<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ယိုင်နဲ့နဲ့ ဆောက်လုပ်ရေးလောက ပြိုလဲသွားနိုင်သလား

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

၂၀၁၅ ရွေးကောက်ပွဲအပြီးမှ ကျရိပ်ပြလာသည့် မြန်မာ့ဆောက်လုပ်ရေးလောကမှာ လက်ရှိအချိန်တွင် အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်ရလျက်ရှိသည်။

အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်ရလျက်ရှိသည့် မြန်မာ့ဆောက်လုပ်ရေးလောကအတွက် အိပ်နေသည့် ငွေများ၊ ရောင်းမထွက်သည့် အခန်းများကိုလျှော့ဈေးဖြင့် ရောင်းချခြင်းများ၊ အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းများကို ပြုလုပ်လာသည်ကို တွေ့ရသည်။

“အရောင်းပွဲတော်တွေ လုပ်ရတယ်။ အရစ်ကျစနစ်တွေနဲ့ ရောင်းနေရတယ် ဆိုကတည်းက ဆောက်လုပ်ရေးလောက ဗြောင်းဆန်နေ မှန်းသိသာတယ် ” ဟု Real Goal ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဌေးက ပြောကြားသည်။

တိုက်ခန်းများရောင်းချရတွင် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချခြင်းများအပြင် တည်ဆောက်ပြီးစီးသည့် တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းများရှိကြောင်း သိရသည်။

“ဘဏ်တွေနဲ့ ချိတ်ပြီး ရောင်းချတာပေါ့။ ဆပ်ရမယ့်ကာလနှစ်ကို နည်းနည်းတိုးပြီး ငွေပေါ်အောင် လုပ်ရတာပေါ့။ မဆိုးပါဘူး။ ပြပွဲရက်တုန်းကတော့ တချို့အခန်းတွေ ရောင်းထွက်တယ်” ဟု အိမ်ရာအရောင်းပြပွဲတွင် ၀င်ရောက်ပြသခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းကြီးများအနေဖြင့် ကိုယ်ပိုင် အိမ်ရာအရောင်းပွဲတော်များကို တစ်ဦးတည်းပြပွဲများ ပြုလုပ်ပြီး ရောင်းချခြင်းများ ရှိသကဲ့သို့ ဆောက်လုပ်ရေး ကုမ္ပဏီအသေးများအနေဖြင့် ကုမ္ပဏီများစုပေါင်းကာ ပြပွဲပြုလုပ်ပြီး ရောင်းချခြင်းများရှိကြောင်း ဆောက်လုပ်ရေးဈေးကွက်အတွင်းမှ သိရသည်။

“ငွေပြန်ဖော်နိုင်ဖို့က အရေးကြီးတယ်လေ။ လုပ်ငန်းထဲမှာ နစ်နေတာတွေက အများကြီးပဲ။ အခု အခြေအနေက ဆောက်လုပ်ရေး လုပ်တဲ့သူတွေ နစ်နေတဲ့အချိန်ပဲ” ဟု ဦးဝင်းဌေးက ပြောကြားသည်။

၁၉၉၀ ပြည့်နှစ်ကျော်ကာလက မြန်မာ့ဆောက်လုပ်ရေး လောကတွင် တက်လမ်း၊ မြို့တော်ဥယျာဉ်စသည့် ဆောက်လုပ်ရေးလုပ်ငန်း လေးခုကျော်သာရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ရေး လောကတွင် ဆောက်လုပ်ရေးကုမ္ပဏီများစွာ ပေါ်ပေါက်လာခဲ့ပြီး အရှိန်အဟုန်ကောင်းကောင်းဖြင့် လည်ပတ်ခဲ့သည်။

ယင်းသို့ ဆောက်လုပ်ရေး ကုမ္ပဏီအများအပြား ပေါ်ပေါက်လာပြီးနောက် ဆင်ခြေဖုံးမြို့နယ်များတွင် အိမ်ပြောင်းရွှေ့ကြေးများ အမြင့်ဆုံးပေးကာ တိုက်ခန်းများကို အလုအယက် တည်ဆောက်ခဲ့ကြသည်။

“အဲဒီတုန်းကတော့ ခေတ်ကောင်းတယ်လို့ ပြောလို့ရတယ်။ ဆောက်လိုက်တဲ့ တိုက်တွေမှန်သမျှလည်း ရောင်းထွက်တယ်လို့ ပြောလို့ရတယ်။ တိုက်ဆောက်ချင်တဲ့သူတွေက အသံပဲပစ်လိုက်။ ပွဲစားတွေနောက်က လိုက်လာတာပဲ။ ဈေးတွေကလည်း မကြားဖူးတဲ့ဈေးတွေပဲ” ဟု ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုပိုင်ဆိုင်သည့် ကန်ထရိုက်တာ တစ်ဦးကပြောကြားသည်။

အိမ်ပိုင်ရှိသူတစ်ဦးအနေဖြင့် မိမိအိမ်တွင် အထပ်မြင့်တိုက်ခန်း ဆောက်လုပ်လိုပါကအကျိုးဆောင်များမှ တစ်ဆင့် ဆက်သွယ်နိုင်သကဲ့သို့ ကန်ထရိုက်များနေဖြင့်လည်း အကျိုးဆောင်များမှတစ်ဆင့် တိုက်ဆောက်ချင်သူများကို စည်းရုံးခြင်းများ ရှိခဲ့သည်။

