ခေတ်သစ်စီးချင်း

ခေတ်သစ်စီးချင်း
Published 28 February 2018

(၁) နံနက်ခင်းဆိုရင် လမ်းဆုံ လက်ဖက်ရည်ဆိုင်ကလေးမှာ ကျွန်တော် ထိုင်ဖြစ်တယ်။ အဲဒီလက်ဖက်ရည်ဆိုင်လေးကနေ ကြည့်ရင် မြင်ကွင်းစုံတယ်။ ဈေးသွား ဈေးပြန်တွေရော၊ အဝေးခရီးသွားကြလာကြတဲ့ သူတွေရောကို မြင်ရပါတယ်။ လက်ဖက်ရည်ဆိုင်ကို အဖော်မပါဘဲ တစ်ယောက်တည်း ထိုင်တတ်တဲ့အကျင့်ကို အခုတော့ ရနေပါပြီ။ တစ်ယောက်တည်း ထိုင်ရခြင်းရဲ့ အနှစ်သာရကိုလည်း သိနေပါပြီ။ ပတ်ဝန်းကျင်ကို လေ့လာခွင့်ရတယ်။ မြင်ရ တွေ့ရတဲ့ အဖြစ်အပျက်တွေကနေပြီး အတွေးတွေ ဆန့်ထွက်လို့ရတယ်ပေါ့။ တွေးတောဖို့လောက်အထိပဲ ကျွန်တော် တတ်နိုင်တာပါ။ တွေးတောရာကနေ တစ်ဆင့်တက်ပြီး ဆင်ခြင်ဖို့အထိတော့ ကျွန်တော် မပြည့်ဝလောက်သေးပါဘူး ထင်ပါတယ်။

(၂) ဆင်ခြင်တုံတရားကို လက်ထဲကိုင်ထားဖို့ ကဗျာဆရာက ရေးတယ်။ ကျောင်းမှာလည်း သင်ရတယ်။ စာအုပ်တွေထဲမှာလည်း ဆင်ခြင်တုံတရား အကြောင်းပါတယ်။ ဆင်ခြင်တုံတရားတစ်ခုဟာ ဘယ်နေရာကနေ ရောက်လာတတ်၊ ရလာတတ်သလဲလို့ စဉ်းစားနေပြီး လမ်းမပေါ်ကို ငေးနေမိတယ်။

(၃) လူတွေဟာ ဓားကိုယ်စီ လွယ်ထားကြတယ်။ ဓားရှည်တွေ များတယ်။ တစ်ခါတလေတော့ ဓားချွန်းကိုခါးမှာ ချပ်ထားတဲ့သူတွေလည်း ရှိပါတယ်။ တရုတ်ဆိုင်ကယ်ကို ခပ်ပြင်းပြင်းစီးရင်း ယုံကြည်စိတ်ချမှု အပြည့်ရှိတဲ့ပုံစံဖမ်းလို့ ခရီးသွားနေကြတယ်။ အခုအချိန်က ဒေသတွင်းမှာ နာမည်ကျော်ကြားလှတဲ့ ဘုရားပွဲကြီးလည်း ကျင်းပနေပြီဆိုတော့ အသွားအလာ ပိုလို့များနေပါပြီ။ ရာသီဥတုကလည်း တစ်နေ့ထက် တစ်နေ့ ပူလာပြီ။ ဆောင်းက ဆုတ်ခွာသွားပါပြီ။ နံနက် ၈ နာရီလောက်ဆို နေစပူပြီ။ ၁၀ နာရီ၊ ၁၁ နာရီဆိုရင် အပူပြင်းပြီပေါ့။ အဲဒီအပူပြင်းပြင်းကြားထဲမယ် ဓားကိုယ်စီလွယ်ထားတဲ့သူတွေဟာ ဆိုင်ကယ်ကို ခပ်ပြင်းပြင်းစီးရင်း ခရီးသွားနေကြတယ်။ ဓားတွေဆောင်ပြီး ခရီးသွားနေကြသူတွေကို မြင်ရတော့ အတွေးတွေပြန့်မိပါတယ်။

