ဗဟိုဘဏ်ရဲ့ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာ စည်းမျဉ်းက ချေးငွေလိုတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ်တွေရဲ့ချေးငွေထုတ်ပေးမှုပုံစံကို အခက်အခဲဖြစ်စေနိုင်မလား

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲအား တွေ့ရစဉ်

မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးလုပ်ငန်းတွေရဲ့ အုပ်ထိန်းသူလို့ဆိုနိုင်တဲ့ ဗဟိုဘဏ်ကနေ ပြီးခဲ့တဲ့တစ်ပတ်က ဘဏ်လုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းတွေကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထဲမှာ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာ စည်းမျဉ်းပါဝင်ပြီး အဲဒီစည်းမျဉ်းက ဘဏ်တွေအားလုံးနဲ့ သက်ဆိုင်နေတာပါ။ ဒါက ချေးငွေများများ ရယူထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ဘဏ်တွေရဲ့ချေးငွေထုတ်ပေးတဲ့ပမာဏတွေကို ဗဟိုဘဏ်က တစ်စုတစ်စည်းတည်း မြင်တွေ့ရတော့မှာဖြစ်ပြီး ဘယ်လိုစိစစ်သုံးသပ်မလဲ၊ ဘဏ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်စေမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

“အရင်တုန်းကလည်း ဒီစည်းကမ်းမျိုးက ထုတ်တော့ထုတ်တာပဲ၊ ဒါပေမဲ့ သာမန်အနေမျိုးပေါ့။ အခုကျတော့ တကယ့်ကို သေချာအောင်ကို တင်းကျပ်မယ့်သဘောမျိုးဖြစ်တာပေါ့။ စည်းမျဉ်းအရ ပိုကျယ်ပြန့်လာတာပါ။ ပမာဏကြီးမားတဲ့ ချေးငွေဆိုတာ ကိုယ့်ရဲ့ မတည်ငွေရင်းရဲ့ ရာခိုင်နှုန်း ၂၀ ထက် ပိုလို့မရဘူးပေါ့။ အဲဒါလည်း Amount က များတယ်၊ ကိုယ့်ရဲ့ Capital များရင် များတာပေါ့။ ကမ္ဘောဇဆိုလည်း များတာပေါ့။ အဖွဲ့အစည်းတစ်ခုကို ချေးလိုက်တယ်ဆိုရင် ချေးငွေက များတယ်။ များတော့ အဖွဲ့အစည်းရဲ့ ခိုင်မာမှု၊ လုပ်ငန်းအခြေအနေတို့ကို ကိုယ့်ဘဏ်အနေနဲ့ သုံးသပ်တာပေါ့။ အခုတော့ ဗဟိုဘဏ် ပါလာတာပေါ့။ သူက ငွေချေးတဲ့ အဖွဲ့အစည်းအကြောင်းတွေ သိချင်တယ်။  နှိုက်နှိုက်ချွတ်ချွတ်ပေးမယ်၊ ပြုမယ်၊ သူ့ရပ် တည်ချက်အခြေအနေကို ကြည့်မယ်။ အကုန်လုံး သူပါလာတော့မယ်လေ။ အရင်ကတော့ သာမန်အနေနဲ့ပဲ၊ အခုဥပဒေထဲလည်း ပါတယ်။ အခုကျတော့ သူက သေချာ စိစစ်မယ်၊ ချေးငွေပေးသင့်၊ မပေးသင့်၊ သူ့ရဲ့ခိုင်မာမှု၊ နောက်ကွယ်မှာ ဘာရှိလဲ၊ သူရဲ့ ရေရှည် အခြေအနေ ဘယ်လိုရှိလဲဆိုတာ ဗဟိုဘဏ်က တောင်းတော့မှာပါ။ ဒါက ကောင်းပါတယ်။  ဘဏ်အနေနဲ့လည်း လိုလားပါတယ်။ ဘဏ်တစ်ခုတည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ဗဟိုဘဏ်က တင်းတင်းကျပ်ကျပ်နဲ့ ပြန် ကိုင်တွယ်တယ်လို့ ယူဆတယ်”လို့ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးသန်းလွင် (ယခင် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ် ဒု-ဥက္ကဋ္ဌ) က ပြောကြားပါတယ်။