“အဲဒီတုန်းက တစ်ခြမ်းပေး၊ တစ်ခြမ်းယူ ပုံစံနဲ့ဆောက်ခဲ့တာ။ ပြောင်းရွှေ့ကြေးက ရာဂဏန်းကျော် ကျော်လောက်ရတယ်” ဟု သာကေတမြို့နယ်တွင် ငါးထပ်တိုက် ဆောက်လုပ်ထားသည့် မြေပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ပေ ၂၀_ ၆၀ ပိုင်ဆိုင်သည့် အိမ်ပိုင်ရှင်တစ်ဦးအနေဖြင့် တိုက်ခန်းဆောက်လုပ်လိုပါက ကုမ္ပဏီများက ပြောင်းရွှေ့ကြေးအဖြစ် သိန်း ၃၀၀ ကျော်ခန့်ပေးပြီး တိုက်ခန်းများ ဆောက်လုပ်ပြီးစီးပါက အခန်းများကို အညီအမျှခွဲယူခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဆောက်လုပ်ရေးဈေးကွက်တွင် ယင်းကဲ့သို့အပြိုင်အဆိုင် တည်ဆောက်ခဲ့ကြပြီး တည်ဆောက်မည့် အိမ်များကိုလည်း အလုအယက် ရှာဖွေခဲ့ကြသည်။

ဆောက်လုပ်ပြီးစီးခဲ့သည့် တိုက်ခန်းများမှာ ရောင်းမထွက်ခြင်းများ ရှိခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ဂရုစိုက်ခဲ့ခြင်း မရှိပေ။

“အဲဒီတုန်းက ဆောက်မယ်။ ပြီးရင်ရောင်းမယ်ဆိုတာတွေပဲရှိတယ်။ အ၀ယ်ကလည်း လိုက်တယ်လေ။ အခန်းတွေက သိပ်မအောင်းရဘူး။ နှစ်လလောက်ဆို ရောင်းထွက်တယ်” ဟု နာမည်ကြီးဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တွင် ဒလဘက်ကမ်းစီမံကိန်းကဲ့သို့ အခြားစီမံကိန်းများလည်း ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး အိမ်ခြံမြေဈေးများလည်း ဈေးနှုန်းအမြင့်တွင်သာရှိခဲ့သည်။

အလားတူ သီလ၀ါစီမံကိန်းကဲ့သို့သော စီမံကိန်းများကြောင့် ဆောက်လုပ်ရေးလောကမှာ ပန်းပန်ခဲ့ကြသည်။ တိုက်ခန်းဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်ခြင်းများရှိခဲ့ပြီး အရောင်းအ၀ယ်လည်း ကောင်းခဲ့ကြသည်။ ယင်းအခြေအနေတွင် အခြေခံလူတန်းစားဖြစ်သည့် ဆောက်လုပ်ရေးလုပ်သားများလည်း ၀င်ငွေကောင်းခဲ့သည့် အချိန်ကာလ ဖြစ်သည်။

“အလုပ်က နားချင်လို့တောင် မရဘူး။ ဒီနေ့တော့နားမယ်ဆိုပြီး စိတ်ဒုန်းဒုန်းချမှ နားလို့ရတယ်။ မနားချင်လို့ ဆက်တိုက်လုပ်မယ်ဆိုလည်းရတယ်။ အလုပ်နဲ့လက်နဲ့ကို မပြတ်ဘူး။ ဟိုတစ်ဆိုဒ်ပြီး ဟိုတစ်ဆိုဒ်ပဲ” ဟု သန်လျင်မြို့နယ်တွင် နေထိုင်သည့် ဦးထွန်းထွန်းဦးက ဆိုသည်။

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

အခြေခံလူတန်းစားများအတွက် အလုပ်မရှားသော အချိန်ဖြစ်သဖြင့် ကန်ထရိုက်ငယ်များအနေဖြင့် မိမိ၏အလုပ်သမားအား ထိန်းနိုင်ခဲ့သည်။ သို့သော် ၂၀၁၅ နှစ်စပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အနည်းငယ်ကျဆင်းလာခဲ့သည်။ တိုက်ခန်းတည်ဆောက်မည်ဟု သဘောတူညီမှု ရရှိထားခဲ့သည့်မြေများတွင် ကန်ထရိုက်က မဆောက်ဘဲ ထွက်ပြေးခြင်းများ ရှိလာခဲ့သည်။

“မဆောက်ဘဲ ထွက်ပြေးလို့ အမှုတွေ မနည်းတော့ဘူး။ တချို့ဆို အိမ်ဖျက်ပြီးမှ တချို့ဆို မြေတူးပြီးတော့မှ။ ဆောက်လုပ်ရေးအကြီးတွေကတော့ ထွက်မပြေးပေမယ့်လုပ်တာ နှေးလာတယ်။ အရင်က အားချင်းတည်ဆောက်ပေမယ့် နောက်ပိုင်းမှာ သတ်မှတ်ထားတဲ့ ရက်ထက်ကျော်မှပြီးတာတွေ ဖြစ်လာတယ်။ အဲဒါတွေရှင်းရတာ မနည်းဘူး” ဟု သာကေတမြို့နယ်ရှိ ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

လက်ရှိတွင် သူအုပ်ချုပ်သည့် ရပ်ကွက်အတွင်းမှာပင် ကန်ထရိုက်ထွက်ပြေးခြင်းကြောင့် တရားစွဲဆို အမှုဖွင့်ထားသည့် အမှုရှစ်မှုခန့်ရှိသည်။

“၂၀၁၂ တို့ဘာတို့မှာတော့ အရမ်းကောင်းတဲ့အခြေအနေကို ရောက်ခဲ့တာပေါ့။ ဒါပေမဲ့ အဲဒါမျိုးက ဂရပ်တစ်ခုလိုပဲ။ တစ်ခုက သိပ်အရမ်းတက်သွားရင် ပြန်ကျတဲ့ သဘာဝရှိတယ်။ ဘယ်နိုင်ငံမှာပဲ ကြည့်ကြည့်ပေါ့။ တရုတ်မှာပဲကြည့်ကြည့်၊ စင်ကာပူမှာပဲ ကြည့်ကြည့် အဲဒီအတိုင်းပဲ” ဟု မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း ဗဟိုကော်မတီဝင် ဦးမျိုးမြင့်က ပြောကြားသည်။