ကျွန်တော်ငယ်ငယ်က ခင်ဦးဆိုတဲ့မြို့လေးမှာ ကျောင်းသွားနေရတော့မလို ဖြစ်ခဲ့ဖူးတယ်။ ကျွန်တော်နေတဲ့ ဇာတိမြို့လေးမှာ နံပါတ်ဖိုးတွေ တအားခေတ်ထနေတော့ အဖေက စိတ်ပူပြီလေ။ စိတ်ပူတော့ သူ့ အစ်ကိုရှိတဲ့ ခင်ဦးမှာ သွားထားမလို့ စီစဉ်တယ်။ သွားသာထားရမှာ ကျွန်တော့်ကိုလည်း တစ်မျိုး စိတ်ပူပြန်တယ်။ ခင်ဦးမှာနေတဲ့ ကျွန်တော့် ဘကြီးက သူ့ရပ်ရွာအကြောင်း အဖေ့ကို ပြောပြထားဖူးတာကိုး။ ခင်ဦးမှာ ရန်ပွဲဖြစ်ရင် လက်သီးချင်းမထိုးဘဲ ဓားနဲ့ ခုတ်တဲ့အကြောင်း ပြောပြထားတယ်။ ခင်ဦးဆိုတာကလည်း ငယ်စဉ်ကလေးဘ၀ သင်ရတဲ့ သမိုင်းစာမျက်နှာမှာ ခပ်ရေးရေးလောက်ပဲ ဖော်ပြထားပေမယ့် သမိုင်းမှာ ဦးအောင်ဇေယျကို သစ္စာမခံဘဲ စီးချင်းပြိုင်ထိုးဝံ့တဲ့ ခင်ဦးမြို့စားရဲ့ ဒေသပေါ့။ သမိုင်းမှာ ဓားထက်တဲ့မြို့လို့ ငယ်ဘဝအတွေးမှာ စွဲနစ်ခဲ့ဖူးပါတယ်။ သူများ ဒူးထောက်ခိုင်းတိုင်း မထောက်ဘဲ ကိုယ့်မြို့ကိုယ့်ရွာနဲ့ အေးအေးလူလူ နေချင်တဲ့ ခင်ဦးမြို့စားကို ကျွန်တော့်ငယ်သူငယ်ချင်းတွေက သဘောမကျပေမယ့် ကျွန်တော်ကတော့ သဘောကျမိတယ်။ ဘကြီးကိုယ်တိုင်လည်း ခရီးသွားရင် မြင်းနဲ့သွားတဲ့အခါ ဆောင်ဓားလွယ်သွားကြောင်း ကျွန်တော် ကြားဖူးခဲ့တယ်။ အဲဒီကာလက ခင်ဦးကနေ ရွှေဘိုကိုသွားတဲ့အခါ မြင်းစီးပြီး သွားလေ့ရှိကြတယ်။ အရပ်ကလည်း မြင်းကောင်း မြင်းသန့်တွေ ပေါများတာကိုး။

အဲဒီတော့ ကျွန်တော့် စိတ်ထဲမှာ ဟိုးရှေးဘုရင်တွေ လက်ထက်ကလို ဓားလွယ်ပြီး မြင်းစီးခရီးသွားတဲ့ ယောကျ်ားကြီးတွေကို မြင်ယောင်နေမိတယ်။

မြန်မာ့နန်းတွင်းဓားရေးတွေ သိပ်ကောင်းကြောင်းကို စာအုပ်ထဲမှာ ဖတ်ဖူးခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့တွေဟာ အနီးကပ်ပြီး ဓားနဲ့ခုတ်တဲ့ မြန်မာလူစွမ်းကောင်း ဓားရဲခုတ်တွေကို အင်မတန်ကြောက်ရွံ့တဲ့အကြောင်းကို မျိုးချစ်စိတ်ဓာတ် တက်ကြွအောင် လှုံ့ဆော်ရေးသားတဲ့ ဝတ္ထုကြီးတွေမှာလည်း တွေ့ခဲ့ဖတ်ခဲ့ရပါတယ်။ နောက်ဆုံးအခန်းတွေမှာတော့ စာရေးဆရာကြီးတွေလည်း ခပ်သော့သော့ ခပ်ဖော့ဖာ့သာ ရေးသားကြရရှာပါတယ်။ အင်္ဂလိပ်နယ်ချဲ့တွေရဲ့ သေနတ်ပြောင်းဝမှာ ဓားရဲခုတ်များစွာ ကျဆုံးခဲ့ရရှာတာကိုး။ အဲဒီခေတ်က ခေတ်ဆိုး ခေတ်ပျက်ကြီးဆိုတော့ အရွယ်ရောက်သူတိုင်းလိုလို ကိုယ်ခံပညာရပ်တွေ သင်ကြားကြပြီး ဗန်တို၊ ဗန်ရှည်ကအစ မြန်မာ့ဓားရေးတွေကိုပါ တတ်နိုင်သလောက် ဆည်းပူးကြရမှာပေါ့။ ခင်ဦးကနေ ရွှေဘိုကို ဓားလွယ်ပြီး မြင်းစီးခရီးသွားတတ်တဲ့ ဦးကြီးကို ကိုယ်ခံပညာတတ်သလားလို့ စပ်စုကြည့်တော့ မတတ်ပါဘူးလို့ အဖြေရပါတယ်။ ဒါပေမဲ့ တစ်ခါတော့ သူလာတဲ့ လမ်းခရီးမှာ ကြိုးတန်းထားပြီး လုပ်ကြံခံရတယ်။ မြင်းကို အချိန်မီလေး ဇက်သတ်နိုင်လို့ ဘေးလွတ်ခဲ့ရတယ်။ မြင်းပေါ်က အမြန်ဆင်းပြီး လွယ်လာတဲ့ဓားကို ရွှမ်းခနဲ ထုတ်လိုက်တော့မှ လုပ်ကြံသူ လူနှစ်ယောက် ထွက်ပြေးကြသတဲ့။

