ငြိမ်းစုစီပြင်ဆင်မှု ဥပဒေကြမ်းက ဒီမိုကရေစီကို ပုံပျက်သွားစေမလား

ငြိမ်းစုစီပြင်ဆင်မှု ဥပဒေကြမ်းက ဒီမိုကရေစီကို ပုံပျက်သွားစေမလား
Published 26 February 2018

ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေး၌ ဥပဒေကြမ်းကော်မတီက ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ အစီရင်ခံစာတင်သွင်းစဉ်

ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက အဆိုတင်သွင်းခဲ့ပါတယ်။

ဒါဟာ NLD အစိုးရလက်ထက်မှာ ငြိမ်းစုစီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ခြင်းလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာတုန်းက ပထမအကြိမ်ပြင်ဆင်ခဲ့ရာမှာ ဆန္ဒပြသူတွေ အမြဲတမ်းဝေဖန်ခဲ့တဲ့ ခွင့်ပြုချက်ရယူခြင်းနဲ့ ပတ်သက်တဲ့အချက်ကို ၄၈ နာရီအတွင်း ကြိုတင်အကြောင်းကြားရယ်ဆိုပြီး ပြင်ဆင်ပေးနိုင်ခဲ့တာကြောင့် အားလုံးက ချီးကျူးခဲ့ကြပါတယ်။

ဒီငြိမ်းစုစီဥပဒေကို အရင်ဦးသိန်းစိန် အစိုးရလက်ထက်ဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာတုန်းက ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဇွန်လမှာ ပြည်ခိုင်ဖြိုပါတီ ဦးဆောင်တဲ့ လွှတ်တော်ကနေ တစ်ကြိမ်ပြင်ဆင်ခဲ့ပေမယ့် ပြည်သူတွေက ကျေနပ်မှုမရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆန္ဒပြမယ်ဆိုပါက မြို့နယ်ရဲတပ်ဖွဲ့မှူးဆီကနေ ခွင့်ပြုချက်တောင်းခံရမယ်ဆိုတဲ့အချက်ကို မပြင်ဆင်နိုင်တဲ့အတွက် နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်ရာရောက်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် NLD အစိုးရလက်ထက် ငြိမ်းစုစီဥပဒေကို ပထမအကြိမ် ပြန်လည်ပြင်ဆင်ရာမှာ အဲဒီအချက်ကို ပြင်ဆင်ခဲ့တာကြောင့် ပြည်သူတွေက ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အပေါ် ယုံကြည်ခဲ့တာပါ။

ဒါပေမဲ့ NLD အစိုးရ နှစ်နှစ်သက်တမ်းနီးပါး ဒုတိယအကြိမ်လွှတ်တော် နှစ်နှစ်သက်တမ်းစွန်းစွန်းမှာတော့ ဒီငြိမ်းစုစီဥပဒေကို ထပ်မံပြင်ဆင်ဖို့အတွက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်မှာ ဒေါက်တာမြတ်ဉာဏစိုးက အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလို တင်သွင်းရာမှာ ဒေါက်တာမြတ်ဉာဏစိုးက “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၃၈ အဖြစ် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ မှာ ဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်  ဆန့်ကျင်ခြင်း မရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်  စီတန်းလှည့်လည်ခြင်းကို အသုံးပြုနိုင်ရန် ရည်ရွယ်ပြီးတော့ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်  ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေအဖြစ် အပိုဒ်ခြောက်ပိုဒ်နဲ့ ရေးဆွဲတင်သွင်းထားပါတယ်။ ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကြီးက လက်ခံဆွေးနွေးပေးနိုင်ပါရန် လေးစားစွာ အဆိုတင်သွင်းအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒေါက်တာမြတ်ဉာဏစိုး တင်သွင်းတဲ့ အဆိုကို အမျိုးသာလွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။

“ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ရာတွင် ဥပဒေအကာအကွယ်ကို အခွင့်အရေးအဖြစ် အသုံးပြု၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးစီးပွားကို သိလျက်နှင့် တမင်အဖျက်အမှောင့်လုပ်ရပ်များဖြင့် နှောင့်ယှက်ဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ဟန့်တားရန် လိုအပ်ခြင်း၊ ဥပဒေကို တလွဲအသုံးချမည့်သူများကို ထိုက်သင့်သည့် အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် လိုအပ်ခြင်းတို့ကြောင့်  ဤပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်းခြင်းကို လေးလေးနက်နက် ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်” လို့ ဒေါ်နွယ်နွယ်အောင်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။

အဆိုကို လက်ခံဆွေးနွေးဖို့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်မှာ အဆုံးအဖြတ်ကို ရယူရာမှာ သဘောမတူသူမရှိတဲ့အတွက် ဒေါက်တာမြတ်ဉာဏစိုး တင်သွင်းတဲ့  ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ကြောင်းနဲ့ ဥပဒေကြမ်းကော်မတီကို လွှဲအပ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

အဆိုတင်ပြီး နောက်တစ်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ ပညာရှင်များနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။

ဒီငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် ဒေါ်ကျင်ငိုက်မန်က အစီရင်ခံစာကို ဖတ်ကြားတင်ပြရာမှာ ဖေဖော်ဝါရီ ၂၀ ရက်က ကြေညာခဲ့တဲ့ ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းပါ အပိုဒ် ၃ ပုဒ်မ ၄ ပုဒ်ခွဲ (ဃ)ပါ ‘ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည်ဆိုသည့် အစီအစဉ်’ စကားရပ်ကို ‘ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့် အစီအစဉ် အပြည့်အစုံ’ ဆိုတဲ့ စကားရပ်နဲ့ ပြောင်းလဲခဲ့ပါတယ်။