ဘဏ်နဲ့ ငွေရေးကြေးရေးလုပ်ငန်း ပညာရှင် ဦးရဲမင်းဦး (ယခင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်အုပ်ချုပ်မှုဒါရိုက်တာ) ကလည်း “ဒီချေးငွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ဗဟိုဘဏ်ကို ပုံမှန်ပေးပို့ပေးရတော့မှာပေါ့။ အရင်က ဘဏ်တွေက ဗဟိုဘဏ်ကို ပို့တယ်ဆိုတာက ဘဏ်ရဲ့ဝင်ငွေ၊ ထွက်ငွေတွေနဲ့ အသုံးစရိတ် စတာတွေ ပို့ရတာပါ။ အခုက ငွေချေးထားတယ်ဆိုတဲ့ လူတွေမှာမှ ပမာဏများများ ချေးထားတဲ့သူတွေရဲ့ အချက်အလက်တွေကို သတ်မှတ်လအလိုက် ပို့ရမယ်ဆိုပြီးပါတယ်။ ပို့ရမယ်ဆိုတော့ ဘဏ်တွေကတော့ပို့မှာပေါ့။ ဒါပေမဲ့ ဗဟိုဘဏ်က ပို့လာတဲ့အချက်အလက်တွေ အပေါ်မူတည်ပြီး ဘာလုပ်မယ်ဆိုတာမသိဘူး။ လက်ရှိအထိ မသိရသေးဘူးပေါ့နော်။ အဲဒီမှာ ဗဟိုဘဏ်က တွေ့ရှိချက်တချို့ရှိ လာပြီးတော့ ဒီချေးငွေတွေကတော့ မသင့်တော်ဘူး၊ ဒီချေးငွေတွေက သင့်တော်တယ် စသဖြင့် မှတ်ချက်ပေးလာနိုင်တယ်။ ဒါမှမဟုတ် ဒီပုဂ္ဂိုလ်တွေတော့ မချေးနဲ့ဆိုပြီး ပြောမှာလား၊ ဒါမျိုးပေါ့နော်၊ ပြောလာနိုင်တယ်။ ဗဟိုဘဏ်က ဘာလုပ်မယ်ဆိုတာ မသိရသေးဘူး”လို့ ဆိုပါတယ်။

ဗဟိုဘဏ်က ပမာဏကြီးမားသော ကြွေးမြီများဆိုင်စည်းမျဉ်းကို အမိန့်ကြော်ငြာစာ အမှတ် ၁၈/၂၀၁၇ နဲ့ထုတ်ပြန်လိုက်တာဖြစ်ပြီး အဓိကအချက်က ဘဏ်က ပုဂ္ဂိုလ်တစ်ဦးဦး ဒါမှမဟုတ် စီးပွားရေးလုပ်ငန်း အုပ်စုတစ်ခုခု ဒါမှမဟုတ် ဆက်နွှယ်နေ တဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုခုကို ချေးငွေထုတ်ချေးရာမှာ မိမိရဲ့ အဓိကမ,တည်ငွေရင်းရဲ့ ရာခိုင်နှုန်း ၂၀ ထက် ပိုပြီးမထုတ်ချေးရလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဗဟိုဘဏ်က ချမှတ်ထားတဲ့ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအရ ဘဏ်တစ်ဘဏ် တည်ထောင်ဖို့ ကနဦးမ,တည်ရင်းနှီး ငွေအနည်းဆုံး ကျပ်ဘီလျံ ၂၀ ရှိရမှာဖြစ်ပြီး ဘဏ်လုပ်ငန်း အကြီးအသေးအပေါ် မူတည်ပြီး မတည်ရင်းနှီးငွေ ပမာဏကွာခြားသွားမှာ ဖြစ်ပါတယ်။ အပ်နှံငွေအများဆုံး လက်ခံ နိုင်တဲ့ ပမာဏကို အရင်က မ,တည် ရင်းနှီးငွေရဲ့ ၁၀ ဆလို့ သတ်မှတ်ခဲ့ပေမယ့် အခုတော့ အဲဒီစည်းမျဉ်းကို ပယ်ဖျက်ထားပါတယ်။ အပ်နှံငွေပမာဏရဲ့ ရာခိုင်နှုန်း ၈၀ ကို ထုတ်ချေးခွင့်ပြုထားပြီး ငွေဖြစ်လွယ်မှု အချိုးကို ရာခိုင်နှုန်း ၂၀ ထားရှိဖို့ သတ်မှတ်ထားတာပါ။ အခုသတ်မှတ်တဲ့ ပမာဏကြီးမားတဲ့ကြွေးမြီအရဆိုရင် အဓိက မ,တည် ငွေရင်း ကျပ် ၅၀ ဘီလျံရှိတဲ့ဘဏ်က ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခုကို ငွေထုတ်ချေးရင် ကျပ် ၁၀ ဘီလျံထက် ပိုလို့မရတော့တာပါ။

ပမာဏကြီးမားတဲ့ကြွေးမြီ ဆိုတာက ဘဏ်ရဲ့အဓိက မ,တည်ငွေရင်းရဲ့ ၁၀ ရာခိုင် နှုန်းနဲ့အထက် ကျော်လွန်ပြီး ပုဂ္ဂိုလ်တစ်ဦးဦး ဒါမှမဟုတ် မိတ်ဖက်အဖွဲ့အစည်း ဒါမှမဟုတ် ဆက်နွှယ်နေတဲ့ မိတ်ဖက် အဖွဲ့အစည်းကို ထုတ်ချေးတဲ့ချေးငွေကို ဆိုလိုတာပါ။ ဒီ စည်းမျဉ်းမှာ ဘဏ်ရဲ့ ပမာဏကြီးမားတဲ့ ကြွေးမြီအားလုံးရဲ့ စုစုပေါင်းက သက်ဆိုင်ရာဘဏ်ရဲ့ အဓိက မ,တည်ငွေရင်းရဲ့ ရှစ်ဆထက် မကျော်လွန်စေရဘူးလို့ သတ်မှတ်ထားပါတယ်။ ဒီစည်းမျဉ်းကြောင့် ချေးငွေ ယူထားတာများတဲ့ စီးပွားရေးလုပ်ငန်းတွေ အခက်အခဲဖြစ်မလား၊ ချေးငွေလိုချင်တဲ့ စီးပွားရေးလုပ်ငန်းတွေ အကျပ်ဆိုက်မလား ဒါမှမဟုတ် အဆင်ပြေမလားဆိုတာ စိတ်ဝင်စားစရာပါ။

