နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး NLD အစိုးရလက်ထက်မှာ အောင်မြင်နိုင်မလား

မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်အား ထုတ်ပြန်ကြေညာသည့် အခမ်းအနားနှင့် ဖိုရမ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး Facebook)

“ကျွန်မတို့ ဖြုတ်၊ ထုတ်၊ သတ် ဆိုတာ လုံး၀၀ါသနာမပါဘူး”

ဒီစကားကို ၂၀၁၅ ခုနစ် နိုဝင်ဘာ ရွေးကောက်ပွဲအပြီး ဒီဇင်ဘာ ၁၇ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာက ၀န်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ ၀န်ထမ်းတွေ အနေနဲ့ စိတ်အေးချမ်းသာစွာနေကြဖို့နဲ့ NLD အစိုးရ အုပ်ချုပ်တဲ့ကာလအတွင်း အလုပ်ဖြုတ်၊ ထုတ်ခြင်းတွေကိုပြုလုပ်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက NLD ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် အစိုးရအကူးအပြောင်းကာ လဖြစ်တဲ့အတွက် အစိုးရအဖွဲ့မဖွဲ့ခင်မှာ ၀န်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ကြိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် NLD အစိုးရလက်ထက်မှာ နိုင်ငံ့ဝန်ထမ်းတွေကို အဆိုပြုခွင့်ပေးမယ့်အပြင် ၀န်ထမ်းတွေအနေနဲ့ ကိုယ်ကျွမ်းကျင်ရာ ဌာနကို ရွေးချယ်ဖို့ တောင်းဆိုခွင့်ပြုမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ဘာမှ ပညာရေးအကြောင်း နားမလည်ဘဲနဲ့ ပညာရေးဌာနကို ပို့ပေးပါဆိုရင်တော့ မရဘူး။ ကိုယ့်ရဲ့ကျွမ်းကျင်ရာ၊ ကျွမ်းကျင်ရာပေါ့လေ။ အဲဒီလို ရွေးပိုင်ခွင့်အတိုင်းအတာ တစ်ခုအထိပေးမှာပါ။ ဒါမှမဟုတ် အချိန်ရှိတယ်။ အခြေအနေပေးတယ်ဆိုရင် ကျွမ်းကျင်မှုမရှိသေးရင်တောင်မှ ကျွမ်းကျင်မှုရအောင်လုပ်ပေးနိုင်တဲ့ အခါမှာတော့ လုပ်ပေးမယ်” လို့ သူက ဆိုပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ပြည်သူ့ဝန်ထမ်းဆိုတဲ့ အခေါ်အဝေါ်က ပျောက်နေခဲ့တာကြာပါပြီ။ ဘာကြောင့်လဲဆိုတော့ အရင်စစ်အာဏာရှင် အစိုးရလက်ထက်တုန်းက စစ်အာဏာရှင်စနစ်ကို အာမခံနိုင်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံဝန်ထမ်း ဖွဲ့စည်းတည်ဆောက်ပုံကို လုပ်ဆောင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ရာမှာ ကာကွယ်ရေးနဲ့ မသက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေမှာ စစ်မှုထမ်းသူတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို ရာထူးကြီးကြီးပေးပြီး ထည့်သွင်းလုပ်ကိုင်စေတဲ့အတွက် နိုင်ငံဝန်ထမ်းယန္တရားဟာ ကောင်းမွန်စွာလည်ပတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် အရင်စစ်အာဏာရှင် အစိုးရလက်ထက်တုန်းက နိုင်ငံဝန်ထမ်းဖြစ်ဖို့ဆိုတာ အသိအကျွမ်းရှိရမယ့်အပြင် ပိုက်ဆံနဲ့ လိုက်နိုင်မှသာ ၀င်ငွေကောင်းတဲ့ဌာနကိုရရှိတာ ဖြစ်တယ်လို့ နိုင်ငံဝန်ထမ်းအဖြစ် လျှောက်ထားဖူးသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

“ဌာနတစ်ခုမှာ ရုံးအကူအနေနဲ့ လျှောက်ခဲ့ဖူးတယ်။ အဲဒီရုံးက အစ်ကိုတစ်ယောက်အဆက်အသွယ်နဲ့ ၀င်ခဲ့တာ။ အလုပ်ရဖို့ အရင်တုန်းငွေ ခုနစ်သောင်းလောက်ပေးခဲ့ရတယ်။ ရေးဖြေအောင်တယ်။ လူတွေ့ကျတော့ သူ့ညီဝမ်းကွဲဆိုပြီး ပြောရတယ်။ နောက်ဆုံး အလုပ်ရပေမယ့် ကိုယ်ဝင်မလုပ်ခဲ့ဘူး” လို့ လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ ကိုထွန်းထွန်း (အမည်လွှဲ) က ဆိုပါတယ်။

ဒီလိုစစ်အာဏာရှင် အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေဖြစ်တဲ့ နိုင်ငံ့ဝန်ထမ်းနယ်ပယ်ကို NLD အစိုးရက လက်ခံခဲ့ရပါတယ်။ ဒီလို လည်ပတ်ခဲ့ရတဲ့ နိုင်ငံဝန်ထမ်းယန္တရားကို သိလို့  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း အစိုးရမဖြစ်မီ အချိန်ကတည်းက ဖြုတ်၊ ထုတ်၊ သတ် မလုပ်ဘူးဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ NLD အစိုးရသက်တမ်းဟာ တစ်နှစ်ကျော်လွန်လာပြီ ဖြစ်ပါတယ်။ ဒီတစ်နှစ် ကျော်ကာလအတွင်း NLD အစိုးရ လက်အောက်မှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံဝန်ထမ်းတွေအနေနဲ့ အဓိက အားမကောင်းတဲ့ အချက်သုံးချက်ကို လေ့လာစောင့်ကြည့်သူတွေက ထောက်ပြကြပါတယ်။ အဓိက,ကတော့ နိုင်ငံဝန်ထမ်းတွေအနေနဲ့ အရည်အချင်းပိုင်း အားနည်းမှု၊ စိတ်ဓာတ် မတက်ကြွမှုနဲ့ ခြစားမှုတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေကြားက လက်ရှိဆက်ဆံရေးဟာ ပွင့်လင်းမြင်သာမရှိမှု၊ အဂတိလိုက်စားမှု၊ တိုင်ကြားမှုတွေနဲ့ နစ်နာမှုတွေအတွက် တုံ့ပြန်ဆောင်ရွက်ပေးခြင်း မရှိတာတွေကို တွေ့ရှိရပါတယ်။ အစိုးရဌာနတွေရဲ့ လုပ်ငန်းစဉ်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ရှုပ်ထွေးတဲ့အတွက် အခြေခံဝန်ဆောင်မှု လုပ်ငန်းတွေလုပ်ဆောင်တာနဲ့ ပတ်သက်လို့ လက်ဖက်ရည်ဖိုးပေးရတဲ့ အလေ့အထက ရှိနေဆဲ ဖြစ်ပါတယ်။

