ရန်ကုန်မြို့ရဲ့ အမှိုက်ပြဿနာ ဘယ်လိုရှင်းမလဲ

လူမှုရေးအဖွဲ့ပေါင်းစုံက ကျောက်တံတားမြို့နယ်အတွင်း အမှိုက်ကောက်လှုပ်ရှားမှု ပြုလုပ်နေသည်ကို ဇွန်လက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၎င်းရွေးကောက်ခံခဲ့သော ကော့မှူးမြို့၊ မြို့သစ်ရပ်ကွက်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နံနက် ၇ နာရီ၌ ကိုယ်တိုင်ဦးဆောင်၍ NLD ပါတီဝင်များ၊ ပြည်သူများ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း အမှိုက်ကောက်ခဲ့ကြသည့် ဖြစ်စဉ်အား အားလုံးသိရှိကြမည် ဖြစ်ပါသည်။

“ဒီနေ့မှာ အမှိုက်ကောက်သလို နောက်ရက်တွေမှာလည်း လုပ်ဆောင်ကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့ဝင်လမ်းတစ်လျှောက် အမှိုက်ကောက်နေသည့် ဒေသခံများအား တိုက်တွန်း ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တွင်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယခုနှစ်ဆန်းပိုင်းက ရန်ကုန်တက္ကသိုလ်အတွင်းတွင် အမှိုက်ကောက်သည့် လှုပ်ရှားမှုတစ်ခုကို ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ ပုံရိပ်များသည် လက်ရှိ အစိုးရအကြီးအကဲများ၏ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ မြို့တော်သန့်ရှင်းရေးအတွက် ဦးဆောင်လှုပ်ရှားမှုများ ဖြစ်သကဲ့သို့ အများပြည်သူ ပါဝင်လာအောင် ကြိုးပမ်းဆောင်ရွက်မှုများလည်း ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ၂၀၁၂ ခုနှစ်လေ့လာဆန်းစစ်ချက်အရ ရန်ကုန်မြို့နေ လူတစ်ဦးသည် တစ်ရက်လျှင် အမှိုက် သုည ဒသမ ၄ ကီလိုဂရမ် စွန့်ပစ်ကြသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရန်ကုန်တစ်မြို့လုံး လူဦးရေအားလုံး၏တစ်ရက် စွန့်ပစ်အမှိုက် တန် ၁၆၉၀ ရှိခဲ့ပြီး လက်ရှိတွင် ရန်ကုန်မြို့ တစ်မြို့လုံး၏ တစ်ရက်စွန့်ပစ်အမှိုက် တန်ချိန်သည် ၂၈၀၀ ၀န်းကျင်ကို ရောက်ရှိလာပြီ ဖြစ်သည်။ ထိုကဲ့သို့ ထွက်ရှိသည့်အမှိုက်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ပါသလား၊ ပြည်သူများကရော စနစ်တကျ စွန့်ပစ်ကြပါသလား။

 

စွန့်ပစ်အမှိုက်တွေ ဘယ်မှာပစ်

ရန်ကုန်မြို့နှင့်ပတ်သက်ပြီး စီမံခန့်ခွဲမှုများ၊ ကွပ်ကဲမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အဓိကကိုင်တွယ်ပြီး မြို့တော်၏ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းဆည်းခြင်း၊ အမှိုက်များကို စီမံခန့်ခွဲခြင်း စသည်တို့ကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက အဓိက ဆောင်ရွက်သည်။ ကော်မတီ၏အကြီးအကဲမှာ စည်ပင်သာယာရေး ၀န်ကြီးတာဝန်ကို ပူးတွဲယူထားသည့် ရန်ကုန်မြို့တော်ဝန် ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်ထွက်ရှိသည့် ပြည်သူလူထု စွန့်ပစ်အမှိုက်များ၊ စက်မှုဇုန်ထွက် အမှိုက်များကို နေ့စဉ်သိမ်းဆည်းသည့် တန်ချိန် ၂၈၀၀ ၀န်းကျင်ကို လှိုင်သာယာမြို့နယ် ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၊ ဒဂုံမြောက်မြို့နယ် ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၊ ရွှေပြည်သာမြို့နယ် ကျူချောင်မြို့နယ်အမှိုက်ပုံ၊ ဒလမြို့နယ် အမှိုက်ပုံ၊ ဆိပ်ကြီးခနောင်တို အမှိုက်ပုံတို့သို့ စွန့်ပစ်လျက်ရှိသည်။

လှိုင်သာယာမြို့နယ်က ရန်ကုန်မြို့မှာ အမှိုက်အများဆုံး စွန့်ပစ်တဲ့မြို့နယ်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိရသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ် ၃၃ မြို့နယ်မှာ လှိုင်သာယာမြို့နယ်သည် အမှိုက်အများဆုံးထွက်ရှိပြီး တစ်ရက်ကို အမှိုက်တန်ချိန် ၁၅၄ ဒသမ ၇၅ တန် ထွက်ရှိကြောင်း သိရသည်။

ဒုတိယအများဆုံးမြို့နယ်သည် သင်္ဃန်းကျွန်းမြို့နယ်ဖြစ်ပြီး တစ်ရက်ကို အမှိုက်တန်ချိန် ၁၃၃ ဒသမ ၅ တန်၊ မြောက်ဥက္ကလာပမြို့နယ်က တစ်ရက်ကို အမှိုက်တန်ချိန် ၁၃၀ ဒသမ ၅၉ ထွက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက စာရင်းများအရ သိရပါသည်။

 

