အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြင်မဖွဲ့နိုင်တော့ဘူးလား

သြဂုတ် ၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သတင်းရယူနေသော ဂျာနယ်လစ်များအား တွေ့ရစဉ်

သမ္မတသက်တမ်း အတိုင်းသာဆိုသည့် ကော်မရှင်တစ်ခုသည် အစိုးရသစ် တစ်ဆက်ပြောင်း၍ တစ်နှစ်နှင့် လေးလသက်တမ်း ရှိလာချိန်အထိ ပြောင်းလဲပြင်ဆင်နိုင်မှု မရှိသေးသည်ကို သတိပြုမိသည့်ပြည်သူ နည်းပါလိမ့်မည်။

ထိုကော်မရှင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ Vision ဖြစ်သည့် အနှစ် ၂၀ အတွင်း စင်ကာပူ စီးပွားရေးကို ကျော်တက်ရေး အိပ်မက်အား အလဲထိုးနိုင်မည့် အရာများကို နှိမ်နင်းပေးမည့် တစ်ခုတည်းသောအရာ ဖြစ်သော်လည်း ယခင်အစိုးရဟောင်းက စိတ်ကြိုက်ခန့်အပ်ခဲ့မှုအပေါ် လက်ရှိအချိန်အထိ မပြင်ဆင်ခြင်းမှာ အံ့သြစရာ။

အခြားတစ်ဖက်တွင် ထိုကော်မရှင်သည် ယခင်သမ္မတ ဦးသိန်းစိန်၏ သက်တမ်းအတိုင်းသာ ဥပဒေက ခွင့်ပြုသဖြင့် လက်ရှိတွင် သက်မဲ့ကော်မရှင်ဟု ရည်ညွှန်းရမည့် အခြေအနေ။

၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ကိုယ့်အစိုးရမူဝါဒနှင့်အညီ ဖွဲ့စည်းနိုင်ရေး အခွင့်အရေး ပေးထားသော်လည်း ပြင်ဆင်မဖွဲ့စည်းဘဲ လွှတ်ပေးထားခြင်းမှာ လက်ရှိအစိုးရ၏ ကြွေးကြော်သံ ဖြစ်ခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်မည်ဆိုသည့် ဆောင်ပုဒ်ကို မေ့လျော့ပြီလားဟု ယူဆစရာရှိသလို လက်ရှိအစိုးရတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် စွမ်းဆောင်နိုင်သည့် အသိပညာရှင် အတတ်ပညာရှင် မရှိဟု ဆိုနေသလိုလို။

နိုင်ငံရေးအရ အဂတိလိုက်စားခြင်းနှင့် စီးပွားရေးအရ အကျင့်ပျက်ခြစားခြင်းတို့ ကြီးစိုးနေသည့်နိုင်ငံတွင် အစိုးရအဆက်ဆက် မြင်တွေ့ခဲ့ရသည့်ပုံစံများကို ဆက်လက်မြင်တွေ့ ခဲ့ရသော်လည်း ထောင်ဝင်စာသာ လိုက်တွေ့မည်ဆိုသည့် ပြောကြားမှုများသည် အလဟဿဖြစ်ကာ အရေးယူမှု တစ်စုံတစ်ရာ မမြင်ရခြင်းမှာလည်း ထိုသို့လုပ်ဆောင် လိုသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မပြင်သလိုလို။

ထို့ပြင် လာဘ်ပေးလာဘ်ယူမှုများကို လေ့လာပါက စားဝတ်နေရေး အဆင်မပြေမှုကြောင့်ဖြစ်သည့် အဂတိလိုက်စားမှု (Need Drive Corruption) နှင့် ချမ်းသာကြွယ်ဝလို၍ ဖြစ်သည့် အဂတိလိုက်စားမှု (Greed Drive Corruption) ဆိုကာ အကြမ်းဖျင်း ခွဲခြားနိုင်မည်ဖြစ်သည်။

စားဝတ်နေရေး အဆင်မပြေမှုကြောင့် ဖြစ်သည့် အဂတိလိုက်စားမှု (Need Drive Corruption) သည် လစာနည်းပါးခြင်းအပေါ် အခြေခံ၍ ရေရှည်တိုက်ဖျက်မှု လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်သော်လည်း ချမ်းသာကြွယ်ဝလို၍ဖြစ်သည့် အဂတိလိုက်စားမှု (Greed Drive Corruption) သည်ကား တည်ဆဲ ဥပဒေအရပင် စနစ်တကျ စစ်ဆေးအရေးယူနိုင်မည် ဖြစ်သော်လည်း လက်ရှိအချိန်အထိ လှုပ်ရှားမှုနတ္ထိ။

