စီးပွားရေးသောကတို့က ဖန်တီးပေးလိုက်သော လီဆိုသို၏ ရွှေ့ပြောင်း အခြေချမျိုးဆက်များ

လီဆိုသိုနိုင်ငံ တောပိုင်းက တစ်ထပ်တိုက်ပုလေးထဲမှာ တီဆက်ဆိုလီသီကိုဆိုသူဟာ လူဝင်မှုကြီးကြပ်ရေးတံဆိပ်တွေ ပြည့်နေတဲ့ ပတ်စပို့ခြောက်ခုကို ဖြန့်ချထားတယ်။ ဒါတွေက အိမ်နီးချင်း တောင်အာဖရိကနိုင်ငံ နယ်ခြားကို သူအလီလီ အခါခါ ဖြတ်သန်းခဲ့တဲ့ အကြောင်းကို ပြနေတာပဲ။

သိုးထိန်းဟောင်းတစ်ဦးဖြစ်တဲ့ အဲဒီ အသက် ၃၁ နှစ်အရွယ် ရှိသူဟာ နှစ်တစ်နှစ်ရဲ့ အချိန်တော်တော်များများကို တောင်အာဖရိကနိုင်ငံမှာ ကုန်လွန်စေရတဲ့ လီဆိုသိုနိုင်ငံသား ၄၀၀,၀၀၀ ကျော်ထဲက တစ်ဦးပါပဲ။ သေးငယ်တဲ့ တောင်တန်းဒေသ နိုင်ငံငယ်လေးဖြစ်တဲ့ လီဆိုသိုမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး အလုပ်အကိုင်မရှိတာမို့ သူ့နိုင်ငံသားတွေဟာ တခြားတစ်နေရာရာမှာ အသက်ဆက်နိုင်ဖို့ ကြိုးပမ်းကြရပါတယ်။

“တောင်အာဖရိကကို သွားရတာဟာ ကျွန်တော့်အနေနဲ့ ရှောင်ရှားလို့မရတဲ့ တစ်စုံတစ်ရာ ဆိုပါတော့။ လီဆိုသိုမှာ ရွေးချယ်စရာက သိပ်ကို နည်းလှတယ်”လို့ လီသီကိုက ဆိုပါတယ်။

ဘယ်ဂျီယံနိုင်ငံ အရွယ်အစားလောက်ရှိတဲ့ လီဆိုသိုနိုင်ငံငယ်လေးကို တောင်အာဖရိကနိုင်ငံက ပတ်လည်ဝိုင်းထားပြီး လီဆိုသိုက ရွှေ့ပြောင်းအခြေချသူတွေဟာ ဟိုး ၁၈၈၀ ပြည့်လွန်နှစ်တွေကတည်းက ဂျိုဟန်နက်စဘတ်မှာ ရွှေရှာဖို့ သွားခဲ့ကြတာပါ။ လီဆိုသိုက ထောင်နဲ့ချီတဲ့ ယောက်ျားတွေဟာ မိုင်းတွင်းတွေမှာ အလုပ်လုပ်ဖို့ အလုပ်သမား စုဆောင်းတာကို ခံရပါတယ်။

သူ့အဖေနဲ့ သူ့အဘိုးဟာ သူတို့ဘ၀ရဲ့ အချိန်အများစုကို ဂျိုဟန်နက်စဘတ်မှာ မိုင်းတွင်းအလုပ်သမားတွေအဖြစ် ကုန်ဆုံးခဲ့ရတယ်လို့ လီသီကိုက ဆိုပါတယ်။ မိသားတစ်စုရဲ့ ယောက်ျားလေးတွေဟာ မျိုးဆက်အဆက်ဆက် ရွှေ့ပြောင်း လုပ်သားတွေအဖြစ် မဖြစ်မနေ လုပ်ကိုင်ခဲ့ရတာပါပဲ။