ဆောက်လုပ်ရေးဈေးကွက် ကျဆင်းရခြင်းမှာ ဆောက်လုပ်ရေးလောကတွင် အိမ်ရာစီမံကိန်းများ လုပ်ကိုင်လျက်ရှိသည့် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှပိုင်ရှင် ဦးကျော်မြင့် လိမ်လည်မှုဖြင့် အဖမ်းခံရခြင်းမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်က သုံးသပ်သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ တာဝန်ယူပြီး မကြာမီကာလတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ခြင်းကို ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းမှာ နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး ယိုင်နဲ့နဲ့ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အကျပ်အတည်း တစ်ခုဖြစ်ခဲ့သည်။

“ဈေးကွက်ကတော့ ကျသွားတယ်။ တော်တော်အေးသွားတဲ့ အခြေအနေရှိတယ်။ တော်တော်အေးသွားတဲ့ အခြေအနေတွေကို အကြောင်းရင်းခံတာကတော့ အရှည်ကြီးပေါ့။ Father Land ကိုကျော်မြင့် ကိစ္စဖြစ်တယ်။ အထပ်မြင့်ကိစ္စဖြစ်တယ်။ အဲဒါတွေက စတာပေါ့။ အဲဒါတွေက တစ်နှစ်ကျော်လောက် ကြာတာပေါ့။ Father Land ကိစ္စက လေးငါးခြောက်လကြာတယ်။ အထပ်မြင့် ကိစ္စက ခုနစ်လ ရှစ်လကျော်လောက်အထိ ကြာတယ်။ အားလုံးပေါင်းကို တစ်နှစ်ကျော်သွားတာပေါ့။ အဲဒါတွေရဲ့ အကျိုးဆက်က ဒီထဲမှာတောက်လျှောက် ဖြစ်လာတာပေါ့။ အဲဒီထဲမှာ ယုံကြည်မှု ပျောက်ဆုံးသွားတယ်။ အဲဒီဟာတွေရဲ့ အကျိုးဆက်ပေါ့။ ဆက်ဖြစ်နေတယ်။ အခုဟာက နည်းနည်းလေး သွားနေတာပဲရှိတယ်။ နောက်တစ်ခါ နိုင်ငံမှာ တာဝန်ရှိတဲ့ ပုဂ္ဂိလ်တချို့က နိုင်ငံမှာ အိမ်မြေဈေးတွေကျမယ်။ စွန့်စား မလုပ်နဲ့ ထိခိုက်မယ်။ အဲဒီလို ပြောတာတွေ ရှိခဲ့တာပေါ့။ လူတွေက ဈေးများကျမလား ကျမလားဆိုပြီး ယုံကြည်မှုတွေ ပျောက်ဆုံးသွားတာပေါ့” ဟု ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။

ထို့ပြင် နိုင်ငံရေး မတည်ငြိမ်မှုအကြားတွင် လုပ်ငန်းများမှာ စောင့်ကြည့်အနေအထားဖြစ်ခြင်းကြောင့်  ဆောက်လုပ်ရေးလုပ်ငန်းများ နှေးကွေးသွားခြင်းများရှိခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည့် ဦးဝင်းဌေးက သုံးသပ်သည်။

“ကိုယ်တို့နိုင်ငံက အသွင်ကူး ကာလပေါ့။ ဘာတွေဆက်ဖြစ်မလဲဆိုပြီး လုပ်ငန်းရှင်တွေက မလုပ်ရဲကြတာပေါ့။ နောက်တစ်ခုကအရင် အစိုးရလက်ထက်ပေါ့ ဆင်းခါနီးလောက်မှာ တစ်ချက်တန့်သွားတယ်။ အဲဒါက နိုင်ငံရေးနဲ့ အများကြီးဆိုင်တယ်” ဟု ဦးဝင်းဌေးက သုံးသပ်ပြောကြားသည်။

အစိုးရသစ် တက်ခါနီးအချိန်တွင် အနည်းငယ်အေးစက်ခဲ့သည့် ဆောက်လုပ်ရေးဈေးကွက်မှာ ၂၀၁၅ ခုနှစ် အစိုးရသစ် လက်ထက်တွင် ဆက်လက်အေးစက်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက အထပ်မြင့်အဆောက်အအုံများ တည်ဆောက်နေမှုကို အလျင်စလို ရပ်တန့်ပစ်ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်ရန်အဆင်မပြေကြောင်း ပြည်သူ့လွှတ်တော်ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောကြားသည်။

“တစ်လောက ဦးဖြိုးမင်းသိန်းတို့ ရပ်လိုက်တဲ့ကိစ္စဆို အဲဒီက ၀န်ကြီးဒေါ်နီလာကျော်ကိုတော့ ပြောလိုက်တယ်။ ပြန်စစ်ပါ။ တိုင်းပြည်မှာ ချက်ချင်းဖျက်ပြီး လုပ်လို့မရဘူး။ တဆင့်ချင်း သွားရမယ်။ ဦးဖြိုးမင်းသိန်းကလည်း တစ်ခါတစ်လေကျရင် အလျင်လိုတာလေးတွေလည်း ရှိတယ်။ တစ်ခါတစ်လေကျတော့လည်း ရော့ရော့ဆိုပြီး လုပ်ရတာပေါ့” ဟု ဦးတင်မောင်ဝင်းက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်တွင် စည်းမျဉ်းစည်းကမ်းနှင့်မညီသော အထပ်မြင့် ဆောက်လုပ်ရေးလုပ်ငန်းများအား ပြန်လည်စိစစ်ရန်အတွက် ခေတ္တရပ်ဆိုင်းခဲ့ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားခဲ့ရပြီး လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းများမှာ အကျပ်အတည်းများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။

“ခြုံပြောရရင်မကောင်းဘူး။ ကိုယ့်ဘာသာဆောက်တာတွေ အ၀ယ်မရှိဘူး။ အရောင်းပွဲတော် လုပ်ပြီးရောင်းနေရတယ်။ ကနဦး ရာခိုင်နှုန်း ၃၀၊ ကျန်တာအရစ်ကျနဲ့ တက်နေလို့ရပြီ။ အဲဒီပုံစံတွေ အများကြီးဖြစ်လာတယ်” ဟု ဦးဝင်းဌေးက ပြောကြားသည်။

