ဥရောပ၌ ခြေကုပ်ယူလာသော တောင်ကိုရီးယား အလှကုန်ပစ္စည်းများ

ဥရောပ၌ ခြေကုပ်ယူလာသော တောင်ကိုရီးယား အလှကုန်ပစ္စည်းများ
Published 26 February 2018

ဖေဖော်ဝါရီ ၂၁ ရက်က ပါရီမြို့ရှိ Galeries Lafayette ဒီပက်မင့်စတိုး၌ တောင်ကိုရီးယားအမှတ်တံဆိပ် Sulwhasoo အလှကုန်ပစ္စည်းများကို ခင်းကျင်းပြသထားစဉ် (Photo- AFP)

ပြည်တွင်းနှင့် အာရှတစ်လွှားတွင် အကြီးအကျယ် အောင်မြင်မှုရရှိလာသည့် တောင်ကိုရီးယား အလှကုန်ပစ္စည်းများသည် ယခုအခါ ဥရောပ အလှကုန်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ရန် အာရုံစိုက်လာပြီ ဖြစ်သည်။

ဥရောပမှ သုံးစွဲသူများကို ဆွဲဆောင်ရေးအတွက် ခြေကုပ်ယူသည့်အနေဖြင့် ဇိမ်ခံကုန်ပစ္စည်းများနှင့်ပတ်သက်၍ အင်အားကြီးနိုင်ငံဖြစ်သော ပြင်သစ်နိုင်ငံကို ရွေးချယ်လျက် တောင်ကိုရီးယား၏ ဦးဆောင်အလှ ကုန်ပစ္စည်းကုမ္ပဏီဖြစ်သော Amore Pacific သည် သူ၏ထိပ်တန်းအမှတ်တံဆိပ်ဖြစ်သော Sulwhasoo ကို လွန်ခဲ့သည့်လအနည်းငယ်က ထိပ်တန်းဈေးကြီးဖြစ်သော Galeries Lafayette  ဒီပက်မင့်စတိုးကြီးတွင် စတင်ဖွင့်လှစ်လိုက်သည်။

Amore အတွက် ဗြိတိန်သည် လာမည့်နှစ်အတွက် ရည်မှန်းချက်အဖြစ် စီစဉ်ထားပြီး ကုမ္ပဏီသည် သူ၏အခြားအမှတ်တံဆိပ်ဖြစ်သော Laneige ကိုလည်း ပွဲထုတ်ရန်စီစဉ်ထားသည်။

ကိုရီးယားကုမ္ပဏီသည် ဆန်းသစ်မွမ်းမံမှုအတွက် ကျော်ကြားမှု ခိုင်ခိုင်မာမာရရှိထားပြီး အထူးသဖြင့် လက်ဖက်စိမ်း၊ ဂျင်စင်းမြစ်နှင့် ခရုအချွဲကဲ့သို့သော အရှေ့ဖျားမှ ကုန်ကြမ်းပစ္စည်းများကို ပေါင်းစပ်ထားလေ့ရှိသောကြောင့်ဖြစ်သည်။

ကိုရီးယားလှိုင်းကို စီး၍

၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ပျံ့နှံ့လာသော Hallyu (ကိုရီးယားလှိုင်း) ဟု ခေါ်သည့် ပေါ့ပ်ယဉ်ကျေးမှုသည် ကိုရီးယား အလှကုန်ပစ္စည်းများ ရောင်းချရန်အတွက် အကြီးအကျယ် အထောက်အကူဖြစ်စေခဲ့သည်။ လူငယ်ပရိသတ်များသည် ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲများနှင့် ကိုရီးယားပေါ့ပ် ယဉ်ကျေးမှု၏ အိုင်ဒေါများကဲ့သို့ ပြင်ဆင်ရန် လိုလားကြပြီး ယင်းအိုင်ဒေါများသည်လည်း ကိုရီးယားအလှကုန်ပစ္စည်း အမှတ်တံဆိပ်များအတွက် သံတမန်များ ဖြစ်လာကြသည်။

လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလျံ ရောင်းချခဲ့ရသည့် Amore Pacific ကုမ္ပဏီသည် အမြတ်၏ သုံးပုံနှစ်ပုံခန့်ကိုပေးသော ပြည်တွင်းဈေးကွက်ကိုသာ အကြီးအကျယ် မှီခိုနေရဆဲ ဖြစ်သည်။

၎င်း၏ ဥရောပနှင့် မြောက်အမေရိကသို့ ထိုးဖောက်မှု၌ ပြိုင်ဆိုင်နိုင်စွမ်းနည်းပါးနေပြီး စုစုပေါင်း ရောင်းချရမှုတန်ဖိုးသည် ဒေါ်လာသန်း ၁၀၀ အောက်၌သာရှိသည်။