ဦးသန်းလွင်က “စီးပွားရေးလုပ်ငန်းတွေ အတွက်တော့ ချေးငွေရယူမှုဆိုင်ရာ အခက်အခဲက သိပ်မရှိနိုင်ပါဘူး။ ဥပမာ ဗဟိုဘဏ်က အချက်အလက်တွေ ရလာတဲ့အခါ ဘဏ်တစ်ဘဏ်တည်းက ချေးဖို့ပိုက်ဆံ သိပ်များနေမယ်ဆိုရင် အကြံပေးလို့ရတာပေါ့၊ တစ်ဘဏ်တည်းက မချေးဘဲ ဘဏ်နှစ်ခုသုံး ခုပေါင်းပြီး ၀ိုင်းချေးကြ၊ ကိုယ့်ဘဏ်တင် မဟုတ်ဘဲ တခြားဘဏ်တွေလည်း ပါပစေ စသဖြင့် ဒီလိုလေးတွေ ပြောလို့ရတာပေါ့။ အဲဒီလိုလုပ်တဲ့အတွက် ဘဏ်တစ်ခုချင်းစီရဲ့ Risk တော့နည်းသွားတာပေါ့။ ကိုယ့်တစ်ယောက်တည်း တာဝန်မရှိတော့ဘူး။ အများနဲ့ဆိုတော့ ခေါင်းအေးအေး စဉ်းစားလို့ရပါတယ်။ ခေါင်းတစ်ခုတည်းထက် ခေါင်းသုံးလေးခု သုံးပြီးစဉ်းစားရင် ပိုပြီးကောင်းတာပေါ့။ အဲဒီအနေအထားမျိုး ရောက်သွား မယ်။ အခက်အခဲတော့မဖြစ်နိုင်ဘူး။ လုပ်ငန်းက တကယ်ကောင်းတယ်။ တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်။ ရေရှည်လည်း ကောင်းတယ်ဆိုရင် ဘဏ်ချေးငွေရမှာပါ” လို့ ထင်မြင်ချက်ပေးပါတယ်။

“အထိအခိုက်တော့မရှိဘူး၊ ဒါပေမဲ့ အရင်ကထက် နည်းနည်းတော့ ပိုခက်မှာပေါ့။ ပိုပြီးတိတိကျကျစစ်ဆေးမယ်၊ ဗဟိုဘဏ်အပေါ် မူတည်ပြီးတော့ ချေးငွေတွေက လွယ်မလား၊ ခက်မလား ဘယ်လိုဖြစ်မလဲ သိရလိမ့်မယ်။ ဘာရှိမလဲဆိုတော့ လူပုဂ္ဂိုလ် တစ်ဦး ဒါမှမဟုတ် ကုမ္ပဏီတစ်ခုက ဘဏ်ကနေ ချေးငွေယူရင် သူ့မြေကြီး တစ်ခုပေးမယ်ပေါ့။ သူ့မြေကလည်း အင်မတန် တန်ဖိုးရှိတော့ ပမာဏကြီးတဲ့ ချေးငွေတစ်ခု သူရသွားလိမ့်မယ်။ နောက်တစ်ဘဏ်မှာလည်း နောက်ထပ် မြေကွက်တစ်ကွက်နဲ့ သူသွားချေးမယ်။ အဲဒီမှာလည်း ချေးငွေရသွားမှာပဲ။ ဒါပေမဲ့ အဲဒီဘဏ်နှစ်ဘဏ်က တစ်ယောက်နဲ့တစ်ယောက် ဒီအချက်အလက်တွေကို ဖလှယ်မှာ မဟုတ်ဘူးလေ၊ ဒါပေမဲ့ အခုစနစ်အရဆိုရင် ဗဟိုဘဏ်က အဲဒီစာရင်းတွေ သိလိမ့်မယ်။ သွားတွေ့ရင် ဗဟိုဘဏ်က ကုမ္ပဏီတစ်ခုက ချေးငွေပမာဏ ဘယ်လောက်တောင် ချေးထားတယ်။ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ယောက်က ဘဏ်တွေအများကြီးမှာ ငွေဘယ်လောက်တောင် ချေးထားတယ်ဆိုတာ ဗဟိုဘဏ်မှာ သွားပေါ်လိမ့်မယ်။ သွားပေါ်ရင် ဗဟိုဘဏ်က ဒီကုမ္ပဏီ၊ ဒီပုဂ္ဂိုလ်တစ်ဦးက ဘဏ်တွေအတွက် စွန့်စားရမှု (risk) ဘယ်လောက်ရှိလဲ၊   ဒီစွန့်စားရနိုင်မှုအတွက် ဘဏ်တွေကို သတိပေးမှာလား၊ တားမြစ်မှာလား ဒါကို ဗဟိုဘဏ်ကပဲ ဆုံး ဖြတ်မှာပေါ့”လို့ သုံးသပ်ပါတယ်။

ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ အဓိက မ,တည်ငွေရင်း သို့မဟုတ် အလွှာ (၁) မ,တည်ငွေရင်းဆိုတာဟာ အပြည့်အ၀ ထည့်ဝင်တဲ့ သာမန်အစုရှယ်ယာတွေနဲ့ ထပ်တိုး စုဆောင်းထားခွင့်မရှိတဲ့ သက်တမ်း သတ်မှတ်ထားတာမရှိတဲ့ ဦးစားပေး အစုရှယ်ယာတွေ၊ မတည်ငွေရင်းမှ ခွင့်ပြုငွေတွေနဲ့ သတ်မှတ်ထားတဲ့နှစ်အတွင်း ဆုံးရှုံးငွေတွေ၊ နာမည်ကောင်းတန်ဖိုး၊ လုပ်ငန်း မလည်ပတ်မီ ကုန်ကျစရိတ်တွေ၊ ကြိုတင်ထုတ်ပေးတဲ့ ကုန်ကျစရိတ်တွေ၊ ရွှေ့ဆိုင်းထားတဲ့စရိတ်တွေ၊ ငှားရမ်းခွင့်တွေနဲ့ ထိတွေ့မရတဲ့ တခြားရရန်ပိုင်ခွင့်တွေကို နုတ်ပယ်ပြီး အများပြည်သူကို ထုတ်ဖော် ကြေညာတဲ့ သီးသန့်ငွေကို ဆိုလိုတာဖြစ်ပါတယ်။

ဆက်နွှယ်နေတဲ့ မိတ်ဖက်အဖွဲ့အစည်း ဆိုတာဟာ ဆက်နွှယ်နေတဲ့လူပုဂ္ဂိုလ်တွေ သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းတွေက လူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသူတွေ တွေ့ကြုံရတဲ့ ငွေရေးကြေးရေးပြဿနာတွေက တခြားသူတွေ ဒါမှမဟုတ် အားလုံးအပေါ် ဆိုးရွားတဲ့ ငွေရေးကြေးရေးပြဿနာတွေ ပေါ်ပေါက်စေတာကြောင့် အဲဒီပြဿနာတွေကို အကျိုးခံစားခွင့်ရှိသူ တစ်ဦးတည်းလို့ မှတ်ယူရမယ့် အပြန်အလှန် ဆက်စပ်မှု ရှိနေတာကို ဆိုလိုတာဖြစ်ပါတယ်။

အထူးသဖြင့် ဆက်နွှယ်သူတွေထဲက တစ်ဦးက တခြားသူတွေအပေါ် တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပဲဖြစ်ဖြစ်ထိန်းချုပ်နိုင်တာ၊ ဆက်နွှယ်သူတွေဟာတူညီတဲ့ မိခင် ကုမ္ပဏီရဲ့ လက်အောက်ခံကုမ္ပဏီတွေဖြစ်တာ၊ တူညီတဲ့စီမံခန့်ခွဲမှု အောက်မှာရှိတာ၊ အဲဒီထဲကတစ်ဦးက တခြားပုဂ္ဂိုလ်တစ်ဦး ဒါမှမဟုတ် အဖွဲ့အစည်းမှာ ၁၀ ရာခိုင်နှုန်း ထက်ကျော်လွန်တဲ့ အကျိုးစီးပွားရှိတာ၊ အပြန်အလှန် အာမခံတဲ့ သဘောတူညီချက် စာချုပ်ချုပ်ဆိုထားတာ၊ ဒါမှမဟုတ် တစ်ဆင့်ခံ ကန်ထရိုက်စာချုပ်တွေ၊ လုပ်ငန်းခွဲဝေ လုပ်ကိုင်မှုစာချုပ်၊ စသဖြင့် တစ်ဦးနဲ့ တစ်ဦး စီးပွားရေးလုပ်ငန်းတွေ အထူးဆက်နွှယ်မှု ရှိတာကို ဆိုလိုတာပါ။