“လီဆိုသိုမှာက အလုပ်မရှိဘူး။ ပိုက်ဆံလည်း မရှိဘူး။ ဒါကြောင့် လူပေါင်းများစွာဟာ ကိုယ့်အိမ်မှာကိုယ် သက်သောင့်သက်သာ နေနိုင်မယ့် အရေးကို စတေးပြီး တောင်အာဖရိကမှာ အလုပ်သွားလုပ်ကြရတာပါ”လို့ လီသီကိုက ဆိုပါတယ်။

လီသီကိုဟာ အသက် ၂၂ နှစ်အရွယ်မှာ ဟာအာဘီယာလို့ခေါ်တဲ့ သူ့ရဲ့ရွာကလေးကနေ ထွက်ခွာခဲ့ရပါတယ်။ အစပိုင်းမှာတော့ နယ်ခြားကို တရားမ၀င်ဖြတ်ကျော်ပြီး လေဒီဘရန်း အနီးတစ်ဝိုက်က လယ်တောတွေမှာ ရာသီချိန် အလုပ်ကြမ်းသမားအဖြစ် လုပ်ကိုင်ခဲ့ရပါတယ်။

“ကျွန်တော် ပတ်စပို့တစ်ခုမရခင် ကျွန်တော့်ကို စုံစမ်းတွေ့ရှိ မသွားအောင် နေမထွက်ခင် တောင်တန်းကို ကျော်ပြီး သွားရပါတယ်။ ပြီးတော့ ညဘက်မှာ တိတ်တိတ်ကလေး ပြန်လာရပါတယ်”လို့ လီသီကိုက ပြောပြပါတယ်။

ဇွန် ၈ ရက်က မာဆီရူရှိ မာဆီရူတံတား နယ်ခြားစခန်း၌ လီဆိုသိုနှင့် တောင်အာဖရိကနယ်စပ်ကို ဖြတ်သန်းနေသော လူများနှင့် ကားများကို တွေ့ရစဉ် (Photo: AFP)

■ အိမ်သို့ ပိုက်ဆံပြန်ပို့ခြင်း

အခုအချိန်မှာတော့ မိုင်းတွင်းထဲမှာ လုံခြုံရေး အစောင့်ရာထူး ရနေပြီဖြစ်တဲ့ လီသီကိုဟာ ဂျိုဟန်နက်စဘတ်မြို့ အနောက်တောင်ဘက်က သဲတရှပ်ရှပ်နဲ့ မိုင်းတွင်းဒေသတစ်ခု ဖြစ်တဲ့ ကာလတန်ဗယ်လီက ရွှေတွင်းတစ်ခုမှာ ၂၄ နာရီကြာ အလှည့်နဲ့ ကင်းလှည့်တဲ့အလုပ်ကို လုပ်နေပါတယ်။

သီတင်းတစ်ပတ်ကို သူ ရတဲ့ ၅၅၀ ရန်း (အမေရိကန် ၄၁ ဒေါ်လာ) ကို စုထားပြီး လတိုင်းလတိုင်း အိမ်ကို ပိုက်ဆံပြန်ပို့ရပါတယ်။ သူ့မှာက မိန်းမနဲ့ ကလေးသုံးယောက် ရှိတယ်လေ။

ဒီငွေပမာဏက နည်းပါးလှပါတယ်။ ဒါပေမဲ့ စုစုပေါင်း လူဦးရေ နှစ်သန်းမှာ ၅၆ ဒသမ ၂ ရာခိုင်နှုန်းက အလွန်အမင်း ဆင်းရဲ မွဲတေမှုအဆင့်မှာ နေထိုင်နေရတဲ့ လီဆိုသိုမှာတော့ သိပ်ကိုများတယ်လို့ ဆိုနိုင်ပါတယ်။

ကမ္ဘာ့ဘဏ်က လီဆိုသိုနိုင်ငံရဲ့ အလုပ်လက်မဲ့ဖြစ်မှုနှုန်းဟာ ၂၄ နဲ့ ၂၈ ရာခိုင်နှုန်း အကြားမှာရှိတယ်လို့ ဖော်ပြပါတယ်။