ပုဂ္ဂလိကကိုလွှဲပြောင်းဖို့ ကြိုးစားခဲ့

အမှိုက်သိမ်းဝန်ဆောင်မှု လုပ်ငန်းကို ပုဂ္ဂလိကိုလွှဲပြောင်းရန် ၂၀၁၅ ခုနှစ်က စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်သံများ ထွက်ပေါ်ခဲ့သော်လည်း ယင်းသို့လွှဲပြောင်းရန်စီစဉ်ခြင်းမှာ မလုပ်နိုင်တော့၍ လွှဲပြောင်းခြင်း မဟုတ်ဘဲ အမှိုက်သိမ်းစနစ် ယခုထက် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ယင်းအချိန်က ပြန်လည်ရှင်းလင်းခဲ့သည်။

ထို့နောက် တင်ဒါတင်သွင်းခဲ့သော ကုမ္ပဏီများအနက်မှ  ရန်ကုန်အရှေ့ပိုင်းနှင့် တောင်ပိုင်းခရိုင်တို့အတွက် Zeya & Associates ကုမ္ပဏီနှင့် အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်တို့အတွက် TYTC(Australia) ကုမ္ပဏီတို့က လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားများတွင် စွန့်ပစ်သော အမှိုက်များအား သိမ်းဆည်းခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ၀န်ဆောင်မှုတွင် မပါသော်လည်း ယခုပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်ပါက အခြေခံအချက်အနေဖြင့် စည်ပင်က ၀န်ဆောင်မှုမပေးသော အိမ်နောက်ဖေးလမ်းကြား အမှိုက်များကို တာဝန်ယူသိမ်းဆည်းပေးခြင်း၊ အသုံးပြုမည့်ယာဉ် နှစ်ဆခန့် တိုးတက်များပြားလာခြင်း၊ အဆင့်မြင့်လာခြင်းနှင့် လူအင်အားထက် စက်ကိရိယာအင်အားကို များစွာအသုံးပြုရန် ကုမ္ပဏီများက စီစဉ်ထားသည်ဟု ဆိုသည်။

သို့သော် ယင်းသို့လွှဲပြောင်းမည့် ကိစ္စအပေါ် ရန်ကုန်မြို့နေပြည်သူများ၏ သဘောထားတောင်းခံခဲ့ရာ ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် အစီအစဉ်ရပ်ဆိုင်းခဲ့ရသည်။ သဘောမတူရခြင်းမှာလည်း ပုဂ္ဂလိကကို လွှဲပြောင်းမည့် အစီအစဉ်တွင် အမှိုက်သိမ်းဆည်းခ (သန့်ရှင်းရေးဆောင်ရွက်ခ)  အဖြစ် မြို့တွင်းမြို့နယ်များတွင် လက်ရှိစည်ပင်က ကောက်ခံနေသည့် တစ်လ ကျပ် ၆၀၀ မှ ကုမ္ပဏီများက ကျပ် ၁၆၀၀ သို့လည်းကောင်း၊ မြို့တွင်း ဆက်စပ်မြို့နယ်များအတွက် လက်ရှိ တစ်လလျှင် ကျပ် ၄၅၀ ကျပ်သို့လည်းကောင်း၊ ဆင်ခြေဖုံး မြို့နယ်များအတွက် လက်ရှိတစ်လလျှင် ကျပ် ၃၀၀ မှ ၁၂၀၀ သို့ တိုးမြှင့်မည်ဖြစ်ခြင်းကြောင့် ဖြစ်သည်။

အမှိုက်သိမ်းလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းသည် အကောင်းဆုံးဖြစ်သော်လည်း ပြည်သူများဝန်ပိမည်ဆိုပါက ပုဂ္ဂလိကသို့ ပေး၍မရကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖေဖော်ဝါရီ ၆ ရက်က ရန်ကုန်မြို့ရှိ UMFCCI ခန်းမ၌ ကျင်းပသည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအား ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အမှိုက်သိမ်းလုပ်ငန်းကို ပုဂ္ဂလိကကိုလွှဲတာ အကောင်းဆုံး။ သို့သော်လည်း စနစ်ကျဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ လွှဲတယ်ဆိုတာ လက်သိပ်ထိုးပြီး လက်သင့်ရာကို ပေးလို့မရဘူး။ တကယ်လုပ်နိုင်တဲ့သူရှိမယ်။ ကတိက၀တ်တွေရှိတယ်။ သူသည် အမြတ်ရတဲ့ လုပ်ငန်းဆိုရင်တောင်မှ ပြည်သူလူထုအပေါ်ကို ၀န်မပိရဘူး။ ၀န်ပိမယ့်လုပ်ငန်းဆိုရင်တော့ ငါတော့ ပုဂ္ဂလိက လုပ်ငန်းကိုပေးလို့ မရဘူး” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားများတွင် စွန့်ပစ်သော အမှိုက်များအား သိမ်းဆည်းခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ၀န်ဆောင်မှုတွင် မပါသော်လည်း ယခုပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်ပါက အခြေခံအချက်အနေဖြင့် စည်ပင်က၀န်ဆောင်မှု မပေးသော အိမ်နောက်ဖေးလမ်းကြား အမှိုက်များကို တာဝန်ယူသိမ်းဆည်းပေးခြင်း၊ အသုံးပြုမည့်ယာဉ် နှစ်ဆခန့် တိုးတက်များပြားလာခြင်း၊ အဆင့်မြင့်လာခြင်းနှင့် လူအင်အားထက် စက်ကိရိယာအင်အားကို များစွာအသုံးပြုမည်ရန် ကုမ္ပဏီများက စီစဉ်ထားကြောင်း သိရသည်။

 

