ပြတင်းပေါက်လေး

ပြတင်းပေါက်လေး
Published 25 February 2018

Photo: DW

အလင်းရောင်က ဖမ်းဆုပ်ရခက်လောက်အောင် ပါးလျလွန်းတယ်။ နှစ်ပေတစ်ပေခွဲပတ်လည် ပြတင်းပေါက်လေးတစ်ပေါက်ဆီကနေ လရောင်တချို့ ဖိတ်စင်ကျနေခြင်းပါ။ ဘာကိုမှ ဖမ်းဆုပ်လို့မရသလို၊ ဘာကိုအများကြီး မျှော်လင့်လို့ရနိုင်မှာလဲ။ သက်ရှိလူတစ်ယောက်နဲ့ လေ၊ အလင်းရောင် အနည်းငယ်က အားလုံး ပေါင်းစည်းမိနေသလိုပဲ။ အဲဒီပြတင်းပေါက်ကို ပိတ်ထားလိုက်ရင် အလင်းရောင် အနည်းငယ်ကိုတောင် ထိတွေ့ခွင့်မရှိတော့ပါဘူး။ ဘယ်ပိတ်ရက်မလဲလေ။ ရောက်လာပါစေ။ အလင်းရောင် အနည်းငယ်ဖြစ်ဖြစ်။ လေကောင်းလေသန့်တွေဖြစ်ဖြစ်။ ခြင်၊ ပိုးကောင်လေးတွေကအစ ဝင်လိုက်ထွက်လိုက် အိမ်ထဲနဲ့ အပြင်ကမ္ဘာကို ဆက်သွယ်ကူးလူးနေကြတယ်။ တခြားအန္တရာယ်လည်း သိပ်ပူပန်စရာတော့ မရှိဘူးလေ။ ဒီပြတင်းပေါက်လေးကနေ ဘာအန္တရာယ်မှ ဝင်ရောက်မလာနိုင်လို့ပါပဲ။ တစ်ခါတလေ အိမ်တံခါးပေါက်ကြီးတွေတောင် ချက်ချမထားမိခဲ့။ ညဘက် မီးလုံးတစ်လုံးရယ်၊ ဘောပင်တွေရယ်၊ စာအုပ်တွေရယ် အဲဒီအရာတွေနားမှာ ညဉ့်နက်တဲ့အထိ တစ်ချိန်လုံး ရှိနေခဲ့တယ်။ တစ်ခါတစ်ရံ စာအုပ်တွေထဲ နစ်မျောမိခဲ့ရင် ဘာကိုမှ သတိမပြုမိလောက်အောင် ညထဲမှာ ကျွန်တော် နစ်မြုပ်နေခဲ့မိတယ်။

တခြားတံခါးပေါက်တွေ ပိတ်ထားခဲ့လည်း အဲဒီပြတင်းပေါက်လေးကို ကျွန်တော် ဘယ်တော့မှ ပိတ်မထားမိခဲ့။ အပြင်ကို တစ်ခါတလေ ငေးမောကြည့်ချင် ကြည့်နေခဲ့မိတယ်။ မိုးရာသီတွေဆိုရင်တော့ မိုးရေစက်တွေ ပက်မှာစိုးရင်သာ တစ်ခါတလေ မိုးကာစ အကာလေး ချထားလိုက်တဲ့ အခါတွေရှိတယ်။ အဲဒီပြတင်းပေါက်လေး ဖောက်ဖြစ်ခဲ့တာက အဖေ့ရဲ့တိုက်တွန်းမှုကြောင့်သာ ဖောက်ဖြစ်ခဲ့တာ။ ဒါတောင် ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့နဲ့ မနည်းကြာခဲ့သေးတယ်။ ပြတင်းပေါက်လေးဆီကနေ အလင်းရောင်နဲ့ လေကဝင်ပေမယ့် အိမ်က နိမ့်နိမ့်နဲ့ သွပ်မိုးထားတဲ့ အပူဒဏ်က နေ့လယ်ခင်းတွေဆို အိမ်ထဲမှာ လုံး၀ နေလို့မရတော့ပါ။ ဒါကြောင့် အိမ်ရှေ့ကုန်း(ဂုန်း)ထဲ ဆင်းနေကြရတယ်။