“လက်ဖက်ဖိုးပေးရတဲ့ အလေ့အထကတော့ NLD အစိုးလက်ထက်မှာလည်း ရှိနေတုန်းပဲ။ ၀န်ဆောင်မှု ပေးရမယ်ဆိုတာကို မခံယူသရွေ့တော့ ၀န်ထမ်းတွေဆီမှာ အဲဒီအကျင့်တွေက ပြင်ဖို့ ခက်ခဲနေဦးမှာ အမှန်ပဲ” လို့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ဆိုပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) အတွက် နိုင်ငံဝန်ထမ်းတွေရဲ့ သဘောအမြင်စစ်တမ်းကို ကောက်ယူရာမှာ နိုင်ငံ့ဝန်ထမ်းတွေက လုပ်ငန်းခွင်အတွင်း လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတယ်လို့ ယုံကြည်လက်ခံထားသလို လစာနည်းပါးမှုကို ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်းနဲ့ အနည်းငယ်လာဘ်ယူခြင်းကို လက်သင့်ခံခြင်း ဒါမှမဟုတ် လျော်ကန်သင့်မြတ်တယ်လို့ ဖြေဆိုသူတွေက ထင်မြင်မှုတွေ ရှိနေကြောင်း သဘောထားအမြင်စစ်တမ်းမှာ တွေ့ရှိရပါတယ်။

ဒီလို စစ်တမ်းဖြေဆိုသူရဲ့ ထက်ဝက်ကျော် ၅၆ ရာခိုင်နှုန်းဟာ နိုင်ငံ့ဝန်ထမ်းအချို့က သူတို့ လုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့ လုပ်ငန်းတွေအတွက် ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ ထင်မြင်နေကြပြီး ကျား/ မ၊ နေရာဒေသ၊ နိုင်ငံ့ဝန်ထမ်းအမျိုးအစား၊ ပညာအဆင့်အတန်းနဲ့ တိုင်းရင်းသား လူမျိုးအပါအ၀င် စစ်တမ်းကောက်ယူခဲ့တဲ့ အုပ်စုအားလုံးမှာ ဒီအမြင်တွေ ရှိနေတယ်လို့ သိရပါတယ်။

အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှု ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံသားတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကဏ္ဍတွေမှာ တွေ့ရှိရပါတယ်။

၂၀၁၆ ခုနစ်တုန်းက ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ပြုလုပ်ခဲ့တဲ့ UNDP ရဲ့ သုတေသနတစ်ခုအရ ပြည်သူတွေဟာ ဥပဒေအရာရှိတွေ၊ ရဲတွေနဲ့ တရားသူကြီးတွေကို လာဘ်ပေးရမယ်လို့ မျှော်လင့်ထားကြပြီး တရားမျှတစွာ ဆက်ဆံခံရဖို့ ဒါမှမဟုတ် တရားမျှတတဲ့ ရလဒ်တွေရရှိလိမ့်မယ်လို့ မျှော်လင့်သူက ရာခိုင်နှုန်း ၄၀ အောက်သာရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် UNDP က ၂၀၁၅ ခုနစ်မှာ ဆောင်ရွက်ခဲ့တဲ့ ဒေသန္တရ အုပ်ချုပ်ရေး လေ့လာမှုမှာလည်း ဖြေဆိုသူတွေရဲ့ အများစု ၅၉ ရာခိုင်နှုန်းက သူတို့အနေနဲ့ အစိုးရက အခမဲ့ပေးသင့်တဲ့ ဆေးဝါးတွေကိုရရှိဖို့ အတွက်အမြဲတမ်း ငွေပေးခဲ့ရတယ်လို့ ဆိုထားပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအပေါ်မှာ ကျင့်ဝတ်ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်လို့ ရှုမြင်သုံးသပ်မှုတွေရှိနေသလို ရာထူးတိုးမြှင့်မှုနဲ့  ရွှေ့ပြောင်းမှုတွေကို မျက်နှာသာပေးမှုအပြင် အဂတိလိုက်စားမှုတွေနဲ့ ဆုံးဖြတ်ချက်တွေချမှတ်ကာ မကြာခဏဆိုသလို တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိဘဲ ဆောင်ရွက်နေတယ်လို့ ထင်မြင်နေကြပါတယ်။

ဒီလို ချိုးဖောက်မှုတွေရှိနေပေမယ့် အများစုက တစ်စုံတစ်ရာအပြစ် ပေးခံရခြင်းမရှိဘူးလို့ ထင်မြင်ယူဆနေကြပြီး ပြစ်ဒဏ်ခံရတဲ့အခါမှာလည်း အဂတိလိုက်စားမှုနဲ့ ညီမျှတဲ့ ပြစ်ဒဏ်ခံရသလားလို့ သဘောထား အမြင်စစ်တမ်းမှာ မေးမြန်းတဲ့အခါ အများစုက တစ်ခါတစ်ရံလို့ ဖြေဆိုသူက ၄၄ ရာခိုင်နှုန်းနဲ့ ရှားပါးတယ်လို့ ဖြေဆိုသူက ၁၈ ရာခိုင်နှုန်း ရှိပါတယ်။

စစ်တမ်းဖြေဆိုသူတွေရဲ့ ထက်ဝက်ကျော်က လစာ (၅၈ ရာခိုင်နှုန်း)နဲ့ ပင်စင် (၅၉ ရာခိုင်နှုန်း) ဟာ မိသားစုအသုံးစရိတ်ကို ကာမိတဲ့အထိ လုံလောက်ခြင်း မရှိဘူးလို့ဆိုကြပါတယ်။ ဒီအချက်ကပဲ နိုင်ငံ့ဝန်ထမ်းကဏ္ဍအတွင်း အဂတိလိုက်စားမှုကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်း ဖြစ်တယ်လို့ ဦးတည်အုပ်စုဆွေးနွေးရာမှာ ပါဝင်ဆွေးနွေးသူအချို့နဲ့ စစ်တမ်းဖြေဆိုသူအချို့က ယူကြပါတယ်။ စစ်တမ်းဖြေဆိုသူ အများစု (၈၁ ရာခိုင်နှုန်း) က လစာတိုးမြှင့် ပေးခြင်းဟာ အဂတိလိုက်စားမှုကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “လစာကတော့ မိသားစုစားဝတ်နေရေးအတွက် လုံလောက်မှု မရှိတာကတော့ အမှန်ပဲ။ ဒီလို အခြေအနေတွေကြောင့်လည်း ၀န်ထမ်းလောကမှာ လာဘ်ပေးလာဘ်ယူမှုတွေက အမြစ်တွယ်နေတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ရာထူးအလိုက် အဆင့်ဆင့် တင်းကျပ်စွာအုပ်ချုပ်တဲ့ စနစ်ကြောင့် အောက်ခြေကနေ အထက်ကို တင်ပြဆွေးနွေးနိုင်မှု အားနည်းပြီး အပြစ်ပေးခံရမှာကို ကြောက်ရွံ့နေတာနဲ့  ဖွင့်ဟတင်ပြနိုင်ခြင်းမရှိဘဲ ကြိတ်မှိတ်မျိုသိပ်ထားရပါတယ်။