သက်ဆိုင်ရာ အရာရှိတွေက လာဘ်ငွေတောင်းခံတတ်တယ်လို့ နာမည်ကြီးလှတဲ့ တောင်အာဖရိက လူဝင်မှုကြီးကြပ်ရေးရဲ့ ကြိုးနီစနစ်ကြောင့် အချိန်များစွာ ကြန့်ကြာမှုဖြစ်စေပြီး သေရေးရှင်ရေး အရေးကြီးနေမှန်း သိသာနေတဲ့ လီဆိုသိုက အလုပ်အကိုင်ရှာဖွေသူတွေဟာ ခေါင်းပုံဖြတ်ခံရတဲ့အပြင် လုပ်ခ နည်းနည်းလေးနဲ့ အလုပ်လုပ်ကြရပါတယ်။

“တောင်အာဖရိကမှာ ပါမစ်တစ်ခုရဖို့ဆိုတာ အလုပ်ရဖို့ထက် ပိုပြီးခက်ပါတယ်”လို့ လီသီကိုက ဆိုပါတယ်။

ပထ၀ီ အနေအထားအရ လီဆိုသိုကို တောင်အာဖရိကက ၀ိုင်းထားသလို ဖြစ်နေတာမို့ လီဆိုသိုနိုင်ငံသား ထောင်ပေါင်းများစွာဟာ နေ့စဉ် နယ်ခြားကိုဖြတ်ကျော်ပြီး တောင်အာဖရိကနိုင်ငံကို သွားရပါတယ်။ အလုပ်လုပ်ဖို့တင်မက ဈေးဝယ်ဖို့နဲ့ ကျောင်းတက်ဖို့လည်း သွားကြရပါတယ်။

အထည်အလိပ်လုပ်ငန်း ထွန်းကားလာပြီးတဲ့နောက် လီဆိုသိုအစိုးရဟာ အကြီးဆုံး အလုပ်ရှင်ဖြစ်လာပါတယ်။ အာဖရိက ဖွံ့ဖြိုးရေးနှင့် အခွင့်အလမ်းဆိုင်ရာအက်ဥပဒေ (AGOA) ကြောင့်လည်း လီဆိုသိုအနေနဲ့ အခွင့်အရေး ရလာပါတယ်။ အဲဒီ အက်ဥပဒေကြောင့် လီဆိုသိုဟာ ကုန်ပစ္စည်းတွေကို အမေရိကန်နိုင်ငံဆီ အကောက်ခွန်မဲ့ တင်ပို့ခွင့် ရပါတယ်။

အဲဒီအခွင့်အလမ်းကြောင့် အသက်ရှူ နည်းနည်းချောင်သွားပေမယ့် လီဆိုသိုနိုင်ငံရဲ့ မြင့်မားလှတဲ့ အလုပ်လက်မဲ့ဖြစ်မှုနှုန်းကြောင့် ဆင့်ပါးစပ် နှမ်းပက်သလောက်တောင် မရှိပါဘူး။

လီဆိုသိုနိုင်ငံမြို့တော် မာဆီရူမှာ ကုန်ပစ္စည်းပေါင်းစုံ ရောင်းချတဲ့ဆိုင်တွေနဲ့ ၀န်ဆောင်မှုတွေကြောင့် ပလက်ဖောင်းတွေ ပိတ်ဆို့ကုန်ပါတယ်။ စည်ကားလှတဲ့ တရားမ၀င် ဈေးကြီးတစ်ခု ဖြစ်လာတာပေါ့လေ။

နိုင်ငံသုံးငွေကြေးဖြစ်တဲ့ လိုတီကို တောင်အာဖရိကငွေကြေးဖြစ်တဲ့ ရန်းနဲ့ ပုံသေ ကန့်သတ်ထားတာမို့ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ ငွေကြေးလဲလှယ်မှုနှုန်း အတက်အကျကနေ အကျိုးအမြတ်လည်း မရဘူးလို့ လီသီကိုက ထောက်ပြပါတယ်။“ရန်းနဲ့ ငွေ ရရှိပေမယ့် တစ်နေကုန်သွားရင် ကျွန်တော့်အနေနဲ့က လီဆိုသိုမှာ အလုပ် လုပ်တဲ့ လူတစ်ယောက်နဲ့ ဘာမှ မကွာခြားပါဘူး”လို့ လီသီကိုက ရှင်းပြပါတယ်။