အဖေကတော့ လေကောင်းလေသန့်ဝင်အောင် အလင်းရောင်ရအောင် ပြတင်းပေါက်လေးကို ဖောက်ခိုင်းခဲ့ခြင်းပါ၊ ကျွန်တော့်အတွက်လည်း ညဘက်တွေမှာ အပြင်ဝန်းကျင်က မြင်ကွင်းတွေကို တစ်ခါတစ်ရံ ငေးကြည့်လို့ ရသွားခဲ့တယ်။ ပိုးကောင်တွေ၊ ခြင်တွေအတွက်လည်း ဝင်ပေါက်ထွက်ပေါက် တစ်ခု တိုးသွားသလိုပဲ။ အဲဒီပြတင်းပေါက်လေးကနေ အပြင်ကို ညဘက်လှမ်းကြည့်ရင် နေ့လယ်တုန်းက အပြင်ဝန်းကျင်မှာ သွားလာခဲ့တဲ့ အထိအတွေ့တွေ၊ မြင်ကွင်းတွေ၊ ခံစားမှုတွေက ညဘက်အခါနဲ့ လုံးဝမတူတော့ပါဘူး။ အသံတွေ တိတ်ဆိတ်သွားခြင်း၊ အရောင်တွေ မှိန်ဖျော့သွားခြင်းနဲ့ သစ်ပင်လေးတွေ လှုပ်ခတ်သွားပုံတွေပါ မတူတော့ပါ။ ငှက်ကလေးတွေရဲ့ သစ်ပင်တွေအကြား လှုပ်ရှားသွားလာပုံတွေပါ ပျောက်ကွယ်သွားတော့တယ်။ အဲဒီ ပြတင်းပေါက်လေးကနေ ညဘက် ကျွန်တော်အဝေးကို လှမ်းကြည့်မိတိုင်းပေါ့။ တစ်ခါတလေတော့ အနည်းငယ် ထိတ်လန့်ကြောက်ရွံ့မိတယ်။

ထိတ်လန့်ကြောက်ရွံ့မိရခြင်းက စာရေးရင်း စာဖတ်ရင်း အချိန်တော်တော် ညဉ့်နက်သွားတဲ့အခါမျိုးမှာပါ။ ဖတ်မိတဲ့စာကလည်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဝတ္ထုတွေလိုမျိုး ဖတ်မိတဲ့အခါမျိုးတွေကျမှသာ တစ်ခါတစ်ရံ ကြောက်ရွံ့စိတ်ဖြစ်မိတယ်။ စာလုံးတွေရယ်၊ စိတ်ရယ်၊ ညဘက် အပြင်ဝန်းကျင်ရဲ့ မြင်ကွင်းတွေနဲ့ ပေါင်းစည်းမိတဲ့ အချိန်မှာပေါ့။ အဲဒီအချိန် ပြတင်းပေါက်လေးကနေ အပြင်ကို လှမ်းကြည့်မိလိုက်ရင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတော့တယ်။ နေ့လယ်တုန်းက ကိုယ်သွားလာခဲ့တာတွေနဲ့ မြင်ကွင်းချင်း၊ ခံစားရပုံချင်း လုံး၀ ကွဲပြားသွားတော့တယ်။ သစ်ပင်တွေက အမှန်ပဲ။
တစ်ခါတလေ အပြင်က လရောင်က စာရေးစားပွဲပေါ် ပြောက်ကြားကျရောက်နေတတ်တယ်။ စားပွဲပေါ်မှာ အလင်းနဲ့ အမှောင်က ပန်းချီကားတစ်ချပ်လို ဖြစ်နေတတ်တယ်။ တစ်ခါတလေ ဘယ်ကမ္ဘာ့တိုက်ကမှန်းမသိတဲ့ မြေပုံတစ်ခု ဆွဲထားသလိုလိုနဲ့။ စာရေး စာဖတ်လို့ ညောင်းလာတဲ့အခါ အိမ်အပြင်ထွက်ပြီး အိမ်နောက်ဖေးဘက်ဆီ ခဏထွက်သွားခဲ့ဖြစ်သေးတယ်။ ခြံရဲ့အစွန်နဲ့ လမ်းထိပ်ဆီမှာ ကြာကြာရပ်နေခဲ့မိတဲ့ အခါတွေလည်း မနည်းတော့ပါ။ လသာတဲ့ ညတွေမှာပေါ့။

