ဗျာဓိ

ဗျာဓိ
Published 27 February 2018

စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာဌာနအား တွေ့မြင်ရစဉ်

ပတ်ဝန်းကျင် တစ်ခုလုံးကို အရက်ပြန်နံ့တွေက ဖုံးလွှမ်းထားတယ်။ နာနာကျင်ကျင် အော်ဟစ်နေတဲ့ အော်သံတွေ စုတ်တသပ်သပ် ညည်းညူနေတဲ့ အသံတွေဟာလည်း နံရံတွေကနေ ပဲ့တင်ထပ် ထွက်ပေါ်နေတယ်။ ဘယ်သူ့မျက်နှာကိုပဲကြည့်ကြည့် သောကပရိ ဒေ၀ မီးတောက်တွေဟာ တရှိန်းရှိန်း တောက်လောင်လို့။ လူးလာခေါက်တုံ့ လျှောက်နေတဲ့ ခြေထောက်တွေမှာ ပြည့်တင်းနေတဲ့ အားအင်တွေကို မတွေ့ရတော့ဘူး။ မျှော်လင့်ချက်ယဲ့ယဲ့နဲ့ မျက်တွင်းဟောက်ပက်တွေကို မြင်ရ မျော်လင့်ချက်ဟောက်ပက်နဲ့ မျက်တွင်းယဲ့ယဲ့တွေကို မြင်ရတတ်တဲ့ အဲဒီ ဆေးရုံဆိုတဲ့ အနိဋ္ဌာရုံ သိုလှောင်ရုံကြီးထဲကို ကျွန်တော်ဟာ ဘယ်တုန်းကမှ မသွားချင်ခဲ့ပါဘူး။

တကယ်လည်း သေခြင်းတရားက ခုတင်လေး တစ်လုံးခြားပြီး ရောက်လာတာကို မြင်ရနိုင်တဲ့ အဲဒီနေရာမှာ ပျော်ရွှင်ခြင်းဆိုလို့ ရံဖန်ရံခါ ကြားရတတ်တဲ့ ကလေးလေးတွေရဲ့ ငိုသံကလေးတွေပဲ ရှိနေခဲ့တာပါ။ တုံးလုံး ပက်လက်လဲနေတဲ့ အပူရုပ်တွေ၊ နွမ်းရိဖျော့တော့နေတဲ့ မျက်လုံးတွေပဲ ရှိနေခဲ့ကြတာပါ။ ပူပန်မှုတွေ သောကတွေ နာကျင်မခံမရပ်နိုင် ဖြစ်မှုတွေပဲ ရှိနေခဲ့ကြတာပါ။ တကယ်တော့ ကျွန်တော်မှ မဟုတ်၊ မရှုနိုင် မကယ်နိုင်အောင် ဝေဒနာခံစားနေရသူတွေကလွဲရင် အဲဒီဆေးရုံဆိုတဲ့ နေရာကြီးကို ဘယ်သူမှ သွားချင်ရောက်ချင်ကြလိမ့်မယ် မထင်ပါဘူး။

တကယ်လည်း မစည်ကားသင့် မစည်ကားအပ်တဲ့ အရပ်တွေထဲမှာ ဆေးရုံ၊ ဆေးခန်းတွေဟာ ထိပ်ဆုံးက ရှိနေခဲ့ပါတယ်။ အဲဒီလိုပါပ၊ဲ လူတွေ မရောက်ချင်းဆုံး လူတွေ မသွားချင်ဆုံး နေရာတွေထဲမှာလည်း ဆေးရုံ၊ ဆေးခန်းတွေက ထိပ်ဆုံးမှာပဲ ရှိနေခဲ့တာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ ဆေးရုံတွေကို ရှောင်ကွင်းနိုင် ရှောင်ကွင်းနိုင် အနာရောဂါတွေရဲ့ ဘေးကိုတော့ ကျွန်တော်တို့ဟာ ဘယ်လိုမှ ရှောင်လို့ လွတ်နိုင်ကြလိမ့်မယ် မဟုတ်ပါဘူး။ ရောဂါဘယတွေရဲ့ ဘေးရန်ကနေ ကျွန်တော်တို့ဟာ ဘယ်လိုမှ ပြေးလို့လွတ်နိုင်ကြလိမ့်မယ် မဟုတ်ပါဘူး။ တကယ်လည်း အခုအချိန်မှာ ဘယ်လောက်ပဲ ကျန်းမာနေနေ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ဟာ သေချာပေါက် နာကြရမှာပဲ။ တစ်ချိန်ချိန်မှာ အနာရောဂါတွေရဲ့ ဖိစီးနှိပ်စက်မှုဒဏ်တွေကို သေချာပေါက်ခံကြရဦးမှာပဲ။