“ဒီဘက်ခေတ်မှာ နိုင်ငံရေးအရ အရေးယူမှု ဘယ်နှစ်ယောက်ရှိလို့လဲ။ ကျွန်တော်တော့ ထင်သလောက် မတွေ့ဘူး။ လူတွေကသာသိပ်လာဘ်စားတယ်။ နိုင်ငံတကာကလည်း ပြောတယ်။ ဒါပေမဲ့ တကယ်တမ်း အရေးယူမှု အင်မတန်နည်းတယ်။ ဘာဖြစ်လို့လဲ။ ဥပဒေမှာ ပါပြီးသားလေ။ တကယ်အရေးယူလို့မရတဲ့ အနေအထားတွေ ရှိနေသေးတယ်ဆိုတာ။ ရှင်းရှင်းပြောရရင် အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့အတွက် အဂတိ လိုက်စားနေကြသေးတာ” ဟု ဇူလိုင် ၁၅ ရက်မှာ DVB Debate မှ ကျင်းပသည့် အကျင့်ပျက်ခြစားမှုတွေကို ဘယ်လိုတိုက်ဖျက်မလဲ ဆွေးနွေးပွဲတွင် ဥပဒေအတိုင်ပင်ခံ ပညာရှင် ဦးသန်းမောင်က ယခင်အစိုးရ လက်ထက်နှင့် လက်ရှိအစိုးရကို နှိုင်းယှဉ်ဆွေးနွေးသည်။

 

အဂတိလိုက်စားမှုဆိုရာတွင်

အဂတိလိုက်စားမှု ဆိုသည်မှာ အများပြည်သူများ အကျိုးဆောင်ရန် ပေးအပ်ထားသည့် အာဏာနှင့် အခွင့်အရေးများကို ပုဂ္ဂလိက အကျိုးအမြတ်အတွက် အသုံးပြုခြင်းဟု ဒေါက်တာဦးမြင့်၏ အဂတိလိုက်စားမှု ကုထုံးစာတမ်းက ဖွင့်ဆိုသည်။ စာတမ်း၏ ရည်ညွှန်းချက်အရ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခံထားရသူ တစ်ယောက်က၊ သူတရားဝင် ရရှိထားသော အဆင့်နေရာနှင့် ရာထူးဌာနန္တရကို သူ့ကိုယ်ကျိုး စီးပွားအတွက် အသုံးပြုခြင်းပင်ဖြစ်သည်။

အဂတိလိုက်စားမှု ကုထုံးစာတမ်းအရ အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများတွင် အကျုံးဝင်သည့် ပြစ်မှုများမှာ (က) လာဘ်ပေးလာဘ်ယူခြင်း၊ (ခ) ခြိမ်းခြောက်ငွေညှစ်ခြင်း၊ (ဂ) လိမ်လည်ခြင်း၊ (ဃ) အလွဲသုံးစားလုပ်ခြင်း၊ (င) ဖော်လံဖား၍ အကျိုးစီးပွားရှာခြင်း (Nepotism)၊ (စ) သာတူညီမျှ ကောင်းစားရေး ဆောင်ရွက်ခြင်း (Cronyism)၊ (ဆ) အများပြည်သူပိုင် ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းနှင့် (ဇ) သြဇာသုံး အကြံအဖန် လုပ်ခြင်းတို့ဟု ဆိုသည်။

ထိုအဂတိလိုက်စားမှုမြောက်သည့် အပြုအမူများအနက် လိမ်လည်ခြင်းနှင့် အလွဲသုံးစား လုပ်ခြင်းတို့ကို ဒုတိယလူမပါဘဲ လုပ်ပိုင်ခွင့်အာဏာ ရရှိထားသူ အရာရှိတစ်ဦးတည်း ကျူးလွန်နိုင်သည်။ သို့သော် လာဘ်ပေး လာဘ်ယူခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းနှင့် သြဇာသုံး အကြံအဖန် လုပ်ခြင်းတို့ကဲ့သို့ အပြုအမူများတွင်မူ ပေးသူနှင့်ယူသူဟု ဘက်နှစ်ဖက် ပါဝင်ရကာ ယင်းတို့၏ လုပ်ဆောင်မှုများသည် အဂတိလိုက်စားမှုမြောက်သည့် ဆက်ဆံရေးတွင် ပါဝင်ကြသည်။

