အမိန့်ထုတ်ပေးပါ

အမိန့်ထုတ်ပေးပါ
Published 1 March 2018

ဆိုင်ကယ်စီးနင်းနေသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ကျွန်တော်တို့ အသက်အရွယ် ၄၀ ကျော် ၅၀ တွင်း အုပ်စုတွေဟာ လူမှန်းသိစကတည်းက အမိန့်တွေနဲ့ ပတ်သက်ခဲ့ရတယ်လို့ ဆိုရမှာပါ။ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတာ ကျွန်တော်တို့ နားထဲကို အမြဲလိုလို ဝင်ရောက်ခဲ့ပြီး ကြီးပြင်းခဲ့ရပါတယ်။ ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ ဖြစ်သင့်သည်ဖြစ်စေ မဖြစ်သင့်သည်ဖြစ်စေ အရာရာကို အမိန့်ဆိုတဲ့ စကားတစ်လုံးနဲ့ ပယ်ဖျက်ခံခဲ့ရတာ ပြောင်းလဲခံလိုက်ရတာ ကြာလာခဲ့တော့ အမိန့်ဆိုတာကြီးကို ရွံကြောက်ကြီးလိုဖြစ်လာမိတာ မဆန်းပါဘူး။

အမိန့်ဆိုတာကြီးနဲ့ပဲ အမြဲရှင်သန်နေရတော့ ပုန်ကန်လိုစိတ်ဆိုတဲ့ အညှောက်လေးက မသိမသာ ထိုးထိုးထောင်ထောင် ထွက်လာပါတော့တယ်။ အမိန့်ဆိုတာ ဖီဆန်ရန်ဆိုတဲ့ အငုံ့စိတ်ကလေးဟာ ရင်ထဲမှာ အမြစ်တွယ်လာပါတော့တယ်။ အမိန့်တွေကို လက်တစ်လုံးခြားလုပ်နိုင်သူ အမိန့်ပေးနိုင်သူ အမိန့်ကိုမေ့ထားနိုင်သူတွေဟာ ခေတ်စကားနဲ့ပြောရရင် အကောင်ပဲဆိုတဲ့ ခေတ်ကို ဘဝတောက်လျှောက် ရင်းနှီးတွေ့ကြုံခဲ့ရသူတွေမို့ တကယ့်ဥပဒေနဲ့တွေ့တော့လည်း နေသားမကျ ဖြစ်နေခဲ့ကြပါတယ်။ ဥပဒေကို ကျော်ချင်ခွချင် လက်တစ်လုံးခြားလုပ်ချင် စိတ်တွေကိုက အငုံ့စိတ်ထဲမှာ ရှိနေတုန်းပါပဲ။ ဥပဒေအရ တည်ဆဲတည်မြဲဖြစ်သော်လည်း နောက်ကလိုက်ပါ ကြပ်မတ်နိုင်စွမ်းမရှိတဲ့ ဥပဒေတွေ ဥပမာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဥပဒေဆိုရင် အချိုးဖောက်ခံရဆုံး လျစ်လျူရှု အခံရဆုံးပဲ ဖြစ်ပါတယ်။

တကယ်တော့ ဥပဒေတွေဟာ စိုးမိုးဖို့လိုပါတယ်။ ဥပဒေအရ အတည်တကျ မဖြစ်နိုင်သေးခင် အမိန့်တွေဟာလည်း လိုအပ်လှပါတယ်။ ကျွန်တော် လေ့လာမိသလောက် ဆိုင်ကယ်စီးရင် အကာအကွယ် ဦးထုပ်ဆောင်းရမယ်ဆိုတာ ဥပဒေမှာ မပြဋ္ဌာန်းနိုင်သေးပါဘူး။ ဒါကြောင့်မို့လည်း သက်ဆိုင်ရာ ဒေသဆိုင်ရာ အမိန့်တွေအဖြစ် ထုတ်ပြန်ကာ လိုက်နာစေကြပါတယ်။ အရေးယူရင်လည်း ပညာပေးတာ ဒေသန္တရ ဒဏ်ကြေးဆောင်ခိုင်းတာတွေနဲ့ ပြီးသွားတတ်ကြပါတယ်။