ရန်ကုန်အမှိုက်ရှင်းဖို့ လူထုအားလိုတယ်  

ရန်ကုန်မြို့တွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးလျှင် လူ ၁၃၀၀ ၏ အမှိုက်များကို သိမ်းဆည်းနေရသဖြင့် ၀န်ထမ်းလို အပ်ချက်များရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာန မှူးဦးဇော်ဝင်းနိုင်က ဆိုသည်။

“ရန်ကုန်မြို့ရဲ့ လူဦးရေနဲ့ နေ့စဉ် ဌာနမှာဆောင်ရွက်နေတဲ့ ၀န်ထမ်းအရေအတွက် အချိုးအစားက မမျှတဘူးဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့လူဦးရေက တစ်နေ့တခြား များလာတယ်။ သန့်ရှင်းရေးဝန်ထမ်း တစ်ယောက်က ရန်ကုန်မြို့မှာ ပြည်သူလူထု ၁၃၀၀ လောက် စွန့်ပစ်တဲ့ဟာကို သန့်ရှင်းရေး ဆောင်ရွက်နေရတဲ့သဘောရှိတယ်။ အချိုးအစားကို ဖော်ပြတာ ဖြစ်ပါတယ်။ မြို့နယ်အလိုက် ခရိုင်အလိုက်ဆိုရင် ကျွန်တော်တို့ ရုံးလုပ်ငန်းကော အခွန်အကောက်ကော သန့်ရှင်းရေး ဆောင်ရွက်နေတဲ့ ၀န်ထမ်း ၄၀၀၀ ကျော်လောက် ရှိပါတယ်” ဟု ဦးဇော်ဝင်းနိုင်က ပြောကြားသည်။

ထို့ပြင် လက်ရှိအချိန်တွင် သန့်ရှင်းရေးဝန်ထမ်းလုပ်ကိုင်မည့်သူ နည်းပါးနေသဖြင့် စက်ယန္တရားများကို ဖြည့်ဆည်းနိုင်ပါက သန့်ရှင်းရေးလုပ်ကိုင်မည့် လူအင်အားကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သန့်ရှင်းရေးဝန်ထမ်းတွေ ထပ်ခန့်ဖို့ကတော့ အမှိုက်သိမ်းကားတွေ လုံလောက်စွာရလာမယ်၊ စက်ယန္တရားတွေ ရလာမယ်ဆိုရင်တော့ အခုလူအားနဲ့ အသုံးပြုတဲ့နေရာမှာ စက်ယန္တရားနဲ့ အသုံးပြုနိုင်မယ်ဆိုရင် တစ်ဖက်က၀န်ထမ်း အင်အားလျှော့ချခန့်ထားလို့ ရပါတယ်။ သန့်ရှင်းရေးဝန်ထမ်းခန့်တဲ့ နေရာမှာ အခက်အခဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများမလုပ်ချင်တဲ့ဟာကို လုပ်ရတာဖြစ်တယ်။ အခုလုပ်နေတဲ့ ၀န်ထမ်းတွေက ဘာကြောင့်လုပ်လဲဆိုတော့ ရန်ကုန်မှာသူတို့အတွက် နေစရာပေးထားလို့ ဖြစ်တယ်။ သန့်ရှင်းရေး အလုပ်သမားတွေက နေ့စားပဲရတာဖြစ်တယ်။ အမှိုက်ကထွက်လာတဲ့ ပစ္စည်းတွေကို ပြန်ရောင်းပြီးတော့ အခက်အခဲကို ဖြေရှင်းကြတယ်။ အဓိက,က သူတို့လုပ်နေတာက နေစရာရလို့ ဖြစ်တယ်” ဟု ဦးဇော်ဝင်းနိုင်က ဆိုသည်။

ရန်ကုန်မြို့ သာယာလှပရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအပြင် ပြည်သူများကလည်း အမှိုက်စွန့်ပစ်ရာတွင် စနစ်တကျစွန့်ပစ်မှုဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အမှိုက်သိမ်း စနစ်ကောင်းမွန်ရေး တိုင်းအစိုးရ ဆောင်ရွက်မယ်

မြန်မာနိုင်ငံအနေဖြင့် နှစ် ၅၀ ကျော် လောက်နောက်ကျခဲ့ကြောင်း၊ ရန်ကုန်မြို့၌ အရေးကြီးဆုံးလို့ ပြောရမည့် နယ်ပယ်အသီးသီးတွင်လို အပ်ချက်များရှိနေကြောင်း၊ ရန်ကုန်မြို့၏ မြို့ပြစီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်ရန်၊ ရေစီးရေလာ ကောင်းမွန်ရန်၊ အမှိုက်သိမ်းစနစ် ကောင်းမွန်ရန်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကိစ္စရပ်များသည် ရန်ကုန်မြို့ပေါ်၌ အရေးကြီးသည့် ကိစ္စရပ်များဖြစ်ကြောင်း၊ အဆိုပါနယ်ပယ်အသီးသီးအား တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကိုင်တွယ်ဆောင်ရွက်နေကြောင်း 14th Hitachi Young Leaders Intiative (HYLI) ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်  ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဆက်လက်ပြီး ၀န်ကြီးချုပ်က ယင်းအခမ်းအနားတွင်ပင် ရန်ကုန်မြို့သစ်တည်ဆောက်ရေး ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြောကြားမှုများ ရှိခဲ့သည်။

