ကျွန်တော်တို့စိတ်နဲ့ မိသားစုမျက်နှာတွေ

ကျွန်တော်တို့စိတ်နဲ့ မိသားစုမျက်နှာတွေ
Published 24 February 2018

(၁)

အဲဒီနေ့မနက်က ဂူဂဲလ်ကနေ ပို့လိုက်တဲ့ အီးမေးလ်တစ်စောင် ကျွန်တော့်ဖုန်းထဲကို ရောက်လာခဲ့တယ်။ နည်းပညာအကူအညီနဲ့ ဂူဂဲလ်ဆာဗာကနေ အလိုအလျောက် ပို့လိုက်တဲ့ စာတစ်စောင်ပါပဲ။ ကျွန်တော့်ဖုန်းထဲမှာ သိမ်းထားတဲ့ ဓာတ်ပုံတွေကို အမျိုးအစား ခွဲခိုင်းတာလို့တော့ အကြမ်းဖျင်းယူဆလို့ ရခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အွန်လိုင်းနဲ့ ချိတ်ဆက်ထားတဲ့ ဂူဂဲလ်ရဲ့ ဓာတ်ပုံဆော့ဝဲတစ်ခုကြောင့် ဒေတာဆားဗစ်ကို အွန်လိုက်တဲ့အချိန်မှာ အဲဒီမေးလ်က တန်းဝင်လာခဲ့တာပါ။ ဆော့ဝဲလ်ရဲ့ လုံခြုံရေးစနစ်အရ ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံတွေအားလုံးထဲကမှ ကျွန်တော်ဟာ ဘယ်တစ်ယောက်လဲလို့ မေးချင်တဲ့ပုံစံပါပဲ။ အောက်မှာတော့ စာနဲ့အတူ ရွေးချယ်နိုင်ဖို့ မျက်နှာခြောက်ခုတိတိ ဖော်ပြပါလာခဲ့တယ်။ ကြည့်လိုက်တော့ ကျွန်တော်သိမ်းထားတဲ့ ပုံတွေထဲကမှ အများဆုံးဖြစ်နေတဲ့ ကျွန်တော့်မိသားစုဝင်တွေရဲ့ မျက်နှာတွေ ဖြစ်နေခဲ့ပါတယ်။ အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့်အမျိုးသမီးနဲ့ သမီးလေး နှစ်ယောက်ပုံတွေပေါ့။ ဖော်ပြထားတဲ့ ပုံတွေထဲကနေ အစစ်အမှန် ကျွန်တော့်မျက်နှာကို ရွေးချယ်ပါပေါ့။