အမှောင်ညတွေတုန်းက ပြတင်းပေါက်လေးဆီကနေ လှမ်းမျှော်ကြည့်ရင်း ထိတ်လန့်ကြောက်ရွံ့ခဲ့ရတဲ့ အကြောက်တရားတွေ လသာတဲ့ရက်တွေမှာ ကျွန်တော့်ထံ ဝင်ရောက်မလာတော့တာကို လသာတဲ့ ညတွေတိုင်း ပြန်စဉ်းစားကြည့်ရင်း ကျွန်တော် ရယ်မောနေမိသေးတယ်။ ဒါပေမဲ့ အမှောင်ထဲကို ပြတင်းပေါက်လေးကနေ ကြည့်ခဲ့ရတဲ့ ခံစားမှုတွေက ကျွန်တော့်စိတ်ကို အတော်လေး စိုးမိုးနိုင်ခဲ့တာတော့ အမှန်ပါပဲ။ တစ်ခါကြည့်မိတိုင်း တစ်ခါ စွဲထင်ကျန်နေခဲ့တယ်။ ဝါးရုံပင်က ဝါးအရွက်လေးတွေ လှုပ်ခတ်နေပုံကအစ အသက်ဝင်နေသလိုပဲ။ ပိုးကောင်တွေ၊ ခြင်တွေ အော်ဟစ်မြည်တမ်း သွားလာနေတာတွေကလည်း အတော်စိတ်ဝင်စားစရာကောင်းလှတယ်။ ရှားရှားပါးပါး ငှက်ကလေးတစ်ကောင် သစ်ပင်ကြိုသစ်ပင်ကြား တိုးဝှေ့သွားနေသလိုလည်း မြင်ယောင်မိတယ်။ မှောင်ရိပ်ထဲက မည်းမည်းမည်းမည်းနဲ့ အရိပ်လိုမျိုး တွေ့လိုက်ရတဲ့အခါ အဲဒီမြင်ကွင်းကို ကျွန်တော် ဆက်မကြည့်ရဲတော့ပေ။ ဖတ်လက်စ ဝတ္ထုစာအုပ်ကိုလည်း ပြန်မကိုင်ဖြစ်တော့ဘူး။ ဒါပေမဲ့ ပြတင်းပေါက်လေးကိုတော့ ဘယ်တော့မှ ပိတ်မထားဖြစ်ခဲ့ဘူး။ တကယ်တော့ အဲဒီပြတင်းပေါက်လေးနဲ့ ဆိုင်တော့မဆိုင်ပါဘူး။

ပြတင်းပေါက်ဖောက်ဖို့ တောင်းဆိုခဲ့တဲ့ အဖေ့ကိုတောင် ကျွန်တော် တစ်ခါတလေ ကျေးဇူးတင်နေမိသေးတယ်။ အလင်းရောင်ရတယ်။ လေကောင်းလေသန့်ရတယ်။ ညဉ့်နက်တိုင်း အပြင်ဝန်းကျင်က မြင်ကွင်းတွေ၊ အလှုပ်အခတ်တွေ၊ ခံစားမှုတွေပါ ပြတင်းပေါက်လေးက ကြည့်လိုက်မိတိုင်း တစ်စုံတစ်ခုတော့ ရရှိခဲ့မြဲလေ။ ထိတ်လန့်တုန်လှုပ်ရတယ် ဆိုတာလည်း တကယ်တော့ နှစ်လိုဖွယ်ရာတစ်ခု မဟုတ်လား။ တစ်ခါတလေ နေ့လယ်ဘက်တွေဆိုရင်တော့ အဲဒီအကြောင်းအရာတွေက ရယ်စရာတွေ ဖြစ်နေခဲ့သေးတယ်။