“ရန်ကုန်မြို့တော်ဟာ လူဦးရေ သိပ်သည်းဆအလွန်အင်မတန်ကို များပြားနေတဲ့အခြေအနေမှာ ရောက်နေပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်မြို့ကို တိုးချဲ့တည်ဆောက်ဖို့ ပြင်ဆင်ထားပါတယ်။ တိုးချဲ့တည်ဆောက်ဖို့ ပြင်ဆင်ထားတဲ့အထဲက ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ခြမ်းကို ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့ဟာ ရန်ကုန်မြစ်ရဲ့တစ်ဖက်မှာပဲ ရှိပါတယ်။ ရန်ကုန်မြစ်ရဲ့ တစ်ဖက်ခြမ်းဟာ ဖွံ့ဖြိုးတိုးတက်မှု မရှိပါဘူး။ ဒါကြောင့်မို့ ရန်ကုန်မြစ်ရဲ့ တစ်ဖက်ခြမ်းကို လွယ်ကူစွာသွားလာနိုင်ဖို့အတွက် တံတားတွေ၊  မြေအောက်လမ်းများ တည်ဖို့အတွက် ပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေတွေသာ ဖြစ်လာမယ်ဆိုရင် ရန်ကုန်မြစ်ကအလယ်မှာရှိပြီး ရန်ကုန်မြို့ဟာမြစ်ရဲ့ တစ်ဖက်တစ်ချက်မှာတည်ရှိနေတဲ့ လှပတဲ့မြို့အဖြစ်တည်ဆောက်ဖို့ ရည်ရွယ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းအတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဆက်လက်ပြောကြားသည်။

“ရန်ကုန်တိုင်းဟာ လူဦးရေ ၇ ဒသမ ၄ သန်းရှိပါတယ်။ ရန်ကုန်မြို့တော်ကြီးမှာ ငါးသန်းခန့်နေထိုင်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့တော်ကြီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သလိုပဲ ရန်ကုန်မြို့တော်နဲ့ နီးစပ်နေတဲ့ မြို့နယ်တွေ တော်တော်များများကို အချိုးညီ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုမလုပ်ဘူးဆိုရင် နယ်မြို့တွေကနေပြီး ရန်ကုန်ကို ၀င်လာနိုင်ပါတယ်။ အခုလည်း ရန်ကုန်မြို့ကို ၀င်ရောက်လာတဲ့သူတွေ ရှိပါတယ်။ ဒီအတွက် စက်မှုဇုန်တွေမှာ ကျူးကျော်တာတွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ကြုံတွေ့နိုင်သည့် ငွေကြေးရင်းနှီး မြှုပ်နှံမှုနှင့် ပတ်သက်ပြီး World bank ,IMF,IFC တို့မှ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဇူလိုင် ၁၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်မြို့သစ်စီမံကိန်းအား လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါနည်းလမ်းများဖြင့် အစိုးရ၏ ဆောင်ရွက်မှု ရာခိုင်နှုန်း ၁၀၀ ဖြစ်သော Corporation သည် ပုံစံဖြင့် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး New Yangon Development Corpration သည် အထူးကုမ္ပဏီ ဖွဲ့စည်းမှုဥပဒေအရ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်လာမည်ဖြစ်ပြီး၊ ရန်ကုန်မြို့သစ်စီမံကိန်းတွင် လျှပ်စစ်လုပ်ငန်းနှင့်ပတ်သက်၍ သီးခြားထုတ်လွှတ်မှု၊ သီးခြားဆက်သွယ်မှုလိုင်းနှင့် ရေရရှိရေးကိုလည်း PPP စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ် မေ ၂၈ ရက်တွင် မူလစာချုပ်ချုပ်ဆိုခဲ့သော ကုမ္ပဏီသုံးခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ခေါ်ယူညှိနှိုင်းခဲ့ကြောင်း၊ ညှိနှိုင်းမှုအရ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် စီမံကိန်းပမာဏကြီးမား ကျယ်ပြန့်ခြင်း၊ ပြည်သူလူထု၏ လူနေမှုဘ၀မြင့်မားစေရေး အထောက်အကူပြုစေမည့် စီမံကိန်းဖြစ်ခြင်း၊ မဟာရန်ကုန်၏ အနာဂတ်စီမံကိန်း ရည်မှန်းချက်ဖြစ်သော ဖွံ့ဖြိုးမှု နောက်ကျလျက်ရှိသော ဒေသများကို တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရေး၊ ကုမ္ပဏီ အနည်းငယ်မှ လက်ဝါးကြီးအုပ် လုပ်ကိုင်မည့်အစား နိုင်ငံသား လုပ်ငန်းရှင်အများ ပါဝင်လုပ်ကိုင်ခွင့် ရရှိရေးတို့ကို ရှေးရှုပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သစ်မှ ကြီးကြပ်ပြီးဆောင်ရွက်သွားရန် ယခင်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Consortium ကုမ္ပဏီတို့ချုပ်ဆိုခဲ့သော စာချုပ်ကို ဖျက်သိမ်းရန် သဘောတူညီခဲ့ကြောင်း ၀န်ကြီးဒေါ်နီလာကျော်က ဆိုသည်။

ဆက်လက်ပြီး ရန်ကုန်မြို့သစ် တည်ဆောက်ခြင်းအားဖြင့် ကျူးကျော်ပြဿနာများ၊ အလုပ်လက်မဲ့ ပြဿနာများ၊ ရေပေးဝေမှုပြဿနာများ၊ လျှပ်စစ်မီးပြဿနာများ၊ လမ်းပိတ်ဆို့မှုပြဿနာများ၊ မြေယာဈေး ကြီးမှုပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော်သည် နေထိုင်သူဦးရေ ၁၀ သန်းကျော်ပါက Mega City ဖြစ်လာမည်ဖြစ်ပြီး လူဦးရေတိုးတက်လာသည်နှင့်အမျှ မြို့သစ်များပေါ်ထွန်းလာကာ အမှိုက်စွန့်ပစ်မှုသည် များပြားလာမည် ဖြစ်သည်။ အမှိုက်စွန့်ပစ်မှုများကို စနစ်တကျ ဆောင်ရွက်နိုင်ခြင်း မရှိပါက ရန်ကုန်မြို့၏ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ပျက်စီးယိုယွင်းမှုသည် အခြေအနေ ဆိုးရွားလာနိုင်သည်။