ကျွန်တော် တွေဝေသွားမိတယ်။ ရှိနေတဲ့ ပုံတွေထဲကမှ ဒီမျက်နှာခြောက်ခုကို ဘယ်လိုများ ရွေးချယ်လိုက်ရမလဲဆိုတာ ကျွန်တော်စပြီး စဉ်းစားကြည့်တယ်။ ဘာစဉ်းစားနေစရာ လိုမလဲလို့တော့ ကျွန်တော့်ကို စောဒက မတက်ပါနဲ့ဗျာ။ အဲဒီတဒင်္ဂမှာ ကျွန်တော်ဖြစ်သွားတာကိုသာ ရေးပြနေတာမို့ပါ။ နည်းပညာတွေက တစ်ခါတစ်ခါ သိပ်ကို ထူးဆန်းတတ်ပါတယ်။ အခုလည်း ကိုယ်နဲ့ အနီးစပ်ဆုံး မိသားစုဝင်တွေကို သူရွေးချယ်ပြသွားနိုင်ခဲ့တယ်လေ။ နောက်ပြီး ကျွန်တော်က ဘယ်တစ်ယောက်လဲ။ ကျွန်တော် အစစ်အမှန်မျက်နှာပိုင်ရှင်က ဘယ်သူလဲပေါ့။ ဒါပေမဲ့ အဲဒီ တဒင်္ဂလေးမှာ ဘာမှမဟုတ်ဘဲ တွေဝေနေမိတဲ့ ကျွန်တော့်အဖြစ်ဟာ ပိုလို့ဆန်းကျယ်နေတတ်တာလည်း ဖြစ်နေခဲ့ပြန်တယ်။ လက်ရှိ ကြည့်မှန်ပေါ် ကြည့်လိုက်တိုင်း ထင်နေ မြင်နေရမယ့် ကိုယ့်မျက်နှာကိုပဲ ရွေးပေးလိုက်ရမလား။ ကျန်တဲ့ မိသားစုမျက်နှာတွေကရော ကျွန်တော့်မျက်နှာလိုပဲ မဟုတ်ဘူးလားဆိုတာကို ကျွန်တော် တွေးမိသွားတာလေ။ လူ့စိတ်ဆိုတာ အံသြဖို့ကောင်းတာတော့ အမှန်ပဲ။ အဲဒီ ခဏလေးမှာ ဘယ်မျက်နှာတစ်ခုကို ရွေးချယ်လိုက်ရမလဲဆိုတာ ရုတ်တရက် ကျွန်တော် မသိဘူးဖြစ်နေခဲ့တယ်။ တကယ်လည်း သူပြထားတဲ့ မျက်နှာတွေ မြင်ရတဲ့အချိန်မှာ ဘယ်တစ်ခုကို ရွေးချယ်ရမှန်း ကျွန်တော် မဆုံးဖြတ်တတ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ မြင်ရတဲ့ မျက်နှာတွေအားလုံးဟာ ကျွန်တော့်စိတ်နဲ့ တခြားသူတွေရဲ့ မျက်နှာ၊ တခြားသူစိတ်နဲ့ ကျွန်တော်ပိုင်ဆိုင်တယ်ထင်ရတဲ့ မျက်နှာတွေ ဖြစ်နေခဲ့တာလေ။ ကိုယ်နဲ့အရင်းနှီးဆုံး ကိုယ့်မိသားစုဝင်အားလုံးရဲ့ မျက်နှာတွေချည်းပဲ ဖြစ်နေခဲ့တာမဟုတ်လား။ ကျွန်တော် ရုတ်တရက် ရွေးချယ်လို့မရခဲ့ဘူး။ ဘယ်တစ်ယောက်ကို ကျွန်တော်ပါလို့ ပြောပြလိုက်ရမလဲဆိုတာ အဲဒီခဏမှာ လုံးလုံးမဆုံးဖြတ်နိုင်ခဲ့ပါဘူး။

(၂)