အဂတိလိုက်စားမှု ပြုသူများကို နှစ်ပိုင်းခွဲရာတွင် စားဝတ်နေရေးအတွက် အဂတိလိုက်စားမှုနှင့် စီးပွားဖြစ် အကျင့်ပျက်ခြစားမှုများကို ညွှန်းဆိုရမည်ဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်တွင် စားဝတ်နေရေးအတွက် လုပ်ဆောင်သည်ဟု ယူဆရသည့် အကျင့်ပျက်ခြစားမှု အသေးစားများကိုသာ ဖော်ထုတ်နိုင်ခဲ့ပြီး အကြီးစားဟု ဆိုရမည့် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေလက်ထက် မကွေးတိုင်း ရေနံလက်ယက်တွင်းမှ ပျောက်ရှခဲ့သည့် ငွေကြေးပြဿနာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ပါ နိုင်ငံရေး ရာထူးရှိသူ လာဘ်ပေးလာဘ်ယူ ပြုပါက ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည် ဆိုသည့်အချက် အသက်မ၀င်ရုံသာမက တိုးတိုးတိတ်တိတ် ပြီးသွားခဲ့သလိုလို။

မကွေးတိုင်းအတွင်း စာရင်းပျောက်နေသည့် ကျပ်သန်း ၇၀၀၀ ကျော်မှ ကျပ်သန်း ၃၀၀၀ ကျော်ကို ပြည်ခိုင်ဖြိုးပါတီနှင့် အဖွဲ့အစည်းနှစ်ခုအတွက် သုံးစွဲခဲ့မှု လက်ရှိအစိုးရအဖွဲ့ထံ ပြန်ပေးရန်နှင့် စည်းကမ်းဖောက်ဖျက်ပါက အရေးယူမည်ဟု မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဆိုခဲ့ပြီးနောက် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ငွေကျပ် ၁ ဒသမ ၇ ဘီလျံနှင့် ရွှေသုခ အသေးစား ငွေရေးကြေးရေးဆီ လွှဲပြောင်းထားသည့် ကျပ် ၁ ဒသမ ၅၇ ဘီလျံကို ပြန်ပေးမည်ဟု တုံ့ပြန်ထားသော်လည်း ကျန်နေသည့် ကျပ်လေးဘီလျံကျော်အတွက် လက်ရှိအချိန်အထိ အဖြေမထွက်သေးချေ။

ရွှေမှောင်ခိုတူးဖော်မှု၊ ကျောက်စိမ်းထုတ်လုပ်မှု၊ သစ်ခိုးထုတ်မှု၊ အမြဲတစေ ပိုင်ရှင်မဲ့ဖြစ်နေသော မူးယစ်ဆေးပြဿနာ၊ လယ်ယာမြေသိမ်းပြဿနာများ ဖော်ထုတ်ပါက လက်ရှိအစိုးရ၏ အမျိုးသား ရင်ကြားစေ့ရေး ကြိုးပမ်းမှုကို ထိခိုက်နိုင်သဖြင့် အစွမ်းကုန် ဖော်ထုတ်မှုမပြုဟု ပြည်သူများ ယူဆမှု ရှိနေချိန်တွင် အဂတိလိုက်စားမှု ပြဿနာသည်လည်း ရင်ကြားစေ့ရေး ပြဿနာကို ထိခိုက်နိုင်သည်ဟု ယူဆရမည့် အခြေအနေ။

အဘယ်ကြောင့်ဆိုသော် ပြည်သူများအကြား ဟိုးလေးတကျော် ဖြစ်ခဲ့ရသည့် အဂတိလိုက်စားမှုဆိုင်ရာ အငြင်းပွားမှုများတွင် အာဏာလက်ဝယ်ရှိနေသူများ ဖြစ်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းများက စနစ်တကျ စစ်ဆေးထုတ်ပြန်ပေးသည်ကို ပြည်သူများ မမြင်ခဲ့ရခြင်းကြောင့် ဖြစ်သည်။