သို့သော်လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်လျက်ရှိသော်လည်း အစိုးရ၏ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများမှာ ပုံမှန်လုပ်ကိုင်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောကြားသည်။

“ယိုင်တယ်ဆိုတာကတော့ စောစောက ရန်ကုန်မှာ ခုနစ်ထပ်ထက် ပိုမဆောက်ရဘူး ဘာတွေညာတွေပေါ့။ မနှစ်က ဘက်ဂျက်တွေမှာလည်း တချို့ဟာလေးတွေ စိစစ်ပြီးတော့ ချပေးတာပေါ့နော်။ ဒီနှစ်တော့ ဆောက်လုပ်ရေးလုပ်ငန်းလေးတွေ ပြန်နာလန်ထူအောင် ပညာရေးမှာရှိတဲ့ ကျောင်းတွေ၊ ကျေးရွာမှာ ကျေးလက်ဖွံ့ဖြိုးရေးအတွက် လမ်းတွေ၊ အဲဒါတွေ တော်တော်များများ။ ယိုင်တာတော့ မဟုတ်ဘူး” ဟု ဦးတင်မောင်ဝင်းက ပြောကြားသည်။

သြဂုတ် ၉ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းတစ်ခု မေးမြန်းခဲ့သည်။

ယင်းမေးခွန်းမှာ စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို) နည်းဥပဒေကို ရေးဆွဲရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော ဆောက်လုပ်ရေးလုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပြေလျော့စေရန်နှင့်လုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်ဖွံ့ဖြိုးလာစေရန်အတွက် ရည်ရွယ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါမေးမြန်းမှုအား ဒုတိယ၀န်ကြီးက “ပြည်ထောင်စုရှေ့နေ ချုပ်ရုံးရဲ့ အကြံပြုချက်အတိုင်း ပြင်ဆင်ရေးဆွဲထားတဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေ (မူကြမ်း)ကို ၂၀၁၇ ခုနှစ် သြဂုတ် ၇ ရက်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပြန်လည်ပေးပို့ထားပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အတည်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ နည်းဥပဒေအမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အကျပ်အတည်းများနှင့် ရင်ဆိုင်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာစေရန် ပြည်သူ့လွှတ်တော် တွင်တင်သွင်းထားသည့် ကွန်ဒို Law ကိုသာ မျှော်လင့်ရန်ရှိကြောင်း၊  သို့သော်ကန့်သတ်ချက်များကြောင့် ထိုက်သင့်သလောက်သာ ကောင်းလာနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဗဟိုကော်မတီဝင် ဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါဥပဒေအား အတည်ပြုပြဋ္ဌာန်းပြီးပါက လက်ရှိတွင် လေးလံနေသည့် ဆောက်လုပ်ရေး ကဏ္ဍအတွက် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ဆက်လက်ပြောကြားသည်။

“ဒီဥပဒေကို ပြဋ္ဌာန်းလိုက်မှ လက်ရှိလေးလံနေတဲ့ တိုက်ခန်းတွေရဲ့ အရောင်းအ၀ယ်။ အဓိကကတော့ နိုင်ငံခြားသားတွေဝယ်ခွင့် ရဖို့အဓိကရေးဆွဲတာပါ။ နိုင်ငံခြားသားတွေဟာ ဒီအဆောက်အအုံမှာ အခန်း ၁၀၀ ရှိရင် အခန်း ၄၀ ၀ယ်ယူခွင့်ရမယ်။ ကျွန်တော်တို့ရဲ့မူရင်း ဥပဒေမှာ နိုင်ငံခြားဆိုရင်မြေကို ပိုင်ဆိုင်ခွင့်မရှိပါဘူး။ မည်သည့်နိုင်ငံခြားသားမှ ကျွန်တော်တို့နိုင်ငံမှာ မြေပိုင်ဆိုင်ခွင့်မရှိပါဘူး။ ကွန်ဒိုမီနီယံဆိုတဲ့ဥပဒေက နိုင်ငံတကာမှာလည်း စုပေါင်းပိုင်အဆောက်အအုံသည် မြေပါပိုင်ဆိုင်ခွင့်ရနေပါတယ်။ နည်းဥပဒေမှာ မှန်ကန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် ဆွေးနွေးဆောင်ရွက်ရာမှာ ဒီကွန်ဒိုမှာ နိုင်ငံခြားသားတွေနေတဲ့ ကာလတစ်လျှောက်တော့ ပိုင်မယ်။ သို့ရာတွင် ကွန်ဒိုကြီးပြိုပျက်သွားရင်ဖြစ်ဖြစ်၊ ဖျက်ရတဲ့အချိန်ဆိုရင်တော့ နိုင်ငံခြားသားမှာ ပိုင်ဆိုင်ခွင့် မရှိတော့ဘူး။ မြန်မာနိုင်ငံသားတွေ အနေနဲ့တော့ ဒီမြေကိုပိုင်နေမယ်။အဲဒီအပိုဒ်ကို ခြွင်းချက်အနေနဲ့ ထည့်လိုက်တော့ အားလုံးပြေလည်မှု ရသွားပါပြီ။ အဲဒီအပိုဒ်အပေါ်မှာ ငြင်းခုံနေတာ တစ်နှစ်လောက်ကြာသွားပါတယ်။ အခုတော့အားလုံး သဘောတူပြီးဖြစ်တဲ့အတွက် ရှေ့နေချုပ်ရုံးကလည်း အမြန်ဆုံးကျွန်တော်တို့ဆီကို အကြောင်းပြန်လာမှာပါ။ နည်းဥပဒေထွက်ဖို့ တစ်လလောက်ပဲကြာပါမယ်။ အမြန်ဆုံး ထွက်ရှိနိုင်ဖို့ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ကွန်ဒို Law ထွက်ရှိလာပါက ဆောက်လုပ်ရေးလုပ်ငန်းအကြီးများအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ သို့သော် ဥပဒေတွင် ကန့်သတ်ချက်များရှိခြင်းကြောင့် များစွာမမျှော်လင့်နိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဗဟိုကော်မတီဝင် ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။