ပမာဏကြီးမားတဲ့ကြွေးမြီ အချိုးအနေ နဲ့ ဘဏ် ဘဏ်ချင်း ချေးငွေထုတ်ချေးရာမှာလည်း စည်းမျဉ်းသတ်မှတ်ထားပြီး အာမခံ အပြည့်အ၀ရှိတဲ့ ချေးငွေတွေအတွက် ကန့်သတ်ချက် မရှိဆောင်ရွက်နိုင်ပေမယ့် အာမခံ မရှိတဲ့ချေးငွေတွေအတွက် ဘဏ်ရဲ့အဓိက မ,တည်ငွေရင်းရဲ့ ၁၀၀ ရာခိုင်နှုန်းအထိပဲ ကန့်သတ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အာမခံ အပြည့်အ၀ရှိတဲ့ချေးငွေဆိုတာက အစိုးရငွေ ချေးသက်သေခံ လက်မှတ်တွေနဲ့ အမေရိကန် ဒေါ်လာအပ်ငွေတွေကို အာမခံအဖြစ် ထားရှိဆောင်ရွက်တဲ့ချေးငွေကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒါ့ပြင် နိုင်ငံခြားဘဏ်ရဲ့ ဘဏ်ခွဲက သူ့ ရဲ့ပင်ရင်းဘဏ်ကို ထုတ်ချေးငွေတွေလည်း ပမာဏကြီးမားသော ကြွေးမြီ ကန့်သတ်ချက်နဲ့ အကျုံးဝင်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်လိုနိုင်ငံပိုင် ဘဏ်တွေအတွက် နိုင်ငံတော်အစိုးရရဲ့မူဝါဒအရ ထုတ်ချေးတဲ့ ချေးငွေတွေက ပမာဏကြီးမားသော ကြွေးမြီ ကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ရှိပေမယ့် နိုင်ငံပိုင်ဘဏ်တွေက နိုင်ငံတော်အစိုးရရဲ့မူဝါဒနဲ့ မသက်ဆိုင်ဘဲ ထုတ်ချေးတဲ့ချေးငွေတွေအားလုံးကတော့ ပမာဏကြီးမားတဲ့ ကြွေးမြီ ကန့်သတ်ချက်နဲ့ အကျုံးဝင်တယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဘဏ်အားလုံးက ပမာဏကြီးမားသော ကြွေးမြီဆိုင်ရာ သတင်းအချက်အလက်ကို သုံးလတစ်ကြိမ် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ပုံစံနဲ့ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေး ဌာနကို တင်ပြရမှာပါ။ ဘဏ်တစ်ဘဏ်အနေနဲ့ အဓိက မçတည်ငွေရင်းရဲ့ ရာခိုင်နှုန်း ၂၀ ထက် ကျော်လွန်ပြီး လူပုဂ္ဂိုလ်တစ်ဦးဦး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ထုတ်ချေးထားတဲ့ ကြွေးမြီတွေ ရှိတယ်ဆိုရင် စည်းမျဉ်းထုတ်ပြန်တဲ့နေ့ (၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်) မှစပြီး ရက်ပေါင်း ၉၀ အတွင်း အဲဒီ ကြွေးမြီကို လက်ခံနိုင်တဲ့ပမာဏအဖြစ် ထားရှိမယ့်အစီအစဉ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေး ဌာနသို့ တင်ပြဖို့ သတ်မှတ်ထားပါတယ်။

ဒီစည်းမျဉ်းကို ထုတ်ပြန်တဲ့နေ့ကတည်းက ချက်ချင်း အကျိုးသက်ရောက်ဖို့သတ်မှတ်ထားပြီး စည်းမျဉ်းကို လိုက်နာဖို့ပျက်ကွက်တယ်ဆိုရင် ဘဏ်က စည်းမျဉ်းကို ဖောက်ဖျက်တဲ့အတွက် ငွေရေးကြေးရေး အဖွဲ့အစည်း ဥပဒေပုဒ်မ ၉၄ နဲ့ ၉၆ ပါဘဏ်အား ပြန်လည်တည့်မတ်စေရန် အရေးယူဆောင်ရွက်ခြင်းနဲ့ အဆိုပါဥပဒေပုဒ်မ ၁၅၄ ပါ စီမံ ခန့်ခွဲရေးနည်းလမ်းတွေအရ အရေးယူခံရမှာပါ။

ဗဟိုဘဏ်ကို ဘဏ်ကကြွေးမြီတွေ ပြန်လည်ပေးဆပ်နိုင်မှု မရှိကြောင်း၊ ဘဏ်ရဲ့ပေးရန်တာဝန်တွေကို ဖြည့်ဆည်းဆောင်ရွက် နိုင်စွမ်း မရှိတော့ကြောင်း၊ ပေးဆပ်ရန်တာဝန်တွေထဲက ကြီးမားတဲ့အတိုင်းအတာကို ပြန်လည်ပေးဆပ်နိုင်စွမ်း မရှိတော့ကြောင်း၊ ငွေပေးချေမှုကို အတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့မယ်ဖြစ်ကြောင်း အကြောင်းကြားမယ်ဆိုရင် ဗဟိုဘဏ်က အဲဒီဘဏ်ကို တည့်မတ်ရေး အစီအစဉ်တွေ ချမှတ်သွားမှာဖြစ်ပါတယ်။