ခရီးသွားတဲ့အခါ ဓားလွယ်ပြီး သွားကြတဲ့အကြောင်းလေး ပြောနေရင်း အဖေ့ကို ပြန်သတိရမိတယ်။ အဖေက ကျန်းမာရေးမှူးဆိုတော့ စက်ဘီးနဲ့ ခရီးသွားရတယ်။ ကျန်းမာရေးဌာနက ပေးထားတဲ့ စက်ဘီးပေါ့။ ကျွန်တော်တို့ မြို့လေးကနေ ဧရာဝတီမြစ်ကို ကူးတို့ စက်လှေနဲ့ကူးပြီး တစ်ဖက်ကမ်းရောက်တော့ တောလမ်းအတိုင်း နင်းရတယ်။ အဲဒီအချိန်မှာ အခုလို သစ်ပင်တွေ ပြောင်သလင်းမခါသေးဘူး။ အခုကုမ္ပဏီကြီးတွေက ကြံခင်းလုပ်ဖို့ဆိုပြီး ခုတ်ရောင်းပစ်လိုက်တဲ့ သစ်တောကြီးက ညို့ဆိုင်းလို့နေတာပေါ့။ တောကထူ လူကပြတ်၊ သွားရေးလာရေးက စက်ဘီးနဲ့ဆိုတော့ အတော်တော့ ပင်ပန်းရှာပါတယ်။ တစ်နေ့တော့ အဖေ့ယောက်ဖက ငှက်ကြီးတောင်တစ်လက် လက်ဆောင်ပေးတယ်။ အဖေ့ကို ဆေးကုသွားရင် ဆောင်ဖို့တဲ့။ အဖေက မလိုချင်ပါဘူး။ မဆောင်ချင်ပါဘူး ပြောတယ်။ အဖေ ဓားမဆောင်ဘဲ ခရီးတွေသွားခဲ့တာ ကျွန်တော် မှတ်မိနေပါတယ်။ အဖေက ခရီးသွားရင်း ဘုရားဂုဏ်တော်တွေ ပွားသတဲ့။

ကျွန်တော်က အဲဒီအချိန်မှာ လူပျိုတက်စအရွယ်ပါ။ အဲဒီအချိန်ကတော့ ဇာတိမြို့လေးမှာ ဓားကိုင်သူ မရှိသလောက် ရှားပါတယ်။ လူငယ်တွေ ရန်ဖြစ်ခိုက်ဖြစ်ကြတယ် ဆိုရင်လည်း လက်သီးနဲ့ ထိုးကြတာတို့၊ အုတ်ခဲနဲ့ ထုကြတာတို့ လက်ဖက်ရည်ဆိုင်က ခွေးခြေခုံနဲ့ ရိုက်လိုက်တာတို့ အဆင့်ပါပဲ။ ဓားကို အသုံးပြုပြီး ဖြေရှင်းကြတယ်ဆိုတာ အင်မတန်မှ ရှားပါးတဲ့ ကိစ္စရပ်မျိုးပါ။ စေ့စေ့တွေးကြည့်မယ်ဆိုရင် ဓားနဲ့ ဖြေရှင်းလိုက်တယ်ဆိုတာ နှစ်ဖက်စလုံးအတွက် နောက်ဆုံးအဆင့်ပဲ ဖြစ်မယ်ထင်ပါတယ်။ လူငယ်ဘဝမှာ မကြုံစဖူး ဓားထိုးမှုနှစ်ခုကိုတော့ မြင်ခဲ့ကြားခဲ့ရသေးတယ်။ အဲဒါကလည်း ဓားနဲ့ ထိုးလိုက်တဲ့ သူကစိတ်မူမမှန်လို့ ဖြစ်သွားတာပါ။ အဲဒီလူက တပ်ပြေးတစ်ယောက်ပေါ့။ မြို့လေးကလူတွေက သူ့ကို စစ်ဘရိန်းလို့ ကွယ်ရာမှာ ခေါ်ကြတယ်။ သူ့မျက်လုံးတွေက မူမမှန်တဲ့အပြင် မျက်နှာက ခက်ထန်လွန်းတော့ ရှေ့တင်တော့ မခေါ်ရဲကြပါဘူး။ အရက်ဆိုင်လို နေရာမျိုးမှာ မရှောင်နိုင်ဘဲ ပက်ပင်းတွေ့ကြတဲ့အခါ သူ့ကို အရက်တိုက်ကြရပါတယ်။