တကယ်လည်း မွေးကင်းစ ကလေးလေးတွေကနေ အသက်အရွယ် ကြီးရင့်နေတဲ့သူတွေအထိ အချိန်မရွေး နေရာမရွေး ရောဂါ ဝေဒနာတွေကို ခံစားကြရနိုင်ပါတယ်။ ရုတ်တရက် ကောက်ကာငင်ကာ ဖျားနာတာကနေ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်သွားတာ၊ ရုတ်တရက် လေဖြန်းသွားတာ၊ လေဖြတ်သွားတာလို ရောဂါဝေဒနာတွေအထိ ဘယ်သူမဆို ခံစားကြရနိုင်ပါတယ်။ ရုတ်တရက် ကောက်ရသလို အနာရောဂါရသွားတဲ့သူ ပေါင်းမြောက်မြားစွာကိုလည်း ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်တွေမှာ တွေ့နိုင်ကြပါတယ်။ ရုတ်တရက် ခြေထောက်ကျိုးသွားတာ၊ ရုတ်တရက် တစ်စုံတစ်ခုနဲ့ ထိခိုက်မိလို့ မျက်လုံးတွေကို ဆုံးရှုံးလိုက်ရတာ၊ လက်တွေ ခြေထောက်တွေကို ဆုံးရှုံးလိုက်ကြရတာမျိုးအထိ ဗျာဓိလို့ခေါ်တဲ့ နာခြင်းတရားဟာ ကျွန်တော်တို့နဲ့ ကျောချင်းကပ်အနေအထားမှာ ကျွန်တော်တို့ရဲ့ အနီးဆုံးနေရာမှာ အမြဲတမ်း အဆင်သင့်ရှိနေခဲ့တာ။

တကယ်တော့ ကျွန်တော်တို့ဟာ အို၊ နာ၊ သေဘေးဆိုတဲ့ ဘေးသုံးပါးကနေ လွတ်ကင်းအောင်ရှောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြပါဘူး။ အထူးသဖြင့် မသေခင် မအိုခင်ကတည်းကနေ နာခြင်းရဲ့သင်္ကေတတွေဖြစ်တဲ့ ရောဂါဘယတွေကို ခံစားကြရနိုင်ပါတယ်။ တကယ်လည်း ဆေးရုံဆေးခန်းတွေမှာ နိစ္စဓူ၀ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေကြတဲ့မြင်ကွင်းတွေက သက်သေပါပဲ။ အဲဒီလိုပါပဲ၊ အိုခြင်းဘေး၊ သေခြင်းဘေးတွေကိုလည်း ကျွန်တော်တို့ဟာ ရှောင်ကွင်းသွားဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ မလိုချင်၊ မကြုံချင်လို့လည်း မရပါဘူး။ တကယ်တော့ ဒါတွေဟာ လူတိုင်း လူတိုင်း သိပြီးသားကိစ္စတွေပါပဲ။ ဒါတင်မက လူတိုင်း လူတိုင်း မေ့လျော့ မသိချင်ယောင်ဆောင်နေတဲ့ ကိစ္စတွေလည်း ဖြစ်ပါသေးတယ်။

ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီ အိုနာသေ ဘေးဆိုတဲ့ကိစ္စတွေကို မေ့လျော့ မသိချင်ယောင်ဆောင်နေခဲ့ကြတဲ့သူတွေသာ ဖြစ်ပါတယ်။ တစ်နေ့ထက် တစ်နေ့၊ တစ်နာရီထက် တစ်နာရီ၊ တစ်စက္ကန့်ထက် တစ်စက္ကန့် အိုမင်းလာနေတဲ့ ကျွန်တော်တို့ရဲ့ အသက်အရွယ်ကို မေ့လျော့ထားခဲ့ကြပါတယ်။ တစ်နေ့ထက်တစ်နေ့ ယိုယွင်းလာနေတဲ့ ခန္ဓာကိုယ်ကြီးတွေကို နောက်ဆုံးပေါ်ဆိုတဲ့ အလှကုန်ပစ္စည်းတွေ ဆေးဝါးတွေရဲ့ အကူအညီကိုယူပြီး ဖုံးဖိ မသိချင်ယောင်ဆောင်နေခဲ့ကြပါတယ်။ နာခြင်းကို အန်တုဖို့ ဆေးရုံ၊ ဆေးခန်းတွေ ဆောက်လုပ်ပြီး ဆေးဝါးတွေကို တီထွင်ဖန်တီး သင်ယူကုသခဲ့ကြပါတယ်။