“ကွန်ဒို Law ထွက်လာရင်တော့ ထိုက်သင့်သလောက်တော့ အဆင်ပြေမယ်။ အဓိက ကွန်ဒို Law ကသူ့ရဲ့ သတ်မှတ်ထားတဲ့ အဆောက်အအုံတွေအတွက်ပဲ အကျုံးဝင်မှာ။ အဆောက်အအုံ အငယ်တွေအတွက်ကတော့ အကျုံးမ၀င်ဘူး။ ဒါပေမဲ့ အဲဒီဟာထွက်လာရင် အဆောက်အအုံအငယ်တွေ အတွက်ဘာမှ မဆိုင်ပေမယ့် အကြီးတွေ အဆင်ပြေလာမယ်။ အဲဒီကမှတစ်ဆင့် အငယ်တွေအတွက်လည်း လုပ်ငန်းလည်ပတ်မှုတွေ ကောင်းလာနိုင်မယ်။ အရမ်းအဆင်မပြေရင်တောင် ထိုက်သင့်သလောက် အဆင်ပြေသွားနိုင်တယ်။ ဒါပေမဲ့ အဲဒီဥပဒေမှာလည်း ကန့်သတ်ချက်အများကြီးပါတော့ အရမ်းမျှော်လင့်ထားလို့မရဘူး။ ထိုက်သင့်သလောက်တော့ ကောင်းလာနိုင်တယ်။ အရမ်းမျှော်လင့်လို့ မရဘူး” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

ထို့ပြင် အစိုးရဆောက်လုပ်ရေးလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေးအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများမှာလည်း မကြာမီကာလတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အစိုးရလုပ်ငန်းများမှာ ဆောက်လုပ်လက်စများသာ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ငွေလုံးငွေရင်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ ယခုနှစ်ဖက်ဂျက်မှသာ အစပြုမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီတွင် ဆောက်လုပ်ရေးကဏ္ဍအား အထူးပြုကိုင်တွယ်သည့် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ပြောကြားသည်။

“နေပြည်တော်မှာဆိုရင် ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ပေးရမယ့် အဆောက်အအုံတွေရှိတယ်။ ဒါတွေအကုန်လုံးက အခုမှစမှာ။ ဒီနှစ်မှာ ဧပြီ၊မေ၊ ဇွန်ကို တင်ဒါတွေ အပြီးခေါ်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းရှိတယ်။ အခုခေါ်နေပြီ။ အဲဒါတွေက ဒီအချိန်လုပ်မယ်ဆိုရင်လည်း လုပ်လို့မရဘူးလေ။ မိုးတွင်းမှာ ကန်ထရိုက်အပြီး ခေါ်လိုက်တယ်။ မိုးကုန်တာနဲ့ စလုပ်ရတော့မယ်။ ဒီနှစ်ပိုင်းမှာတော့ ဘက်ဂျက်ကတော့ Running ကတော့ မရှိဘူး။ အရင်အကျန်တွေ နည်းနည်းပါးပါး လုပ်နေတယ်။ ပြင်/ ထိန်းတဲ့  အလုပ်တွေရှိမယ်။ ကျန်တဲ့ငွေလုံးငွေရင်းနဲ့လုပ်တဲ့ အလုပ်တွေကတော့ ဧပြီ၊ မေ၊ ဇွန်မှာကတော့နည်းတယ်။ မလုပ်မဖြစ် အလုပ်တွေလောက်ပဲရှိတယ်။ အဲဒါကတော့ ဘတ်ဂျက်လုပ်ထုံးလုပ်နည်းပေါ့။ အခုငွေလုံးငွေရင်းနဲ့ လုပ်တဲ့အလုပ်တွေကိုတော့ တင်ဒါတွေသွားနေပြီ” ဟု ဦးသန်းစိုးအောင်က ပြောကြားသည်။