ဒါ့အပြင် ပြင်ဆင်ချက် ဥပဒေကြမ်း အပိုဒ် ၄ ပုဒ်မ ၁၈ ပါ ‘ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နဲ့ ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း’ စကားရပ်ကို  ‘ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးတို့ကို ပျက်ပြားစေရန်  ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း’ ဆိုတဲ့ စကားရပ်နဲ့ အစားထိုး ပြင်ဆင်သင့်ကြောင်း လေ့လာတွေ့ရှိတယ်လို့ ဆိုပါတယ်။

NLD အစိုးရလက်ထက် ဒုတိယအကြိမ် ပြင်ဆင်မယ့် ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းမှာ အချက်နှစ်ချက်က အားလုံးအတွက် ဝေဖန်စရာဖြစ်ခဲ့ပါတယ်။

ပထမအချက်ကတော့ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ အကြောင်းကြားတဲ့အခါမှာ ခန့်မှန်းကုန်ကျစရိတ်နဲ့ ငွေကြေးထောက်ပံ့တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ရှိရင် ဖော်ပြဖို့ဆိုတဲ့ အချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ NLD အစိုးရ အာဏာရလာတာ နှစ်နှစ်နီးပါးသက်တမ်းရှိပေမယ့် မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေထဲမှာ လယ်ယာမြေကိစ္စက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ တောင်သူလယ်သမားတွေအနေနဲ့ မိမိတို့ရဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံရမှုအပေါ် ထွန်တုံးတိုက်ပွဲဆင်နွှဲမှုတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တရားစွဲဆို ဖမ်းဆီးထောင်ချခံနေရတာတွေကလည်း NLD အစိုးရလက်ထက်မှာ ရှိနေတုန်းပါပဲ။

မတရား လယ်ယာမြေသိမ်းဆည်းခံရတာတွေကို အစိုးရတာဝန်ရှိသူတွေ သိအောင်လို့ မရှိတဲ့ကြားကနေ ပိုက်ဆံစုပြီး စုပေါင်းဆန္ဒပြပွဲတွေ လုပ်တဲ့အပေါ်မှာ ကုန်ကျစရိတ် တင်ရမယ်ဆိုတဲ့အချက်က လယ်သမားတွေကို ကြောက်သွားအောင် ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ လယ်သမားအရေးဆောင်ရွက်နေတဲ့  ပြည်ထောင်စုတိုင်းရင်းသားတောင်သူ လယ်သမားသမဂ္ဂမှ ဦးဇော်ရမ်းက ပြောပါတယ်။

“တစ်နိုင်ငံလုံးမှာ လယ်ယာမြေပြဿနာတွေ မဖြေရှင်းနိုင်ဘူး။ ဌာနဆိုင်ရာကနေ ဖိနှိပ်မှုတွေ ရှိလာတယ်ဆိုရင် ရွာတွေက စုပေါင်းပြီးတော့ ဆန္ဒပြကြတယ်။ ဆန္ဒပြဖို့အတွက် စုပေါင်းပြီးတော့ ပိုက်ဆံထည့်ရတယ်။ အဲဒါတွေကို လိုက်ပြီးတော့ ကုန်ကျစရိတ်တင်ရမယ်ဆိုရင် ဘယ်မှာလဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတဲ့အခွင့်အရေး။ ဘိုကလေးဘက်ဆိုလို့ရှိရင် ဘိုကလေးမြို့ကို ဆန္ဒပြဖို့အတွက် သင်္ဘောခတွေရှိတယ်။ ဒီနေရာမှာ လယ်သမားတွေက သူတို့အခွင့်အရေးအတွက် အခက်အခဲကြားက တိုင်းပြည်ကသိအောင် ဆန္ဒပြဆိုပြီး  ကိုယ်နိုင်သလောက် ပိုက်ဆံထည့်ပြီး လုပ်နေတဲ့သူတွေ ကြောက်သွားအောင်ဆိုပြီး ကန့်သတ်လိုက်တဲ့ ဘယ်လိုမှ မကောင်းနိုင်တဲ့ ပြင်ဆင်ချက်ပဲ” လို့ ဦးဇော်ရမ်းက ဆိုပါတယ်။

လယ်သမားတွေလိုပဲ NLD အစိုးရလက်ထက်မှာ မဖြေရှင်းနိုင်သးတဲ့ ပြဿနာကတော့ အလုပ်သမား၊ အလုပ်ရှင်ကိစ္စပဲ ဖြစ်ပါတယ်။ အလုပ်ရှင်ဘက်က လုပ်အားခ ခေါင်းပုံဖြတ်တာတွေ၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ မပေးတာတွေ စတဲ့ပြဿနာတွေကြောင့် NLD အစိုးရ လက်ထက်မှာလည်း အလုပ်သမားတွေ လမ်းပေါ်ကို ဆန္ဒပြဖို့ထွက်နေရဆဲ ဖြစ်ပါတယ်။

အရင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တုန်းက ဥပဒေအရ အလုပ်သမားတွေရဲ့ အခြေခံ တစ်ရက်လုပ်ခလစာကို ကျပ် ၃၆၀၀ သတ်မှတ်ပေးခဲ့ပေမယ့် လက်ရှိအချိန်အထိ အပြည့်အဝမပေးချေသေးတဲ့ စက်ရုံတွေ ရှိနေပါသေးတယ်။

ဒီလို စက်ရုံတွေဘက်ကနေ ဥပဒေပိုင်းအရ ချိုးဖောက်မှုတွေ ရှိနေတဲ့အပေါ်မှာ အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခြင်း မရှိသေးဘဲ ဆန္ဒဖော်ထုတ်ခွင့်ကို ထိန်းချုပ်ဖို့ ကြိုးစားလာတာက မဖြစ်သင့်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ အလုပ်သမားကိုယ်စားလှယ် ကိုရဲဝင်းထွန်း က ဆိုပါတယ်။