ဒါ့ပြင် ဗဟိုဘဏ်ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ရင် သတိပေးအကြောင်းကြားစာ ပေးပို့တဲ့ အဆင့်လည်း ရှိပါတယ်။ အဲဒီထဲက ငွေအပ်နှံသူတွေနဲ့ ငွေချေးငှားသူတွေနဲ့ အကျုံးဝင်တဲ့ အချက်တချို့ကတော့ ဘဏ်ရဲ့လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ငွေအပ်နှံသူတွေ၊ မြီရှင်တွေ ဒါမှမဟုတ် အများပြည်သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာအောင်ပြုလုပ်ရင်၊ ငွေရေးကြေးရေးပေးရန် တာဝန်တွေကို ပေးဆပ်ဖို့ အချိန်စေ့ရောက်ပေမယ့် ပေးချေမှု မပြုရင်၊ ပေးရန်တာဝန်အားလုံးကိုဖြစ်ဖြစ်၊ ကြီးမားတဲ့ အတိုင်းအတာတစ်ခုအထိဖြစ် ဖြစ်ပေးချေမှု မပြုနိုင်ဘူးဆိုရင် ဒါမှမဟုတ် ငွေပေးချေမှုကို အတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့မယ်ဆိုရင်၊ ဘဏ်ရဲ့ဒါရိုက်တာ၊ အမှုဆောင် အရာရှိ၊ အရာရှိတစ်ဦးဦးက ဘဏ်ရဲ့ အကျိုးစီးပွားကိုဖြစ်ဖြစ်၊ ငွေအပ်နှံသူတွေရဲ့ အကျိုးစီးပွားကိုဖြစ်ဖြစ် ထိခိုက်နစ်နာအောင် လုပ်ဆောင်ရင်၊ ဗဟိုဘဏ်က သတ်မှတ်တဲ့ စံသတ်မှတ်ချက်တွေဖြစ်တဲ့ ရရန်ပိုင်ခွင့် အရည်အသွေး စီမံခန့်ခွဲမှု၊ ၀င်ငွေရရှိမှု၊ ငွေကြေး လွယ်ကူမှု ဒါမှမဟုတ် ဈေးကွက်ဆုံးရှုံး နိုင်ခြေအပေါ် ခံနိုင်ရည်ရှိမှု စတာတွေကို ပြည့်မီအောင် လိုက်နာဖို့ ပျက်ကွက်ရင်၊ ဥပဒေ ဒါမှမဟုတ် ဗဟိုဘဏ်ရဲ့ စည်းမျဉ်း တစ်ရပ်ရပ်ပါ မ,တည် ရင်းနှီးငွေလိုအပ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ရင် ဒါမှမဟုတ် ပျက်ကွက်မယ့် အခြေအနေဖြစ်ပေါ်နေရင်၊ ဘဏ်လုပ်ငန်း စနစ်တစ်ရပ်လုံးရဲ့ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းရှိ ငွေအပ်နှံသူတွေအတွက် ဆုံးရှုံးနိုင်ခြေရှိသည့် လုပ်ငန်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်နေရင်၊ ဘဏ်က ကြွေးမြီ ပေးဆပ်နိုင်စွမ်းမရှိမှုနဲ့ ဘဏ်၏ စုစုပေါင်းရရန်ပိုင်ခွင့် တန်ဖိုးက စုစုပေါင်းပေးရန် တာဝန်ထက် လျော့နည်းနေရင်၊ ဘဏ်က လုပ်ငန်းဆောင်ရွက်ရာမှာ ဘဏ္ဍာနှစ် သုံးနှစ်ဆက်တိုက် အရှုံးပေါ်နေရင် စတဲ့အခြေအနေတွေမှာ သတိပေး အ       ကြောင်းကြားစာ ပို့သွားမှာဖြစ်ပြီး အဲဒီလိုပို့တာက ငွေအပ်နှံသူတွေ ဒါမှမဟုတ် မြီရှင်တွေရဲ့ အကျိုးစီးပွားကို ပိုပြီးအန္တရာယ် ဖြစ်နိုင်တယ်ဆိုရင် ဗဟိုဘဏ်က သတိပေး အကြောင်းကြားစာ မပို့တော့ဘဲ ပြန်လည်တည့်မတ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ တိုက်ရိုက်လုပ်ဆောင်နိုင်ပါတယ်။

ဗဟိုဘဏ်က ဘဏ်ကို သတိပေးအကြောင်းကြားစာ ထုတ်ပေးပြီးတာပဲဖြစ်ဖြစ် ဥပဒေပါပြဋ္ဌာန်းချက်တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး အကျုံးဝင်ရင်ဖြစ်ဖြစ် အရေးယူမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ အရေးယူမှုတွေကတော့ ဘဏ်ကို လုပ်ငန်းဆောင်ရွက်ချက်တစ်ခုခု ဒါမှမဟုတ် လုပ်ငန်းဆောင်ရွက်ချက် အမျိုးအစားတစ်ခုခုမှာ ၀င်ရောက် ဆောင်ရွက်မှု မပြုဖို့ သတိပေးတာ၊ တားမြစ်တာ၊ ဘဏ်ကို ဥပဒေ ကျူးလွန်ဖောက်ဖျက်မှု ဒါမှမဟုတ် စိတ်ချလုံခြုံမှု မရှိတဲ့ ဒါမှမဟုတ်  ခိုင်မာမှန်ကန်မှု မရှိတဲ့လုပ်ထုံးလုပ်နည်းတွေကို ရပ်စဲဖို့ ဒါမှမဟုတ် ရှောင်ကြဉ်ဖို့ညွှန်ကြားတာ၊ ဘဏ်ကို ဗဟိုဘဏ်က ညွှန်ကြားတဲ့အတိုင်း သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှု ပြုလုပ်ခိုင်းတာ၊ ထည့်ဝင်ပြီး မ,တည်ငွေရင်း တိုးမြှင့်တာကို အစုရှယ်ယာအသစ်များ ထုတ်ဝေရောင်းချမှုနဲ့ဖြစ်ဖြစ်၊ ထုတ်ဝေပြီး အစုရှယ်ယာမှ မပေးသွင်းရသေးတဲ့အပိုင်းကို ပေးသွင်းဖို့တောင်းဆိုမှုနဲ့ဖြစ်ဖြစ် တိုးမြှင့်ဖို့ ညွှန်ကြားတာ၊ ဘဏ်ရဲ့ မ,တည်ငွေရင်း လုံလောက်မှုအချိုး ဒါမှမဟုတ် ငွေကြေးလွယ်ကူမှု အချိုး တို့ကိုမြှင့်တင်တာ ဒါမှမဟုတ် ဘဏ်လုပ်ငန်း ဆောင်ရွက်မှုတွေအပေါ် တခြားကန့်သတ်ချက်တွေ ဒါမှမဟုတ် စည်းကမ်းချက်တွေကို ပိုမိုထားရှိ ဆောင်ရွက်ရေးအတွက် ဘဏ်ကို ညွှန်ကြားတာ၊ ဘဏ်ရဲ့လုပ်ငန်း အားလုံးကို ဖြစ်ဖြစ်၊ တချို့တစ်ဝက်ကိုဖြစ်ဖြစ် ရပ်ဆိုင်းစေတာ၊ အစုရှယ်ယာဝင်တွေရဲ့ ဆန္ဒမဲပေးပိုင်ခွင့် အပါအ၀င် အခွင့်အရေးတွေအားလုံးကိုဖြစ်ဖြစ်၊ တချို့ကိုဖြစ်ဖြစ်ရပ်ဆိုင်းတာ၊ ဘဏ်ရဲ့အစုရှယ်ယာဝင်ကို အမြတ်ငွေခွဲဝေမှုကိုဖြစ်ဖြစ်၊ ငွေထုတ်ယူခွင့်ကိုဖြစ်ဖြစ် တားမြစ်တာ စတာတွေ ပါဝင်ပါတယ်။