လုပ်ကိုင်မည့် အစိုးရလုပ်ငန်းအားလုံး၏ ရာခိုင်နှုန်း  ၇၀ ခန့်အား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး ကျန်ရှိသည့် ရာခိုင်နှုန်း ၃၀ အား အစိုးရမှ လုပ်ကိုင်မည်ဖြစ်သော်လည်း ပစ္စည်းများတင်သွင်းခြင်းကို ပုဂ္ဂလိကသို့လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“အခု ပညာရေး၊ ကျန်းမာရေးတင်ဒါ၊ နေပြည်တော် စည်ပင်လုပ်ငန်းတွေ ခေါ်နေပြီ။ ပညာရေး၊ ကျန်းမာရေး တော်တော်များများကို ပုဂ္ဂလိက ကန်ထရိုက်တွေကိုပေးမှာ။ အကုန်လုံးနီးပါးလောက်ပဲ။ အဲဒါတွေလုပ်ပြီဆိုရင်တော့ အသက်ရှူပေါက်ချောင်သွားမှာပေါ့။ အခုဘီလျံ နှစ်ထောင်ကျော်ပေါ့။ ငွေလုံးငွေရင်းမှာပြထားတဲ့ဟာတွေက ဒီအဆောက်အအုံတွေ ဆောက်ဖို့ပဲလေ။ အခုအဲဒါတွေက တစ်ခုမှ မလုပ်နိုင်သေးဘူးလေ။ လုပ်ထုံးလုပ်နည်းမှန်အောင် လုပ်နေတော့ နည်းနည်းအချိန် တစ်ခုပေးရတာပေါ့။ အရင်လိုလက်ကျိတ်ထိုးပေးရင်တော့ အခုဆိုပြီးပြီပေါ့။ ဒီရာသီမှာတော့ ကန်ထရိုက်ပေးလည်း အခုချိန်မှာတော့ ဘယ်သူမှ မလုပ်သေးပါဘူး။ ခုနကပြောသလို ဘတ်ဂျက်တွေမှာ ငွေလုံးငွေရင်းကိုလျှော့ပြီး ခွင့်ပြုတာမှမဟုတ်တာ။ အရင်အတိုင်းပဲ ခွင့်ပြုထားတော့ ဒီလုပ်ငန်းတွေ စရင်အင်တိုက် အားတိုက်သွားမှာပါ။ နောက်တစ်ခုက အစိုးရလုပ်တဲ့ လုပ်ငန်းတွေမှာ အစိုးရမှာရှိတဲ့ အင်ဂျင်နီယာတွေနဲ့လုပ်ပြီး ၀ယ်မယ့်ပစ္စည်းမှန်သမျှက ကန်ထရိုက်ကိုပဲ ပေးမှာပါ။ သံချောင်းဝယ်တာက အစသူ(အစိုးရ) မ၀ယ်တော့ဘူး။ ကန်ထရိုက်ပဲပေးမယ်။ အဲဒါတစ်ခု။ နောက်တစ်ခုက ငွေလုံးနဲ့ ကန်ထရိုက်ကိုပေးမယ်။ ပစ္စည်းကအစ ကိုယ့်ဘာသာဝယ်၊ ကိုယ့်ဘာသာဆောက် ကိုယ့်အင်ဂျင်နီယာနဲ့ ကိုယ်ဆောက်၊ ငွေလုံးပေးမယ်ဆိုတဲ့ တစ်ခုပေါ့။ အစိုးရရဲ့ လုပ်ငန်းရာခိုင်နှုန်း ၆၀ ကျော်၊ ရာခိုင်နှုန်း ၇၀ လောက်က ပုဂ္ဂလိက ကိုယ်တိုင်ဆောက် ကိုယ့်ပစ္စည်းကိုယ်ဝယ်နဲ့ သွားမှာ။ ကျန်တဲ့ ၄၀ လောက်ကမှ အစိုးရက ဆောက်မယ်။ ပစ္စည်းကို ပုဂ္ဂလိကကို  ၀ယ်ခိုင်းမယ်။ အဲဒီပုံစံသွားမှာ” ဟု ဦးသန်းစိုးအောင်က ပြောကြားသည်။

သို့သော် အစိုးရဘတ်ဂျက် လုပ်ငန်းများတွင် ယခင်ကဲ့သို့ အခြေအနေများကို ထိန်းချုပ်နိုင်ရန် လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင်ယခင်အခြေ အနေများသာ ရှိနေပါက ပြောင်းလဲမည် မဟုတ်ကြောင်း၊ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ ၀င်ရောက်သော်လည်း ပြည်ပမှလုပ်ငန်းရှင်များကိုသာ ဆောက်လုပ်စေမည့် ဖြစ်ရပ်များကိုလည်း ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဝင်းဌေးက ပြောကြားသည်။

“နောက်တစ်ခုက အစိုးရ ပရောဂျက်တွေကလည်း အီလေးဆွဲနေတယ်။ အရင်စတိုင်က မပြောင်းသေးဘူး။ ဘာညာတွေက ရှိနေတုန်းပဲ။ အလွယ်ခေါ်ရရင် အရင်ပေါက်ဈေးအတိုင်းပဲပေါ့။ အဲဒါတွေရှိတာပေါ့။ နောက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါ့။ အဲဒီအတွက်က ဒီကလုပ်ငန်းရှင်တွေက ပွဲစားကနေ လိုက်ရတဲ့အဆင့် ဖြစ်နေတယ်။အဲဒါတွေက အရင်တုန်းက လက်ဝေခံတွေပေါ့။ အခုနာမည်ကြီးနေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုဆိုရင် ဆောက်လည်းဆောက်နေတယ်။ ဒါပေမဲ့ အဲဒီကလုပ်ငန်းရဖို့ အတွက်က ပွဲစားကနေတစ်ဆင့် ဆက်သွယ်ရသလို ဖြစ်နေတယ်။ နောက်တစ်ခုက တာဝါတိုင် ဆောက်လုပ်ရေးပေါ့။ ဈေးနှုန်းတွေ အမျိုးမျိုးနဲ့ မူမမှန်ခဲ့ဘူး။ အခုနောက်ဆုံး ဗီယက်နမ်က ၀င်မယ့်ဟာပေါ့။ အခုသုံးသပ်တာကတော့ ဗီယက်နမ်ကကောင်တွေခေါ်လာပြီး လုပ်မှာလား။ အဲဒါတွေက ရှိနိုင်တယ်။ အားလုံးခြုံပြောရရင်တော့ လုပ်လို့ကိုင်လို့ အဆင်မပြေသေးဘူး။ တိုက်ဆောက်ပြီး ရောင်းတော့လည်း လူတွေလက်ထဲမှာ ပိုက်ဆံမရှိ။ အစိုးရနဲ့ ပတ်သက်လာရင်လည်း အရင်လမ်းကြောင်းတွေက ရှိနေတုန်းပဲ” ဟု ဦးဝင်းဌေးက ပြောကြားသည်။

လက်ရှိတွင် အစိုးရအနေဖြင့် တင်ဒါကိစ္စများနှင့် ပတ်သက်ပြီး ညွန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းထုတ်ပြန်ချက်ကို  ဖောက်ဖျက်သည့် ၀န်ကြီးဌာနများရှိပါက ပြည်သူ့လွှတ်တော်ရှိ ၎င်းတို့၏ ကော်မတီသို့ တိုင်ကြားနိုင်ကြောင်း ဦးသန်းစိုးအောင်က ပြောကြားသည်။

