ဉာဏ်စွမ်းမြှင့်ဖို့ လိုပါတယ်

ဉာဏ်စွမ်းမြှင့်ဖို့ လိုပါတယ်
Published 24 February 2018

Slumdog Millionaire ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခု

မြန်မာ့ရုပ်မြင်သံကြားကလာတဲ့ ဉာဏ်စမ်းပဟေဠိ အစီအစဉ်တွေကို စိတ်ဝင်စားမိလို့ မကြာခဏစောင့်ကြည့်တတ်ပါတယ်။ သိပ်မကြာသေးခင်ကပြသွားတဲ့ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်ဆိုတဲ့ အစီအစဉ်မှာ ပဉ္စမတန်းကလေးတွေနဲ့ နာမည်ကြီးအနုပညာရှင်တွေ အမေးအဖြေလုပ်ကြတာတွေလည်း ကြည့်ဖူးပါတယ်။ ကလေးတွေရဲ့ အမေးအဖြေလုပ်ချိန်မှာ ပြောကြတဲ့ “သားကိုရွေး သားကိုရွေး” ဆိုတာလေးတောင် ပြောစမှတ်ဖြစ်ရပါတယ်။ ပဟေဠိနန်းတော်ဆိုတဲ့ အစီအစဉ်လည်း ကြည့်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတော့ ဆုကြေးငွေကို အနိုင်ရသူက မဲနှိုက်ရတာဖြစ်လို့ ပိုပြီးရင်ခုန်ရပါတယ်။ ဆုကြေးများများပါတဲ့ နံပါတ်ပွင့်ဖို့ကို အနိုင်ရသူနဲ့ ထပ်တူရင်ခုန်ခံစားရလို့ လူကြိုက်များကြပါတယ်။

နောက်ထပ်အစီအစဉ်တစ်ခုဖြစ်တဲ့ မိသားစုပြိုင်ပွဲဆိုတာလည်း ရုပ်မြင်သံကြားမှာကြည့်ဖြစ်ပါတယ်။ အုပ်စုလိုက်ပြိုင်ကြတဲ့ ပွဲတွေဖြစ်တာကြောင့် တိုင်ပင်နှီးနှောနိုင်တဲ့ အခွင့်အရေးရကြလို့ ပျော်စရာကောင်းပြီး ပရိတ်သတ်တွေရဲ့အဖြေနဲ့ ပြန်တိုက်ကြည့်ရင်း ဖြေကြရလို့ ပျော်စရာလည်းကောင်းပါတယ်။ မိသားစုဖြစ်ဖြစ် မောင်နှမတွေဖြစ်ဖြစ် အုပ်စုလိုက် အတူဝင်ပြိုင်ကြလို့ ကြည့်သူတွေ နှစ်ခြိုက်ကြပါတယ်။

အခု နောက်ဆုံးပဟေဠိပြိုင်ပွဲကတော့ မန်းနီးဒရော့ Money Drop လို့ခေါ်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ပြိုင်သူများသလို ကြည့်သူလည်းများတဲ့အတွက် ဝေဖန်စရာတွေလည်း များပြားလာပါတယ်။ မေးခွန်းမေးရာမှာ အဖြေကို သုံးခုပေးထားတဲ့အထဲက မှန်တဲ့တစ်ခုကိုသာ ရွေးချယ်ဖြေဆိုရလို့ လွယ်တယ်လို့ထင်ရပါတယ်။ တကယ်တမ်း ဖြေဆိုတဲ့အခါမှာတော့ အချို့သောပြိုင်ပွဲဝင်သူတွေရဲ့ အမှားတွေဟာ မမှားသင့်တာ မှားရတာမျိုးတွေ မကြာခဏတွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိခင်အမည်ကိုမေးရာမှာ ဒေါ်နု၊ ဒေါ်စု၊ ဒေါ်ပုလို့ ရွေးချယ်ခိုင်းတဲ့အခါ ဒေါ်နုလို့ရွေးချယ်ပါတယ်။ အဖြေမှန် ဒေါ်စုလို့ထင်ပေမယ့် သမီးနာမည်ဖြစ်နေလို့ မဟုတ်ဘူးလို့ တွေးကြတာမျိုးပါပဲ။