မြို့ပြစနစ်နှင့် လူနေထိုင်မှု ကျယ်ပြန့်လာသည်နှင့်အမျှ အမှိုက်သိမ်းဆည်းသည့် ၀န်ဆောင်မှုသည် ပိုမိုကျယ်ပြန့်ရန် လိုအပ်လာမည်ဖြစ်သည့်အပြင် အမှိုက်များကို စနစ်တကျ စီမံခန့်ခွဲရန်မှာ အရေးအကြီးဆုံးကိစ္စရပ်များ ဖြစ်လာသည်။

 

ရန်ကုန်မြို့မှာ အမှိုက်မှ လျှပ်စစ်ထုတ်သည့် စက်ရုံတစ်ရုံ ရှိတယ်

မင်္ဂလာဒုံမြို့နယ်ရှိ အမှိုက်မှ လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံသည် လက်ရှိတွင် မောင်းနှင်လည်ပတ်နေပြီဖြစ်ပြီး ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများအား ပင်မဓာတ်အားလိုင်းသို့ ပို့လွှတ်မှုများ ပြုလုပ်နိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံသည် မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်အကြား၊ လှော်ကားလမ်းမကြီးဘေးရှိ မြေ ၁၂ ဧကပေါ်တွင် တည်ဆောက်ထားကြောင်း သိရသည်။ အဆိုပါ စက်ရုံ၏ အဓိက ရည်ရွယ်ချက်သည် မင်္ဂလာဒုံမြို့နယ်က ထွက်ရှိသည့် အမှိုက်တန်ချိန် ၇၂ တန်မှ မီးလောင်ကျွမ်းနိုင်သည့် မီးရှို့ကာ လျှပ်စစ်ထုတ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ယင်းစက်ရုံတည်ဆောက်ရာတွင် ဂျပန်နိုင်ငံအစိုးရက စိုက်ထုတ်ငွေ (Grant) အမေရိကန် ဒေါ်လာရှစ်သန်းနှင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ (YCDC) က အမေရိကန်ဒေါ်လာ ရှစ်သန်း စုစုပေါင်းအမေရိကန် ဒေါ်လာ ၁၆ သန်း  အကုန်အကျခံ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအမှိုက်မှ လျှပ်စစ်ထုတ်ယူသည့် စက်ရုံကတစ်ရက်ကို အမှိုက်တန်ချိန် ၆၀ မီးရှို့ကာ လျှပ်စစ်ထုတ်လုပ်နိုင်ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်ရှိ အမှိုက်မှ လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံမှ လျှပ်စစ် 700 Kilowatt/Hour ထွက်ရှိပြီး ၃၀၀ ကီလိုဝပ်ကို စက်ရုံက သုံးစွဲနေကြောင်းနှင့် ပိုလျှံသည့် ၄၀၀ ကီလိုဝပ်ကို နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းထဲသို့ ပို့လွှတ်ထည့်သွင်းနေကြောင်း သိရသည်။

“မဟာဓာတ်အားလိုင်းထဲ ရောက်သွားတဲ့အတွက်ကြောင့် ဘယ်သူမဆို သုံးလို့ရသွားတယ်။စပြီးတော့ ပန္နက်ရိုက်တာကတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာပါ။ အောက်တိုဘာ ၁၁ ရက်မှာ စတင်ဆောက်တာပါ။ သဘောတူညီချက်မှာက ဆောက်လုပ်ရေးကာလက နှစ်နှစ်ကြာမှာလို့ ပြောတာပေါ့။ ဒါပေမဲ့လည်း ဂျပန်က မြန်မြန်ဆန်ဆန် ဆောက်လိုက်တော့ တစ်နှစ်နဲ့ ခုနစ်လမှာ ပြီးသွားတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

