လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (အသံ) ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခနှင့်တွေ့ဆုံခြင်း

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (အသံ) ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခနှင့်တွေ့ဆုံခြင်း
Published 26 February 2018

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီက အဆိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းတဲ့ဥပဒေကြမ်းထဲမှာ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာဆန္ဒပြဖို့ အကြောင်းကြားတဲ့အခါမှာ ခန့်မှန်းကုန်ကျစရိတ်နဲ့ ငွေကြေးထောက်ပံ့တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ရှိရင် ဖော်ပြဖို့ဆိုတဲ့အချက်နဲ့ မူလဥပဒေ အခန်း ၇ ပြစ်မှုနှင့် ပြစ်ဒဏ်များခေါင်းစဉ်အောက်မှာ ပုဒ်မ ၁၈ အဖြစ် ‘မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကိုသော်လည်းကောင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကိုပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်’ ဆိုတဲ့အချက်ကို လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဝေဖန်မှုများရှိခဲ့ပါတယ်။ ဒီလို ဝေဖန်မှုရှိနေတဲ့ ငြိမ်းစုစီဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းနဲ့ပတ်သက်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (အသံ) ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

‘ဆန္ဒပြတဲ့ဟာမှာ သူတို့ဖမ်းချင်တဲ့ သူတို့တရားစွဲချင်တဲ့ဟာကို အချိန်မရွေးတရားစွဲလို့ရတဲ့ ပုံစံမျိုးအထိ ကျယ်ပြန့်တယ်။ အဲဒီဟာက စလွဲတာပေါ့ . . .’

 

■ မေး - အမျိုးသားလွှတ်တော်မှာတင်ထားတဲ့ ငြိမ်းစုစီ ပြင်ဆင်မယ့်ဥပဒေကြမ်းနဲ့ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။

■ ဖြေ - ခြေဆင်းမှာ ဘာထပ်ထည့်လဲဆိုတော့ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဆိုတာမျိုး ထပ်ထည့်တယ်။ အဲဒီအသုံးအနှုန်းတွေအကုန်လုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ထဲက ရေးနည်းအတိုင်းပဲဖြစ်နေတယ်။ တကယ်တော့ နိုင်ငံတော်လုံခြုံရေးဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ ယနေ့အချိန်အထိ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိဘူး။ ဘယ်လိုကိစ္စကို နိုင်ငံတော်လုံခြုံရေးအနေနဲ့ သတ်မှတ်တာလဲ။ ဆန္ဒပြမှုက နိုင်ငံတော်လုံခြုံရေးကို ဘယ်လိုထိခိုက်စေနိုင်မှာလဲစတဲ့ အဲဒီလို တိကျတဲ့ အဓိပ္ပာယ်မရှိတာရယ်ပြီးတော့ ရပ် ရွာအေးချမ်းသာယာရေးပေါ့။ ဆန္ဒပြပြီဆိုတာနဲ့ နည်းနည်းတော့ ဆူဆူပူပူတော့ ဖြစ်မှာပဲ။ အဲဒီလိုမျိုးတွေက မရှင်းဘူး။ မရှင်းတဲ့ အခါမှာ စကားလုံးအားဖြင့်လည်း အရမ်းကျယ်ပြန့်ေ၀ဝါးတယ်။ ဆန္ဒပြတဲ့ဟာမှာ သူတို့ဖမ်းချင်တဲ့သူတို့ တရားစွဲချင်တဲ့ဟာကို အချိန်မရွေး တရားစွဲလို့ရတဲ့ ပုံစံမျိုးအထိ ကျယ်ပြန့်တယ်။ အဲဒီဟာက စလွဲတာပေါ့။ အဲဒါအပြင် နောက်တစ်ခုက ဆန္ဒပြပွဲမှာ ကူညီထောက်ပံ့ပေးတဲ့သူတွေရဲ့ စာရင်းထည့်ပေးရမှာရှိတယ်။ အဓိက,ကတော့ ပါတီတစ်ခုခုက ဦးဆောင်လုပ်တာဆိုရင် ဒီပါတီနာမည်ထည့် အလှူရှင်နာမည်ထည့်လို့ ရတယ်။ နောက်တစ်ခုက ခရိုနီတစ်ဦးဦးက လုပ်တာဆိုရင်လည်းရတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲနဲ့ အဖွဲ့အစည်းမရှိတဲ့လူတွေပေါ့။ ဥပမာ လယ်သမားအရေးတို့၊ တရားရုံးမှာ မတရားမှုခံရပြီးတော့ ပြည်သူတွေရဲ့ ကိစ္စတွေစသဖြင့် သူတို့တွေကျတော့ ဘယ်လို စီစဉ်ဆောင်ရွက်မှာလဲ အဲဒါတွေကလည်း မရှင်းလင်းဘူး။