ဒါပေမဲ့ ဘယ်လောက်ပဲ တိုးတက် ခေတ်မီလာတဲ့ခေတ်လို့ဆိုဆို အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ဘေးကနေ လွတ်ကင်းအောင် ကျွန်တော်တို့ဟာ မစွမ်းဆောင်နိုင်ကြသေးပါဘူး။ တကယ်တော့ လူအဖြစ်ကို စပြီးရတဲ့ နေ့ကစလို့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ ကျွန်တော်တို့ဟာ သေခြင်းတရားဆီကိုပဲ ဦးတည်ပြီး သွားနေခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာလည်း အိုမင်းလာနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူအဖြစ်ကို ရတဲ့နေ့ကစလို့ ကျွန်တော်တို့ဟာ နာခြင်းရဲ့ သင်္ကေတတွေကို ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မွေးဖွားလာကြတယ်။ ဘာအတွက်လဲ။ သေဆုံးဖို့အတွက်ပဲ ဖြစ်ပါတယ်။ ကြည့်ဖူးတဲ့ ဇာတ်ကားတစ်ကားထဲက စကားလုံးမျိုးကို ယူသုံးရမယ်ဆိုရင် လူဖြစ်ခြင်းဟာ ဘုရားပေးတဲ့ ဆုလာဘ်ဆိုရင် နာခြင်း၊ အိုမင်းခြင်းနဲ့ သေဆုံးရခြင်းတွေဟာ ဘုရားကပေးတဲ့ ပြစ်ဒဏ်တွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အဲဒီအပြစ်ဒဏ်တွေကို မဖြစ်မနေ မြေကြီးလက်ခတ်မလွဲ ခံစားကြရမှာပဲ ဖြစ်ပါတယ်။ ဆိုတော့ မအိုချင်၊ မနာချင် မသေချင်လို့ မရမယ့်အတူတူ ကျွန်တော်ဟာ လူဖြစ်ကြရတဲ့ အခိုက်အတန့်ကလေးမှာ အကောင်းဆုံး ရှင်သန်နေထိုင်သွားကြသင့်တယ်လို့ ထင်မိပါတယ်။ တစ်ဦးပေါ် တစ်ဦးက မနာလို ဝန်တိုနေကြမယ့်အစား တစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင် နေထိုင်ကြသင့်တယ်လို့ ထင်မိပါတယ်။ တစ်ယောက်အပေါ် တစ်ယောက် ချောက်ချ၊ ကောက်ကျစ်နေကြမယ့်အစား တစ်ယောက်ကို တစ်ယောက်က ဖေးမစာနာခြင်းတွေနဲ့ ရှင်သန်နေထိုင်သင့်တယ်လို့ ထင်မိပါတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် တိုက်ခိုက် ပစ်ခတ်နေကြမယ့်အစား တစ်ဖက်နဲ့ တဖက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ငြိမ်းငြိမ်းချမ်း ဖြေရှင်းကြသင့်တယ်လို့ ထင်မိပါတယ်။