ဒါကြောင့်လည်း စစ်တမ်းဖြေ ဆိုသူတွေက အရည်အချင်းကိုအခြေခံပြီး ရာထူးတိုးတဲ့စနစ်နဲ့ အရည်အချင်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုတွေကို အသိအမှတ်ပြုခံရမယ်လို့ ယုံကြည်ခြင်းက နိုင်ငံ့ဝန်ထမ်တွေရဲ့ ထက်သန်တက်ကြွမှုကို တိုးတက်စေမယ့် အရာတွေဖြစ်တယ်လို့ ဖော်ပြပြောဆိုမှုတွေ ရှိနေပါတယ်။

“၀န်ကြီးဌာနတွေက ရာထူးတိုးဖို့အတွက် အရည်အချင်းသတ်မှတ်ရာမှာ လုပ်သက်နဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိပေမယ့် မလိုအပ်တဲ့သတ် မှတ်ချက်တွေကြောင့် နစ်နာနေရတဲ့ ၀န်ထမ်းတွေ အများကြီးရှိနေပါတယ်။ ဒါကိုလည်း ၀န်ကြီးဌာနအနေနဲ့ ပြန်လည် စိစစ်ပေးစေချင်ပါတယ်” လို့ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းဖြစ်လာရတဲ့ အကြောင်းတွေအနက် စစ်တမ်းဖြေဆိုသူအများ ဖြေကြတဲ့ ထိပ်ဆုံးသုံးခုကတော့ လူအဖွဲ့အစည်းအတွက် တိုးတက်ပြောင်းလဲမှုတွေကို ဆောင်ကြဉ်းပေးနိုင်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ခြင်းက ၇၇ ရာခိုင်နှုန်း၊ အလုပ်အာမခံချက် ရှိတာကြောင်းဖြစ်ခြင်း က ၇၇ ရာခိုင်နှုန်းနဲ့ ဂုဏ်ရှိတာကြောင့်ဖြစ်ခြင်းက ရာခိုင်နှုန်း ၅၀ ရှိနေပါတယ်။

လက်ရှိ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ရှိ အစိုးရ၀န်ကြီးဌာန၊ ဦးစီးဌာနတွေနဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေကြသူတွေ အပါအ၀င် နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ကိုးသိန်း လောက်ရှိတယ်လို့ သိရပါတယ်။

NLD အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေပေမယ့် အောက်ခြေမှာ ဘာမှမပြောင်းသေးဘူးဆိုပြီး ဝေဖန်သံတွေလည်း ရှိနေပေမယ့် အစိုးရတာဝန်ရှိသူတွေ ဘက်ကလည်း အစိုးရယန္တရားဟာ ထင်သလောက်မပါလို့ သူတို့ လုပ်ချင်သလောက်မရဘူးဆိုတဲ့ သဘောမျိုးပြောဆိုမှုတွေ ရှိလာပါတယ်။ ဒါဆို နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အရေး ကြီးကျောရိုးဖြစ်တဲ့ ၀န်ထမ်းယန္တရား ကောင်းမွန်ဖို့ဆိုရင် အစိုးရအနေနဲ့ အရေးကြီးလုပ်ဖို့က ဘာတွေဖြစ်မလဲ။

နိုင်ငံ့ဝန်ထမ်းတွေရဲ့ အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲဖို့ တစ်နှစ်ကျော်ကြာ အချိန်ပေးခဲ့ပြီးဖြစ်တာကြောင့် တာဝန်မကျေပွန်တဲ့အပြင် ပေါ့လျော့ပြီး ကဖျက်ယဖျက်လုပ်တဲ့ ၀န်ထမ်းတွေကို ထိုက်သင့်သလောက် အရေးယူအပြစ်ပေးတော့မှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဒီနှစ် ဇူလိုင် ၂ ရက်က သတိပေး ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်က မန္တလေးမြို့ ရတနာပုံစူပါစင်တာ တတိယထပ်က MICT Park မှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မန္တလေးတိုင်းဒေသကြီးပါတီ၊ အစိုးရ၊ လွှတ်တော်တွေ့ဆုံပွဲ သဘာပတိ အဖွင့်မိန့်ခွန်းမှာ ဦးဝင်းထိန်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့မူအတိုင်းပဲ ဖြုတ်၊ ထုတ်၊ သတ်မလုပ်ချင်ဘူး။ အဲဒီတော့ ၀န်ထမ်းတွေက ပြည်သူ့ဝန်ထမ်းတွေက ပြည်သူ့တာဝန်ကို ထမ်းဆောင်ကြ။ ထမ်းဆောင်တယ်ဆိုရင် ဘာမှလုပ်စရာအကြောင်း မရှိဘူး။ မထမ်းဆောင်ဘဲနဲ့ ပေါ့လျော့တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ကဖျက် ယဖျက်ပုဂ္ဂိုလ်တွေရှိတယ်။ ဒီပုဂ္ဂိုလ်တွေဟာ စံနမူနာပြပြီးတော့ ပြင်နိုင်ဖို့ကြိုးစားရမယ်လို့ ပြောခဲ့တယ်။ မပြင်နိုင်ဘူးဆိုရင်တော့ ကျွန်တော်ပြောလိုက်ပါမယ်။ သူတို့ကိုတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေ တစ်နှစ်အချိန် ပေးပြီးပြီ။ One Year Great Period ပေးပြီးပြီ။ မကြာခင်တော့ ထိုက်သင့်တဲ့အရေးယူမှုတွေ လာလိမ့်မယ်ဆိုတာကို ကျွန်တော်အသိ ပေးချင်ပါတယ်” လို့  ဦးဝင်းထိန်က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအနိုင်ရပြီးနောက် နိုင်ငံ့အာဏာရဲ့ ကဏ္ဍသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတို့ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေပြီး အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍတို့က အထိုက်အလျောက် ခရီးရောက်ခဲ့ပေမယ့် တရားစီရင်ရေး ကဏ္ဍကိုမူ ပြုပြင်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့  ဦးဝင်းထိန်က ဆက်ပြောပါတယ်။