“အလုပ်သမားဘက်ခြမ်းဆိုရင် ဥပဒေမှာ အနိမ့်ဆုံး အခြေခံစံနှုန်းတွေအရ အနည်းဆုံးလုပ်ခလစာ တစ်ရက် ၃၆၀၀ ကို ၂၀၁၅ ကတည်းက သတ်မှတ်တယ်။ အခု နောက်တစ်ကြိမ် နှုန်းထားသစ်တစ်ရပ် ထုတ်ပြန်တော့မယ့် အချိန်အထိ အရင် ၃၆၀၀ ကို အပြည့်အ၀ မပေးချေသေးတဲ့ စက်ရုံတွေ၊ ဥပဒေကို ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေ ဥပဒေစိုးမိုးမှုအပိုင်း အင်မတန်မှ အားနည်းနေသေးတဲ့ အခြေအနေတွေကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လုံ့လမစိုက်ဘဲနဲ့ ဒီမိုကရေစီအရ အခြေခံလူတန်းစားတွေရရှိထားတဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပိုင်ခွင့်ကို အခုလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်လာတာကတော့ ပြည်သူ့အစိုးရ အနေနဲ့ မဖြစ်သင့်ဘူး” လို့ ကိုရဲဝင်းထွန်းက ဆိုပါတယ်။

ဒီငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းမှာ ပါဝင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ အကြောင်းကြားတဲ့အခါမှာ ခန့်မှန်းကုန်ကျ စရိတ်နဲ့ ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်း၊  လူပုဂ္ဂိုလ်ရှိရင် ဖော်ပြဖို့ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ အရင်အစိုးရအဖွဲ့မှ ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖေဖော်ဝါရီ ၂၀ ရက်က ရေးသားထားတဲ့ ‘ငြိမ်းစုစီလား၊ ငြိမ်ပိစေလား’ စာစုထဲမှာ NLD အစိုးရကို မေးခွန်းနှစ်ခု မေးမြန်းထားပါတယ်။

ဦးရဲထွဋ် မေးမြန်းထားတဲ့ မေးခွန်း နှစ်ခုကတော့

၁။ ဒီပြဋ္ဌာန်းချက်မျိုးကို ၂၀၁၁/ ၂၀၁၂ ခုနှစ်များမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ရင် လက်ရှိအစိုးရ ဖြစ်နေတဲ့ အင်န်အယ်လ်ဒီပါတီအနေနဲ့ ဘယ်လိုသဘောထားမလဲ။

၂။ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်ဟာ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားများရဲ့ အခွင့်အရေးဖြစ်တဲ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းက ပေးအပ်ထားတဲ့ အခြေခံ လူ့အခွင့်အရေးလည်း ဖြစ်ပါတယ်။ အဲဒီအခွင့်အရေးကို ကျင့်သုံးနုင်အောင် တပ်မတော်အစိုးရ လက်ထက်ထဲက အင်န်အယ်လ်ဒီပါတီအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံတကာ  အဖွဲ့အစည်းများက ကြိုးစားခဲ့ကြ၊ ဝန်းရံခဲ့ကြ၊ ကူညီခဲ့ကြတာဖြစ်ပါတယ်။ ကိုယ်အစိုးရဖြစ်မှ  အဲဒီအခွင့်အရေး ကျင့်သုံးနိုင်အောင်ကူညီသူတွေ၊ ကျင့်သုံးသူတွေကို အကြမ်းဖက်မှုအတွက် ငွေကြေး၊ လူအင်အားကူညီသူတွေလို သဘောထားပြီး ဖော်ထုတ်ဖို့ လိုအပ်ပါသလားဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်  ဝေဖန်သလိုမျိုး အရင်ကတည်းက NLD နဲ့ တစ်သားတည်း ရပ်တည်လာခဲ့တဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဥပဒေပညာရှင်တွေကြားမှာလည်း ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေက မြင့်တက်လာခဲ့ပါတယ်။

ငြိမ်းစုစီဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ကိစ္စက လူ့အခွင့်အရေးချိုးဖောက်တာဖြစ်ပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးကို တားဆီးပိတ်ပင်တာဖြစ်တယ်လို့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) မှ အဖွဲ့ခေါင်းဆောင် ဦးထင်ကျော်က ဝေဖန်ပါတယ်။

“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေကို တတိယ အကြိမ်မြောက်ပြင်ဆင်ချက်က လူ့အခွင့်အရေးချိုးဖောက်တာ၊ ဒီမိုကရေစီကျင့်စဉ်တွေကို ဖောက်ဖျက်တာ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေကို ကန့်ကွက်ချုပ်ချယ်တာ၊ ပြည်သူတွေရဲ့ နစ်နာနေတဲ့ အချက်တွေကို ဖော်ထုတ်ရာမှာ မလိုလားအပ်တဲ့ ထိန်းချုပ်မှုတွေနဲ့  လုပ်တယ်လို့ ပြတ်ပြတ်သားသား ဝေဖန်ချင်တယ်”လို့ ဦးထင်ကျော်က ပြောပါတယ်။

လက်ရှိအချိန်မှာ အစိုးရသက်တမ်း ထက်ဝက်နီးပါးကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြမှုကို မပြုလုပ်ပါက စစ်အာဏာရှင်ကနေ အရပ်သားအာဏာရှင်ဘက်ကို ဦးတည်သွားလိမ့်မယ်လို့ သူကဆက်ပြောပါတယ်။

ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက်မှာပါရှိတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက ယေဘုယျဆန်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့ ဒီမိုကရေစီ အခြေခံသဘောတရားကို ဆန့်ကျင်ရာ ရောက်တယ်လို့ ပြောကြားလာသူက ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ် ဖြစ်ပါတယ်။