“လျှပ်စစ်နဲ့ပတ်သက်ရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မရှင်က လုပ်လို့မရဘူး။ လျှပ်စစ်နဲ့ ပတ်သက်ရင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေး ကော်ပိုရေးရှင်းရဲ့ လိုင်းထဲကို ထည့်ပေးတာပေါ့။ ကီလိုဝပ် ၇၀၀ ဆိုတာ နည်းနည်းလေးပါ။ အိမ်ထောင်စု တစ်သောင်း၊ နှစ်သောင်းပဲရမှာ လေ။ Pilot Plan လည်းဖြစ်တယ်လေ။ မြန်မာနိုင်ငံအနေနဲ့လည်း ပထမဦးဆုံး စက်ရုံလည်း ဖြစ်တယ်။ ရန်ကုန်အနေနဲ့လည်း ပထမဦးဆုံး စက်ရုံလည်း ဖြစ်တယ်။ လျှပ်စစ်ထွက်တာ နည်းတာကလည်း တန် ၆၀ ပဲ မီးရှို့တာလေ။ ရန်ကုန်တစ်မြို့လုံးဆိုရင် အမှိုက်က တန် ၂၀၀၀ ကျော်ထွက်တယ်။ မီးရှို့မယ်၊  Waste Energy Plan သွားမယ်ဆိုရင် ၁၀၀မဂ္ဂါဝပ်လောက်ရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ရန်ကုန်မြို့၏ မြို့ပြစနစ် ကျယ်ပြန့်လာမှုနှင့် လူဦးရေထူထပ်လာခြင်းကြောင့် အမှိုက်စွန့်ပစ်မှုများ ပြားလာသည်ကို ရေရှည်မည်ကဲ့သို့ စီစဉ်ထားသည့်နှင့် ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က “အမှိုက်ကနေ လျှပ်စစ်ထုတ်လုပ်တာက ရွှေပြည်သာမြို့နယ် လှော်ကားလမ်းမှာ တစ်ခုပဲရှိသေးတယ်။ အဲဒါကမြို့နယ်က ထွက်ရှိတဲ့ မင်္ဂလာဒုံဆိုရင် တန်ချိန် ၇၀ လောက်ထွက်ရှိတယ်။ ကျွန်တော့်အနေနဲ့ အမှိုက်ကနေ လျှပ်စစ်ထုတ်ဖို့၊ Land Fill တွေ ဆောင်ရွက်ဖို့ လိုအပ်လာတာပေါ့။ လိုအပ်လာတော့ နောက်ပိုင်းမှာ တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်ရင် အမှိုက်ကနေ လျှပ်စစ်ထုတ်တဲ့ စက်ရုံတွေ ဆောင်ရွက်ဖို့ Land Fill တွေ ဆောင်ရွက်ဖို့ အမှိုက်တွေကို လျှော့ချသုံးစွဲဖို့ဆိုတာက ကြွပ်ကြွပ်အိတ်သုံးစွဲဖို့ စီစဉ်ဆောင်ရွက်ထားတာ ရှိပါတယ်။ Master Plan ကတော့ လုပ်နေတာရှိပါတယ်။ မြို့သစ်စီမံကိန်း တိုးချဲ့ရင် အမှိုက်စွန့်ပစ်ရမယ့်နေရာတွေ လိုလာပြီ။ အဲဒါကတော့ မြို့ပြနဲ့ ညှိပြီးတော့ လုပ်တော့လုပ်နေပါပြီ” ဟု ပြောကြားသည်။

အမှိုက်သိမ်းဝန်ဆောင်မှုတိုးချဲ့

လှိုင်သာယာမြို့နယ် ရွှေသံလွင်ဝန်းရှိ ရပ်ကွက်သူ၊ ရပ်ကွက်သား (၁၀၀) ကျော် စုပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သစ်ပင်        စိုက်ပျိုးခြင်း လှုပ်ရှားမှုများကို ဇွန် ၅ ရက်က လှိုင်သာယာမြို့နယ် မင်းကြီးမဟာမင်းခေါင်လမ်း၊ ဘီအိုစီ မှတ်တိုင်အနီးတွင်ပြုလုပ်ခဲ့ပြီး အမှိုက်သိမ်းဝန်ဆောင်မှုပေးရန်နှင့် အမှိုက်ပစ်နေရာပေးရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ 

အဆိုပါတောင်းဆိုမှုများတွင်  ဦးဆောင်လှုပ်ရှားသူ ဦးခဲဇာက “ဒီနေ့လုပ်တဲ့ ရည်ရွယ်ချက်ကတော့ ဒီနေ့ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်တယ်။ အဲဒီနေ့ကို ကျွန်တော်တို့ အထိမ်းအမှတ်အနေနဲ့ သစ်ပင်စိုက်တာတွေ၊ အမှိုက်ကောက်တာတွေ အဲဒါတွေကို လုပ်ဖို့ကို ရည်ရွယ်ပါတယ်။ ကျွန်တော်တို့စည်ပင်ကို ခြောက်ကြိမ်လောက် တောင်းဆိုလာခဲ့တဲ့ အမှိုက်သိမ်း ၀န်ဆောင်မှုရဖို့အတွက် တောင်းဆိုဖို့ ရည်ရွယ်ချက်လည်း ပါပါတယ်။ အမှိုက်သိမ်းဝန်ဆောင်မှု တောင်းဆိုရာမှာ တိကျတဲ့အဖြေ မရဘူးပေါ့။ အရင်လိုပဲပေါ့။ ဒါပေမဲ့ တစ်ခုကောင်းတာက ဒီနေ့ကားခေါ်ပေးတယ် ချက်ချင်း။ ဒါကတော့ ၀မ်းသာစရာတစ်ခုပါ” ဟု ပြောကြားသည်။     

အမှိုက်ကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ခြောက်ကြိမ်တိတိ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ မရရှိသေးကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက်လည်း စည်ပင်သာယာရေးကော်မတီမှ ဖိတ်ခေါ်ထားကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သားများအနေဖြင့်လည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။               

“စည်ပင်တွေအနေနဲ့ အကြောင်းပြချက်ပေးတာက ကျူးကျော်ရပ်ကွက်တွေကို စည်ပင်ဝန်ဆောင်မှု မရဘူးလို့ပြောတယ်။ ရပ်ကွက်သူရပ်ကွက်သားတွေကပြောတယ် သူများအခွန်ပေးသလို ကျွန်တော်တို့ အခွန်ပေးပါမယ်ဆိုတော့ ပိုဆိုးသွားတယ်။ ဘာဖြစ်လို့လဲဆို တော့အခွန်ကောက်လိုက်ရင် ဒီလိုတရားဝင်နေထိုင်တယ်လို့ သတ်မှတ်ရာရောက်တယ်။ အဲဒါကြောင့် အခွန်မကောက်ရဲဘူးပေါ့။ နောက်တစ်ခု စည်ပင်ဖြစ်တဲ့အတွက်ကြောင့် ၀န်ဆောင်မှုမပေးနိုင်ဘူးပေါ့။ ဒါကို ပြန်စဉ်းစားကြည့်ရင် ကျူးကျော်တွေက ဒီလိုအမှိုက်တွေနဲ့ နေရမှာလား၊ ဒီလိုပဲပစ်နေရတော့ မှာလားပေါ့” ဟု ဦးခဲဇာက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနိုင်က “ကျွန်တော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနကတော့ ၃၃ မြို့နယ်စလုံးကို အမှိုက်စည်းကမ်းသေချာစွန့်ပစ်ဖို့၊ အမှိုက်သိမ်းဆည်း ဆောင်ရွက်ကြတဲ့အခါမှာလည်း အဆင်ပြေချောမွေ့တဲ့ စနစ်တွေနဲ့ သွားဖို့အစီအစဉ် ရှိပါတယ်” ဟု ပြောကြားသည်။