“နိုင်ငံတော်အာဏာရဲ့ ကဏ္ဍကြီးသုံးရပ်မှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာ ဒီကဏ္ဍသုံးရပ်မှာ ဥပဒေပြု ယန္တရားနဲ့ အုပ်ချုပ်ရေးယန္တရားဟာ အထိုက်အလျောက် မောင်းနှင်ပြီးနေပြီ။ အဲဒီ မောင်းနှင်တဲ့ခရီးကလည်း အထိုက်အလျောက်ရောက်ခဲ့ပြီ။ ကြိုက်တာ၊ မကြိုက်တာ၊ ပြည်သူလူထုက ထောက်ခံတာ၊ မထောက်ခံတာ ဒါတွေကတော့ ခဏထားလိုက်တော့။ သို့သော်လည်းပဲ ပြိုလဲမယ်ဆိုတဲ့အဆင့်တော့ မရောက်တော့ဘူး” လို့ ၎င်းက ဆိုပါတယ်။

ဆက်လက်ပြီး တရားစီရင်ရေးကဏ္ဍကို ညင်ညင်သာသာနဲ့ ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲနိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ပြည်သူ့ဝန်မထမ်းတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်တော့မယ်လို့ ဦးဝင်းထိန်က ပြောကြားပါတယ်။

NLD အစိုးရလက်ထက်သက် တမ်းတစ်နှစ်တာကာလအတွင်း ဒုဝန်ကြီးတစ်ဦးကိုသာ အနားပေးခဲ့ပြီး အမြဲတမ်းအတွင်းဝန်အချို့ကိုတော့ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ကို NLD အစိုးရအဖြစ် တာဝန်ယူပြီး သုံးလလောက်က စတင်ရေးဆွဲခဲ့ကာ ၂၀၁၇ ဇူလိုင် ၁၀ ရက်က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ဒီစီမံချက်ကို နိုင်ငံ့ဝန်ထမ်း အုပ်ချုပ်မှုပုံစံအသစ်၊ အရည်အချင်းကို အခြေခံပြီး စွမ်းဆောင်ရည်ရှိမှုကို အားပေးတဲ့ အလေ့အထနဲ့ စနစ်များ၊ ပြည်သူဗဟိုပြုဝန်ထမ်းများ ဖြစ်လာစေဖို့ ခေါင်းဆောင်မှုပေးနိုင်တဲ့ အရည်အသွေးများနဲ့ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်း ကဏ္ဍရဲ့ ပွင့်လင်းမြင်သာမှုနဲ့ လုပ်ငန်းအကောင်အထည်ဖော်မှု နည်းလမ်းများဆိုပြီး နယ်ပယ်လေးခုနဲ့ ရေးဆွဲထားတာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ နိုင်ငံ့ဝန်ထမ်း အုပ်ချုပ်မှုပုံစံအသစ်မှာ ဗဟိုချုပ်ကိုင်မှုကို လျှော့ချဖို့နဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေကို ခိုင်မာစေဖို့ ထည့်သွင်းဖော်ပြထားသလို နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ ပွင့်လင်းမြင်သာမှုနှင့် လုပ်ငန်းအကောင်အထည်ဖော်မှု နည်းလမ်းများ ခေါင်းစဉ်အောက်မှာလည်း အဆင့်မြင့်ရာထူးနေရာတွေနဲ့  အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်ခြေရှိတဲ့ ရာထူးနေရာတွေအတွက် ပိုင်ဆိုင်မှု ထုတ်ဖော်ကြေညာချက်တွေ ပြုလုပ်စေဖို့ဆိုပြီး ထည့်သွင်းရေးဆွဲထားတာကို တွေ့ရပါတယ်။

ဒီအဆင့်မြင့်နဲ့ အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်ခြေရှိတဲ့ ရာထူးနေရာတွေမှာ တာဝန်ထမ်းဆောင်နေသူတွေရဲ့ ပိုင်ဆိုင်မှုဖွင့်ထုတ်ကြေညာခြင်းကို ဦးစားပေးနှစ်နှစ်အတွင်း အကောင်အထည်ဖော်ဖို့ လျာထားတယ်လို့ စီမံချက်လုပ်ငန်းစဉ်မှာ ဖော်ပြထားပါတယ်။

နိုင်ငံဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ နည်းပညာပံ့ပိုးမှုအပြင် နိုင်ငံတကာအကူအညီတွေနဲ့ ရေးဆွဲခဲ့တာဖြစ်ပြီး ဒီစီမံချက်ရဲ့ လုပ်ငန်းကာလကို ၂၀၁၇ ကနေ ၂၀၂၀ အထိ သတ်မှတ်ထားတယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြု ပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ကို အတည်ပြုထုတ်ပြန်လိုက်တဲ့ အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပတ်သက်လို့ အချက်ငါးချက်ကို ထည့်သွင်းပြောကြားသွားပါတယ်။ အဲဒီ အချက်ငါးချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

ဒီမိုကရေစီ အုပ်ချုပ်ရေးရဲ့ကျောရိုးမဏ္ဍိုင်

“နိုင်ငံတော် သာယာဝပြောဖို့အတွက် ၀န်ထမ်းအဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်လောက်အရေးပါတယ် ဆိုတာကို ကျွန်မတို့ လိုရွေးချယ်တင်မြှောက်ခံရပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရသူတိုင်း သိရှိနားလည်သဘောပေါက်ကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အ‌ခြေခံတဲ့ အစိုးရအဖွဲ့တွေ ထွက်ပေါ်လာရေးအတွက် တဖြည်းဖြည်းချင်း အသွင်ကူးပြောင်းလာတာနဲ့အမျှ ၀န်ထမ်းအဖွဲ့ အစည်းတွေရဲ့ အခန်းကဏ္ဍဟာလည်း ပိုမိုပြီး အရေးကြီးလာမှာ ဖြစ်ပါတယ်။