■ မေး - ညီတို့ဘက်ကနေ ငြိမ်းစုစီဥပဒေနဲ့ပတ်သက်လို့ ပြင်ဆင်ဖို့တောင်းဆိုထားတဲ့ အချက်တွေရှိလား။ အဲဒီအချက်တွေက ဘာတွေဖြစ်မလဲ။

■ ဖြေ - ငြိမ်းစုစီမှာ ကျွန်တော်တို့ ပြင်ဖို့တောင်းဆိုထားတဲ့အချက်တွေ အများကြီးရှိတယ်။ အထူးသဖြင့် ဘယ်လိုဟာမျိုးလဲဆိုတော့ ကိုယ်ရေးအချက်အလက်တွေပေးနေရတာ ကျွန်တော်တို့က အဆင်မပြေဘူး။ ဆန္ဒပြပွဲကို ဦးဆောင်မယ့်သူရဲ့ ကိုယ်ရေးအချက်အလက်ကို ပေးနေရတာက လုံးဝအဆင်မပြေဘူး။ အဲဒီဟာတွေကိုမပြင်ဘဲနဲ့ ဆက်ပြီးတော့ ပိုမိုတင်းကျပ်ရှုပ်ထွေးမယ့်ဟာတွေကို သူတို့က ဖြည့်စွက်လိုက်တဲ့ ပုံစံဖြစ်နေတယ်။ ဆန္ဒပြမယ့်သူတွေအတွက် ပိုပြီးတော့ လုပ်ရမယ့်လုပ်ငန်းစဉ်တွေ ပိုများပြားလာတယ်။ ပိုရှုပ်ထွေးလာတယ်။ အဲဒီတော့ လူတွေက ဆန္ဒပြမယ့်လမ်းကို စဉ်းစားတဲ့သူသိပ်မရှိတော့ဘဲနဲ့ ဖြစ်သွားမယ်။