ကျွန်တော် သူ့ကိုစပြီး မြင်ဖူးချိန်မှာ အဲဒီလူဟာ လူတစ်ယောက်ကို ဓားနဲ့ထိုးဖူးခဲ့ပြီးပြီတဲ့။ ကွယ်ရာမှာ သူ့ကို ရွံ့ကြောက်ကြီးဖြစ်ကြတဲ့သူတွေကလည်း ပက်ပင်းတွေ့လို့ မရှောင်နိုင်တဲ့အခါ အရက်တိုက်ပြီး ကျောသပ်နေကြရပါတယ်။ ဘယ်အချိန်မှာ ဘာထပြီး လုပ်လိုက်မယ်မှန်းမသိတဲ့ သူ့စရိုက်ကို လန့်ကြလို့နေမှာပေါ့။ အဲဒီလူရဲ့ ခါးကြားမှာ အမြဲလို ဓားချွန်တစ်လက်ဝှက်ပြီး ဆောင်ထားတတ်တယ်တဲ့။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ထက်မိုက်တဲ့သူတွေက သေနတ်နဲ့ပစ်လို့ သေရရှာပါတယ်။

(၄) လက်ဖက်ရည်ဖိုး ရှင်းပြီးလို့ ပြန်ဖို့ပြင်နေတဲ့ အချိန်လေးမှာပဲ လင်မယားစုံတွဲတစ်တွဲ ဘေးစားပွဲမှာ လာထိုင်ကြတယ်။ ယောကျ်ားဖြစ်သူက ဓားရှည်လွယ်လို့ မိန်းမရဲ့ ခါးမှာဓားချွန်းတစ်လက် ချပ်ထားတယ်။ သူတို့လည်း ခရီးဝေးကို ဆက်ကြမယ့်ဟန် ပေါ်ပါတယ်။ ကျွန်တော်နားမလည်တဲ့ အသံဝဲ၀ဲနဲ့ သူတို့ချင်း စကားပြောကြပြီး လက်ဖက်ရည်နဲ့ ခေါက်ဆွဲမှာကြတယ်။ သူတို့နှစ်ယောက်ရဲ့ ဓားကိုယ်စီက အသစ်စက်စက်တွေမှန်း သိသာလှပါတယ်။ ကြည့်ရတဲ့ပုံကတော့ အခုလမ်းခရီးအတွက် ရည်ရွယ်ပြီး ဝယ်ယူခဲ့ကြဟန် ရှိပါတယ်။ သေချာတာကတော့ သူတို့ဟာ အခုမြို့လေးကနေ တောင်တန်းတွေရှိရာဆီကို ခရီးဆက်ကြဦးမှာပါ။ လမ်းခရီးမှာ သူတို့ဆုံရ ကြုံရမယ့် ဘဝတူခရီးသွားတွေဆီမှာလည်း ဓားတစ်လက်ဆီတော့ အနည်းဆုံးပါကြလိမ့်မယ်။ အဲဒီတောင်ပေါ်လမ်းအကြောင်းကိုတော့ ကျွန်တော် နေ့စဉ် ကြားသိနေရတယ်။ အကွေ့အကောက် အဆင်းအတက်တွေများတဲ့ ခရီးလမ်းပေါ့။ ကွေ့တစ်ခုကို ကွေ့လိုက်တိုင်း ကွေ့အလွန်မှာ မခန့်မှန်းနိုင်တဲ့ အန္တရာယ်ရှိနေတတ်သတဲ့။ ပြီးတော့ ဓားကိုယ်စီ ဆောင်ထားကြတဲ့ ခရီးဖော်တွေကိုရော သူတို့အနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ ယုံကြည်နိုင်ကြမလဲ။ ဒါပေမဲ့ ခဏနေရင် ဆိုင်ကယ်ကို ခပ်ပြင်းပြင်းစီးရင်း သူတို့နှစ်ယောက် ခရီးဆက်ကြဦးမယ်။ ပါလာတဲ့ ဓားကိုယ်စီက သူတို့ အားအင်ပေါ့။ စိတ်ရဲ့ လုံခြုံမှုနေမှာပေါ့။ သမိုင်းစာမျက်နှာပေါ်မှာ ဓားရဲခုတ်တွေ ကျည်ဆန်တွေကြား ကျဆုံးခဲ့ရတာ သူတို့ သိချင်မှလည်း သိကြမှာ။ သိခြင်း မသိခြင်းထက် လတ်တလော စိတ်လုံခြုံမှုက ပိုအရေးကြီးမှာပေါ့လေ။