လတ်တလောမှာပင် မြောက်ဒဂုံမြို့နယ် ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်း အပိုင်း (၂) အကောင်အထည် ဖော်နေသည့် မြေယာကိစ္စများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်း ဆိုသူက လာဘ်ငွေ ကျပ် ၁၂ သိန်းရယူခဲ့သည်ဟု စွပ်စွဲမှုများအပေါ် နှုတ်ဆိတ်နေမှုများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က ကျပ်သိန်း ၁၀၀ လာဘ်ယူသည်ဆိုသည့် စွပ်စွဲချက်များ တိတ်ဆိတ်နေမှုများကို ညွှန်းဆိုရမည်ဖြစ်သည်။

လာဘ်ယူသည် ဆိုသူများကို ပြည်သူများ သံသယရှင်းအောင် စနစ်တကျ မဖြေရှင်းရုံသာမက ငွေတောင်းခံ၍ လာဘ်ပေးရသည်ဆိုသူ မိုက်ကယ်ကျော်မြင့်အား အမှုပေါင်းများစွာနှင့် ထောင်တွင်းပို့ခဲ့သလို ဟိုတယ်ခရီး အမြဲတမ်း အတွင်းဝန်အပေါ် စွပ်စွဲမှုကိုလည်း ဟိုတယ်ခရီးကပင် ပြန်ရှင်းလင်းကာ စွပ်စွဲသူကို ဥပဒေကြောင်းအရ အရေးယူမည် ဆိုခဲ့ခြင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ တာဝန်များကို ကျော်လွန်လုပ်ဆောင်ခြင်း ဖြစ်သလို နောင်ဖော်ထုတ်မည့် အဂတိလိုက်စားမှုများကိုပါ မဖော်ထုတ်ရဲအောင် တားမြစ်လိုက်သလိုလို။

“အခုဖြစ်ပျက်ပုံက အုပ်ချုပ်ရေးယန္တရား အတွင်းက အကျင့်ပျက်လာဘ်စားမှုကို အုပ်ချုပ်ရေးယန္တရား အတွင်းမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြန်လည်စစ်ဆေးတဲ့သဘော ဖြစ်နေတယ်။ ကျွန်တော့်အမြင် ပြောရရင် သီးခြားလွတ်လပ်တဲ့ Body တစ်ခု လွှတ်တော်ကို တိုက်ရိုက်တာဝန်ခံရတဲ့ Independent Body တစ်ခုရှိတယ်ဆိုရင် သူ့အောက်မှာလည်း ယန္တရားတစ်ခု ရှိတယ်ဆိုရင် ဒီကိစ္စကို ကိုင်တွယ်ရတာက ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ ယူဆတယ်” ဟု ဆောင်းပါးရှင် ကိုဝက DVB Debate မှ ကျင်းပသည့် အကျင့်ပျက် ခြစားမှုတွေကို ဘယ်လိုတိုက်ဖျက်မလဲ ဆွေးနွေးပွဲတွင် ဆွေးနွေးသည်။

         

အဂတိလိုက်စားမှုတိုက်ဖျက်ရေး တိုးတက်တယ်လို့ ဆိုနိုင်ပြီလား

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စတင်ဖွဲ့ခဲ့သည့် ၂၀၁၄ ခုနှစ် မတ် ၁၀ ရက်မှ ၂၀၁၇ ခုနှစ် မေ ၃၁ ရက်အထိ တိုင်ကြားစာ ၃၂၉၈ စောင်ကျော် ရောက်ရှိခဲ့သည်။

သို့သော် ကော်မရှင်မှ စစ်ဆေးခဲ့သည်မှာ ၄၁ စောင်မျှသာရှိပြီး အများစုမှာ အသေးအဖွဲများသာ။