ဟိုတစ်လောကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးသူ အာဇာနည်တွေကို မေးကြတဲ့အခါမှာ မှားတာမျိုးက မသိသာပေမယ့် ပြည်ထောင်စုနေ့ကို မှားဖြေတာမျိုးကတော့ တော်တော်ရုပ်ဆိုးပါတယ်။ မြန်မာပြည်တောင်ဘက်ဆုံးက မြို့နာမည်မေးရင်လည်း တလွဲဖြေကြပါရဲ့။ ကြည့်သူတွေမှာလည်း ဒီလိုမေးခွန်းမျိုးကို မဖြေနိုင်တဲ့အတွက် အားမလိုအားမရ ဖြစ်ကြပါတယ်။ ဗဟုသုတဆည်းပူးမှုမှာ နည်းပါးလာတာနဲ့အမျှ ဉာဏ်ရည်ဉာဏ်သွေးတွေလည်း လျော့နည်းကုန်တာလားလို့ တွေးမိပါတယ်။

ကျွန်မကိုယ်တွေ့ပြောရရင်တော့ ကျွန်မတို့ငယ်စဉ် ကိုးတန်း၊ ၁၀ တန်းမှာ ဝိဇ္ဇာဘာသာရပ်နဲ့ သိပ္ပံဘာသာရပ်ကို အတူတူတွဲဖက်သင်ကြရပါတယ်။ ဝိဇ္ဇာဘာသာတွေဖြစ်တဲ့ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ အကုန်မသင်မနေရ တွဲဖက်ထားတာဖြစ်ပါတယ်။ ကျွန်မထက် ငါးနှစ်ငယ်တဲ့ ညီမတွေခေတ်မှာတော့ ရှစ်တန်းအောင်ပြီးတဲ့နောက်မှာ ဝိဇ္ဇာနဲ့ သိပ္ပံဘာသာရပ်ကို ခွဲခြားလိုက်ပါတယ်။ ယေဘုယျအနေနဲ့ ရှစ်တန်းအောင်စာရင်းမှာ အမှတ်ကောင်းသူတွေက သိပ္ပံတွဲရပြီး အမှတ်နည်းသူတွေက ဝိဇ္ဇာတွဲကို ယူကြရပါတယ်။ သိပ္ပံတွဲမှာ ဘောဂဗေဒ၊ ပထဝီနဲ့ သမိုင်းဘာသာရပ် မပါဝင်တော့ဘဲ ဇီဝဗေဒဘာသာကို သင်ကြရပါတယ်။ ဒါ့ကြောင့် ၁၀ တန်းမှာ လိုင်းကောင်းရချင်တဲ့ညီမဟာ သိပ္ပံဘာသာရပ်တွေ အကုန်သိခဲ့ပေမယ့် မြန်မာ့သမိုင်းမသိပါဘူး။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး စစ်ပြေငြိမ်းရေးစာချုပ်ချုပ်တဲ့ ရန္တပိုရွာကို သူမသိပါဘူး။ အင်္ဂလိပ်လက်အောက်ကလွတ်ဖို့ အကြိုအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကျောင်းသားဘ၀ ၁၉၃၆ မှာ ဒုတိယကျောင်းသားသပိတ်ဖြစ်လာတာလည်း မသိပါဘူး။ မြစ်တွေအားလုံးဟာ မြောက်ကနေတောင်ဘက်ကို စီးဆင်းပေမယ့် တောင်ဘက်ကနေ မြောက်ဘက်ကိုစီးဆင်းတဲ့ မြစ်သာမြစ်ကို သူမသိပါဘူး။ မြန်မာပြည်ရဲ့ မြောက်ဘက်အစွန်းကျတဲ့ ပူတာအို နောင်မွန်းမြို့လေးကို မသိခဲ့ပါဘူး။

အခုအချိန်ထိလည်း ပညာရေးမှာ ဝိဇ္ဇာနဲ့ သိပ္ပံခွဲထားဆဲမို့ ကျွန်မသားတွေခေတ်မှာလည်း ပထဝီနဲ့ သမိုင်းကိုမသိကြပါဘူး။ ကျွန်မက ဗဟုသုတရအောင်လေ့လာကြ၊ ဖတ်ကြပါဆိုရင် စာမေးပွဲမှာပါမှာမဟုတ်ဘူးလို့ ပြန်ပြောတတ်ကြပါတယ်။ နောက်တော့လည်း ကိုယ်ပဲလက်လျှော့လိုက်ရပါတယ်။ ဒီဘာသာရပ်တွေကိုသာ စိတ်မဝင်စား၊ အချိန်မပေးရမယ့် ပရီမီးယာလိဂ်အသင်း ဘောလုံးပွဲတွေကျတော့ အချိန်ပြည့်အလွတ်ရကြပါတယ်။ ဗဟုသုတရှာဖွေဖို့နဲ့ စာဖတ်ဖို့ကို တော်တော်လေး အားနည်းကြပါတယ်။ ဒါ့ကြောင့်လည်း ဉာဏ်ရည်ဉာဏ်သွေးတွေ ကျကုန်တာလားလို့လည်း တွေးမိပါတယ်။