“ဒီကနေ့ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က အာရှတိုက်ကိုကျော်လွန်ပြီး ပထဝီဝင်အရ ချဲ့ထွင်ဖို့ပါပဲ” ဟု Amore Pacific ကုမ္ပဏီ၏ ဥရောပအကြီးအကဲ သီယာရီမာမန်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယားက အမေရိကန်ပြည်ထောင်စုကို ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်ခွင့်ပြုလိုက်ပြီးနောက် တရုတ်ဖောက်သည်များနှင့် တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းကလည်း ၎င်းတို့ဈေးကွက်အား ကမ္ဘာသို့ ချဲ့ထွင်နိုင်ရန် အရေးပေါ်လိုအပ်ချက်ဖြစ်လာသည်ဟု မာမန်းက ပြောကြားခဲ့သည်။ မာမန်းသည် Amore ကုမ္ပဏီသို့ ဝင်ရောက်ခြင်းမပြုမီက ပြင်သစ်ဇိမ်ခံပစ္စည်း ကုမ္ပဏီကြီးဖြစ်သော LVMH ၌ မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

စစ်မှန်သော ကျွမ်းကျင်မှု

ဥရောပသို့ချဲ့ထွင်ရာ၌ စိန်ခေါ်မှုများအနက် တစ်ခုမှာ ပေါ့ပ်ယဉ်ကျေးမှု၏ ကိုရီးယားလှိုင်းသည် ဥရောပသို့ အမှန်တကယ် ရောက်ရှိခဲ့ခြင်း မရှိခြင်းပင် ဖြစ်သည်။

ကိုရီးယားလှိုင်းနှင့် ဆက်နွှယ်မှုများသည်ပင်လျှင် အနည်းငယ် ယုတ်လျော့၍လာသည်ဟု ဆိုးလ်မြို့တွင် ထုတ်လုပ်သည့် အကောင်းစား အလှကုန်ပစ္စည်းများကို ဥရောပ ဖောက်သည်များဆီသို့ ရောင်းချပေးသော အွန်လိုင်းစတိုးဖြစ်သည့် Korean Smooch ၏ တွဲဖက်မန်နေဂျာ လော်ရာကော့ပလာက ပြောကြားခဲ့သည်။

ဥရောပသို့တင်ပို့သည့် အစောပိုင်း ကိုရီးယားအလှကုန်ပစ္စည်းများသည် Kawai (ဂျပန်ဘာသာစကားအရ ချစ်စရာဟု အဓိပ္ပာယ်ရ) အား နှစ်သက်စွဲလမ်းမှုလှိုင်းကို စီးခဲ့ရသည်ဟု ကော့ပလာက ပြောကြားခဲ့သည်။ ယင်းတွင် TonyMoly နှင့် ပန်ဒါဝက်ဝံလေးများပုံသဏ္ဌာန် မျက်နှာဖုံးကို အသုံးပြုသော Skin79 တို့ပါဝင်သည်။

“ဒါဟာ တောင်ကိုရီးယားနိုင်ငံအကြောင်းပဲလို့ သုံးစွဲသူတွေက တွေးခဲ့ကြပါတယ်” ဟု ကော့ပလာက ဆိုသည်။

K - Beauty ဟုခေါ်သော ကိုရီးယား အလှကုန်ပစ္စည်းများတွင် အမှန်တကယ် ကျွမ်းကျင်မှုရှိနေသည်ဟု ကော့ပလာက ဆိုသည်။ အပြစ်အနာအဆာများကို ဖုံးအုပ်ပေးရာတွင် ကောင်းမွန်သော BB ခရင်မ်များ၊ အသားအရေကို စိုပြေစေသော CCCreams နှင့် အရေပြားကို စောင့်ရှောက်ပေးသောအရာနှင့် မိတ်ကပ်၌ ပါဝင်သည့်အရာများကို ထုတ်ကုန်တစ်ခုတည်း၌ ပေါင်းစပ်ထားသည့် ကူရှင်ဟုခေါ်သော အလှကုန်ပစ္စည်းများသည် ဈေးကွက်၌ အကြီးအကျယ် အားသာချက်ရှိသော ထွက်ကုန်များဖြစ်သည်ဟု ဆိုသည်။

ရိုးရာအာရှကုန်ကြမ်းများကို နည်းပညာအဆင့်မြင့်ကုန်ပစ္စည်းများနှင့် ပေါင်းစပ်ထားမှုကလည်း ကိုရီးယားအလှကုန်ပစ္စည်းလုပ်ငန်း၏ အခြားထင်ရှားသည့် အမှတ်သညာတစ်ခုဖြစ်သည်ဟု ဆိုသည်။