“လက်ရှိ ငြိမ်းစုစီဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်တင်တဲ့ ပြင်ဆင်ချက်ထဲမှာ ကျွန်တော်တို့ လုံးဝလက်မခံနိုင်တာက နိုင်ငံတော်အေးချမ်းသာယာရေးကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက် နောက်ပြီးတော့ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်အောင် စည်းရုံးလှုံ့ဆော်တဲ့ အဲဒီလိုမျိုးကို ထောင်သုံးနှစ် တန်းချလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဒီဥပဒေပြင်ဆင်ချက်က အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက ယေဘုယျသဘောဆန်တယ်။ နောက်တစ်ခုက ဒီဆန္ဒပြပွဲတွေကို ဦးဆောင်ဖို့အတွက် ဦးဆောင်တဲ့သူတွေ၊ လူထုကို ထောက်ပံ့တဲ့သူတွေ အဲဒီတက်ကြွလှုပ်ရှားသူတွေကို စပြီးတော့ လှုံ့ဆော်တာနဲ့ပဲ ထောင်သုံးနှစ် တန်းချလို့ရတဲ့ သဘောမျိုးတွေ့ရတာ ဖြစ်တဲ့အတွက် ဒါက နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ရော ဒီမိုကရေစီရဲ့ အခြေခံသဘောတရားကိုရော ဆန့်ကျင်တယ်။ နောက်ပြီးတော့ တချို့အကြောင်းအရာဆိုရင်လည်း ငြိမ်းစုစီဥပဒေရဲ့ မူလပြဋ္ဌာန်းချက်ဖြစ်တဲ့ ဦးတည်ချက်တွေနဲ့လည်း သွေဖည်နေတာ တွေ့ရတယ်” လို့ ကိုမင်းသွေးသစ်က ဆိုပါတယ်။

နောက်ထပ်ဝေဖန်ဖြစ်တဲ့ ငြိမ်းစုစီဥပဒေ ပြင်ဆင်မယ့် ဒုတိယအချက်ကတော့ မူလဥပဒေအခန်း ၇ ပြစ်မှုနှင့် ပြစ်ဒဏ်များ ခေါင်းစဉ်အောက်မှာ ပုဒ်မ ၁၈ အဖြစ် ဓမည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် ငွေ သိုမဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုကိုသော်လည်းကောင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကိုပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဓဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းထဲက ပုဒ်မ ၁၈ နဲ့ ပတ်သက်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး တြက်ွကလှုပ်ရှားသူတွေကြားမှာ ဝေဖန်မှုတွေက တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။

ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းကတော့ ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၂ ရက် Orchid ဟိုတယ်မှာ မီဒီယာတွေကို တွေ့ဆုံပြောကြားခဲ့ပါတယ်။

ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းမှာ ပါဝင်တဲ့ ပုဒ်မ ၁၈ ဖြည့်စွက်ချက်က လက်ရှိသွားနေတဲ့ နိုင်ငံရေးစနစ်နဲ့ ဆန့်ကျင်နေတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သေသေချာချာစဉ်းစားစေချင်တယ်လို့ ဒေါက်တာညိုညိုသင်းက ပြောကြားပါတယ်။

‘အခု အန်တီတို့ သွားနေတဲ့ နိုင်ငံရေး စနစ်နဲ့အခု ဥပဒေမူကြမ်းမှာပါတဲ့ ပုဒ်မ ၁၈ ဖြည့်စွက်ချက်ဟာ ဆိုလို့ရှိရင် တော်တော်လေးကို ဆန့်ကျင်နေတယ်။ ဒါကြောင့်မို့လို့ အန်တီတို့က တောင်းဆိုပါတယ်။ အခုဆို အမျိုးသားလွှတ်တော်မှာ စပြီတော့ ဆွေးနွေးပြီလို့ ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့  အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့  ပြန်ပြီးတော့ သေသေချာချာ စဉ်းစားစေချင်တယ်။ ဥပဒေကိုလည်း သေသေချာချာ ဖတ်စေချင်တယ်။ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ အင်မတန်ကို ဒီမိုကရေစီကို အန္တရာယ်ပြုတဲ့ ပုဒ်မဖြစ်တယ်လို့ အန်တီကတော့ သုံးသပ်တယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီလွှတ်တော်ကြီးက ၂၀၀၈ ဖွဲ့စည်းပုံပါ ပြည်သူဒုက္ခရောက်မယ့် စကားလုံးတွေကို ယူသုံးပြီး ဥပဒေအဖြစ်အသက်သွင်းကာ လူထုကို ဖိနှိပ်တာမျိုး မဖြစ်စေချင်ဘူးလို့ သူကဆက်ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု  (NDF) ပါတီကလည်း ဖေဖော်ဝါရီ ၂၃ ရက် က ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းနဲ့ ပတ်သက်လို့ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

NDF ပါတီရဲ့ သဘောထားထုတ်ပြန်ချက်ထဲမှာ ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက်ပါ ဥပဒေပြဋ္ဌာန်းချက်များက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများအရ ပြည်သူတွေ ရပိုင်ခွင့်များကို ပိုမိုတင်းကျပ်စေပြီး ပိုမိုရှုပ်ထွေးစေတဲ့အပြင် အာဏာပိုင်တွေအနေနဲ့ လိုသလို ဆွဲယူနိုင်တဲ့ သားရေကွင်းစကားလုံးတွေ အစားထိုးလိုက်တာကို လေ့လာတွေ့ရှိရတယ်လို့ ပါရှိပါတယ်။

ဆန္ဒပြပွဲတွေမှာ မမှန်မကန်နည်းလမ်းကို အသုံးပြုလာပါက အရေးယူနိုင်တဲ့ တခြားဥပဒေတွေရှိပြီး ငြိမ်းစုစီဥပဒေမှာ ရောသမမွှေသလိုမျိုး လုပ်တာဟာ မဖြစ်သင့်ဘူးလို့ တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က ဆိုပါတယ်။