ပဟေဠိဖြေရင်း သန်းကြွယ်သူဌေးဖြစ်သွားတဲ့ ဆင်းရဲသားကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးလည်း တော်တော်ကောင်းပါတယ်။ ဒါရိုက်တာက Denial Boyle ဖြစ်ပြီး Dev Petel ပါဝင်တဲ့ Slumdog Millionaire ဆိုတဲ့ဇာတ်ကားကတော့ တကယ့်ကိုကြည့်သင်တဲ့ ကားလေးပါပဲ။ အိန္ဒိယနိုင်ငံမှာ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်တဲ့အချိန် ဆင်းရဲသားမိသားစုဝင်ဖြစ်တဲ့ ဂျမားတို့ညီအစ်ကိုဟာ အိမ်သာစောင့်၊ ပိုက်ဆံကောက်၊ ရေထည့် စတဲ့အလုပ်တွေတွေနဲ့ အမေ့ကို ရှာဖွေပေးကြပါတယ်။ အဓိကရုဏ်းကြောင့် မိခင်ကြီးလည်းသေဆုံးပြီး ရပ်ကွက်လည်း မီးလောင်လို့ နေစရာမရှိတော့တဲ့အတွက် ဖြစ်သလိုနေခဲ့ပါတယ်။ သူတို့ညီအစ်ကိုလိုပဲ အိမ်ရာ၊ မိဘမဲ့ လက်တီရှာဆိုတဲ့ ကလေးမတစ်ယောက်နဲ့လည်း အတူပူးပေါင်းမိကြပါတယ်။ ဂျမားကတော့ ကျောင်းကဆရာပြောတဲ့ လူစွမ်းကောင်းမျက်နှာဖုံးရှင် သုံးယောက်ဆိုတာကို သတိရပြီး ရွယ်တူသူငယ်ချင်းအဖြစ် အမှိုက်ပုံတွေမှာ အတူနေထိုင်ခဲ့ကြပါတယ်။

အမှိုက်ကောက်ရင်းနဲ့နေလာတဲ့ သူတို့သုံးယောက်ကို သူတောင်းစားဂိုဏ်းက ခေါ်သွားပြီးတော့ တောင်းရမ်းဖို့ ကဗျာတွေကိုသင်ပေးပါတယ်။ ဂျမားရဲ့အစ်ကိုက ကြီးကောင်ဝင်နေတော့ တပည့်အဖြစ် လက်စွဲစေခိုင်းပါတယ်။ ကလေးတွေထဲက ကဗျာရွတ်ဆိုသံ ကောင်းသူတွေကို မျက်လုံးအိမ်ထဲဆေးခတ်ပြီး ကန်းအောင်လုပ်ခိုင်းချိန်မှာ ဂျမားအလှည့်ရောက်ခါနီးတော့ ညီအစ်ကိုနှစ်ယောက် ထွက်ပြေးကြပါတယ်။ မီးရထားလမ်းမှာ ရထားပေါ် အရောက်တက်ပြေးနိုင်ပေမယ့် လက်တီရှာကတော့ သူတောင်းစားဂိုဏ်းမှာပဲ ကျန်နေခဲ့ပါတယ်။

ရထားနဲ့ထွက်ပြေးကြတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ ကြုံရာကျပန်း လုပ်ကိုင်စားရင်းနဲ့ အရွယ်ရောက်လာကြပါတယ်။ ဂျမားရဲ့အစ်ကိုကတော့ လက်ယဉ်ပြီးသားမို့ လူဆိုးပေါက်စတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဂျမားကတော့ တတ်နိုင်သမျှ ကောင်းတဲ့အလုပ်သာ လုပ်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက် ကလပ်တစ်ခုမှာ လူဆိုးတွေကိုဖျော်ဖြေနေရတဲ့ လက်တီရှာကို သွားတွေ့ကြပြီး ခေါ်ထုတ်လာခဲ့ပါတယ်။ ချောမောတဲ့လက်တီရှာကို သိမ်းပိုက်ချင်တဲ့အစ်ကိုနဲ့ စကားများကြပြီး ဂျမားဟာ အစ်ကိုဖြစ်သူနဲ့ လမ်းခွဲနေထိုင်ခဲ့ပါတယ်။