“လက်တွေ့အရေးယူတာမှာ တိုင်တာတောတာ စစ်ဆေးတာတွေ ကြည့်လိုက်လို့ရှိရင် တကယ့်ကို သေးသေးမွှားမွှား လေးတွေပဲစစ်တယ်။ အခုနက ပြောသလို နိုင်ငံရေးရာထူးနဲ့ အရေးယူတာ ဘယ်နှစ်ယောက် ရှိလို့လဲ။ ကျွန်တော်သိသလောက် ၀န်ကြီးတစ်ပါးတော့ ရှိဖူးတယ်။ ဒါပေမဲ့ ကျွန်တော် သိသလောက်တော့ တကယ်အရင်းအမြစ်မှာက အဂတိလိုက်စားမှု မဟုတ်ဘူး။ ဒါတွေ ကျွန်တော်တို့က အားမရဘူး” ဟု ဦးသန်းမောင်က ဆက်လက်ပြောဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားရန် လာဘ်ပေးရသူ၏ အချက်အလက် အပြည့်အစုံ လိုအပ်သည်။ သို့သော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင်ပင် လာဘ်ပေးသူနှင့် လာဘ်ယူသူအတွက် ထပ်တူညီသော ပြစ်ဒဏ်များ ပြဋ္ဌာန်းထားသဖြင့် မည်သို့သော လာဘ်ပေးသူက နာမည်၊ နေရပ်၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်ဖြင့် တိုင်ကြားဝံ့ပါ့မည်နည်း ဆိုသည်ကို တွေးချင့်စရာ။

တရုတ်နိုင်ငံအပါအ၀င် နိုင်ငံများတွင် လစာနှင့်မမျှတသည့် အသုံးအဆောင်များ သုံးစွဲနေမှုမြင်ရုံနှင့် စစ်ဆေးအရေးယူသည့် အချိန်တွင် မြန်မာနိုင်ငံတွင်ကား လာဘ်ပေးသူနှင့် လာဘ်ယူသူသည် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ထောင်ဒဏ်ကျခံရမည် ဆိုခြင်းသည် တိကျသော ပစ်စာအခြေအနေကို ရောက်ရှိစေပြီး NLD အစိုးရ၏ လွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပြင်ဆင်ရာတွင်လည်း အဓိက အားနည်းချက်များကို လှစ်ဟခဲ့ကာ အဖြစ်သာ ပြင်ဆင်ခဲ့သည်မှာ မည်သို့နည်းဟု တွေးချင်စရာ။

သို့သော် မြန်မာ့အဂတိလိုက်စားမှု ညွှန်းကိန်းသည်ကား လက်တွေ့ပပျောက်မှု မရှိသော်လည်း စာရွက်ထက်တွင်မတော့ တိုးတက်ပါသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှု အခြေအနေ ကမ္ဘာ့အမြင့်ဆုံးဖြစ်ကာ ၂၀၁၂ ခုနှစ် အတွက် အကျင့်ပျက်ခြစားမှု အခြေပြဇယား၌ နိုင်ငံပေါင်း ၁၇၇ နိုင်ငံတွင် မြန်မာနိုင်ငံသည် ရမှတ် ၁၀၀ တွင် ၁၅ မှတ်ဖြင့် အဆင့် ၁၇၂ နေရာ ရပ်တည်ကာ ခြစားမှုအမြင့်ဆုံး ငါးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် အဆင့် ၁၅၇ ရရှိခဲ့ပြီး ရမှတ်ပေါင်း၂၁ မှတ်ရရှိကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းပြီးသည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၄ နိုင်ငံအနက် အမှတ်ပေါင်း ၂၁ မှတ်ဖြင့် အဆင့် ၁၅၆ ပဲ ဖြစ်နေခဲ့ကာ ခြစားမှု အမြင့်ဆုံးနိုင်ငံ စာရင်းတွင် ပန်းပန်ဆဲပင်။ ၂၀၁၅ ခုနှစ် အကျင့်ပျက်ခြစားမှု ဇယားတွင်မတော့ နှစ်စဉ်ထက် နိုင်ငံ ၁၀ ခုခန့် လျှော့ချခဲ့ကာ နိုင်ငံပေါင်း ၁၆၈ နိုင်ငံကိုသာ လေ့လာခဲ့၍ မြန်မာနိုင်ငံသည် အဆင့် ၁၄၇ ၌ ရပ်တည်နိုင်ခဲ့သော်လည်း အဆင့်တက်မှုမှာ ဂုဏ်ယူစရာ အခြေအနေ ဖြစ်မလာခဲ့ဘဲ ရမှတ်၂၂ မှတ်သာ ဖြစ်၍ ဟန်ပြသာ တိုးတက်သည့် အခြေအနေ။

၂၀၁၆ ခုနှစ်တွင်မတော့ အဆင့် ၁၃၆ တွင် ရပ်တည်နိုင်ခဲ့သလို ရမှတ်တွင်လည်း ၂၈ မှတ်အထိ တက်လာခဲ့သည်။ သို့သော် ရင်နင့်စရာသည်ကား မြန်မာသည် အာဆီယံတွင် လာဘ်စားမှုအဆင့် (၉)။