“ပြင်ဆင်မယ့် ငြိမ်းစုစီဥပဒေကြမ်းမှာ ပြစ်ဒဏ်တွေကို တိုးမြှင့်တဲ့ကိစ္စရယ် နောက်တစ်ခုက အစစအရာရာ သူတို့ကို တင်ပြရ မယ်ဆိုတာမျိုးပေါ့။ အဲဒီဟာတွေကတော့ မဟုတ်ဘူးထင်တယ်။ အဲဒါတွေကတော့ လွဲနေတယ်။ ဆန္ဒပြပွဲတွေမှာ တခြားမမှန်မကန် အသုံးပြုမယ်ဆို အရေးယူနိုင်တဲ့ တခြားဥပဒေတွေလည်း ရှိတယ်။ အဲဒီပြဋ္ဌာန်း ဥပဒေတွေနဲ့ အရေးယူပေါ့။ ငြိမ်းစုစီဥပဒေနဲ့ ရောသမမွှေပြီးတော့ လုပ်ပစ်တာမျိုးကတော့ မဖြစ်သင့်ဘူး။ ပြီးရင် ကိုယ်အတိုက်အခံ ဘဝတုန်းကတော့ တစ်မျိုး၊ ကိုယ်အာဏာရ လာတဲ့အခါကျတော့ တစ်မျိုး အဲဒီလို မလုပ်ရဘူး။ ကိုယ်အတိုက်အခံဘ၀ ပြန်မရောက်ဘူးလို့ ပြောနိုင်လား။ အာဏာမရခင် တစ်မျိုး၊ ရပြီးတစ်မျိုးဆိုတဲ့ မူဝါဒတွေ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ချတဲ့ဟာတွေကလည်း မမှန်ကန်ဘူးလို့ထင်တယ်။ ဒါ နောက်ကြောင်းပြန်လှည့်တာပဲလို့ ကျွန်တော်ကတော့ ယူဆတယ်” လို့ ဦးကြီးမြင့်က ပြောပါတယ်။

ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းကို နောက်ကွယ်ကနေ ငွေပေးပြီး ဆန္ဒပြခိုင်းသူတွေနဲ့ အတုအယောင်ဆန္ဒပြပွဲတွေကို အရးယူနိုင်ဖို့ ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒီလို လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက အတုအယောင်ဆန္ဒပြသူတွေ၊ ငွေပေးခိုင်းစေသူတွေကို အရေးယူနိုင်ဖို့ ရည်ရွယ်တယ်ဆိုပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၈ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ခေါင်းစဉ်အောက်က ပုဒ်မ ၃၅၄ ပုဒ်မ ခွဲ (ခ) မှာပါတဲ့ ‘လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်’ ဆိုတဲ့ အချက်ကို ပိတ်ပင်ကန့်သတ်သလို ဖြစ်သွားတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိလာပါတယ်။

“ငြိမ်းစုစီ ဥပေဒက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ နိုင်ငံသားအခွင့် အရေးမှာ ထိန်းကျောင်းရမယ့်ဟာ ဆင်ခြင်ရမယ့်ဟာ ပါပြီးသား။ ပြည်သူရဲ့ ဘဝလုံခြုံရေးနဲ့  ရပ်ရွာအေးချမ်းသာယာရေးစတဲ့ ဒါတွေကို မထိခိုက်ဘူးဆိုရင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်ရှိတယ်ဆိုတော့ သူက ထိန်းချုပ်ထားတာပါပြီးသား။ အဲဒီလို ထိန်းပြီးသားကို အခုဥစ္စာက ဆန္ဒပြပွဲကို စပွန်ဆာပေးတဲ့သူကိုလည်း ဖော်ထုတ်ရမယ့် သဘော၊ ငွေရေးကြေးရေးကလည်း ဘယ်လောက်ကုန်လဲဆိုတဲ့ သဘောမျိုးလုပ်ရမယ်။ အဲဒါကျတော့ ဖွဲ့စည်းပုံဥပဒေ အခန်း ၈ မှာပါတဲ့ နိုင်ငံသားအခွင့်အရေးထဲက လွတ်လပ်စွာ စုဝေးဆန္ဒပြခွင့်ရှိတယ်ဆိုတဲ့ဟာကို အခု ဥပဒေကြမ်းထဲက ပုဒ်မ ၁၈ က သွားထိခိုက်နေတယ်။ ဒီဥပဒေကို ပြင်ပေမယ့် ၂၀၀၈ ထဲက ပုဒ်မကို သွားရိုက်ချိုးသလို ဖြစ်နေတယ်။  အဲဒီတော့ ဒါကို ကျွန်တော်တို့က လုံးဝကို ကန့်ကွက်တယ်။ သဘောမတူဘူး။ ဆန့်ကျင်သွားမယ်” လို့ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂမှ ဦးဇော်ရမ်းက ဆိုပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီကို အနှောင့်အယှက်ပေးလိုသူတွေက ငွေကြေးတွေကို သုံးစွဲပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်နေတဲ့အတွက် ဥပဒေပြဋ္ဌာန်းပြီး တားတာက ဒီမိုကရေစီကို မထိခိုက်နိုင်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