အရွေးချယ်ခံ အစိုးရအဖွဲ့ဝင်တွေက ပြည်သူ့ဆန္ဒနဲ့အညီ တက်လာလိုက်၊ ဆင်းသွားလိုက် ပြောင်းလဲနေမှာပါ။ အုပ်ချုပ်ရေးယန္တရား အဆက်ပြတ်မသွားရေး၊ အဖွဲ့အစည်းတစ်ခုလုံးအတွက် မှတ်တမ်းမှတ်ရာတွေ မမေ့ပျောက်သွားရေး၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုစတဲ့ နိုင်ငံတော်ယန္တရားကြီးကို ဟန်ချက်ညီညီ တည်တည်ငြိမ်ငြိမ် လည်ပတ်စေတဲ့ ကိစ္စအရပ်ရပ်ကို ထိန်းသိမ်းထားရတာကတော့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ဟာပြည်သူ့ ၀န်ထမ်းတွေကို တာဝန်အသစ်နဲ့ ၀တ္တရားအသစ်တွေ အပ်နှင်းပေးပါတယ်။ ဒီမိုကရက်တစ် အစိုးရတွေရဲ့ လက်အောက်မှာ ပြည်သူ့ဝန်ထမ်းတွေဟာ ကိုယ်တိုင်ကြံဆ ဖော်ဆောင်နိုင်တဲ့ အရည်အချင်းရှိကြရပါမယ်။ သုံးသပ်ရွေးချယ်နိုင်ဖို့ မူဝါဒတွေ ဖော်ထုတ်တင်ပြခြင်း၊ ခက်ခဲတဲ့ ပြဿနာရပ်တွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနည်းအဆိုပြုချက်တွေ တင်ပြပေးခြင်းတို့ လုပ်ဆောင်နိုင်ရပါမယ်။ ပြည်သူ့ဝန်ထမ်းတွေဟာ လုပ်ငန်းတစ်ရပ် ဆောင်ရွက်ရာမှာ မိမိတို့ အထက်အရာရှိ၊ ၀န်ကြီးတွေသိရမယ့် အကြောင်းအကျိုး၊ အကောင်းအဆိုးများကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား၊ ဘက်လိုက်မှုကင်းကင်းနဲ့ သတ္တိရှိရှိ တင်ပြနိုင်ရပါမယ်။ တင်ပြဖို့ တာဝန်လည်း ရှိကြပါတယ်။ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ မလိုအပ်တဲ့ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဖယ်ရှားပေးနိုင်ဖို့၊ ဌာနတွေ တစ်ခုနဲ့တစ်ခုအကြား၊ ၀န်ကြီးဌာန တစ်ခုနဲ့တစ်ခုအကြား ပူးပေါင်းလုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေတဲ့ အတွေးအခေါ်၊ အစဉ်အလာတွေကို ပယ်ဖျက်ပေးဖို့၊ အစိုးရအဖွဲ့ကြီးတစ်ခုလုံး ထိရောက်ကောင်းမွန်လာစေမယ့် တီထွင်ကြံဆမှုနဲ့ အတွေးအခေါ်သစ်များ ထုတ်ဖော်ပေးဖို့ကို ဒီမိုကရေစီစနစ်က အားပေးပါတယ်”

 

“မလုပ်၊ မရှုပ်၊ မပြုတ်”

အတွေးအခေါ်အတွက် နေရာမရှိ

“ဖွဲ့စည်းတည်ဆောက်ပုံတွေ ပြောင်းလဲလိုက်တာ တစ်ခုတည်းနဲ့ ဒီမျှော်လင့်ချက်အသစ်တွေ ပြည့်ဝလာနိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေ စီစနစ်မှာ “မလုပ်၊ မရှုပ်၊ မပြုတ်” အတွေးအခေါ်အတွက် နေရာ မရှိနိုင်ပါဘူး။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရအပေါ်မှာ တာဝန်ခံရမှာပါ။ အစိုးရရဲ့ လုပ်ငန်းအစီအစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ သမာသမတ် ရှိရှိ၊ လုပ်ငန်းတာဝန်သိသိ၊ အသိဥာဏ်ပါပါ၊ နိုးနိုးကြားကြား၊ တက်တက်ကြွကြွ ဆောင်ရွက်ပေးကြရပါမယ်။ ကိုယ်တွေ့အတွေ့အကြုံအရ၊ ကျွန်မတို့ နိုင်ငံက နိုင်ငံ့ဝန်ထမ်းတွေဟာ ဒီမျှော်လင့်ချက်တွေကို ပြည့်ဝလာအောင် အကောင်အထည်ဖော်ပေး နိုင်ရုံသာမကဘဲ ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး ၀န်ထမ်းကောင်းများ ဖြစ်လာနိုင်တဲ့ အလားအလာရှိကြတယ်လို့ ယုံကြည်ပါတယ်။

ကျွန်မအနေနဲ့ လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေစဉ်ကာလနဲ့ အခုအုပ်ချုပ်မှုအဖွဲ့ တာဝန်ထမ်းဆောင်နေရတဲ့ ကာလတွေအတွင်းမှာ တာဝန်ကိုယ်စီ အလေးထားတဲ့ အောက်ခြေအဆင့် သန့်ရှင်းရေး၊ ဥယျာဉ်မှူးစတဲ့ ၀န်ထမ်းတွေကစပြီး မိမိတို့ရာထူးတာဝန်အမြင့်‌ဆုံးအဆင့်သို့ ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေအထိ၊ အဆင့်အတန်း၊ နောက်ခံ၊ အမျိုးမျိုး အဖုံဖုံသော ၀န်ထမ်းတွေကို သိရှိခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ခုလိုအခွင့်အခါ ကြုံကြိုက်တုန်းမှာ အသိအမှတ်ပြု ခံချင်လို့မဟုတ်၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက်၊ ဂုဏ်ကျော်ကြားမှုအတွက် မဟုတ်၊ ပြည်သူကို အကျိုးပြုဖို့ သက်သက်၊ မကြာခဏ ဆိုသလို ပေါ်ပေါက်တတ်တဲ့ အခက်အခဲ စိန်ခေါ်မှုအမျိုးမျိုးအကြားက တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေအားလုံးကို ဒီနေရာကနေ ကျွန်မ ဂုဏ်ပြုလိုက်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ မိမိတို့ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတာဝန်အပေါ် ဂုဏ်ယူကြပါ။ ပြည်သူအများ မျှော်လင့်တောင့်တနေတဲ့ တည်ငြိမ်လုံခြုံပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ကို ဖော်ဆောင်ပေးရာမှာ နေ့စဉ်နေ့တိုင်း ပါဝင်ဆောင်ရွက်ခွင့်ရစေတဲ့ မိမိတို့ရဲ့အခန်းကဏ္ဍကို ဂုဏ်ယူကြပါလို့ ပြောကြားလိုပါတယ်။