“ကျွန်တော်တို့ မြန်မာနိုင်ငံက Transparency International ရဲ့ ညွှန်းကိန်းအရ ၂၀၁၆ ခုနှစ်မှာ အဆင့် ၁၃၆။ အရင်တုန်းက ၁၇၀၊ ၁၈၀ လောက်ကနေ အများကြီးတက်လာတာ။ ဒါပေမဲ့  ကျွန်တော်တို့ အားမရတာက ကျွန်တော်တို့က အာဆီယံ ၁၀ နိုင်ငံထဲမှာ ကျွန်တော်တို့က နံပါတ် (၉) ဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ အောက်မှာ ကမ္ဘောဒီးယား တစ်ခုတည်းပဲရှိတယ်။ ဆိုတော့ အားရစရာလည်း သိပ်မရှိဘူး” ဟု ကုန်သည်စက်မှု အသင်းချုပ် ဥပဒေအကြံပေး ဦးသန်းမောင်က ဆိုသည်။

 

လက်ရှိကော်မရှင် အသက်ဝင်နေသေးသလား

သီအိုရီအရ လွတ်လပ်ခွင့်ရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ဥက္ကဋ္ဌအဖြစ် ဦးမြ၀င်း အပါအ၀င် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး NLD အစိုးရ အာဏာလွှဲပြောင်း ရယူခဲ့သည့် ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် ဥပဒေအရပင် တရားဝင် သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည်။

“ဒီဥပဒေထဲမှာ ဒီကော်မရှင်ရဲ့ သက်တမ်းက နိုင်ငံတော်သမ္မတရဲ့ သက်တမ်းနဲ့ အတူတူပဲလို့ပြောတယ်။ ဒါပေမဲ့ နိုင်ငံတော် အစိုးရသက်တမ်း တစ်နှစ်ကျော်သွားတဲ့အထိ အရင်အစိုးရခန့်တဲ့ လူတွေပဲ ဖြစ်နေတယ်။ အဲဒီအထဲမှာ အချို့လည်း ကိုယ့်ဘာသာကိုယ် နုတ်ထွက်သွားတဲ့ သူတွေရှိတယ်။ ဒါပေမဲ့ အခုထိတော့ အစားမထိုးသေးဘူး။ နှိုင်းယှဉ်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အသစ်တွေ ခန့်နေတယ်။ ဘာဖြစ်လို့ ဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ ဘာလို့မဖွဲ့သေးတာလဲ မေးမိစရာ ဖြစ်လာတယ်။ နောက်တစ်ခုက ဒီဟာကြီးက အစိုးရ Body ကြီးသာရှိတာ။ သူ့အောက်မှာ စုံစမ်းရေးမှူးတို့ စုံစမ်းရေးအဖွဲ့တို့ ဆိုတာရှိတယ်။ အဲဒီလူတွေက ဘယ်သူဘယ်ဝါတွေမှန်းတောင် ကျွန်တော်တို့က သေချာမသိရဘူး။ အဲဒီလူတွေမှာ လုပ်ပိုင်ခွင့် ဘယ်လောက်ရှိလဲ။ အဲဒီစုံစမ်းရေးမှူး ဆိုတာတွေက ဌာနတစ်ခုဝင်သွားပြီး ပေးစမ်းစာရွက်လို့ပြောရင် လွယ်လွယ်ကူကူနဲ့ ပေးမယ့်သူတွေလား။ ဘယ်ရာထူးအဆင့်လဲ။ ဘယ်လောက်လုပ်ပိုင်ခွင့် ပေးထားလဲဆိုတာ ကြည့်လိုက်ရင် ကော်မရှင်ဝင်တွေရဲ့ ညည်းညူသံတွေ ကျွန်တော်တို့ ကြားရတယ်။ လက်တွေ့မှာ Theory ထက် Implementation က ပိုပြီးတော့ အရေးကြီးတယ်။ ဥပဒေရဲ့ အပြစ်မဟုတ်ဘူး။ ဥပဒေကို အကောင်အထည်ဖော်နိုင်တဲ့ စွမ်းအင်၊ စွမ်းအား၊ လက်နက်တွေ မပါတာ၊ မပေးသေးလို့ ယူဆတယ်” လို့ အတိုင်ပင်ခံ ဥပဒေပညာရှင် တစ်ဦးက ဆိုပါတယ်။