ဒါ့ပြင် အရေးယူမှုတွေထဲမှာ ဘဏ်ရဲ့ ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ်၊ အရာရှိကို ရာထူးမှရပ်ဆိုင်းတာ ဒါမှမဟုတ် လုပ်ငန်း ဆောင်ရွက်ခွင့်ကို အမြဲတမ်းပိတ်ပင်တာ၊ လုပ်ပိုင်ခွင့်ကို ကန့်သတ်တားမြစ်တာ၊ ပေးရမယ့် ခံစားခွင့် (စီမံခန့်ခွဲမှု စရိတ်နဲ့ အထူးချီးမြှင့်ငွေ အပါအ၀င်) ကို ကန့်သတ်တာ၊ ဘဏ်ရဲ့ အပ်နှံငွေလက်ခံတာ၊ ငွေထုတ်ချေးတာ၊ ကြိုတင်ချေးငွေပေးတာ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတို့အပေါ် ပိတ်ပင်တာ၊ ကန့်သတ်တာ၊ ဘဏ်ကို အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ဖို့၊ ဌာနတွင်းကြီးကြပ်မှု အစီအစဉ်နဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစနစ်တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ ညွှန်ကြားတာ၊ ဘဏ်ရဲ့လုပ်ငန်း ပမာဏကို လျှော့ချတာ၊ ပြည်တွင်းပြည်ပရှိ ဘဏ်တွေ၊ ဘဏ်ရုံးခွဲတွေတိုးချဲ့တာကို ကန့်သတ်တာ၊ ဘဏ်ခွဲတွေ၊ ဘဏ်ရုံးခွဲတွေ ပိတ်ဖို့ညွှန်ကြားတာ၊ အရည်အသွေးမပြည့်မီတဲ့ ရရန်ပိုင်ခွင့်တွေအတွက် လျာထားမှုကို တိုးမြှင့်စေတာ၊ ဘဏ်ရဲ့အစုရှယ်ယာဝင်တွေ ထုတ်ချေးထားတဲ့ ချေးငွေအတွက် အရင်းပြန်ဆပ်တာ ဒါမှမဟုတ် အတိုးပေးတာကို တားမြစ်တာ၊ ဘဏ်ရဲ့အရာရှိ၊ အမှုဆောင်အရာရှိချုပ်၊ ဒါရိုက်တာတစ်ဦးဦးကို ဗဟိုဘဏ်က အမိန့်စာဖြင့် ရာထူးတာဝန်မှ ထုတ်ပယ်တာ၊ ဗဟိုဘဏ်အမိန့်စာနဲ့ ဒါရိုက်တာအဖွဲ့ကို ရာထူးတာဝန်မှ ထုတ်ပယ်တာနဲ့ ဘဏ်ကို ထိန်းချုပ်မှုပြုပြီး ဘဏ်ကိုအုပ်ချုပ်ဖို့ ဗဟိုဘဏ်က သင့်တော်တယ်လို့ ယူဆသူ အုပ်ချုပ်သူကို ခန့်အပ်ဖို့လုပ်ငန်း လည်ပတ် လုပ်ကိုင်စေတာ၊ ဘဏ်ကို စတော့အိပ်ချိန်း စာရင်းဝင်အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ လျှောက်ထားစေတာ စတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီစည်းမျဉ်းကြောင့် လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၊ ဆက်နွှယ်နေတဲ့အဖွဲ့ အစည်းတစ်ခုက ဘဏ်တစ်ခုနဲ့တစ်ခုမသိဘဲ ဘဏ်တွေမှာ ငွေဘယ်လောက်ချေးထားမှန်း ဗဟိုဘဏ်က သိမြင်ခွင့်နဲ့ ဘဏ်တွေရဲ့ ချေး ငွေထုတ်ပေးပုံနည်းလမ်း စည်းမျဉ်းနဲ့ညီ၊ မ ညီ ဗဟိုဘဏ်က စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

