရောက်နဲ့ နောက်ဆုံး ရန်ကုန်ရောက်ပြီး သူတို့နဲ့ အဆက်အသွယ် မရှိတော့ဘူး။ ပြီးခဲ့တဲ့ နှစ်လလောက်က မန္တလေးကို ကိစ္စတစ်ခုနဲ့ ရောက်သွားတော့ သူတို့နေတဲ့ ဘုန်းကြီးကျောင်းရှေ့ကနေ ဆိုင်ကယ်နဲ့ ဖြတ်သွားလို့ သူတို့နေတဲ့ နေရာလေးကို လှမ်းကြည့်လိုက်တော့ ဘာမှမတွေ့ရတော့ ၊ စိတ်ထဲမှာ အမျိုးအမည်မသိတဲ့ ဝေဒနာတစ်ခု ခံစားလိုက်ရတယ်။ သူတို့ ဘယ်တွေ ရောက်ကုန်ပါလိမ့်။ အေးလေ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပြီပဲ။ သူတို့ သားတွေလည်း အရွယ်တွေရောက်လို့ လုပ်ငန်းကိုင်ငန်းတွေနဲ့ တစ်နေရာရာမှာ အဆင်ပြေနေလောက်ရောပေါ့။ အဆင်ပြေပါစေလို့ ပဲ ဆုတောင်းလိုက်မိတယ်။ သူတို့မှမဟုတ် ကိုယ်နေခဲ့တဲ့ ရပ်ကွက်ဟာလည်း အများကြီး ပြောင်းလဲသွားခဲ့ပြီပဲ။ တချို့အိမ်တွေက တိုက်တွေဖြစ်လို့။ ဆိုင်တွေကလည်း အရင်ကထက် ပိုများနေတယ်။

ကဗျာကတော့ ပြီးသွားပါပြီ၊ မပြီးနိုင်မစီးနိုင် အတွေးတွေ တစ်နံတစ်လျားနဲ့ အရှည်ကြီး တွေးကျန်ရစ်ခဲ့တာက ကျွန်တော်။ ကျွန်တော့်မှာ ကဗျာတစ်ပိုဒ်ဖတ်လိုက် တွေးလိုက်နဲ့ရှေ့ကိုတော်တော်နဲ့ မရောက်နိုင်ဘူး။ ကဗျာ ဖော်ပြခဲ့တဲ့ မဂ္ဂဇင်းက ရုပ်ရှင်ပဒေသာတဲ့ ဖော်ပြတဲ့ ခုနှစ်က ၁၉၇၃ တဲ့၊ ကျွန်တော်တောင် မမွေးသေးတဲ့ အချိန်ပေါ့။ နှစ်ပေါင်း ၄၅ နှစ်လောက် ကြာခဲ့ပြီ၊ အဲဒီခေတ်ကတည်း က ဆိုက်ကားသမားတွေဟာ အခုအချိန်အထိပါပဲ။ ဘာမှ မပြောင်းလဲသေးပါဘူး။ အထွေ ထွေအပြားပြား ဘ၀တွေအထဲမှာ ဆိုက်ကားသမားလို့ပြောလိုက်တာနဲ့ ဆင်းရဲသား အခြေခံ လူတန်းစားလို့ လူတိုင်း သိကြပြီးသားပါပဲ။

တစ်ဆက်တည်း သတိရလိုက်မိတာက အခုအခေါက် ဇနီးနဲ့ ရန်ကုန်သွားတော့ တာမွေ ယုဇနပလာဇာ နောက်ကျောမှာ ရှိတဲ့ တည်းခိုခန်းလေးတစ်ခုမှာတည်းပြီး အောင်မင်္ဂလာလမ်းထဲက အသိတစ်ယောက်ဆီ သွားလည်ကြတယ်။ အသွားတုန်းက နေရာ အတိအကျ မသိတာနဲ့ ကားငှားသွားတယ် ။ အပြန်မှာတော့ သိပ်လည်း မဝေးတာမို့ ခြေကျင် လျှောက်ပြန်မယ်စိတ်ကူးပေမယ့် ရပ်ထားတဲ့ ဆိုက်ကားနှစ်စီး တွေ့တာနဲ့ ဆိုက်ကားနဲ့ပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆိုက်ကားနှစ်စီးမှာ တစ်စီးက လူငယ်၊ ကျန်တစ်စီးက ၆၀ ကျော် အဖိုးတစ်ယောက်၊ ကျွန်တော်တို့က အဘိုးကိုပဲ ရွေးငှားလိုက်တယ်။ အဖိုးကို သနားလို့ အားပေးချင်လို့ ရွေးငှားလိုက်တာပါပဲ။ ခပ်ပြေပြေအတက်လေးမှာ ကုန်းနင်းနေလို့ ဆင်းပေးရမလားပြောတော့ အဘိုးက မဆင်းနဲ့ရတယ်။ ဒီလမ်းက ငါ ဆိုက်ကားနင်းလာတာ နှစ်ပေါင်း ၄၀ ကျော် ကြာပြီတဲ့။

March 1, 2018














Copy Protected by Chetan's WP-Copyprotect.