သက်တမ်းကုန်ဆုံးပြီ ဆိုသော်ငြား ကော်မရှင်သည် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြင်ဆင်ဖွဲ့စည်းပြီးချိန်တွင် ကော်မရှင်ကို ပြန်လည်ပြင်ဆင်မည်ဟု အာဏာရပါတီ NLD တာဝန်ရှိသူမှာက ပြောဆိုခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ တစ်နှစ်ပြည့်မည့် အချိန်အထိ ကော်မရှင်ပြင်ဆင်ဖွဲ့ စည်းနိုင်ခြင်းကား မရှိသေးချေ။

“တစ်နှစ်သက်တမ်း ကျော်သွားပြီ။ ထွက်တဲ့သူတွေလည်း ထွက်နေပြီဆိုတော့ အခုရှိနေတဲ့ အဖွဲ့ကြီးကတောင် ငါတို့က တရားဝင်သေးရဲ့လား မ၀င်တော့ဘူးလား အနေအထားမျိုးတွေ ဖြစ်နေတယ် ဆိုမှတော့ သူတို့ဆီ ရောက်လာတဲ့ တိုင်စာတွေကိုလည်း သူတို့ကိုင်တွယ်ဖို့ အရမ်းခက်ခဲတယ်။ နောက်တစ်ခုပေါ့ သူ့မှာ ဘယ်လောက်အထိ လုပ်ပိုင်ခွင့်အာဏာ ရှိသလဲ ဆိုတာကလည်း မေးစရာ ဖြစ်လာတယ်။ သူတို့က နာမည်ကြီးပဲရှိပြီး သူတို့ကိုင်တွယ်ရတဲ့ အဖွဲ့အစည်းကျတော့ သူတို့ကိုယ်တိုင် ကြောက်နေရတဲ့ အနေအထားမျိုးဆိုရင် သူတို့အပေါ် ဘယ်လောက်ကာ ဘာလုပ်ထားလဲဆိုတာ မေးစရာတွေချည်းပဲ” ဟု ဒေါ်ကြည်ပြာက အကျင့်ပျက်ခြစားမှုတွေကို ဘယ်လိုတိုက်ဖျက်မလဲ ဆွေးနွေးပွဲတွင် ပြောကြားသည်။

တည်ဆဲဥပဒေနှင့် နိုင်ငံ့အခြေအနေအရ အလွန်အမင်း လိုအပ်နေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကိုပင် လှစ်ဟထားသည့် လုပ်ရပ်မှာ ဝေဖန်ချင်စရာ ဖြစ်ခဲ့သလို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးအရေးယူရန် တင်ပြသည့် Report များမှာလည်း အထက်တာဝန်ရှိသူများလက်တွင် ဆိုင်းငံ့နေသည်ဟု ဆိုပြန်သည်။

“လက်ရှိလုပ်နေတာက ကျွန်တော့် ဆရာသမားတွေပါပဲ။ သူတို့ကိုယ်တိုင် ၀န်ခံတယ်။ Report တွေက အပေါ်ရောက်သွားရင် အကြောင်းကြောင်းကြောင့် ဆိုင်းသွားရတာ ရှိတယ်လို့။ အဂတိလိုက်စားမှုကို တိုက်ဖျက်ပါမယ်ဆိုမှ အဂတိတရားကို ကြောက်နေရတယ်လို့။ ဒီအခြေအနေမျိုးကို တွန်းလှန်ဖို့လိုတယ်” ဟု ပထမအကြိမ် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းမောင်(စစ်တွေ) က ပြောကြားသည်။

         

လာဘ်စားမှုတွေ မရှိတော့ဘူးလား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအစိုးရ လက်ထက်တွင် လာဘ်ပေးလာဘ်ယူကိစ္စတွေ ကျဆင်းသွားသည်ဟု စင်ကာပူနိုင်ငံ ချစ်ကြည်ရေးခရီးတွင် ပြောကြားခဲ့သည်။

“လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့အစိုးရ သက်တမ်းမှာ ကိုးလသာသာပဲရှိတယ် ဆိုပေမယ့် ကျဆင်းသွားတယ်လို့  ကျွန်မပြောရဲပါတယ်။ ကျွန်မအများပြည်သူဘက်က ကြားတဲ့စကားက ဘာလဲဆိုတော့ ၀န်ကြီးတွေကတော့ လာဘ်မစားတော့ဘူးတဲ့။ ဒါပေမဲ့ တချို့အောက်က လူတွေကတော့ လုပ်တုန်းပဲလို့တော့ ပြောတာတွေ ရှိပါတယ်။ ဒီတော့ ကျွန်မတို့ကတော့ အောက်က အရာရှိတွေရဲ့ လာဘ်ပေးလာဘ်ယူ လုပ်လို့ရှိရင် တိုင်ကြားဖို့ ဆိုပြီးတော့ တယ်လီဖုန်းနံပါတ်တွေ၊ E-mail လိပ်စာတွေ အွန်လိုင်းမှာ တင်ထားတာတွေ ရှိပါတယ်။ တိုင်နိုင်ပါတယ်။ တိုင်ဖို့လည်း လိုပါတယ်။ ဒါ ကိုယ့်ရဲ့တာဝန် ကိုယ်သိတာနော်။ ၀န်ကြီးတွေက လာဘ်မစားဘူး ဆိုပေမယ့် ၀န်ကြီးတွေကလည်း ၀ိဇ္ဇာတွေတော့ မဟုတ်ပါဘူး။ အောက်က ဘယ်သူလာဘ်စားနေတယ်ဆိုတာ အားလုံးတော့ သိမှာမဟုတ်ဘူး။ တင်ပြမှပဲသိမှာ။ တိုင်မှပဲသိမှာ။ ဒါကြောင့် ကျွန်မပြောချင်တာက သတိရှိရှိနဲ့ တိုင်ပါ။ ကိုယ်ကနေပြီးတော့ မလွှဲသာလို့ ဒါမှမဟုတ် အလျင်လိုလို့ ဆိုပြီးတော့ပေါ့။ နည်းနည်းလေး လာဘ်လေးထိုးလိုက်တယ် ဆိုလို့ရှိရင် ကိုယ့်မှာလည်း အပြစ်ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောပါ ကျွန်တော်တော့ မြန်မြန်ရချင်တာနဲ့ ဘယ်သူ့ကိုတော့ ဘယ်လောက် ပေးလိုက်ရတယ်ဆိုရင် အရေးယူပေးပါ့မယ်။ မတိုင်ရဲဘူး ဆိုလို့ရှိရင် ကျွန်မတို့ ဘယ်လိုအရေးယူမလဲ။ ဒါကြောင့် သတ္တိလေးကတော့ ရှိရမယ်။ ကျွန်မတို့ တတ်နိုင်သမျှ လုပ်ပေးမယ်။ ဒါပေမဲ့အားလုံး ဘာဖြစ်နေသလဲ ဆိုတာကတော့ တစ်ချိန်တည်း မြင်နိုင်ဖို့ ဆိုတာကတော့ လက်တွေ့ကျကျ မဖြစ်နိုင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သို့သော် လက်တွေ့တွင်မတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အပါအ၀င် ၀န်ထမ်းအကျင့်ပျက် ခြစားမှုများသည် ထူးခြားတိုးတက်မှု မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဝေဖန်သည်။

ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုများ၊ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရေး ပြည်ထောင်စုအစိုးရကို တိုက်တွန်းမှု ၂၀၁၆ ခုနှစ် သြဂုတ် ၉ ရက်၌ စတင်ဆွေးနွေးခဲ့မှု တစ်နှစ်ပြည့်လုအချိန်အထိ ထူးခြားသော တိုးတက်မှုမှာလည်း ပြည်သူများ လက်ရှိအချိန်အထိ တွေ့မြင်ရမှုမရှိ ပြန်ချေ။

လတ်တလောတွင်မတော့ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ စီမံချက်အရ ၀န်ထမ်းများ၏ ပိုင်ဆိုင်မှုများ ကြေညာရမည့် အချက်များ လုပ်ဆောင်ရန် ရှိနေသည်။ သို့သော် မေ့ဖျောက်ခံထားရသည့် ပိုင်ဆိုင်မှု ဥပဒေ (Property Tax) နှင့် အားနည်းချက်ရှိကာ လုပ်ပိုင်ခွင့်မရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို မပြင်ဆင်နိုင်သရွေ့တော့ အဂတိလိုက်စားမှုများသည် တိတ်ဆိတ်စွာ လာဘ်စားနေကြဦးမည် ဖြစ်သည်။

 

Writer: 
ဖြိုးဝေ