 

■ မှီခိုနေရသော စီးပွားရေး

စာရင်းဇယားတွေအရ ရွှေ့ပြောင်းအခြေချသူတွေဆီကနေ အိမ်ကိုပြန်လွှဲပေးတဲ့ ငွေကြေးက လီဆိုသိုနိုင်ငံ စီးပွားရေးရဲ့ ရာခိုင်နှုန်း ၃၀ အဖြစ် ဖွဲ့စည်းပါဝင်နေတယ်လို့ ဂျိုဟန်နက်စဘတ်မြို့ ၀စ်တက္ကသိုလ်အခြေစိုက် ရွှေ့ပြောင်းအခြေချမှုနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ အာဖရိကစင်တာက ဆိုပါတယ်။

ဂျီဒီပီအားနည်းလှတဲ့ လီဆိုသိုနိုင်ငံဟာ တောင်အာဖရိကက ရောက်လာတဲ့ အဲဒီငွေလွှဲတွေအပေါ်မှာ မှီခိုနေရတုန်းပါပဲ။ တခြား နိုင်ငံက ပို့လိုက်တဲ့ ငွေလွှဲတွေအပေါ်မှာပဲ အကြီးအကျယ် မှီခိုနေရတဲ့ စီးပွားရေးမျိုးရှိတဲ့ နိုင်ငံဟာ အကျိုးတရားအနေနဲ့ စီးပွားရေး အရရော နိုင်ငံရေးအရပါ အောက်တန်း နောက်တန်း ကျနေမှာပါပဲ။

ရှင်းလင်းဖို့ရာ စောင့်ဆိုင်းနေရတဲ့ ကုန်တင်ကားတန်း ရှည်ကြီးနဲ့ ၂၄ နာရီ ဖွင့်ထားတဲ့ နယ်ခြားစခန်းနှစ်ခုဟာ တောင်အာဖရိကနဲ့ လီဆိုသိုအကြား ကူးချည်သန်းချည် ဘယ်လောက်များလဲဆိုတာ သက်သေခံနေပါတယ်။

“နယ်ခြားမှာ လုပ်ငန်းဆောင်ရွက်ပုံက ခရီးသွားမှုကို လွယ်ကူစေပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ပတ်စပို့ကို တံဆိပ်တုံးထုခံရဖို့ စောင့်ဆိုင်းနေရတုန်းပါပဲ”လို့ လီသီကိုက ပြောပါတယ်။ သူက နှစ်နိုင်ငံအကြား ပတ်စပို့ ထိန်းချုပ်ထားမှုကို ဖျက်သိမ်းရမယ်လို့ တောင်းဆိုပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေ လှိုင်းလုံးကြီးတွေလို လှိမ့်လှိမ့်ပြီးဝင်လာတာကို ရင်ဆိုင်နေရတဲ့ တောင်အာဖရိကနိုင်ငံဟာ ၂၀၁၆ ခုနှစ် မှာ အထောက်အထား စာရွက်စာတမ်းပြုလုပ်ရေး အထူးလုပ်ငန်းစဉ် တစ်ရပ်ကို စတင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အကုန်မှာပဲ အဆုံးသတ်သွားခဲ့တဲ့ အဲဒီအစီအစဉ်က လျှောက်ထားသူပေါင်း ၁၂၇,၀၀၀ ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အစီအစဉ် အဆုံးသတ်သွားပေမယ့် အဲဒီပါမစ်က ၂၀၁၉ ခုနှစ်အကုန်အထိ တရားဝင်ပါတယ်။

Writer: 
နရီမင်း