“အဲဒီဥပဒေကြမ်းမှာ ပြင်ဆင်တဲ့ကိစ္စတွေမှာ ငွေကြေးကိစ္စကို အဓိကထားပြီး ဆောင်ရွက်လာတယ်။ ဘာကြောင့် အဲဒီလို လုပ်ရလဲဆိုတော့ ဒီမိုကရေစီကို အနှောင့်အယှက်ပေးလိုတဲ့ သူတွေက စုပေါင်းပြီးတော့ သူတို့ တရားမဝင်ရရှိထားတဲ့ ငွေကြေးတွေကို သုံးစွဲပြီး တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် လုပ်နေတယ်။ အဲဒါတွေက တော်တော် လွန်လာပြီ။ တချို့အပိုင်းတွေမှာ လူမျိုးရေးဘာသာရေး အမုန်းတရားတွေကို တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးတော့ရော နည်းလမ်းပေါင်းစုံနဲ့ လုပ်နေတယ်။ လုပ်နေတဲ့အခါကျတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက်ဖြစ်တာပေါ့။ အဲဒါတွေကြောင့် နေရာတကာမှာ လွတ်လပ်ခွင့်ကို အကြောင်းပြုပြီးတော့ စည်းမဲ့ကမ်းမဲ့ လုပ်တာတွေကိုတော့ ခွင့်ပြုလို့မရဘူး။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် စည်းဖောက်တာတွေကို အရေးမယူခင်မှာ လောလောဆယ်တားတာ။ အဲဒီလို တားတာက ဒီမိုကရေစီကို မထိခိုက်ဘူး။ ပိုပြီးတော့ ဒီမိုကရေစီ ပီပြင်လာနိုင်အောင် လုပ်ရတာပဲ” လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေနဲ့ ပတ်သက်လို့ ကန့်သတ် ပိတ်ပင်မှုတွေ ရှိလာပြီလားဆိုတဲ့ မေးခွန်းတွေကလည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေက ပြန်လည်ဆန်းစစ်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်က ပြည်သူတွေကြားမှာ လွတ်လပ်စွာပြောဆိုရေးသားခွင့်နဲ့ ပတ်သက်လို့ အငြင်းပွားစရာဖြစ်နေတဲ့ ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ (မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ ပတ်သက်လို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေ အလွှာအသီးသီးက ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် လွှတ်တော်နှစ်ရပ်စလုံး ပြင်ဆင်မှုကိုသာ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

အဲဒီအချိန်တုန်းကလည်း NLD အစိုးရအပေါ်မှာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်လို့ အားလုံးက ဝေဖန်ခဲ့ကြသလို ပြည်သူ့အသံ လွှတ်တော်အသံကလည်း ဆိုင်းဘုတ်ထဲမှာသာ ရှိတယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒီမိုကရေဒီရဲ့ အသက်သွေးကြောဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့်နဲ့ ပတ်သက်လို့ နောက်ထပ် ပိတ်ပင်လိုက်တဲ့ ကြေညာချက်တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်ထဲမှာ ရန်ကုန်တိုင်း အတွင်းက မြို့နယ် ၁၁ မြို့နယ်မှာ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် (ဆန္ဒပြ) ခြင်းတွေကို ပြုလုပ်ဖို့ တင်ပြလာပါက ခွင့်မပြုဖို့ဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့တွေဆီ အကြောင်းကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကြားစာမှာ နယ်/လုံဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စာ လက်မှတ်ရေးထိုးထားပါတယ်။

ခွင့်မပြုဖို့ သတ်မှတ်ထားတဲ့ မြို့နယ်တွေကတော့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွန့်နဲ့ ပုဇွန်တောင်မြို့နယ်တွေဖြစ်ပြီး ခွင့်ပြုချက်တောင်းခံလာပါက ခွင့်ပြုချက်မပေးဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အဲဒီ မြို့နယ် ၁၁ မြို့နယ်မှာ  ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် (ဆန္ဒပြ) ခြင်းတွေ တင်ပြလာပါက အများပြည်သူ ခရီးသွားလာမှု အနှောင့်အယှက်ဖြစ်စေခြင်း၊ စိတ်ငြိုငြင်ခြင်း၊ အန္တရာယ်ရှိစေခြင်း၊ စိုးရိမ်ထိတ်လန့်စေခြင်းများ ဖြစ်ပေါ်စေနိုင်တာကြောင့် ခွင့်မပြုဖို့နဲ့ ပြုလုပ်ဖို့နေရာကို တာမွေမြို့နယ်က ဟစ်တိုင်ကွင်းသို့ ပြောင်းလဲလျှောက်ထားဖို့ နယ်လုံဝန်ကြီးရဲ့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

ဒီထုတ်ပြန်စာနဲ့ ပတ်သက်လို့ ပြည်သူတွေနဲ့ လှုပ်ရှားတက်ကြွသူတွေကြားမှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

“ဒီမိုကရေစီခေတ်မှာ စပြီးတော့ ချိုးဖောက်တာက ၁၁ မြို့နယ် ဆန္ဒပြခွင့်ကို ပိတ်ပင်လိုက်တဲ့ ကိစ္စပဲ။ ဒါကိုလည်း ထိထိရောက်ရောက်နဲ့ သမာသမတ်ကျကျ အဂတိကင်းကင်းနဲ့ လုပ်ကိုင်သလားဆိုတော့ လုပ်ကိုင်တာ မတွေ့ရဘူး။ ဥပမာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မိုင်လာကွင်းမှာ လုပ်သွားတဲ့ လူထုဟော ပြောပွဲ။ ဒါတစ်ဖက်က ဦးလှဆွေတို့ ဒေါ်ခင်ဝိုင်းကြည်တို့ လုပ်သွားတဲ့ကိစ္စ အဲဒီမှာလည်း အုတ်သော်သောင်းနင်းနဲ့ ပြည်သူလူထုအတွက် အကျိုးမရှိဘဲနဲ့ ရန်စကားတွေ ပြောသွားတယ်။ ပုဂ္ဂိုရေး ပုတ်ခတ်မှုတွေကို ဘာမှကျိုးကြောင်း ခိုင်လုံမှု မရှိဘဲနဲ့ ပြောသွားတယ်။ ဒါတွေကျတော့လည်း အရေးယူဆောင်ရွက်မှု မရှိဘူး။ ဘယ်သူမှ ထိန်းကျောင်းမှု မရှိဘူး။ ကျွန်တော်တို့ အရပ်ဘက်အတွေးကတော့ ဒီလိုပွဲမျိုး နောက်တစ်ကြိမ်ထပ်ပြီး လုပ်မှာစိုးလို့  ဒီလူတွေကို ထိန်းချုပ်ချင်လို့ ငြိမ်းစုစီ ဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းတယ်လို့ ယူဆတယ်” လို့  ဒီမိုကရေစီးရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့ မှ ဦးထင်ကျော်က ဆိုပါတယ်။