ကျွန်တော် အခုတာဝန်ကျတဲ့မြို့ကလေးရဲ့ ကျန်းမာရေးဌာနအောက်မှာ ဝန်ထမ်း ၁၀၀ ကျော် ရှိပါတယ်။ ဝန်ထမ်းတွေရဲ့ ရာခိုင်နှုန်း ၉၀ ကျော်ဟာ ဆိုင်ကယ်ကိုပဲ အားထားနေရပါတယ်။ ဆိုင်ကယ်စီးဝန်ထမ်းတွေရဲ့ ရာခိုင်နှုန်း ၈၀ ဟာ အကာအကွယ်ဦးထုပ် (Helmet) လုံးဝမဆောင်းကြပါဘူး။ ဝန်ထမ်းများအကြား စစ်တမ်းကောက်ကြည့်ရင် ကျန်းမာရေးဌာနက ရာခိုင်နှုန်း ၂၀ နီးပါး ဦးထုပ်ဆောင်းတယ်ဆိုတာ ကောင်းမွန်တဲ့ ရလဒ်တစ်ခုတောင် ဖြစ်နေမှာပါ။ မြို့လူထုအနေနဲ့ ၉၅ ရာခိုင်နှုန်း ဦးထုပ်မဆောင်းပါဘူး။ ဆိုခဲ့သလိုပါပဲ ဆိုင်ကယ်ကို ဦးထုပ်မဆောင်းဘဲ စီးနိုင်ရင် အရာရောက်ပြီလို့ ထင်နေကြပုံပါပဲ။

ပြီးခဲ့တဲ့ ၂၀၁၇ နှစ်အတွင်းမှာ ဒီမြို့လေးတစ်မြို့တည်းမှာ လမ်းခရီးထိခိုက်မှုကြောင့် လူ ၅၀ နီးပါး သေဆုံးရပါတယ်။ သေဆုံးသူတွေ အားလုံးနီးပါးဟာ ဆိုင်ကယ်စီးသူတွေပါ။ သူတို့အားလုံးဟာ အကာအကွယ်ဦးထုပ် လုံးဝမဆောင်းထားကြပါဘူး။ အရေးပေါ်ဌာနက ဒီလိုသေဆုံးသူတွေကို နေ့စဉ်တွေ့နေရပြီး ကျန်ရစ်သူတွေကိုတောင် နင်တို့လူတွေက ဦးထုပ်မှမဆောင်းတာဟယ်လို့ အားပေး စကားပြောတတ်တဲ့ ဆရာမကြီးကိုယ်တိုင် ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးနေတာကို ကျွန်တော် လေးငါးခါ မြို့ထဲမှာတွေ့ခဲ့ရပါတယ်။ သေဆုံးသူတွေကို ပယ်ပယ်နယ်နယ် ရင်ခွဲစစ်ဆေးထွက်ချက်ပေးတဲ့ ကျွန်တော့် လက်ထောက်ဆရာဝန် ငါးယောက်မှာ လေးယောက်က ဆိုင်ကယ်စီးရင် ခေါင်းပေါ်ဦးထုပ် တင်မထားတတ်ပါဘူး။

ကျွန်တော် အမိန့်ထုတ်ပါတယ်။ ဆိုင်ကယ်ဦးထုပ်ဆောင်းပါ။ မဆောင်းရင် ဒဏ်တပ်မယ်ဆိုပြီးတော့ပါ။ အားလုံး ဦးထုပ်လေးတွေနှင့် ရုံးလာ ဆေးရုံလာကြပါတယ်။ မေးသိုင်း ကြိုးတပ်မထားသူတွေ ဦးထုပ်ကို သီးသန့် ယူလာပြီး ကျွန်တော် မြင်နိုင်တဲ့နေရာရောက်မှ ခေါင်းပေါ်တင်လာတဲ့သူတွေ အများကြီးပါပဲ။ နယ်က ဝန်ထမ်းတွေဆို မမြင်ကွယ်ရာဆိုတော့ ပိုဆိုးတာပေါ့။ မိန်းကလေးတွေ ဆံနွယ်လေးတွေ လေထဲလွင့် ဆိုင်ကယ်စီးရတာ ဖက်ရှင်လို့များ ထင်နေလားမသိပါဘူး။ တစ်ခုခက်တာက သူတို့တွေကို အရောင်တစ်မျိုးတည်းရှိတဲ့ အပေါ်ထပ်အင်္ကျီတွေ ကျွန်တော် ဆင်ထားမိတာပါပဲ။ အဝေးကပင်မြင်နိုင်တဲ့ အင်္ကျီတွေကြောင့် သူတို့တွေကို မြင်သာနေခဲ့ပါတယ်။ နယ်ဘက်ခရီးသွားရင်း မမျှော်လင့်ဘဲ တွေ့ခဲ့ရတဲ့ ကျွန်တော့်ဝန်ထမ်းတွေ တစ်ယောက်မှ အကာအကွယ် ဦးထုပ်ဆောင်းမထားတတ်ကြပါဘူး။