“အခု ဗဟိုဘဏ်ကလည်း ထဲထဲဝင်ဝင် ရှိလာပြီး ကျွမ်းကျင်မှု အတိုင်းအတာကောင်းတယ်ဆိုရင် ဘာစုစည်းပေးမလဲဆိုတော့ ပုဂ္ဂလိက ဘဏ်တွေ၊ နိုင်ငံခြားဘဏ်တွေနဲ့ပေါင်းပြီးတော့ ဒီလိုလုပ်ကွာ၊ ဘယ်လိုလုပ်ကွာဆို ပြီး လုပ်လို့ရတယ်၊ ဘယ်ဘဏ်က ဘာဆိုတာ သိသွားမယ်။ အခု ဗဟိုဘဏ်က ဆရာကြီး နေရာယူဖို့ လုပ်တာပေါ့လေ၊ ချေးငွေ သိပ်များနေတယ်ဆိုရင် မင်းဘဏ်တစ်ဘဏ်တည်းတော့ မဖြစ်ဘူးထင်တယ်။ ချေးငွေက သိပ်များနေတယ်။ မ,တည်ငွေရင်း ရာခိုင်နှုန်း ၂၀ ထက်ကျော်ရင် မပေးနိုင်တော့ဘူး။ အဲဒီတော့ တခြားဘဏ်တွေနဲ့ စုစည်းပြီး လုပ်ပေါ့လို့ ပြောလာနိုင်တာပေါ့။ ဗဟိုဘဏ်ရဲ့ Role လည်း ပေါ်လာမှာပါ။ အရင်က ဗဟိုဘဏ် Role က သိပ်မပေါ်ဘူး။ ဘဏ်တစ်ခုခုက စည်းမျဉ်းချိုးဖောက်မှ အစည်း အဝေးတွေ ထလုပ်ရင်လုပ်တာ။ အခုကျတော့ မရတော့ဘူး။ သေချာစိစစ်မယ့် သဘော တွေ့လာပြီ။ အဲဒီလိုဆိုရင် ဗဟိုဘဏ်မှာလည်း ကျွမ်းကျင်မှုလိုလာပြီ၊ ဒီအတိုင်းကြီး ဆရာလုပ်လို့ မရဘူး၊ ဆရာလုပ်ရင် ကျွမ်းဖို့ လိုလာပြီ။ အဲဒီတော့ သူ့လူတွေကိုလည်း ပျိုးထောင်ရတော့မှာပါ။ အခုစနစ်က ဘဏ်တွေအတွက်လည်း Risk လျော့မယ်၊ ဗဟိုဘဏ်ကလည်း ဆရာကြီးဖြစ်မယ်ဆိုတော့ နှစ်ဦးနှစ်ဖက်အတွက် Win-Win ပါပဲ”လို့ ဦးသန်းလွင်က သုံးသပ်ပါတယ်။

ဦးရဲမင်းဦးကလည်း “ဗဟိုဘဏ်ရဲ့ အခုဆောင်ရွက်မှုက ပိုပြီးတော့ စနစ်တကျ ဖြစ်လာဖို့ရယ်၊ ပုဂ္ဂလိကဘဏ်တွေကို သူက ဘာကူညီရမလဲ သိချင်တာဖြစ်ပါတယ်။ ပုဂ္ဂလိက ဘဏ်တွေမှာ ဘာအခက်အခဲဖြစ်နေလဲ၊ တစ်ခုခု အလွန်အကျွံတွေဖြစ်နေလား၊ ထိန်းကျောင်းဖို့၊ ကူညီဖို့ ဒီလိုကြေညာချက်တွေ ထုတ်တယ်လို့မြင်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ Action ဆိုတဲ့ ဆင်ခြင်တုံတရားတော့ ပါလာမှာပေါ့။ Action ကို သူ ဘယ်လောက်ယူမလဲ၊ ယူလိုက်တာက ဘဏ် တွေအပေါ် ဘယ်လောက်သက်ရောက်မှုရှိ မလဲဆိုတာတော့ အရေးကြီးပါတယ်။ Report တွေတက်တော့မှ ဗဟိုဘဏ်က လက်တွေ့ဘာလုပ်မလဲဆိုတာ သိရမှာဖြစ်ပါတယ်”လို့ ထင်မြင်ချက်ပေးပါတယ်။

ပမာဏကြီးမားသောကြွေးမြီဆိုင်ရာ စည်းမျဉ်းကို ဘဏ်တွေလိုက်နာဖို့ ပျက်ကွက်ရင် ဗဟိုဘဏ်က အရေးယူစီမံနိုင်တဲ့အချက်တွေ အများကြီးရှိတာကြောင့် ဘဏ်တွေအနေနဲ့ စည်းမျဉ်းဘောင်ထဲမှာပဲ ဆောင်ရွက်ဖို့ကြိုးစားရမှာပါ။ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍမှာ ဗဟိုဘဏ်က သူ့ရဲ့အခန်းကဏ္ဍကို ထင်ထင်ပေါ်ပေါ်မြှင့်တင်လာတာဖြစ်ပြီး ဒီအစီအစဉ်က ဘဏ်လုပ်ငန်းတွေနဲ့ လူအများရဲ့ ဘဏ်ဝန်ဆောင်မှုတွေ သုံးစွဲမှုတိုးတက်ဖို့ အထောက်အကူပြုနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Writer: 
စည်သူအောင်