လှိုင်သာယာမြို့နယ်အနေဖြင့် လူနေထိုင်မှုများပြားခြင်း၊ အမှိုက်ထွက်ရှိမှုနှုန်းလည်း များခြင်းနှင့် အမှိုက်ထွက်ရှိမှုနှုန်း များလာတာနှင့် အညီအမှိုက်သိမ်းယာဉ်များလည်း ပြည့်စုံလုံလောက်မှုရှိကြောင်း ဦးဇော်ဝင်းနိုင်က ပြောကြားသည်။

ထို့ပြင် ၀န်ထမ်းအင်အား လုံလောက်မှုရှိလာပါကလည်း တဖြည်းဖြည်းချင်း ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုများဖြင့် မြင်မကောင်းအောင် ရှိနေခြင်းကြောင့် သိမ်းဆည်းမှုများကို ဆောင်ရွက်ခဲ့ကာ အမှိုက်တန်ချိန် တစ်သိန်းကျော်ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

“အမှိုက်ရှင်းတာက ဇုန်အနေ နဲ့ ၂၄ ဇုန်ရှိတဲ့အထဲမှာ ၁၉ ဇုန်က စည်းကမ်းမဲ့ အမှိုက်တွေအားလုံး ရှင်းပြီးသွားပြီ။ အမှိုက်တန်ချိန် တစ်သိန်းကျော်ရတယ်။ နောက်ထပ်လည်း ကျန်နေသေးတယ်။ ရှင်းနေဆဲပဲဖြစ်တယ်။ ပြီးသွားတဲ့ ၁၀ ဇုန်ကလည်း ပုံးတွေပေးပြီးတော့ ၀န်ဆောင်မှုပေးနေတယ်။ ၁၉ ဇုန်က ရှင်းပြီးသွားပြီ ဆိုတာကလည်း တချို့နေရာတွေမှာ ရှင်းပြီးသွားပြီဆိုတာကလည်း တချို့နေရာတွေမှာ ကျန်သေးတယ်။ အပြောင်မဟုတ်ဘူး။ ရှင်းပြီးသွားတဲ့နေရာမှာ ပုံး ၂၄၀ ယူမလား၊ ပုံး ၆၆၀ ယူမလား။ လှည်းနဲ့ သိမ်းမလား။ ၂၄၀ ပုံးက တစ်ရက် ၁၀၀၀ ဖြစ်သွားမယ်။ နှစ်ရက် ၂၀၀၀ ဖြစ်သွားမယ်။ စွန့်ပစ်ခက။ ပုံး  ၆၆၀ ဖြစ်သွားမယ်ဆိုရင် ငါးရက်နေမှ စွန့်ပစ်မယ်ဆိုရင် ငါးရက်နေမှ ၂၅၀၀ ဖြစ်သွားမယ်။ စက်ရုံပိုင်ရှင်တွေရယ်၊ သက်ဆိုင်ရာ စက်မှုဇုန်က ပုဂ္ဂိုလ်တွေရယ် အတွင်းရေးမှူးတို့၊ ဥက္ကဋ္ဌတို့၊ စက်မှုဇုန်ကြီး ကြပ်ရေးကော်မတီဝင်တွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်နေတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

ဇုန်အလိုက် ဘက်ဟိုးတစ်စီးနှင့် ကားသုံးစီး၊ လေးစီးခန့်နှင့် ၀န်ထမ်းများ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ပံ့ပိုးပေးထားပြီး စက်သုံးဆီများကို သက်ဆိုင်ရာ စက်မှုဇုန်မှ အကုန်အကျခံကာ စည်းကမ်းမဲ့အမှိုက်များ သိမ်းဆည်းနေကြောင်း သိရသည်။

စက်မှုဇုန်ထဲတွင် စွန့်ပစ်အမှိုက်များတွင် စည်းကမ်းတကျ စွန့်ပစ်ထားသည့်အမှိုက်များ၊ စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်များဟူ၍ရှိကြောင်း သိရသည်။ စည်းကမ်းတကျ စွန့်ပစ်ခြင်းကို စက်ရုံအ၀န်းအ၀ိုင်းထဲတွင် စွန့်ပစ်ကြပြီး စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများကို လမ်းဘေး၊ အဆောက်အဦး မဆောက်သည့်မြေနေရာများ၊ လမ်းဆုံလမ်းမများ၊ အဆောက်အအုံ ဆောက်လုပ်ထားပြီး လူမရှိသည့်နေရာများတွင် လုပ်ဆောင်ကြကြောင်း သိရသည်။