ကြုံတိုင်းမှတ်မိအောင် စွဲမြဲအောင် နင်တို့အလောင်းတွေ ငါ ရင်မခွဲချင်လို့ပါဆိုတဲ့အထိ ပက်ပက်စက်စက် မှတ်သွားအောင်ပြောလည်း လစ်ရင်လစ်သလို ဆံနွယ်တွေလေတိုး ဆိုင်ကယ်နဲ့ ဒိုးဆိုသလို သွားလာနေတော့တာပါပဲ။ ပြည်နယ်က ဆရာတစ်ယောက်ကတော့ အကြံပေးပါတယ်။ ခင်ဗျားက ဒဏ်ရိုက်မယ်သာပြောတာ တကယ်လည်း မရိုက်ရက်ပါဘူး။ ဒီတော့ ဒီလိုလုပ် ဦးထုပ်မဆောင်းသူတွေ့ရင် သူတို့ဖိနပ်တွေ ချွတ်သိမ်းလိုက်တဲ့ ဦးထုပ်ဆောင်းလာမှ ဖိနပ်ပြန်ထုတ်ပေးတဲ့ဆိုပြီး အကြံပေးပါသေးတယ်။ ကိုယ့်ဝန်ထမ်းတွေကို ကိုယ် မချိတင်ကဲဖြစ်နေမိတာကို တွေ့တဲ့ ဘေးက လူတစ်ယောက်က ဆရာ လွှတ်ထားလိုက် သူတို့ထဲက တစ်ယောက်လောက် ဦးထုပ်မဆောင်းလို့ သေသွားခဲ့ရင် အားလုံးလိုက်ဆောင်းလိမ့်မယ်တဲ့။ အဲဒီလိုအဖြစ်လည်း မကြုံချင်ပါဘူး။

ကျွန်တော်ကိုယ်တိုင် ဆိုင်ကယ်စီးရတာကို နှစ်သက်လှပါတယ်။ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်လောက်အထိ ဆိုင်ကယ်ကိုပဲ စွဲစွဲမြဲမြဲ စီးခဲ့တာပါ။ ကျွန်တော့်တုန်းကလည်း အကာအကွယ် ဦးထုပ်မဆောင်းမိတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သေကောင်ပေါင်းလဲ ထိခိုက်ဒဏ်ရာရမှု နှစ်ခါလောက် ကြုံခဲ့ရာမှာ အကာအကွယ် ဦးထုပ်ဆောင်းထားမိတဲ့အတွက် သေဘေးမကြုံဘဲ ခုချိန်အထိ အလုပ်လုပ်ကိုင်နိုင်နေတာပါ။ တစ်ကြိမ်ကဆို ဆိုင်ကယ်စီးရင်း နှလုံးအောင့်လို့ ရုတ်တရက် သတိလစ်သလိုဖြစ်သွားကာ ဆိုင်ကယ်မှောက်ပြီး ဓာတ်တိုင်ကိုခေါင်းနဲ့ ဝင်ဆောင့်မိပါတယ်။ ဦးထုပ် အက်သွားပေမယ့် လူကတော့ ဒဏ်ရာမရခဲ့ပါဘူး။ နို့မို့ဆို အဲဒီအချိန်ကတည်းက ကျွန်တော် သေနှင့်နေပါပြီ။ (ဒီနှလုံးရောဂါကြောင့်လည်း ဆိုင်ကယ်စီးတာကို လျှော့ချလိုက်ရတာပါ။)

မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ သားအမိ နှစ်ယောက်စလုံး ဆိုင်ကယ်မှောက်ကာ သေဆုံးမှုမှာ ဆိုင်ကယ်ဦးထုပ်တွေ လက်ကိုင်မှာ ချိတ်လျက် ပါပါလျက်နဲ့ မဝတ်ဆင်ထားခဲ့တာကို တွေ့ရပါတယ်။ နောက်တစ်ခုမှာတော့ ဆိုင်ကယ်မှောက်ကာ ကားဘီးအောက် ရောက်သွားပေမယ့် ဦးထုပ်ပါတော့ မကြိတ်မိဘဲ ပြန်ချောထွက်ကာ ဇက်ပဲနာသွားတဲ့ သေကံမရောက် လူနာတစ်ဦးလည်း တွေ့ခဲ့ရပါတယ်။