တကယ်တော့ အဲဒီကိုယ့်မိသားစုမျက်နှာတွေဆိုတာ တစ်ချိန်တည်းမှာ ကျွန်တော်တို့ နောက်ထပ်ရရှိထားတဲ့ မျက်နှာတွေ ဖြစ်နေခဲ့တာပါပဲ။ ကျွန်တော်တို့ ပိုင်ဆိုင်ခွင့်ရခဲ့ကြပြီး ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ မျက်နှာဖုံးတွေလည်း ဖြစ်နေခဲ့တာ မဟုတ်လား။ ဘဝတစ်လျှောက်လုံးမှာ ခဏလေးပဲဖြစ်ဖြစ် မိသားစုဝင်တွေရဲ့ မျက်နှာတွေကို ကျွန်တော်တို့ ကိုယ်စီမျက်နှာတွေပေါ် လဲလှယ်ကောက်တပ်လို့ ကျွန်တော်တို့ ချစ်ခြင်းမှာ ပျော်ဝင်ခဲ့ဖူးတယ်။ ကျွန်တော်ဟာ အဖေ့ရဲ့သားပါ။ ကျွန်တော်က အမေ့ရဲ့သားပါ စသည်ဖြင့်ပေါ့လေ။ အဲဒီလို ကျွန်တော်တို့ဟာ အဖေ့မျက်နှာနဲ့ လူရာဝင်ခဲ့ရတယ်။ အမေ့မျက်နှာနဲ့ လူဖြစ်လာခဲ့ကြပါတယ်။ အဖေ့ရဲ့မျက်နှာနဲ့ ကျွန်တော်တို့ လောကကိုရင်ဆိုင်ရဲခဲ့ ကောင်းကင်ကို ခေါင်းမော့ကြည့်ခွင့် ရခဲ့ကြတယ်။ အမေ့မျက်နှာရဲ့ ကြည်လင်အေးမြမှုမှာ လုံခြုံလို့ မိသားစုနွေးထွေးခြင်းကို ရှာတွေ့ခဲ့ကြတယ်။ မေတ္တာတရားကို ဖော်ပြလို့ရခဲ့ကြပါတယ်။ အဲဒီလိုပဲ ကျွန်တော်ဟာ သူမရဲ့ခင်ပွန်းပါ။ ကျွန်တော်ဟာ စာသိပ်တော်တဲ့ ထူးချွန်ထက်မြက်တဲ့ သမီးလေးရဲ့ ဖခင်တစ်ယောက်ပါလို့ မျက်နှာချင်းလဲလှယ် မိသားစုထဲက ဘယ်သူ့နာမည်နဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့ဖြစ်ကြောင်း ပြသလိုခဲ့ကြတယ်။ ဂုဏ်ယူကျေနပ်ချင်ခဲ့ကြတယ်။ ကျွန်တော်တို့ တန်ဖိုးကို မြှင့်တင်လို့ရခဲ့ကြတယ် မဟုတ်လား။ ဒါပေမဲ့ ဒါတွေကတော့ အကောင်းဘက်ကတွေးတဲ့ အတွေးပေါ့လေ။ အကောင်းဘက်ကဆို ကျွန်တော်တို့က မိသားစုထဲကမှ မဟုတ်ဘူး။ အပြင်လောကကြီးထဲ ထင်ရှားကျော်ကြားတဲ့သူ ဘယ်သူနဲ့မဆို တူချင်ကြတာချည်းပဲ မဟုတ်လား။