ပြတင်းပေါက်အကြောင်းနဲ့ ပတ်သက်ပြီး အဖေနဲ့ တစ်ခါက စကားအချေအတင် ပြောဖြစ်ခဲ့သေးတယ်။ အဖေကတော့ လုံခြုံရေးဆိုတာနဲ့ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေ အကြောင်းပေါ့။ အစောင့်ချထားတဲ့ တံခါးပေါက်တွေ၊ တစ်စုံတစ်ရာ စစ်ဆေးပြီးမှ ဝင်ရောက်လို့ရတဲ့ တံခါးပေါက်တွေကို သူ့စိတ်ထဲဘဝင်မကျကြောင်း ပြောတော့တယ်။ ဆက်ပြီးတော့ အဖေက တချို့တံခါးပေါက်တွေက လူတွေ ဝင်ထွက် သွားလာတာထက် သြဇာအာဏာတွေ ဝင်ထွက်သွားလာနေတဲ့ အပေါက်တွေလို့ ငါမြင်မိတယ်လို့ ဆိုတော့တယ်။ ဒါဆို အဲဒီတံခါးပေါက်တွေကနေ အပြင်ဝန်းကျင်ကို လှမ်းကြည့်ရင်ရောလို့ ကျွန်တော် မေးလိုက်မိတယ်။ အလင်းရောင်တွေရှိတဲ့ အချိန်နဲ့ မှောင်နေတဲ့အချိန်တွေက ဒွန်တွဲရှိနေမှာနော်လို့ ထပ်ပြောလိုက်မိတယ်။ အဲဒီလို အလင်းအမှောင်ရှိနေတဲ့ အပြင်ဝန်းကျင်ဆီကို တံခါးပေါက်ဆီက လူတွေ ဘယ်လိုမြင်နိုင်မလဲ။ ကျွန်တော် ပြတင်းပေါက်လေးဆီကနေ လှမ်းကြည့်မိသလို ထိတ်လန့်မှု အကြောက်တရားနဲ့လား၊ နှစ်လိုပျော်ရွှင်ဖွယ်ရာနဲ့လား ဆိုတာကိုပေါ့။ အဖေကတော့ ဘာမှ ပြန်မပြောတော့ပါ။ ကျွန်တော်လည်း ဒါဆို အဖေ ဖောက်ခိုင်းခဲ့တဲ့ ပြတင်းပေါက်လေးကရောလို့ ဆိုတော့မှ အဖေက အလင်းရောင်နဲ့ လေကောင်းလေသန့်ရအောင် ပိုးကောင်လေးတွေ၊ ခြင်တွေ ဝင်ထွက်သွားလာလို့ရအောင်လို့ပါကွာလို့ ဆိုတော့တယ်။ ဒါဆို ပိုးကောင်လေးတွေ၊ ခြင်တွေက သြဇာအာဏာ မရှိတဲ့ အကောင်လေးတွေပေါ့လို့ ကျွန်တော်က ဆိုလိုက်တယ်။ ဒါဆို လုံခြုံရေးက ကျွန်တော် ဖြစ်နေတာလို့တောင် အဖေ့ကို စ,နောက် လိုက်မိသေးတယ်။

ဒီနေ့မနက် ကျွန်တော် အိပ်ရာထတော့ ကိုးနာရီတောင်ကျော်နေခဲ့ပြီ။ အိပ်ရာက ထထချင်းပဲ ခေါင်းရင်းထရံဆီ ကြည့်လိုက်မိတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဓာတ်ပုံ၊ ဆရာဇော်ဂျီဓာတ်ပုံ၊ ဆရာမြသန်းတင့် ဓာတ်ပုံတွေက ရှိနေမြဲပဲ။ ဒီဓာတ်ပုံတွေက ကျွန်တော့်အတွက် စိတ်ဓာတ်ခွန်အားတွေလေ။ ကျွန်တော်တို့ ညီအစ်ကိုတွေ ရဟန်းဝတ်တုန်းက ဓာတ်ပုံလေးတောင် ငိုက်စိုက်ကျနေတာ ပြန်မ,တည့်ရသေးဘူး။ ပင့်ကူအိမ်အမျှင်တန်းလေးတွေ ရှုပ်ယှက်ခတ်နေတဲ့အထဲမှာ ဖုန်မှုန့်လေးတွေ၊ အမှုန်အမွှားလေးတွေတောင် ကပ်ငြိနေသေးတယ်။ ထရံမှာလည်း ဘာပြတင်းပေါက်မှမရှိ။ အလင်းစလေးတွေတောင် ဝါးထရံကြားကနေ တွေ့နေရသေးတယ်။ အဲဒီတော့မှ ကျွန်တော် စဉ်းစားမိတော့တယ်။ အဖေ အဲဒီခေါင်းရင်းထရံမှာ ပြတင်းပေါက်လေးဖောက်ဖို့ ကျွန်တော့်ကို ပြောခဲ့တာ တစ်လတောင် ကျော်သွားခဲ့ပြီပဲ။

Most Read

Most Recent