တကယ်လည်း အရှိတရားတွေကို အရှိအတိုင်း လက်ခံတတ်ကြဖို့ လိုအပ်တယ်လို့ ထင်မိပါတယ်။ တကယ်လည်း ကျွန်တော်တို့ဟာ အကောင်းမြင်စိတ်တွေကို မွေးမြူထားခြင်းနဲ့ ကျွန်တော်တို့ရဲ့ မသေဆုံးမီ အသက်ရှင် နေထိုင်ခွင့်ရတဲ့ ကာလတွေကို ပျော်ရွှင် စိတ်ချမ်းမြေ့စွာ ဖြတ်သန်းသွားနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီလိုပါပဲ လောကကြီးကို အကောင်းဘက်က ကြည့်မြင်ခြင်းအားဖြင့်လည်း လူဖြစ်ကြရတဲ့ အခိုက်အတန့်ကို စိတ်ချမ်းသာ ကြည်မွေ့စွာ ဖြတ်သန်းသွားနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဆိုတော့ နောက်ဆုံး သေဆုံးခြင်းဆိုတဲ့ မှတ်တိုင်မှာ ခရီးဆုံးကြရမှာချင်း အတူတူ ကျွန်တော်တို့တတွေဟာ စိတ်ညစ်ညူး သောကရောက်စရာတွေ၊ ဒေါ သ မာန်မာနတွေကို ဘာလို့များ ကျွန်တော်တို့ရဲ့ ရင်ထဲမှာ လက်ခံထားပြီး ဘာလို့များ ကျွန်တော် တို့ရဲ့ နေ့စဉ် လူနေမှုဘဝတွေထဲမှာ နေရာပေးထားကြရမှာလဲ။

တကယ်လည်း ကျွန်တော်တို့ဟာ တစ်နေ့ အိုကြရ၊ တစ်နေ့ နာကြရ၊ တစ်နေ့ သေဆုံးကြရမယ်ဆိုတာကို အမှန်အတိုင်း လက်ခံနိုင်လိုက်တာနဲ့ ချမ်းသာတာ၊ ဆင်းရဲတာ အပါအဝင် ကျန်တဲ့ကိစ္စတွေအားလုံးက အသေးအဖွဲကိစ္စစာရင်းထဲကို အလိုလို ရောက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လည်း ချမ်းသာခြင်း ဆင်းရဲခြင်းဆိုတာတွေက ကျွန်တော်တို့ရဲ့ အသက်ရှင်မှု၊ ကျွန်တော်တို့ရဲ့ ကျန်းမာမှုတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူးလို့ ထင်ပါတယ်။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတင် မဟုတ်ပါဘူး အခြားသော ကျွန်တော်တို့ရဲ့ ရာထူး ဂုဏ်ဒြပ် စည်းစိမ်ဥစ္စာဆိုတာတွေဟာလည်း ကျွန်တော်တို့ရဲ့ အသက်ရှင်နေထိုင်ရမှုနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှမဟုတ်တဲ့ ကိစ္စတွေ ဖြစ်သွားတတ်ကြတာပါပဲ။ တကယ်လည်း သေဆုံးသွားသူတစ်ယောက်ရဲ့နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတဲ့ လူတစ်ယောက်၊ အိမ်တစ်အိမ်၊ ရာထူးစည်းစိမ်တို့ကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးခဲ့ပါဘူး။ တကယ်တော့ သေဆုံးသွားပါမှ ငိုယိုတမ်းတနေကြတာထက် အသက်ရှင်စဉ်ကာလမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချစ်ခင်လေးစား တန်ဖိုးထားကြခြင်းကသာ အသက်ရှင်သန်နေထိုင်မှုရဲ့ တန်ဖိုးအစစ်ဖြစ်တယ်လို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။

အသက်ရှင်နေထိုင်ခဲ့ရသမျှ နေ့ရက်တိုင်းမှာ စိတ်စေတနာကောင်းကို မွေးမြူနိုင်တဲ့သူကသာ အသက်ရှင်သန်ခြင်းရဲ့ အရသာကို အပြည့်အ၀ ခံစားရနိုင်တဲ့သူအစစ်လို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။ တကယ်လည်း ဘယ်လောက် စည်းစိမ်ဥစ္စာတွေ ချမ်းသာ ချမ်းသာ၊ ဘယ်လောက် ရာထူးတွေကြီးကြီး လောဘ ဒေါသ မောဟတွေနဲ့ လောင်မြိုက်နေတဲ့သူတွေဟာ အသက်ရှင်နေထိုင်ရခြင်းရဲ့ အရသာကို အပြည့်အ၀ မခံစားနိုင်သူတွေဖြစ်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ အဲဒါကြောင့် အသက်ရှင်နေစဉ်၊ ကျန်းမာနေစဉ်မှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးအောင် မနေမိဖို့ လိုအပ်တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ ကျွန်တော်တို့ဟာ သေချာပေါက် အိုကြရ၊ သေချာပေါက် နာကြရ၊ သေချာပေါက် သေဆုံးကြရပါလိမ့်မယ်။

Most Read

Most Recent