■ မေး - ပြင်ဆင်မယ့်ဥပဒေမှာ အစာထိုးမယ့် ပုဒ်မ ၁၈ ကိုရော ဘယ်လိုမြင်သလဲ။

■ ဖြေ - နိုင်ငံရေးလုပ်တဲ့သူတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ဘယ်သူ့ကိုမှ ငွေပေးပြီးတော့ ဆန္ဒပြခိုင်းတာမရှိဘူး။ စည်းရုံးတာတော့ စည်းရုံးရတယ်။ အဲဒီမှာ တိုက်တွန်းတယ်ဆိုတဲ့ စကားလုံးကို ထည့်ထားတာပေါ့။ ကျွန်တော်တို့က တချို့ဟာတွေက တိုက်တွန်းရတယ်။ အသိပညာပေးပြီး တွန်းအားပေးရတာတွေလည်း ရှိတယ်။ နောက်တစ်ခု ကကျတော့ တခြားနည်းလမ်းတစ်ခုခုနဲ့ဆိုတဲ့ နေရာမှာ ပစ္စည်းဆိုတာကလည်း ကျွန်တော်တို့ ကမ်ပိန်းလုပ်တဲ့နေရာမှာ အခမဲ့ပေးတဲ့ တီရှပ်တွေပေါ့။ ဥပမာပြောရရင် ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေး ၆၆ (ဃ) ပြင်ဆင်မှု တုန်းကဆိုရင် ကျွန်တော်တို့ မြို့တော်ခန်းမ ရှေ့မှာလုပ်တော့ ဆန္ဒပြပွဲလာတဲ့သူ အကုန်လုံးကို တီရှပ်တွေဝေတယ်။ ဝေတယ်ဆိုတာက ဆန္ဒပြမှုကို ပိုပြီးတော့ရုပ်လုံးပေါ်အောင်ရယ်၊ ပိုပြီး ထင်သာမြင်သာရှိအောင်ရယ် ကျွန်တော်တို့က ကြိုးစားတဲ့သဘောသာလျှင် ဖြစ်တယ်။ အဲဒီဟာတွေကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင် ကျွန်တော်တို့က ဆန္ဒ ပြတဲ့အခါမှာ ဗွီနိုင်းတစ်ချပ်ပဲ ကိုင်ရတော့မယ့် ပုံစံမျိုးတွေဖြစ်လာမယ်။ ဆန္ဒပြသူတွေကို မုန့်ကျွေးတာကအစ ပြဿနာတော်တော် ရှိလာနိုင်တယ်။

■ မေး - ဒီငြိမ်းစုစီဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းက ငွေပေးပြီး ဆန္ဒပြခိုင်းသူတွေနဲ့ အတုအယောင် ဆန္ဒပြပွဲတွေအတွက် ရည်ရွယ်ပြီးတော့ ပြဋ္ဌာန်းဖို့ ရေးဆွဲတာဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေတဲ့အပေါ်မှာ ဘာများပြောချင်သလဲ။

■ ဖြေ - သေချာတာကတော့ ဘယ်သူ့ကိုမှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအကြောင်းပြချက်နဲ့မှ ပိတ်ပင်တာမျိုးကို ကျွန်တော်တို့က သဘောမကျဘူး။ ၅၀၀၀ ပေးပြီး ဆန္ဒပြခိုင်းလည်း ပိုက်ဆံလိုချင်တဲ့သူက လိုက်မှာပဲ။ အဲဒီဟာတွေကိုလည်း ကျွန်တော်တို့က အရေးယူစရာအကြောင်း မရှိဘူး။ သူတို့ဘာသာ ပိုက်ဆံရလို့ လိုက်တယ်။ ဆန္ဒပြခိုင်းတဲ့သူကလည်း ပိုက်ဆံပေးနိုင်လို့ခေါ်တယ်။ အဲဒီဟာတွေက ဖြစ်နိုင်ခြင်း ရှိ မရှိ စသဖြင့် ဘယ်လိုဆန္ဒပြမှု မျိုးမဆို အစိုးရကနေ လေ့လာတာမျိုးတွေ ပြည်သူ့အသံ နားထောင်တာမျိုးတွေလုပ်ပြီး တကယ်နစ်နာမှု ရှိတဲ့ဟာတွေဆိုရင်တော့ အစိုးရက ဖြေရှင်းဆောင်ရွက်တာမျိုး လုပ်ကိုလုပ်ရမှာ ဖြစ်တယ်။ တကယ်လို့ အဲဒီလို မလုပ်ဘဲနဲ့ အတုအယောင် ဒါမှမဟုတ် ဆူပူမှုဖြစ်အောင်လုပ်တာဆိုရင် ဒါကို လျစ်လျူရှုထားရုံသာ ဖြစ်တယ်။ အဲဒီလိုသာ မဟုတ်ရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုတော့ အကန့်အသတ် ဖြစ်ကိုဖြစ်မှာပဲ။ ကျွန်တော်တို့ ဒီဘက်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးထားတဲ့သူတွေရဲ့ သဘောကတော့ ဒီလိုဥပဒေမျိုးကို သဘောမကျဘူး။ ဘယ်သူ့ကိုမဆို လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်က တန်းတူညီမျှပေးရမယ်။ လူတစ်စု တစ်ဖွဲ့ကိုရည်ရွယ်ပြီးတော့ဆွဲတဲ့ ဥပဒေမျိုးဆိုတာ မရှိသင့်ဘူး။