“သမ္မတရုံး ညွန်ကြားချက်ဆို ပြီးတော့ ၁/ ၂၀၁၇ ဆိုပြီးထုတ်ထားတယ်။ နောက်တစ်ခုက တင်ဒါလမ်းညွန်ဆိုပြီး ကျွန်တော်တင်ထားတဲ့ အဆိုပေါ့။ အကုန်လုံးက လုပ်တဲ့သူလုပ်တယ်။ မလုပ်တဲ့သူ မလုပ်ဘူး။ လွဲမှားပြီး လုပ်နေတာတွေရှိတယ်။ ဥပမာ ကြမ်းခင်းဈေးကို မသတ်မှတ်ရဘူး။ ဒါပေမဲ့ သတ်မှတ်ပြီး ၀ယ်တဲ့သူရှိတယ်။ ဥပမာ- ရမည်းသင်းမှာဆိုရင် တစ်ခုဖြစ်သွားတယ်။ ပစ္စည်းဝယ်တဲ့နေရာမှာ အနည်းဆုံးဈေး မသတ်မှတ်ဘူး။ ဒီပစ္စည်းပဲ။ အဲဒီမှာ ဈေးနှုန်းအနည်းဆုံး တင်တဲ့သူကို ပေးရမယ်။ သူက အလကားပေးရင်လည်း ယူပေါ့။ ဒါပေမဲ့ အဲဒါကိုမလိုက်နာဘဲ အနည်းဆုံး ဈေးသွားသတ်မှတ်တော့ ဈေးကကွာဟနေတယ်။ အဲဒီလိုတွေ ဖြစ်နေတာပေါ့။ ဒီလုပ်ထုံးလုပ်နည်း တွေမှာ လွဲမှားတာရှိရင် ကော်မတီ ကို အကြောင်းကြားပါဆိုပြီး ပြောထားတယ်။ အခု ထုတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း မလုပ်ဘူးဆိုရင် ချက်ချင်းကော်မတီကို သတင်းပို့ပါ။ ညှိနှိုင်းသွားတယ်၊ ဆီးသီးဗန်း မှောက်ကျသွားတယ်ဆိုတဲ့ ဖြစ်စဉ်တွေတွေ့ရင် ကော်မတီကို အချိန်မရွေး တိုင်လို့ရတယ်။ ထိုင်မကြည့် ကြပါနဲ့” ဟု ၎င်းက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်တွင် စီးပွားရေးကဏ္ဍအတွက် တိကျသော မူဝါဒမရှိဟူသည့် ဝေဖန်ချက်များမှာ ထွက်ပေါ်လျက်ရှိပြီး ခိုင်မာသည့် မူဝါဒများချမှတ် နိုင်မှသာ စီးပွားရေးဖွံ့ဖြိုးနိုင်သည် စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များက ပြောကြားထားသည်။

အလားတူ ဆောက်လုပ်ရေး ကဏ္ဍတွင်လည်း အစိုးရအနေဖြင့် မူဝါဒပိုင်းအား တိတိကျကျ ကိုင်တွယ်ချမှတ်ရန်လိုအပ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်များကိုလည်း မလိုအပ်ဘဲ ကြာမြင့်စွာ ချုပ်ကိုင်ထားခြင်းများမှာ မဖြစ်သင့်သည့် အနေအထားဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောကြားသည်။

“၀န်ကြီးချုပ်က ထုတ်လိုက်တဲ့ အထပ်မြင့်ကိစ္စပေါ့။ အဲဒါက စည်ပင်သာယာဥပဒေက အသစ်ထွက်မလာတဲ့အပြင် အဟောင်းကိုလည်း လွယ်လွယ်ကူကူမရတော့ဘူး။ ကျွန်တော့်အဆောက်အအုံတစ်လုံးဆိုရင် ဟိုဘက်အစိုးရလက်ထက်ကတည်းက အခုထိမကျသေးဘူး။ ရိုးရိုး ရှစ်ထပ်ခွဲပဲ။ အထပ်မြင့်တောင် မဟုတ်ဘူး။ နှစ်နှစ်ကြာပြီ။ ဟိုကန့်သတ်ချက်တွေ။ ဒီကန့်သတ်ချက်တွေနဲ့။ မူဝါဒ မပြတ်သားတာတွေ၊ မူဝါဒလည်း အသစ်မထွက်ဘူး။ နိုင်ငံတော်ကလည်း မပံ့ပိုးဘူး။ အဲဒါကြောင့် အခြေအနေက ပိုယိမ်းယိုင်လာတယ်။ ပြီးတော့ စီးပွားရေးကလည်း မကောင်းတော့ နဂိုကတည်းကမှ ဆောက်မယ့်သူက မဆောက်တော့ဘူး။ ပါမစ်တွေဆိုရင်လည်း အများကြီးတင်တယ်။ မရဘူး။ အဲဒါတွေက ရေနစ်ရာဝါးထိုးတဲ့ ဖြစ်စဉ်တွေပေါ့” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဗဟိုကော်မတီဝင် ဦးမျိုးမြင့်က ပြောကြားသည်။

လက်ရှိတွင် ဆောက်လုပ်ရေး ကဏ္ဍကျဆင်းနေမှုများတွင် အစိုးရအနေဖြင့် ထောက်ပံ့မှုပေးခြင်း၊ လိုအပ်သည့် ပေါ်လစီများကို ထုတ်ပြန်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့မလုပ်နိုင်ပါက ဆောက်လုပ်ရေးကဏ္ဍကျဆင်းမှုမှာ ရပ်တန့်နိုင်ဖွယ်မရှိကြောင်း ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။