ဒီလို ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကြောင့်လည်း NLD အစိုးရ လက်ထက်မှာ ဗဟိုချုပ်ကိုင်မှုများလာပြီး နောက်ကြောင်းပြန်တဲ့ အခြေအနေတွေကို တွေ့နေရတယ်လို့ ဝေဖန်သုံးသပ်မှုတွေကလည်း ရှိလာပါတယ်။

“အခုနောက်ပိုင်း ဖြစ်စဉ်ပုံစံတွေနဲ့ နိုင်ငံရေး အခြေအနေတွေ အနေအထားက ပွင့်ပွင့်လင်းလင်း ဝေဖန်ရလို့ရှိရင်တော့ ဗဟိုချုပ်ကိုင်မှုကို ပြန်သွားနေတယ်လို့ မြင်တယ်။ အရင်စစ်အစိုးရလက်ထက်တုန်းက ဗဟိုဦးစီး ချုပ်ကိုင်တဲ့ ပုံစံနောက် မဆလ၊ နဝတ လက်ထက် အဲဒီတုန်းက လူထုရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ချင်တဲ့အခါမှာ လူထုရဲ့ နိုင်ငံရေး ရေချိန်ကို ပိတ်ပင်တားဆီးချင်တဲ့ အခါမှာ ကျင့်သုံးတဲ့ ပုံစံအတိုင်း အခုကျွန်တော်တို့ ပြန်ပြီး ခံစားနေရတယ်။ အဲဒါက တကယ်တမ်းကျတော့ မဖြစ်သင့်ပါဘူး။ မဖြစ်သင့်ပါဘူး ဆိုတာထက် ဒီဟာကို လုံးဝမလုပ်သင့်ဘူးလို့ပဲ မြင်ပါတယ်။ ဒါကို ပိတ်ပင်ဖို့ မလိုသလို မဖြစ်သင့်ဘူးလို့လည်း မြင်ပါတယ်။ တကယ်တမ်းကျတော့ ဗဟိုဦးစီးချုပ်ကိုင်မှုကို ပြန်သွားနေတာမျိုး တွေ့ရတယ်’ လို့ ဗကသများ အဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်က ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ဒီမိုကရေစီကိုသွားနေတဲ့ လမ်းကြောင်းအပေါ်မှာ ဟုတ် မဟုတ်ဆိုတာကို ကြည့်ပြီးတော့ ဆက်လုပ်မယ်ဆိုလို့ရှိရင် အရှင်းကြီးပဲ။ ဦးသိန်းစိန်အစိုးရလောက်တောင် တိုးတက်မှု မရှိတော့ဘူး။ တချို့ဟာတွေက နောက်တောင်ပြန်ဆုတ်နေပြီဆိုတာ မြင်သာနေတယ်။ အာဏာရနေတဲ့သူတွေကို ဥပဒေစကားပြောရတာ အတော်ပင်ပန်းခက်ခဲတယ်။ အခုလည်းပဲ NLD အစိုးရက အပါအဝင် ဖြစ်သွားပြီ” လို့ ပြောပါတယ်။

လက်ရှိ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်မှာ တင်သွင်းထားတဲ့ ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းသာ အတည်ပြုခဲ့ရင် ထိခိုက်နစ်နာမယ့်သူတွေက အလွှာပေါင်းစုံက အခြေခံပြည်သူ ဆင်းရဲသားနင်းပြားတွေနဲ့ သူတို့အခွင့်အရေးတွေကို လိုက်လံဆောင်ရွက်ပေးနေတဲ့ တက်ကြါလှုပ်ရှားသူတွေသာ ဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောဆိုပါတယ်။

“ဘယ်သူတွေ ထိမလဲဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒဖော်ထုတ်ခွင့်တွေ အားလုံး မှေးမှိန်ပျောက်ကွယ် သွားမယ်။ ဘယ်လို ပျောက်ကွယ်မလဲဆိုတော့ ဆင်းရဲသားပြည်သူတွေက ဆန္ဒပြဖို့ လူ ၅၀၀ စာ လူ ၃၀၀ စာငွေကြေးလိုတယ်။ ထောက်ပံ့မှု မပေးဘူးဆိုရင် ဆန္ဒပြမှုတွေ လျော့သွားမယ်။ လျော့သွားရင် လူထုတွေရဲ့ ဘဝအခြေအနေတွေကို တင်ပြခွင့်မရှိတော့ဘူး။ အရင်က ဆန္ဒပြပွဲ ၁၀၀ လောက်ရှိရင် နောက်ပိုင်းမှာ ၁၀ ခါလောက်ပဲ ရှိတော့မယ်။ အခါ ၉၀ လောက်က လျော့သွားမယ်။ အဲဒီကျရင် လူထုကြားထဲက အဖြစ်မှန်တွေကို ဘယ်သူက ဖော်ထုတ်မလဲ။ မဖော်ထုတ်ဘူးဆိုရင် အစိုးရက အမှားကြီးအတိုင်း သွားမယ်။ အဲဒီတော့ အစိုးရလည်း နာမှာပဲ။ ပြည်သူလည်း နာမှာပဲ။ ဒီမိုကရေစီလည်း နောက်ဆုတ်သွားမှာပဲ” လို့ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂမှ ဦးဇော်ရမ်းက ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်က ဥပဒေပြုပြဋ္ဌာန်းလိုက်ပေမဲ့ တကယ်လက်တွေ့ ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က ဖြစ်နေပါတယ်။

 