မကောင်းတာတစ်ခုကလည်း ရှိနေပြန်ပါသေးတယ်။ မျက်နှာဆင်တူလို့ အလိုမကျဖြစ်ကြရတဲ့ အဖြစ်တွေပေါ့။ ဘယ်သူမဆို ကိုယ်နဲ့တူတယ်လို့ ပြောခံရသူဟာ ချစ်ခြင်းနဲ့မှမဟုတ်ရင် ကောင်းမွန်တဲ့ သူပဲဖြစ်စေချင်ကြတာကတော့ လူ့သဘာဝပါပဲ။ ရာဇဝင်ထဲက ဒါမှမဟုတ် အပြင်လောကထဲ ရှိနေသူ မရှိတော့တဲ့သူတွေထဲက မကောင်းသတင်းနဲ့ မျက်နှာပိုင်ရှင်တွေနဲ့ဆို ကျွန်တော်တို့ မတူချင်တတ်ကြဘူး။ ကိုယ်နဲ့ ဘာမှမဆိုင်သလို နေချင်ကြ။ ရုပ်ရှင်ထဲက ဗီလိန်ဇာတ်ရုပ်ကို ကိုယ့်မျက်နှာပေါ် ပေးမတင်ချင်သလိုမျိုး မကောင်းသူရဲ့ အမည်နာမ တစ်စွန်းတစ်စကလေးတောင် ကျွန်တော်တို့ကိုယ်ပေါ် ရောက်မလာချင်တတ်ကြဘူးပေါ့။ ဒါပေမဲ့ သွေးက စကားပြောလာ မျိုးရိုးလိုက်တယ်လို့ခေါ်တဲ့ ကျွန်တော်တို့ လူ့အဖြစ်ကို ရရှိရာ အသိုက်အဝန်း မျိုးရိုးအစဉ်အဆက်ထဲက မလိုချင်လည်း လက်ခံယူလိုက်ရတဲ့ အပြုအမူ အကျင့်စရိုက်တွေတော့ ကျွန်တော်တို့မျက်နှာပေါ် သူ့အလိုလို ရောက်လာခဲ့ကြတာတော့ ရှိပါလိမ့်မယ်။ ကျွန်တော်ဟာ အဘိုးနဲ့တူလို့ စကားပြောကောင်းတာ သမီးက အမေနဲ့တူလို့ အလှကြိုက်တာဆိုတာမျိုး ကျွန်တော်တို့ သွေးထဲသားထဲက အကျင့်စရိုက်တွေ၊ ဝါသနာအပြုအမူတွေ ဆိုတာကလည်း ကျွန်တော်တို့မျက်နှာပေါ် ရောက်လာတဲ့ ချစ်သူခင်သူတွေရဲ့ မျက်နှာဖုံးတွေပဲ မဟုတ်လား။ ဆိုးမှာပေါ့ သူ့အဖေနဲ့တူတာကိုး ဆိုသလိုမျိုး။ ကောင်လေး အဖေက မိန်းမရှုပ်တဲ့သူဆိုတော့ သတိပေးထားရတယ်ပြောတဲ့ သမီးတစ်ယောက်အမေ သမီးကိုစိတ်ပူသလိုမျိုး။ မျက်နှာတွေပေါ်က ခွာမရတတ်တဲ့ မျက်နှာဖုံးတွေလည်း ကျွန်တော်တို့အားလုံး မလိုချင်ဘဲ စွပ်ထားမိလျက်သား ဖြစ်နေတတ်တာပဲပေါ့။ သားဆိုးတစ်ယောက်ကို ဖခင်ဖြစ်သူက ဆုံးမတဲ့စကားလို ငါ့မျက်နှာကို ဘယ်နားသွားထားရမလဲ ဆိုသလိုမျိုး၊ ငါ့မျက်နှာကို ဓားနဲ့လှီးပစ်လိုက်ချင်တယ်ဆိုတဲ့ ဒေါသမျိုးဆိုတာကလည်း ကိုယ့်မျက်နှာဖုံးမှာ ကိုယ်တိုင်အရှက်ရလိုက်တဲ့အခါ နေစရာမရှိတော့သလိုလည်း ဖြစ်နေတတ်ပါသေးတယ်။ မျက်နှာဖုံးတွေက စိတ်ကျေနပ်စရာ ရှိတတ်သလို စိတ်အနှောင့်အယှက်ဖြစ်စရာတွေလည်း ဒွန်တွဲပါလည်း ကျွန်တော်တို့ လက်ခံခဲ့ကြရတာပါပဲ။ မျက်နှာတွေအားလုံးကတော့ အစဉ်အဆက် ကောင်းမွန်စွာ လက်ဆင့်ကမ်းကြရမယ့် မျက်နှာဖုံးတွေပါပဲ။

(၃)