တောင်ကိုရီးယား၏ အလှကုန်ပစ္စည်းနှင့် အရေပြားကို ထိန်းသိမ်းစောင့်ရှောက်ပေးသော ပစ္စည်းများသည် ဥရောပ၌ အသုံးပြုနေကြသော အရာများထက် အသုံးပြုပုံ ကွဲပြားခြားနားရန် လိုအပ်သည်ဟု သီယာရီမာမန်းက ပြောကြားခဲ့သည်။

“ကိုရီးယားထွက်ကုန်တွေကို ပုံမှန်အသုံးပြုဖို့ လိုလားတဲ့ ဥရောပသုံးစွဲသူတွေအတွက် လမ်းညွှန်ချက် လိုအပ်မှုတစ်ရပ် ရှိပါတယ်” ဟု မာမန်းက ဆိုသည်။

“အနောက်တိုင်းအမှတ်တံဆိပ်တွေမှာ ဦးစားပေးထားတာက ထိရောက်မှုနဲ့ သူတို့ထည့်သွင်းထားတဲ့ အဓိကပါဝင်တဲ့အရာတွေရဲ့ ပမာဏဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

လူအများလက်ခံလာရန် ကြိုးပမ်းခြင်း

သို့သော် အာရှတွင် ခရင်မ်တစ်ခုအတွက် အနံ့၊ ထိတွေ့မှုနှင့် နှစ်သက်ဖွယ်ဖြစ်မှု တို့ကသာ အရေးကြီးဆဲဖြစ်သည်ဟု မာမန်းက ဆိုသည်။

အနောက်တိုင်း အလှကုန်ပစ္စည်း ကုမ္ပဏီများစွာတို့က တောင်ကိုရီးယား အလှကုန်ပစ္စည်းများ၏ တီထွင်ဖန်တီးမှုများကို ပုံတူကူးချခဲ့ကြသည်ဟု လုပ်ငန်းကျွမ်းကျင်သူများက ဆိုသည်။

သို့သော် တစ်ခါတစ်ရံတွင် ၎င်းတို့သည် အာရှဈေးကွက်ကို အလျင်အမြန် ထိတွေ့ရန်အတွက် ဒေသခံကုမ္ပဏီများထဲသို့ ဝင်ရောက်လိုက်ခြင်းဟူသည့် ရိုးရှင်းသောနည်းကိုသာ သုံးခဲ့ကြသည်ဟု ဆိုသည်။ ဥပမာအားဖြင့် Uniliver က တောင်ကိုရီးယား၏ Carver ကို ရွေးချယ်ခြင်း၊ LVMH က CLIO Cosmetics သို့ ရှယ်ယာဝင်ခြင်းနှင့် Estee Lauder က Dr.Jar နှင့် DTRT တို့၌ ရင်းနှီးမြှုပ်နှံခြင်းတို့ဖြစ်သည်ဟု ဆိုသည်။

ကိုရီးယား အလှကုန်ပစ္စည်းလုပ်ငန်းများသည် ၎င်းတို့အတွက် တရုတ်နှင့် ကြီးထွားလာနေသော အခြားအာရှဈေးကွက်များကို သိမ်းပိုက်ရန် လျင်မြန်ထိရောက်သော လက်နက်များဖြစ်ကြောင်း အနောက်တိုင်း အလှကုန်ပစ္စည်းကုမ္ပဏီကြီးများက သတိပြုမိကြောင်း ယင်းကဲ့သို့သော လုပ်ဆောင်မှုများက ပြသနေသည်။

ကိုရီးယား ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် အနောက်တိုင်း အလှကုန်ပစ္စည်းကုမ္ပဏီကြီးများ၏ အကြိုက်ကို ရရှိအောင် ဆွဲဆောင်လျက် ယင်းကဲ့သို့သော သဘောတူညီချက်များ ရရှိရေးကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်ဟု Euromonitor သုတေသနကုမ္ပဏီ အာရှရေးရာ အလှကုန်ပစ္စည်းကဏ္ဍ လေ့လာသုံးသပ်သူ ဆန်နီအမ်းက ပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံး အလှကုန်ပစ္စည်းကုမ္ပဏီဖြစ်သော L'Oreal သည် ဆွဲဆောင်ရမည့် နောက်ထပ် ပစ်မှတ်ကြီးဖြစ်နိုင်သည်ဟု ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ တောင်ကိုရီးယားမှာ ဝင်ရောက်လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းအားလုံးကို စောင့်ကြည့်နေပါတယ်”  ဟု L'Oreal စီအီးအို ယန်းပေါအေဂွန်က မကြာသေးမီက ပြောကြားခဲ့သည်။

Most Read

Most Recent