“သူတို့လည်း တော်တော်များများ ရှင်းတယ်။ ဘာလို့လဲဆိုတော့ စက်မှုဇုန်တွေက အမှိုက်ထဲရောက်နေတာလေ။ သူတို့လည်း ရှင်းချင်နေတာလေ။ ဒီလို အခွင့်အလမ်းမျိုးကို ပေးတယ်။ ဒါတွေသည် ရေတွေတက်လာလိုက်၊ မိုးတွေ ရွာလိုက်၊ ဆင်းသွားလိုက်။ အများကြီး ဆိုးကျိုးတွေဖြစ်တယ်။ တကယ်တမ်းကျတော့ စည်းကမ်းမဲ့ပစ်တာ ဘယ်သူလဲ တရားခံမပေါ်ဘူး။ ဆောင်ရွက်ပေးတယ်။ ကူညီပေးတယ်။ ဇုန်ကလည်း လိုတဲ့ဆီ ကူညီပေးတယ်။ ပူးပေါင်းဆောင်ရွက်တာပေါ့” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

“စည်းကမ်းမဲ့အမှိုက်ကို သိမ်းလိုက်တယ်။ ဘက်ဟိုးတစ်စီးပေးတယ်။ ကားလေးစီးပေးတယ်။ သူတို့က ဆီခံတယ်။ သိမ်းပြီးပြီ။ သူတို့က ထပ်မပစ်နဲ့တော့လေ။ ထပ်ပစ်ရင် ဒဏ်ရိုက်တော့မှာလေ။ အဲဒါကြောင့်မို့လို့ ၀န်ဆောင်မှုပေးတဲ့ အနေနဲ့ သူတို့ စက်ရုံက ထွက်တဲ့ အမှိုက်ကို ပိုက်ဆံပေးသိမ်းပေးမယ်။ နောက်ထပ်တစ်ဖွဲ့က ဘာလုပ်လဲဆိုတော့ အနောက်ကနေ စည်းကမ်းမဲ့အမှိုက်ပစ်တာတွေ့ ဖမ်းပြီးတော့ ဒဏ်ရိုက်မယ်” ဟု ၎င်းက ပြောကြားသည်။

“ရန်ကုန်မြို့မှာရှိတဲ့ ဘယ်အမှိုက်ဖြစ်ဖြစ် ကျွန်တော်တို့ဌာနက သိမ်းပေးရမယ်။ တာဝန်လည်း ရှိတယ်။ ၀တ္တရားလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့သည် အစိုးရဘက်ကဖြစ်တဲ့အတွက် အမှိုက်သိမ်းဆည်းခတော့ တောင်းရမှာပဲ။ အမှိုက်သိမ်းဆည်းခနဲ့ပစ်ရမယ်။ ပြည်သူတွေက အမှိုက်ကို သိမ်းဆည်းတယ်။ တစ်ရက်ကို တန်ချိန် ၂၀၀၀၊ ၂၈၀၀ လောက် သိမ်းနေတယ်။ အခုဟာက စက်မှုဇုန်က မြင်မကောင်းအောင် ဖြစ်နေတယ်။ စက်မှုဇုန်ကလည်း သိမ်းပေးဖို့ ကမ်းလှမ်းတယ်။ ကျွန်တော်တို့ကလည်း ဒီအမှိုက်ကို သိမ်းဆည်းလိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင်လည်း သပ်ရပ်သန့်ရှင်းသွားမယ်” ဟု ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

ရန်ကုန်မြို့ အမှိုက် ဘယ်လိုရှင်းမလဲ

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် အမှိုက်သိမ်းဆည်းသည့် ၀န်ဆောင်မှုများ တိုးချဲ့ခြင်း၊ စည်းကမ်းမဲ့အမှိုက်များကို လိုက်လံသိမ်းဆည်းခြင်း၊ နောက်ဖေးလမ်းကြားများ ရှင်းလင်းခြင်း၊ ရေမြောင်းများ အတွင်းပိတ်ဆို့နေသည့် အမှိုက်များအား ရှင်းလင်းခြင်း၊ အသိပညာ ပေးလုပ်ငန်းများဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်နေသည်။

သို့သော် ရန်ကုန်မြို့၏ အမှိုက်များ၏ ပြဿနာမှာ စွန့်ပစ်သည့် မြို့ပြကျယ်ပြန့်လာခြင်းနှင့်အတူ မြေနေရာရှားပါးလာခြင်းပင် ဖြစ်သည်။ အမှိုက်များကို မြေကြီးပေါ်တွင် စုပုံထားခြင်းသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုများစွာ ပျက်စီးစေသည်ကို အားလုံးသိရှိကြပြီး ဖြစ်သော်လည်း ခေတ်မီနည်းပညာများ အသုံးပြုရန်အတွက် နိုင်ငံတော်က ငွေကြေးလုံလောက်စွာ စိုက်ထုတ်နိုင်ခြင်း မရှိခြင်းက အကြောင်းရင်း တစ်ရပ်အနေနှင့် ပါဝင်နေသည်။ လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နည်းပညာများရယူ ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် ပုဂ္ဂလိကနှင့် ပူးပေါင်းကာ ဆောင်ရွက်ရန် ရည်မှန်းထားကြသည်။

ရန်ကုန်မြို့အား သန့်ရှင်းသာယာလှပသည့် မြို့တော်ကြီးတစ်ခုသဖွယ် တည်ဆောက်ရန်မှာ ပြောရန်လွယ်ကူသော်လည်း ကောင်းမွန်သော စီမံခန့်ခွဲမှုနှင့်အတူ ပြည်သူအားလုံးက လိုက်လျောညီထွေစွာ လုပ်ဆောင်မှ အားလုံးမျှော်မှန်းသည့် နေချင်စဖွယ်မြို့တော်တစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

Writer: 
ထက်ရှိုင်း၊ ဆန်းထူးအောင်