■ မေး - ဥပဒေကြမ်းမှာ ရဲအရေးပိုင်တယ်ဆိုပြီးပါတဲ့အတွက် လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ်မှာ ဥပဒေပြဋ္ဌာန်းပြီးရင် ဘယ်လိုမျိုးရဲတပ်ဖွဲ့က ဖိနှိပ်မှုတွေဖြစ်လာနိုင်မလဲ။

■ ဖြေ - ဥပဒေရေးဆွဲတာကတော့ ကော်မတီထဲမှာ NLD လွှတ်တော်အမတ်တွေ အများဆုံးဖြစ်နေတဲ့အတွက် သူတို့ရေးဆွဲတာပေါ့။ ဒါပေမဲ့ ဒီဥပဒေကို လည်ပတ်ရမယ့်ယန္တရားက ပြည်ထဲရေး လက်အောက်ခံဖြစ်နေတာရယ်၊ နောက်တစ်ခုက ရဲတပ်ဖွဲ့ရဲ့ သဘောထားတွေက ကာဗာပေးတာတွေ၊ မပေးတာတွေ ရှိနေသေးတယ်။ အဲဒီဟာတွေက နောက်ဆုံး NLD လွှတ်တော်အမတ်တွေနဲ့အတူတူ လက်တွဲလုပ်ခဲ့ကြတဲ့ အရင်တုန်းက ရဲဘော်ရဲဘက်တွေ၊ တက်ကြွလှုပ်ရှားတဲ့သူတွေကိုပဲ သွားပြီးထိခိုက်လိမ့်မယ်။ တကယ်သူတို့ ထိခိုက်စေချင်တဲ့သူတွေက ထိခိုက်မှာမဟုတ်ဘူး။ တကယ်လို့ ဒီဥပဒေသာ အတည်ဖြစ်သွားရင် အဲဒီ ၅၀၀၀ တန်တွေက လုပ်ကြတော့မှာ မဟုတ်ဘူး။ သူတို့ကကြောက်တယ်။ ဒါပေမဲ့ ဒီဘက်က တက်ကြွလှုပ်ရှားသူတွေက အဲဒီလိုစိတ် ဘယ်တော့မှမရှိဘူး။ လုပ်စရာရှိရင်၊ ပြစရာရှိရင် ပြကိုပြရမှာပဲ။ ကျွန်တော်တို့ ဖြစ်စေချင်တာတစ်ခုက ပြင်ဆင်မယ့်အထဲမှာ ဘာထပ်ဖြည့်စေချင်လဲဆိုတော့ တစ်ခါတလေ ကိစ္စတစ်ခုဖြစ်တဲ့အခါမှ အားချင်းတုံ့ပြန်ရတာရှိတယ်။ ငြိမ်းစုစီဥပဒေအရဆို ၄၈ နာရီ အကြောင်းကြားရတယ်။ အကြောင်းကြားရုံတင် မဟုတ်ဘူး။ ဆန္ဒပြမယ့်အကြောင်းအရာ၊ ဘယ်သူတွေပါမယ်။ ဘယ်နေရာမှာ ပြောမယ်။ ဘယ်လိုတွေပြောမယ်။ ကြွေးကြော်သံတွေကအစ တစ်လုံချင်းစီ တိတိကျကျ ရေးပေးရတယ်။ အဲဒီတော့ ကျွန်တော်တို့က ဆန္ဒတစ်ခုပြမယ်ဆို အနည်းဆုံး အချိန်လေး ငါးရက်လောက် ယူရတယ်။ ဒါပေမဲ့ ရှောင်တခင်လိုအပ်တဲ့ဟာမျိုးကျတော့ ငြိမ်းစုစီထဲမှာ ထည့်သွင်းပြီးတော့ ရေးဆွဲထားတာ မရှိဘူး။ တကယ်က အဲဒီလိုဟာမျိုးတွေကို ရေးဆွဲပြီးတော့ ပြင်ဆင်သင့်တယ်။ အဲဒီလိုဟာမျိုးတွေကို မစဉ်းစားဘဲနဲ့ ပိုပြီးတော့ တင်းကျပ်ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုကိုပဲ ဖန်တီးနေတယ်လို့ ကျွန်တော်မြင်တယ်။