ကုန်လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲမှာ ဦးထုပ်မဆောင်းခဲ့တဲ့ သေဆုံးသူတွေသာ ဦးထုပ်ဆောင်းခဲ့ရင် သူတို့မိသားစုတွေ အခုချိန်မှာ ပူဆွေးနေရမယ်လို့ မထင်ပါဘူး။ သူတို့ရဲ့ အဖေ၊ အမေ၊ အစ်ကို၊ အစ်မ၊ သား၊ သမီး၊ ညီ၊ ညီမတွေနှင့် မိသားစုထမင်းဝိုင်းတွေ မိသားစုစကားဝိုင်းတွေ စိုပြည်နေကြမှာပါ။ သူတို့ခုလို လွမ်းနေရမှာ မဟုတ်ပါဘူး။ ထောင်ဂဏန်း သို့မဟုတ် လွန်ရောကျွံရော သောင်းဂဏန်းတန် ဆိုင်ကယ်ဦးထုပ်ကလေးကို သတိကလေးထားကာ ဝတ်ဆင်လိုက်ရုံနဲ့ ဘဝတွေ ပြောင်းသွားကြမှာပါ။

ပြောမိတဲ့ထဲက တချို့သော တတ်သိတယ်လို့ ထင်ရတဲ့ ဆရာဝန်တချို့ကတော့ ဆိုင်ကယ်ဦးထုပ် ဆောင်းဆောင်း မဆောင်းဆောင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာလို့ ဖြစ်ကြတာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာအောင် အသိပေးရမှာလို့ ဆိုပြန်ပါတယ်။ သူတို့ဆို ဆိုင်ကယ်ကို ဦးထုပ်မဆောင်းဘဲ စီးလာတာ တစ်သက်ပဲ စည်းကမ်းအတိုင်းဆိုတော့ ဘာမှမဖြစ်ခဲ့ဘူးတဲ့လေ။ လမ်းပေါ်မှာ ကိုယ်တိုင် စည်းကမ်းရှိ တိုင်းသူများရော စည်းကမ်းရှိမယ် မမျှော်လင့်နိုင်ပါဘူး။ စည်းကမ်းရှိပါစေ စက်ကိရိယာဆိုတာ ချွတ်ယွင်းတတ်တာမို့ ဆိုင်ကယ်စီးတိုင်း ဦးထုပ်ဆောင်းသင့်ပါတယ်လို့ ပြန်ပြောဖြစ်ပါတယ်။ သူတို့ထဲက တချို့က ထပ်ပြောပြန်ပါသေးတယ်။ ဦးထုပ်မဆောင်းလို့ သေတာမှတော်သေးတယ်။ ခြေကျိုး လက်ကျိုး ခွဲရစိတ်ရဆိုရင် ပိုက်ဆံပိုကုန်တယ်တဲ့။ သေသွားရင် တစ်ချက်ပဲတဲ့။ လူတစ်ဦးရဲ့ ရှင်သန်မှုတိုင်းဟာ ဒုက္ခိတပင် ဖြစ်နေပါစေ တန်ဖိုးရှိတယ်ဆိုတာကို သူတို့နားမလည်နိုင်ကြပါဘူး။ မိမိ ကိုယ်တိုင် သို့မဟုတ် မိမိရဲ့ ဆွေမျိုး သားချင်းသာဆို သူတို့ ခုလိုပဲ သေအေးရောလို့ ဆိုနိုင်ပါ့မလား။

ကျွန်တော်ကတော့ ဆိုင်ကယ်စီးရင် ဦးထုပ်ကိုဆောင်းပါ မေးသိုင်းကြိုးတပ်ပါလို့ ဆိုချင်ပါတယ်။ ဒါကို ဥပဒေ ထုတ်ကာပြဋ္ဌာန်းရမှာပါ။ ဥပဒေထုတ်ရန်လည်း လွှတ်တော် ကိုယ်စားလှယ်တွေက တိုက်တွန်းဆောင်ရွက်သင့်ပါတယ်။ ဥပဒေတစ်ခု အာဏာမတည်ခင်မှာလည်း ဒေသဆိုင်ရာ အမိန့်တွေနဲ့ ဆိုင်ကယ်စီးသူတိုင်း ဦးထုပ်ဆောင်းစေရေး ထုတ်ပြန်ကာ ဆောင်ရွက်သင့်ပါတယ်။ လမ်းပေါ်မှာ အသက်တွေ မဆုံးရှုံးသင့်တော့ပါဘူး။

အားလုံးအလေးထားကာ ပါဝင်ဆောင်ရွက်ပေးသင့်ပါတယ်။ လောလောဆယ်အမိန့်တွေ ထုတ်ပေးပါ။

Most Read

Most Recent