ကျွန်မတို့ အစိုးရအဖွဲ့အနေနဲ့လည်း ကျွန်မတို့ရဲ့ ၀န်ထမ်းတွေကို ဂရုတစိုက် စောင့်ရှောက်ပေးရမယ့် တာဝန်တွေရှိတယ် ဆိုတာကို သိရှိနားလည်ထားပါတယ်။ ကျွန်မတို့ ၀န်ထမ်းတွေ သင့်လျော်မျှတတဲ့ လုပ်ခလစာ ရရှိရေး၊ ကောင်းမွန်တဲ့ အထွေထွေခံစားခွင့်တွေ ရရှိခံစား နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဝန်ထမ်းအများစုရဲ့ လုပ်ခလစာနှုန်းထားဟာ၊ အခြားနယ်ပယ်တွေက ၀န်ထမ်းတွေနဲ့နှိုင်း ယှဉ်ရင် နိမ့်ကျနေသေးတယ်ဆိုတာကို ကျွန်မတို့ သိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုပါတယ်။ ဒီပြဿနာကို ချက်ချင်းဖြေရှင်းပေးနိုင်မယ့် နည်းမရှိသေးပါဘူး။ လုပ်ခလစာ တိုးမြှင့်ပေးတဲ့အခါမှာ လေးလေးနက်နက် စဉ်းစားသုံးသပ်ပြီး ရေရှည်တည်တန့်အောင် ဖြည်းဖြည်းချင်း တိုးမြှင့်ပေးရမှာ ဖြစ်တဲ့အပြင် နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေငွေစာရင်း အခြေအနေနဲ့အညီလည်း ဆောင်ရွက်ရပါတယ်”

 

အခြားနည်းလမ်းတွေနဲ့ ပံ့ပိုးသွားမယ်

“လစာတိုးမြှင့်ရေးဟာ ကျွန်မတို့ ၀န်ထမ်းတွေမျှော်လင့်သလို ချက်ချင်းမဖြစ်နိုင်သေးပေမယ့် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို အခြားနည်းလမ်းတွေနဲ့ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အလုပ်ခွင်ဖန်တီးခြင်း၊ မိသားစုဝင်တွေအတွက် နေမှုထိုင်မှု အခြေအနေတွေပိုပြီး ကောင်းမွန်လာခြင်းတို့ ဖြစ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စတင်လုပ်နေတဲ့ လုပ်ရပ်တစ်ခုအနေနဲ့ အဆင့်မြင့်ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်နေပြီဖြစ်သလို၊ အငြိမ်းစားယူပြီး ပြည်သူ့ဝန်ထမ်းတွေအားလုံး နိုင်ငံအပေါ်သစ္စာရှိစွာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်အပြီးမှာ လုံလုံခြုံခြုံ၊ သိက္ခာရှိရှိ နေထိုင်သွားနိုင်ဖို့ အိမ်ရာများ ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်မှာဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လက်ရှိကာလနဲ့ လာမယ့်နှစ်တွေအတွင်း လိုအပ်မယ့် လုပ်ငန်းကျွမ်းကျင်မှုတွေ ပြည့်ဝရေးအတွက် အစီအမံတွေ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံဟာ ထူးကဲတဲ့ နည်းပညာနဲ့ လူမှုရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီစိန်ခေါ်မှုတွေထဲမှာ ရှုပ်ထွေးနက်နဲတဲ့ မူဝါဒချမှတ်မှုတွေနဲ့ အလျှော့အတင်း လုပ်ရမယ့်ကိစ္စတွေလည်း ပါရှိနေပါတယ်။ အခြားနိုင်ငံတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ တဖြည်းဖြည်းချင်း ဖြေရှင်းယူလာခဲ့တဲ့ ပြဿနာတွေကို ကျွန်မတို့နိုင်ငံက လာမယ့်နှစ်အ နည်းငယ်အတွင်းမှာ ဖြေရှင်းယူရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် အခြားနိုင်ငံတွေရဲ့ အောင်မြင်မှု၊ မှားယွင်းမှုတွေကို သင်ခန်းစာယူပြီး တစ်ဖက်မှာလည်း နည်းပညာသစ်တွေ၊ တီထွင် ကြံဆမှုတွေနဲ့ အခွင့်အလမ်းတွေကို ခုန်ပျံကျော်လွှား ရှာဖွေကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဖက်ဒရယ်အစိုးရ ထွက်ပေါ်လာခြင်းဖြင့် ကြုံတွေ့လာနိုင်တဲ့ ပြောင်းလဲမှု၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။

ဒီလိုဆောင်ရွက်နိုင်ဖို့ အဓိကအားဖြင့် ဥာဏ်ပညာထက်မြက်မှု၊ ခက်ခဲနက်နဲတဲ့ စီမံခန့်ခွဲ၊ ပေါင်းစပ်ညှိနှိုင်း၊ စီမံဆောင်ရွက်တတ်မှုနဲ့ ထက်ထက်မြက်မြက် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်နိုင်မှု စတဲ့အရည်အချင်းတွေ လိုအပ်ပါမယ်။ ဒါတွေကို ကြိုးပမ်း‌ဖော်ဆောင်ပေးရမယ့်သူတွေ၊ ဒီလုပ်ငန်းတွေရဲ့ အောင်မြင်မှုအတွက် အဓိကကျတဲ့သူတွေကတော့ ပြည်သူ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၀န်ကြီးဌာနတွေ၊ အစိုးရအဖွဲ့အစည်းတွေကို မိမိတို့ရဲ့ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်တဲ့ ၀န်ထမ်းတွေရဲ့ စွမ်းရည်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က Civil Services Academy ကို ဖွင့်လှစ်လိုက်ခြင်းဟာ ဒီရည်မှန်းချက် အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရရဲ့ လက်တွေ့ကျတဲ့ အကောင်အထည်ဖော် ဆောင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြည်သူ့ဝန်ထမ်းတွေအတွက် နိုင်ငံရပ်ခြားမှာ လေ့ကျင့်ရေး သင်တန်းတွေ သွားရောက်လေ့လာ သင်ယူနိုင်တဲ့ အခွင့်အလမ်းတွေပိုမိုပြီး ပွင့်လန်းလာတဲ့အတွက် ကျေနပ်အားရ မိပါတယ်။ ဒီအခွင့်အလမ်းတွေကို စနစ်တကျ အစီအစဉ်တွေချမှတ်ပြီး လက်တွေ့ကျကျ အာရုံစိုက် အသုံးချသွားနိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် အဖိုးထိုက်တန်တဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအသစ်တွေနဲ့ မူဝါဒဆိုင်ရာ အတွေးအခေါ်ပညာတွေရရှိ တိုးပွားလာမှာ ဖြစ်ပါတယ်”

 

ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းကို အခြေခံပြီး ချီးမြှင့်မြှောက်စားမယ်

“ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ မဟာဗျူဟာစီမံချက်ဟာ ၀န်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းကို အခြေခံပြီး ချီးမြှင့်မြှောက်စားမှုပြုတဲ့ ယဉ်ကျေးမှုအစဉ်အလာနဲ့ စနစ်ထွန်းကားရေး အရေးပါမှုကို အသိအမှတ်ပြုထားပါတယ်။ အဲဒီ လိုဆောင်ရွက်တာကြောင့် လူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် လုပ်နည်းလုပ်ဟန်သစ်တစ်ခု ဖြစ်လာရုံသာမက တစ်ဖက်မှာလည်း ပြည်သူ့ဝန်ထမ်း အဆင့်ဆင့်ကိုလည်း တစ်ကိုယ်ရေ ကြိုးစားအားထုတ်လိုစိတ်တွေ တိုးတက်ဖြစ်ထွန်းလာစေမှာ ဖြစ်ပါတယ်။ ၀န်ထမ်းတွေကို ရာထူးတိုးမြှင့်မြှောက်စားရာမှာ ဓမ္မဓိဋ္ဌာန်ကျပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ သတ်မှတ်တိုင်းတာချက်တွေနဲ့ ဆုံးဖြတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ၀န်ထမ်းတစ်ဦးချင်းစီရဲ့ လုပ်ရည်ကိုင်ရည်နဲ့ စွမ်းရည်အလားအလာရှိမှုကို သုံးသပ်နိုင်ရပါမယ်။ ဘက်လိုက်မျက်နှာသာပေးတယ်။ နီးစပ်သူကို ချီးမြှောက်တယ်လို့ အထင်အမြင် စိုးစဉ်းမျှပင်မရှိစေနိုင်ဖို့ အစွမ်းကုန် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ ခွဲခြားဆက်ဆံမှု မပြုလုပ်မိဖို့ သတိထားရပါမယ်။ ဒီလိုဆောင်ရွက်နိုင်ခြင်းနဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်လိုစိတ်၊ တက်တက်ကြွကြွ အလုပ်လုပ်ကိုင်လိုစိတ်တွေ အမှန်တကယ် ပေါ်ထွန်းလာစေပြီး၊ တစ်ဖက်မှာလည်း လုပ်ငန်းခွင်မှာ လူမှန်နေရာမှန် ဖြစ်လာစေမှာပါ။

ကျွန်မတို့နိုင်ငံရဲ့ ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းက နိုင်ငံအတွင်းမှာရှိတဲ့ မတူကွဲပြားမှုတွေကို ရောင်ပြန်ဟပ်ဖို့ အရေးကြီးပါတယ်။ ယနေ့ အထက်တန်းကျောင်းသူ ကျောင်းသားတိုင်းဟာ သူတို့ရဲ့ မွေးရပ်ဇာတိမြေ၊ လူမျိုးစု၊ ကိုးကွယ်သောဘာသာ၊ အသိုင်းအ၀ိုင်း၊ ဥစ္စာဓန၊ ကျား၊ မ လိင်ကွာခြားမှုတွေကြောင့် အနာဂတ်တွင် ၀န်ထမ်းလောကထဲ ၀င်ရောက်နိုင်ရေး အခွင့်အလမ်းတွေ ပိတ်ဆို့နေမယ်လို့ မခံစားရစေသင့်‌ပါဘူး။ ဘယ်လို နောက်ခံအသိုင်း အ၀ိုင်းကပဲဖြစ်ဖြစ် အကောင်းဆုံး၊ အတော်ဆုံးတွေ ပြည်သူ့ဝန်ထမ်း လောကအတွင်း ၀င်ရောက်ပြီး အနေမြဲစေမယ့် ၀န်ထမ်းရွေးချယ် ခန့်အပ်ရေးစနစ်ကိုပဲ ကျင့်သုံးဆောင်ရွက်ရပါမယ်။ အမှန်တကယ် အားလုံးပါဝင်ခွင့်ရှိတဲ့ ၀န်ထမ်းလောကကို ဖန်တီးနိုင်ခြင်းဟာ မှန်ကန်တဲ့ တန်ဖိုးထားမှုတွေ မြှင့်တင်ပေးတဲ့အပြင် လက်တွေ့ကျတဲ့ အကျိုးဖြစ်ထွန်းမှုလည်း ရှိစေမှာဖြစ်ပါတယ်။ သုတေသန ဖော်ပြချက်တွေအရ ကွဲပြားခြားနားခြင်းကို အကျိုးဖြစ်အောင် ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေဟာ ၎င်းတို့ဝန်ဆောင်မှုပေးနေတဲ့ လူမှုအဖွဲ့အစည်းများအတွက် ကောင်းမွန်တဲ့မူဝါဒတွေ ချမှတ်ရာမှာပဲဖြစ်ဖြစ်၊ ၀န်ဆောင်မှုလုပ်ငန်းတွေ ဖြည့်ဆည်းပေးရာမှာပဲဖြစ်ဖြစ်၊ ပိုမိုပြီးထိရောက်ကောင်းမွန် ကြတယ်ဆိုတာ တွေ့ရပါတယ်။ မဟာဗျူဟာ စီမံချက်ဟာ ကျွန်မတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အသိအမှတ်ပြုဖို့ မရွံ့ပါဘူး။ ဒီစိန်ခေါ်မှုတွေအနက် အဓိကအကျဆုံးကတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုဟာ တိုင်းတာဖို့ ခက်သလို၊ သတိပြုမိဖို့လည်း ခက်ပါတယ်။ ဒီကိစ္စဟာ ပြဿနာတစ်ခုအဖြစ် တည်ရှိနေသေးတာကတော့ ယုံမှားသံသယမရှိနိုင်ပါဘူး။ အဂတိလိုက်စားမှုဟာ အယုံအကြည်ရှိမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံးရဲ့ ဂုဏ်ရှိမှုတို့ကို တိုက်စားဖျက်ဆီးပါတယ်။ ထို့အပြင် အဂတိလိုက်စားခြင်းဟာ လူအနည်းငယ်ရဲ့အကျိုးကို အများအကျိုးအထက်မှာ ထားရှိခြင်းဖြစ်တာကြောင့် ဒီမိုကရေစီရဲ့ ဗဟိုမူဖြစ်တဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးကို ထိပါးစေပါတယ်”