“ဥပဒေရေးဆွဲတာကတော့ ကော်မတီထဲမှာ NLD လွှတ်တော်အမတ်တွေ အများဆုံးဖြစ်နေတဲ့အတွက် သူတို့ ရေးဆွဲတာပေါ့။ ဒါပေမဲ့  ဒီဥပဒေကို လည်ပတ်ရမယ့် ယန္တရားက ပြည်ထဲရေး လက်အောက်ခံဖြစ်နေတာရယ်၊ နောက်တစ်ခုက ရဲတပ်ဖွဲ့ရဲ့ သဘောထားတွေက  ကာဗာပေးတာတွေ၊ မပေးတာတွေ ရှိနေသေးတယ်။ အဲဒီဟာတွေက နောက်ဆုံး NLD လွှတ်တော်အမတ်တွေနဲ့ အတူတူ လက်တွဲလုပ်ခဲ့ကြတဲ့ အရင်တုန်းက ရဲဘော်ရဲဘက်တွေ၊ တက်ကြွလှုပ်ရှားတဲ့ သူတွေကိုပဲသွားပြီး ထိခိုက်လိမ့်မယ်။ တကယ်သူတို့ ထိခိုက်စေချင်တဲ့သူတွေက ထိခိုက်မှာ မဟုတ်ဘူး။ တကယ်လို့ ဒီဥပဒေသာ အတည်ဖြစ်သွားရင် အဲဒီ ၅၀၀၀ တန်တွေက လုပ်ကြတော့မှာ မဟုတ်ဘူး။ သူတို့က ကြောက်တယ်။ ဒါပေမဲ့ ဒီဘက်က တက်ကြွလှုပ်ရှားသူတွေက အဲဒီလို စိတ်ဘယ်တော့မှ မရှိဘူး။ လုပ်စရာရှိရင် ပြစရာရှိရင် ပြကိုပြရမှာပဲ”လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (အသံ) ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတုန်းက မိုင်ဒါကွင်းမှာ ပြုလုပ်ခဲ့တဲ့ ‘မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ်သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲ’ နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးမှာ ဆန္ဒပြခွင့် ပိတ်ပင်ထားတဲ့ မြို့နယ် ၁၁ မြို့နယ်ထဲမှာ မိုင်ဒါကွင်းက ပါဝင်နေပေမဲ့ ဆန္ဒပြသူတွေကိုတော့ ဒီနေ့ဒီအချိန် အထိအရေးယူမှု တစ်စုံတစ်ရာမရှိသေးတဲ့အပေါ် ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။

ဒီလို ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိနေတဲ့အတွက် တကယ်လို့ ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းသာ အတည်ဖြစ်ခဲ့မယ်ဆိုပါက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အခြေခံ ပြည်သူ နင်ပြားတွေအတွက်သာ ဒီဥပဒေကို အသုံးပြုလာမယ့်အပေါ် စိုးရိမ်မှုတွေကလည်း ရှိနေပါတယ်။

ဒါကြောင့် ငြိမ်းစုစီဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းထဲမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချထိုက်တဲ့ ပြစ်ဒဏ်မျိုးကို ထည့်သွင်းပြဋ္ဌာန်းသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

လက်ရှိအချိန်မှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကတော့ ဒီဥပဒေကြမ်း ပြင်ဆင်ချက်ကို ဆွေးနွေးလိုတဲ့အမတ်တွေ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပြီး အမည်စာရင်တင်သွင်းဖို့ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပတဲ့ အစည်းအဝေးမှာ အသိပေးထားပါတယ်။

ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုပြီးရင် ပြည်သူ့လွှတ်တော်ထံပေးပို့၊ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲမှုတွေရှိရင် ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ် ခံယူတဲ့အဆင့်တွေ ဆက်လက်ဆောင်ရွက်ဖို့ ရှိနေပါတယ်။ တကယ်လို့သာ လွှတ်တော်နှစ်ရပ်က သဘောထားကွဲလွဲမှု မရှိခဲ့ဘူးဆိုရင်တော့ ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းပေးမှာ ဖြစ်ပါတယ်။ ဒါကြာင့် ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းမှာပါတဲ့ အချက်တွေကို ဆွေးနွေးမယ့် လွှတ်တော်နှစ်ရပ်က ကိုယ်စား လှယ်တွေအနေနဲ့ ဒီမိုကရေစီအခြေခံအခွင့် အရေးဖြစ်တဲ့ နိုင်ငံသားတွေရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို မထိခိုက်စေတဲ့ ဥပဒေမျိုးကိုသာ ပြဋ္ဌာန်းနိုင်ဖို့ အရေးကြီးနေပြီ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်က “ဥပဒေဆိုတာက ဘယ်ဥပဒေမှ စင်းလုံးချော မရှိပါဘူး။ ကမ္ဘာမပျက်သရွေ့ တည်နေမယ့် ဥပဒေကလည်း ဘယ်နိုင်ငံမှာမှ မရှိဘူး။ ဥပဒေတစ်ခုရဲ့ တောင်းဆိုချက်သည် လူထုအကျိုးစီးပွားကို ကာကွယ်ပြီးတော့ လူထုရဲ့ အကျိုးကို လိုလားတဲ့ ဦးတည်ချက်နဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ မဟုတ်ဘူးဆိုရင်တော့ ခေတ်စနစ်နဲ့ လျော်ညီအောင်ဖြစ်စေ၊ လူထုဆန္ဒနဲ့ ဖြစ်စေ အမြဲတမ်းပြင်ဆင်ဖို့ ကြိုးစားရမှာ ဒါလွှတ်တော်ရဲ့ တာဝန်ပဲ။ တကယ်လို့ ပြင်ဆင်ဖို့ ကြိုးစားတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့က လူထုမျက်နှာကို ကြည့်ပြီးတော့ ဒီဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားမလား။ ဒါမှမဟုတ် ဒီဥပဒေကို အတည်ပြုဖို့အတွက် ကြိုးစားမလား။ ဒါမှမဟုတ် တခြားတစ်ဖက်က အာဏာရပါတီ အစိုးရမျက်နှာကို ကြည့်မလားဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်ရတော့မယ်လို့ မြင်ပါတယ်” လို့ ဆိုပါတယ်။

Most Read

Most Recent