(၅) ကျွန်တော့်မှာလည်း သူများလက်ဆောင်ပေးထားတဲ့ ငှက်ကြီးတောင်ဓားတစ်လက် ရှိပါတယ်။ နံရံမှာ ချိတ်ထားခဲ့တာ ကြာလှပါပြီ။ တုံးချင်လည်း တုံးနေလောက်ရောပေါ့။ အိမ်ရဲ့ ခြံစည်းရိုးလေးကို ဝါးနဲ့ထရံရက်ပြီး ကာထားပါတယ်။ တချို့တွေက ဝင်းထရံလို့ ခေါ်ကြတယ်။ ကျွန်တော်တို့အရပ်မှာတော့ တပ်ခြံလို့ ခေါ်ကြတယ်။ အဲဒီ တပ်ခြံစည်းရိုးတွေဟာ အတော်တော့ ဟောင်းနွမ်းနေပါပြီ။ အဟောင်းပေါ် အသစ်ထပ်ကာတဲ့အခါမှာ ခြစားနေတဲ့ တပ်ခြံဟောင်းက ခြတွေဟာ တပ်ခြံအသစ်ဆီ အလွယ်တကူ ကူးလို့ မကြာခင်မှာ အသစ်လည်း ခြစွဲတော့တာပါပဲ။ အခုတော့ မြောက်ဘက်နဲ့ အနောက်ဘက် စည်းရိုးတွေဟာ ခြတွေကြောင့် မလုံမလဲဖြစ်နေပါတယ်။ ညရေးညတာအတွက် စိတ်မချရဘူးပေါ့။ ဖြစ်လာ ကြုံလာနိုင်တဲ့အန္တရာယ်ကို ကာကွယ်ဖို့ နံရံပေါ်က ငှက်ကြီးတောင်ဓားကိုပဲ သွေးထားရလေမလား၊ ခြစားနေတဲ့ တပ်ခြံတွေကို အသစ်လဲဖို့ပဲ ကြိုးစားရမလား တွေးနေမိပါတယ်။ အတွေးတွေ ရင့်မှည့်လာရင်ပဲ ဖြစ်ဖြစ်၊ မမျှော်လင့်တဲ့ ကိစ္စတစ်ရပ် ကြုံခဲ့ရရင်ပဲဖြစ်ဖြစ် ဘာလုပ်ရမယ်ဆိုတာကို ဆင်ခြင် ဆုံးဖြတ်မိမယ်ထင်ပါရဲ့လေ။

(၆) အိမ်အပြန်လမ်းမှာ ခင်ဦးမြို့စားရဲ့ ဓားအကြောင်း၊ စိတ်မူမမှန်သူရဲ့ ဓားအကြောင်း၊ ဘကြီးရဲ့ ဓားအကြောင်းတွေ တွေးနေမိသေးတယ်။ လတ်တလော မြင်တွေ့နေရတဲ့ စိတ်မလုံခြုံသူတွေရဲ့ ဓားတွေအကြောင်းလည်း ပါတာပေါ့။ အိမ်အတွက်တော့ ခြစားနေတဲ့ တပ်ခြံကိုပဲ လုံအောင်ပြန်ပြင်ရမလား၊ ငှက်ကြီးတောင်ဓားကိုပဲ သွေးထားရမလား ဝေခွဲမရသေးဘူး။

ဝုန်းခနဲ၊ ဒုန်းခနဲ မျှော်လင့်မထားဘဲ ပေါ်လာတတ်တဲ့ အသံတွေဟာ ဆုံးဖြတ်ချက် တစ်ခုကို အပြီးသတ် ချမှတ်စေတတ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

သူရဲကောင်းတွေလို မြင်းစီးပြီး နှစ်ကိုယ်တည်း ယှဉ်ကြတဲ့ခေတ်က သမိုင်းထဲ ကျန်ရစ်ပြီပဲလေ။

Most Read

Most Recent