■ မေး - လက်ရှိ NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ စီတန်းလှည့်လည်ခွင့်က ပိုပြီး တင်းကျပ်လာသလား။ ဒီအပေါ်မှာ ဘယ်လိုမြင်သလဲ။

■ ဖြေ - စီတန်းလှည့်လည်မှုနဲ့ပတ်သက်ရင် ကျွန်တော်တို့ ထင်မှတ်မထားတဲ့အချိန်မှာ လုပ်လိုက်တယ်။ ဥပဒေကြမ်းကော်မတီက ဟိုတစ်နေ့ကပဲ အစီရင်ခံစာ ချက်ချင်းတင်ထားတယ်။ အမှန်တကယ်က ဥပဒေကြမ်းကို ထုတ်ပြန်တဲ့အခါမှာ အစီရင်ခံစာမတင်ခင်မှာ ဥပဒေကြမ်းကော်မတီက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့ အကြံဉာဏ်တွေ ရယူဖို့ လိုအပ်တယ်။ ဒါပေမဲ့ သူတို့ တွေ့ဆုံခဲ့တဲ့ဟာတွေက ရှေ့နေချုပ်ရုံးတို့၊ ကော်မရှင်တွေ သူတို့အချင်းချင်းပဲဖြစ်နေတယ်။ အဲဒီတော့ သူတို့ရဲ့ ဥပဒေပြုရေးပရောဆက်က မှားယွင်းနေတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ပြည်သူ့အသံကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့သွားနေတယ်ဆိုတာကို ကျွန်တော်တို့က တွေ့တယ်။ သတင်းစာမှာတော့ အကြံဉာဏ်ပေးပို့နိုင်ပါတယ်ဆိုပြီး ကြေညာပေမဲ့ ကျွန်တော်တို့ အကြံဉာဏ်ပေးပို့တော့ရော သေသေချာချာ တခုပ်တရ ဖတ်ရှုရဲ့လားဆိုတာမှာလည်း သံသယရှိတယ်။

■ မေး - ပြင်ဆင်မယ့်ဥပဒေကြမ်းအတိုင်း အတည်ပြု ပြဋ္ဌာန်းမယ်ဆိုရင် ဘယ်သူတွေ ထိခိုက်နိုင်မလဲ။

■ ဖြေ - နစ်နာမယ့်သူတွေကတော့ အကုန်လုံးပဲ။ ဆန္ဒပြချင်တဲ့သူတွေ ဆန္ဒပြခွင့်တော့ရမယ်။ အရမ်းပိုပြီးတော့ ကျဉ်းကျပ်သွားမယ်။ ဒီပရောဆက်က အရမ်းရှုပ်ထွေးနေတယ်။ ဆန္ဒပြတာကို မလုပ်ချင်တော့ဘူးဆိုတာမျိုး ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ ဆန္ဒပြတာကို မလုပ်တဲ့အခါမှာ အခြားနည်းလမ်းဘာရှိမလဲ။ အွန်လိုင်းပေါ် ရေးတင်မလား။ အွန်လိုင်းပေါ် ရေးတင်တော့လည်း ၆၆ (ဃ) ကလည်း ရှိနေပြန်တယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ ထွက်ပေါက်က ဘာမှမရှိတော့ဘူး။

■ မေး - ဘာများ ဖြည့်စွက်ပြောချင်တာရှိသေးလဲ။

■ ဖြေ - ဒီဥပဒေသာ အတည်ဖြစ်သွားတယ်ဆိုရင် ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်က On Line ရော၊ Off Line မှာရော ပြင်းပြင်းထန်ထန် ပိတ်ဆို့တားဆီးခံရတယ်လို့ ဒီလိုပဲ ကျွန်တော်ထင်တယ်။

Most Read

Most Recent