တကယ်တော့ လူ့ဘဝဆိုတာကလည်း အခုခဏ အလည်ရောက်လာတဲ့ ဆောင်းမှာခဏတာ ပျော်ဝင်အေးစက်နေကြရသလို အလည်လာတဲ့ နှင်းပွင့်ကို အပျော်တစ်ဝက်နဲ့ ဆီးကြိုခွင့်ရလိုက်သလို နောက်ပြီးလည်း ပြန်လည်ပျောက်ကွယ် ပြန်လည်ထွက်ခွာသွားမှာပဲပေါ့။ နွေထဲဖူးလာတဲ့ ရွက်နုလည်း အချိန်တန်တဲ့အခါ ရင့်ရော် ကြွေကျသွားမှာပဲပေါ့။ ဒါဟာ မမြဲခြင်းရဲ့ တရားဓမ္မ ပုံရိပ်တွေပဲမဟုတ်လား။ ဒါပေမဲ့ ထွက်ခွာမသွားခင်မှာ ကျွန်တော်တို့က မျက်နှာဖုံးအမျိုးမျိုးကို အကြောင်းအမျိုးမျိုးနဲ့ တပ်ဆင်ခဲ့ရ၊ ကျွန်တော်တို့ ဟန်ဆောင် မာန်လုပ်ခဲ့ကြရတယ်။ ကိုယ့်ဂုဏ်ကိုယ် ပြမောက်မာခဲ့ကြတယ်။ တခြားသူမျက်နှာနဲ့ ကျွန်တော်တို့ သွေးရဲကြောင်း ပြသလိုတတ်ကြတာပဲ။ တစ်ယောက်ယောက်နဲ့ တူတယ်ဆိုတဲ့ ရုပ်ဆင်းအင်္ဂါကအစ တစ်သဝေမတိမ်းလိုက်တူနေတဲ့ အကျင့်စရိုက်တွေကို ကျွန်တော်တို့ လွယ်လွယ်မပြင်နိုင်ခဲ့။ မိသားစုထဲမှာ အားလုံး လှည့်လည်ယူဆောင်သွားနေကြတာပဲ။ ကျွန်တော်တို့မျက်နှာနဲ့ မိသားစုကို နွေးထွေးစေချင်ကြတယ်။ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ မျက်နှာတွေနဲ့ သားသမီးကို လူတန်းစေ့ ထားချင်ကြတယ်။ ကိုယ့်ရင်သွေးကို ကိုယ့်မျက်နှာထက် သာလွန်ပြည့်စုံတဲ့ မျက်နှာဖုံးပိုင်ရှင်လေးတွေ ဖြစ်စေချင်ကြတယ်။ မေးစရာရှိတာကတော့ ကျွန်တော်တို့ဟာ ဘယ်လိုမျက်နှာဖုံးတွေ တပ်ဆင်ခဲ့ကြပြီး ဘယ်လောက်အတုယူ အားကျစရာကောင်းတဲ့ မျက်နှာပိုင်ရှင်တွေ ဖြစ်ခဲ့ကြပါသလဲ။ ကျွန်တော်တို့အားလုံး ဘယ်လိုမျက်နှာဖုံးတွေ ရရှိခဲ့ကြပြီး ဘယ်လိုမျက်နှာဖုံးတွေ လက်ဆင့်ကမ်းနိုင်ခဲ့ ကြပါသလဲဆိုတာကိုပါ။ ဒီလိုပဲ ကျွန်တော်တို့ တွေးလိုက်ကြရအောင်ပါ။