အင်တာနက်ကဖေးတစ်ခုမှာ အလုပ်လုပ်တဲ့ ဂျမားဟာ အစ်ကိုဖြစ်သူနဲ့ လက်တီရှာရဲ့အကြောင်း သိချင်တော့ အင်တာနက်ကနေ ဖုန်းဆက်ရှာဖွေပါတယ်။ အစ်ကိုနဲ့တွေ့ချိန်မှာတော့ လက်တီရှာကို သဘောကျတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ဦးဆီကို လွှဲပြောင်းပေးလိုက်တာ သိလိုက်ရတော့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လက်တီရှာနေတဲ့အိမ်အထိ သွားတွေ့ပြီး အခွင့်သာရင် ထွက်ပြေးခဲ့ဖို့နဲ့ ဘူတာကြီးမှာ ညနေတိုင်းစောင့်နေမယ်လို့ အသိပေးခဲ့ပါတယ်။ တစ်ရက်မှာတော့ လက်တီရှာဟာ ရောက်လာခဲ့ပေမယ့် ဂျမားနဲ့မတွေ့ခင်မှာပဲ သူဌေးရဲ့လူတွေ ပြန်ဖမ်းမိသွားခဲ့ပါတယ်။

ဂျမားဟာ ပဟေဠိဖြေတဲ့အစီအစဉ်မှာ ဝင်ဖြေရင်းနဲ့ အဖြေမှန်တွေရတဲ့အတွက် ပိုက်ဆံတွေ ပမာဏများလာပါတယ်။ ပိုက်ဆံကို နှစ်ဆရတဲ့မေးခွန်းတွေကိုဖြေရင်း ရူပီးတစ်သိန်းတန်မေးခွန်းအထိ ဖြေနိုင်ခဲ့ပါတယ်။ နောက်နေ့မှ ပဟေဠိကို ထပ်ပြီးရိုက်ကူးဖို့နားချိန်မှာ ဂျမားကိုခေါ်ပြီး ရဲနဲ့ ရိုက်နှက်စစ်ဆေးခဲ့ပါတယ်။ ဒီလို ရူပီးတစ်သန်းတန်မေးခွန်းကို ဘယ်လိုသိသလဲ။ အဖြေတွေ ဘယ်လိုရသလဲဆိုတာကို ဖော်ထုတ်စစ်ဆေးပါတယ်။ ဂျမားအနေနဲ့ ဘဝတစ်လျောက်လုံး ကြုံတွေ့လာရတဲ့ အခြေအနေတွေနဲ့ သူ့ရဲ့ဖြတ်ထိုးဉာဏ်ကြောင့် အဖြေမှန်ကိုသိကြောင်း ပြောပြလိုက်မှ ယုံကြည်သွားကြပါတယ်။

နောက်နေ့ ပဟေဠိရုပ်သံအစီအစဉ်မှာတော့ ဂျမားကိုသဘောကျတဲ့ ပရိတ်သတ်ကြီးဟာ ရုပ်မြင်သံကြားရှေ့မှာ ထိုင်စောင့်နေကြပါပြီ။ ဒီနေ့မေးမယ့်မေးခွန်းဟာ မူလရူပီးတစ်သိန်းကို အဖြေမှန်ရင် နှစ်ဆရမယ့် မေးခွန်းဖြစ်ပါတယ်။ ဂျမားကတော့ မေးခွန်းကို သတ္တိရှိရှိဖြေဆိုပြီးတော့ ရူပီးနှစ်သိန်းကို အရယူနိုင်တဲ့အပြင် ငယ်သူငယ်ချင်းနဲ့ ငယ်ချစ်လက်တီရှာနဲ့လည်း ပြန်လည်ပေါင်းဆုံနိုင်ခဲ့ပါတယ်။ ဂျမားရဲ့အစ်ကိုကတော့ လက်တီရှာကို လွတ်မြောက်အောင် လုပ်ပေးရင်းနဲ့သေဆုံးခဲ့ရပါတယ်။

မြန်မာပြည်က ပဟေဠိဖြေမယ့်သူများလည်း စာများများဖတ်ပြီး များများမှတ်ရင်းနဲ့ ဉာဏ်ရည်တိုးတက်အောင် ကျင့်နိုင်ကြပါစေသတည်း။

Most Read

Most Recent