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး

“နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲ မှုဆိုင်ရာ မဟာဗျူဟာစီမံချက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပြည်သူ့ဝန်ထမ်းကျင့်ဝတ် တောင့်တင်းခိုင်မာရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် လေ့ကျင့်သင်ကြားမှုများပေးဖို့၊ တိုင်ကြားရေးနဲ့ ဖော်ထုတ်ရေးဆိုင်ရာ ယန္တရားထိရောက်မှုရှိဖို့၊ အဆင့်မြင့် ရာထူးရာခံရှိသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ကြေညာဖို့၊ နည်းပညာအသစ်တွေနဲ့ အုပ်ချုပ်မှုဆိုင် ရာလုပ်ငန်းစဉ်တွေကို ပံ့ပိုးဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားနိုင်မှု အခွင့်အလမ်းကို နည်းပါးအောင်ဆောင်ရွက်ဖို့ စတဲ့အစီအစဉ်တွေလည်း ထည့်သွင်း ဆောင်ရွက်ထားပါတယ်။

အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းဟာ မဟာဗျူဟာစီမံချက်တစ်ခုလုံးရဲ့ ရည်မှန်းချက် အောင်မြင်ရေးကို အထောက်အကူဖြစ်စေမှာ ဖြစ်တဲ့အပြင်၊ ပြည်သူ့ဝန်ထမ်းအဖွဲ့ အစည်းတွေနဲ့ မိမိတို့ ၀န်ဆောင်မှုပေးနေတဲ့ လူ့ဘောင်အဖွဲ့အစည်းကြားမှာ ယုံကြည်မှုကိုလည်း တိုးတက်ဖြစ်ထွန်းစေပါတယ်။ ယုံကြည်မှုကို တည်ဆောက်တဲ့နေရာမှာ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ သိက္ခာရှိရှိနေတတ်ဖို့၊ ဘက်လိုက်မှု ကင်းရှင်းဖို့၊ မိမိအလုပ်နဲ့ပတ်သက်ပြီး တာဝန်ယူမှုရှိဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အများပြည်သူ ဘက်ကလည်း ပြည်သူဝန်ထမ်းတွေအပေါ် လေးစားမှုနဲ့ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဖို့လိုအပ်ပါမယ်။ ဒီလိုမျိုး အပြန်အလှန် ယုံကြည်လေးစားမှုကို အချိန်ယူတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်နိုင်မှလည်း အများအတွက် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

နိဂုံးမချုပ်ခင်မှာ ယနေ့ပြုလုပ်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ Global Stuyd on Intrinsic Motivation in Developing Countries ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြသူ အားလုံးအားလည်း ချီးကျူးဂုဏ်ပြုလိုပါတယ်။ လာမယ့်သုံးရက်တာ ကာလအတွင်း ပြုလုပ်မယ့် Knowledge Forum ဆွေးနွေးပွဲကို တက်ရောက်နိုင်မှာ မဟုတ်တဲ့အတွက်လည်း တောင်းပန်လိုပါတယ်။ အပြန်အလှန် ဆွေးနွေးမှုတွေကနေ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဝေးကနေ ရောက်ရှိလာကြပြီး မိမိတို့ နိုင်ငံရဲ့ အတွေ့အကြုံတွေကို မျှဝေပေးကြမယ့် ပညာရှင် ပုဂ္ဂိုလ်တွေကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ Global Study နိုင်ငံတကာ လေ့လာရေးအစီအစဉ်မှာ မြန်မာနိုင်ငံဟာ ပထမဦးဆုံး ပါဝင်ဆောင်ရွက်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျေနပ်အားရမိပြီး ထွက်ပေါ်လာမယ့် ရလဒ်တွေကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေပါမယ်။

နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲ မှုလုပ်ငန်းစဉ်ဟာ ရှုပ်ထွေးနက်နဲတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံလို အပြောင်းအလဲကို ရှာဖွေဖော်ဆောင်ရာမှာ လက်ရှိ ဖွဲ့စည်းတည်ဆောက်မှုနဲ့ လုပ်ငန်းစဉ်တွေကိုသာမက ယဉ်ကျေးမှုတစ်ရပ်လို့တောင် ခေါ်ဆိုနိုင်တဲ့ ကာလရှည်ကြာစွာ အမြစ်တွယ်ခဲ့တဲ့ လုပ်ငန်းဆောင်ရွက်မှု အကျင့်စရိုက်ဟောင်းတွေကို ပယ်ဖျက်ပစ်ပြီး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ခက်ခဲရှုပ်ထွေးပါတယ်။ ဒါ့အပြင် ကျွန်မတို့အနေနဲ့ အနာဂတ်မှာ ဖက်ဒရယ်စနစ် ကျင့်သုံးရာကနေ ထွက်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ လိုအပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ကတော့ ဒီတာဝန်ကို မတွန့်မဆုတ် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ “၀န်ထမ်းကောင်းမှ နိုင်ငံကောင်းမယ်” ဆိုတဲ့အတိုင်း ကျွန်မတို့နိုင်ငံရဲ့ အစွမ်းအစတွေကို အမှန်တကယ် ထွက်ပေါ်လာစေချင် တယ်ဆိုရင် ကျွန်မတို့ရဲ့ ပြည်သူ့ဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီ၊ အစုအဖွဲ့ တစ်ခုချင်းစီရဲ့ စွမ်းရည်တွေကို တိုးတက်လာအောင် ဖော်ထုတ်ပေးရမှာ ဖြစ်ပါတယ်” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် NLD အစိုးရ သက်တမ်း တစ်နှစ်ကျော်ချိန်မှာတော့ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) ကို အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ဒီမဟာဗျူဟာစီမံချက် သက်တမ်းကာလကို ကြည့်မယ်ဆိုရင် NLD အစိုးရသက်တမ်း ငါးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုတာကို တွေ့ရမှာပါ။ တကယ်တော့ နိုင်ငံ့ဝန်ထမ်းလောကကို ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ခဲ့တာ ကြာခဲ့ပါပြီ။

အစိုးရအဆက်ဆက် မပြုပြင်ခဲ့တဲ့ အကျင့်ပျက်ခြစားမှုတွေ၊ ကြိုးနီစနစ်တွေ၊ အထက်ဖားအောက်ဖိ အခြေအနေတွေနဲ့ ရှုပ်ထွေးနေတဲ့ နိုင်ငံ့ဝန်ထမ်းလောကကို NLD အစိုးရလက်ထက်မှာ ရှင်းလင်းဖို့ဆိုတာ ရေတို၊ ရေရှည်သွားရမယ့် အနေအထားဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒါကြောင့် NLD အစိုးရရဲ့ လက်ကျန်သက်တမ်း သုံးနှစ်ကျော် ကာလအတွင်းမှာ လက်ရှိထုတ်ပြန်ထားတဲ့  နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) အတိုင်း အကောင်အထည်ဖော်နိုင်မလား ဆိုတာကတော့ ပြည်သူတွေအနေနဲ့ ဆက်လက်စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။

Writer: 
■ ဆန်းမိုးထွန်း