တပ်ဆင်ထားတဲ့ ကိုယ်ပိုင်မျက်နှာတွေ ဖုံးကွယ်ထားနေရတဲ့ မျက်နှာဖုံးအတုတွေရဲ့ နောက်ကွယ်က စိတ်တွေ ကျွန်တော်တို့တစ် ဦးချင်းဆီမှာ ရှိနေခဲ့တယ်။ ကျွန်တော်တို့ ကိုယ်ပိုင်မျက်နှာပေါ်က အစစ်အမှန် စိတ်ထားဟာ ဘယ်လိုမှ ဖုံးကွယ်လို့မရတတ်ကြဘူး ဖြစ်နေတတ်တယ်။ အချိန်တန်ရင် မျက်နှာဖုံးဆိုတာ ကွာကျလာမှာပဲပေါ့။ တပ်ထားတဲ့ ရယ်ရွှင်ဖွယ်မျက်နှာဖုံးနောက်က ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်တွေဆိုတာ ကျွန်တော်တို့ လူ့ဘဝပတ်ဝန်းကျင်မှာ အများကြီးပေါ့။ ဟန်ဆောင်နေပြရတဲ့ ဘဝတွေ ကျွန်တော်တို့ အနီးအနားမှာ ထုနဲ့ထေးနဲ့ ရှိတာပေါ့။ အဲဒီလိုပဲ မင်းသားမျက်နှာဖုံးကို ခွာချလိုက်တဲ့အခါ ဘီလူးဟာ အစွယ်တဖွေးဖွေး ပေါ်လာသလို မကောင်းတဲ့အကျင့်စရိုက်ကို ဖုံးဖိဟန်ဆောင် နေကြသူတွေလည်း ရှိမှာပါပဲ။ မျက်နှာဖုံးဆိုတာက တကယ်တော့ အမြဲတမ်း အတုအယောင် ဆန်နေတတ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားကလွဲပြီး တခြားမျက်နှာဖုံးတစ်ခုကို တပ်ဆင်လိုက်တဲ့အခါ ဟန်ဆောင်ထားမှန်း သိပ်ကိုသိသာစေပါတယ်။ လိမ်လို့မရပါဘူး။ မျက်နှာဖုံးတွေဆိုတာ ကျွန်တော်တို့ လိုအပ်မယ်ထင်လို့ ကောက်ယူစွပ်ထားတဲ့ မျက်နှာအစစ်ကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ကြပေမယ့် တကယ်တော့ မလိုအပ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိပြီးသား ရိုးသားမှုပကတိမျက်နှာတွေ ပြုံးရွှင်ကြည်လင်တဲ့ ကိုယ်ပိုင်မျက်နှာတွေကသာ ပိုပြီးလိုအပ်နေဦးမှာပါ။

လူ့ဘဝဇာတ်ခုံမှာ ဆိုငိုကြေကွဲ ဝမ်းနည်းဖူးခဲ့တယ်။ ပျော်ရွှင်ကြည်နူး ချစ်ဖူးခဲ့လည်း ဆုံတွေ့ခဲ့သူတွေနဲ့လည်း ကွေကွင်းခြင်းဟာ အမြဲကပ်လျက် တည်ရှိနေပြန်တယ်။ ကျွန်တော်တို့အားလုံး လောကအလယ် ပျော်ခဲ့ချစ်ခဲ့ လွမ်းဆွတ်တသစိတ်တွေနဲ့သာ လူ့အဖြစ်ကို ကခဲ့ကြရတယ်မဟုတ်လား။ ကျွန်တော်တို့ဟာ တခြားသူမျက်နှာနဲ့ ဝင့်ထည်နေသူတွေလားဆိုတာကို ကိုယ်တိုင်ပြန်မေးကြရဦးမှာပါ။ ဒါဆိုလည်း အရိပ်အောက်က ရုန်းထကိုယ်ပိုင်မျက်နှာပေါ်က မျက်နှာဖုံးတွေကို ချွတ်ချလို့ ကိုယ်ပိုင်အပြုံးကို သန့်စင်စွာ ပြသနိုင်ပါစေလို့သာ ဆိုရတော့မှာပေါ့။ မိဘထက်သာလွန်သော သားသမီးတွေဖြစ်ပါစေလို့လည်း အစဉ်အဆက် မိဘတွေ ဆုတောင်းပေးခဲ့ကြတာပါပဲ။ လောကထဲက လူ့သက်တမ်း တိုတိုလေးထဲက ဘယ်အချိန် ပြန်လည်ပျောက်ကွယ်သွားမယ်ဆိုတာ ကျွန်တော်တို့တွေ တစ်ဦးတစ်ယောက်မှ ကြိုတင်မသိနိုင်ခဲ့ဘူးလေ။ ဒါကြောင့်မို့လည်း နောက်တစ်နေ့ အသစ်တွေထဲ ကျွန်တော်တို့မျက်နှာဖုံးတွေကို ချွတ်အိပ်လို့ မျက်နှာတွေကို ပကတိအတိုင်း ဆေးကြောသန့့်စင်ဖို့အတွက် ကောင်းမွန်စွာ အိပ်မက်က နိုးထရတော့မှာပဲ မဟုတ်ပါလား။

Most Read

Most Recent