“ဘယ်လုပ်ငန်းဖြစ်ဖြစ် တက်ပြီးသွားရင် ပြန်ကျမှာပဲ။ အဲဒီလို တက်ပြီးသွားရင်တော့ အကျမနာအောင် နိုင်ငံတော်ပိုင်းက ပေါ်လစီပိုင်း၊ ဘာညာတွေနဲ့ ထိန်းကျောင်းလိုက်ရင် ဒါအကျသက်သာတယ်။ အကျမနာတာနဲ့ အကျသက်သာအောင် လုပ်ရတာပေါ့။ သူဖွံ့ဖြိုးတဲ့ကာလက နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ နိုင်ငံရေး အပြောင်းအလဲ၊ ပေါ်လစီအပြောင်းအလဲ အဲဒီအချိန်မှာ သူ့ရဲ့ဖွံ့ဖြိုးမှု၊ နိမ့်ကျမှုဆိုတာ ဖြစ်လာတာ။ ဥပမာ မြို့သစ်တည်ပြီဆို အဲဒီမှာ အဆောက်အအုံတွေ ၀ုန်းဝုန်းဝုန်းနဲ့ ဆောက်ကြတယ်။ အဲဒီပတ်ဝန်းကျင် မြေကွက်တွေ ဈေးတက်သွားမယ်။ အခု မန္တလေးမှာဆို တံခွန်တိုင်နားလမ်းဖောက်လိုက်ရင် အဲဒီနားက မြေကွက်တွေ ဈေးထိုးတက်သွားမယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမယ်။ အဲဒီလိုဖြစ်ဖို့ က အစိုးရအနေနဲ့ လိုအပ်တဲ့ ပေါ်လစီကို ထုတ်ပြန်ပေးတာတို့ လုပ်ရမယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

အခြားနိုင်ငံများတွင် ဆောက်လုပ်ရေးက ဏ္ဍပြိုလဲမှုကြောင့် နိုင်ငံစီးပွားရေးကို ထိခိုက်ခဲ့သည့် နမူနာ ဖြစ်ရပ်များရှိပြီး ၂၀၀၇ ခုနှစ်က အမေရိကန်နိုင်ငံတွင် စီးပွားပျက်ကပ် ဖြစ်ပွားခဲ့ခြင်းမှာ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍတွင် ပြိုလဲမှုကြောင့် ဖြစ်သည်။

ထို့ပြင် ငွေမည်းမှ ငွေဖြူသို့ ပြောင်းလဲသည့် ငွေကြေးခ၀ါချမှုများမှာ ဆောက်လုပ်ရေးကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍများတွင် အများဆုံး ဖြစ်ပွားနိုင်သည့် အနေအထား ဖြစ်ခြင်းကြောင့် အစိုးရ၏ထိန်းကျောင်း တည့်မတ်မှုမှာ အရေးကြီးသည့် အနေအထားဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများနှင့် စီးပွားရေးပညာရှင်များက ပြောကြားသည်။

ထိုသို့အခြေအနေများတွင် အစိုးရ၏ စီမံခန့်ခွဲမှုနှင့် ပေါ်လစီချ မှတ်နိုင်မှုသည်သာ ယိုင်လဲခဲ့သည့် အခြေအနေများကို ပြန်လည်တည့်မတ်နိုင်မည် ဖြစ်သည်။

လက်ရှိဆောက်လုပ်ရေး ကဏ္ဍအား ထိန်းမတ်ခြင်း၊ လိုအပ်သည့် ပေါ်လစီများ ချမှတ်နိုင်မည်ဆိုပါက ဆောက်လုပ်ရေးကဏ္ဍ ပုံမှန်အတိုင်း ပြန်ဖြစ်ရန်အနည်းဆုံး နှစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်း ဦးမျိုးမြင့်က ပြောကြားသည်။

“နောက်နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူရမယ်။ နှစ်နှစ်လောက်ကတော့ အနည်းဆုံးပဲ။ ဒါတောင် နိုင်ငံရေးအခြေအနေနဲ့ ပေါ်လစီပိုင်းပဲ ရှိသေးတယ်။ ကွန်ဒိုတွေ ထွက်လာရင်တော့ နောက်နှစ်နှစ်ပေါ့။ ဈေးနှုန်းတော့ နောက်နှစ်နှစ်လောက်မှာ နဂိုအတိုင်းတက်ခဲ့တဲ့ ဈေးနှုန်းအတိုင်းဖြစ်မှာ မဟုတ်ဘူး။ ဒါဖွံ့ဖြိုးဖို့ အတွက်ကိုပဲ နောက်နှစ်နှစ်လောက်မှာ ဖြစ်နိုင်တယ်။ ခန့်မှန်းတာပေါ့။ ချက်ချင်းကြီးကတော့ မဖြစ်နိုင်ဘူး” ဟု ဦးမျိုးမြင့်က ဆိုသည်။

သို့သော် အစိုးရက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းမရှိပါက ခြောက်လအတွင်း ဆောက်လုပ်ရေးကဏ္ဍမှာ အခြေအနေ ပိုမိုဆိုးရွားနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက တညီတညွတ်တည်း သုံးသပ်ပြောကြားသည်။

“၂၀၁၂ ခုနှစ်မှာ ဆောက်လုပ်ရေး ဈေးကွက် ပုံမှန်မဟုတ်တဲ့ တက်ခြင်းမျိုးနဲ့ တက်သွားတယ်။ ၂၀၁၅ အထိပေါ့။ ရွေးကောက်ပွဲမတိုင်ခင်မှာ စကျတယ်။ ၂၀၁၆ မှာ ဇောက်ထိုးဖြစ်ပြီးတော့ ၂၀၁၇ မှာ မိုးမျှော် ဖြစ်သွားတာပဲ။ ဒီအတိုင်းသွားရင်တော့ နောက်ခြောက်လပဲ” ဟု ဦးဝင်းဌေးက ပြောကြားသည်။

“ဒီနှစ်အကုန် အများဆုံး ခြောက်လလောက်ဆိုရင် မရှူနိုင် မကယ်နိုင်ဖြစ်သွားမယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

အခြေခံလူတန်းစားအများစု ၀င်ရောက်လုပ်ကိုင်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးမှသာ နိုင်ငံ၏ စီးပွားရေးတိုးတက်နိုင်မည် ဖြစ်သည်။ အစိုးရ၏ ပြုပြင်ပြောင်းလဲမှု နှေးကွေးသည့် အခြေအနေများမှာ အချိန်ကြာမြင့်လာပါက အထိနာဆုံး လူတန်းစားမှာ အခြေခံလူတန်းစားများသာဖြစ်သဖြင့် အစိုးရ၏ ဆောက်လုပ်ရေးကဏ္ဍ အရွေ့တွင် မည်ကဲ့သို့ မူဝါဒများချမှတ်မည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။