အစိုးရဖတ်စာများ၊ ပြောင်းလဲချိန်တန်ပြီနှင့် မနက်ဖြန်များစွာ

အစိုးရဖတ်စာများ၊ ပြောင်းလဲချိန်တန်ပြီနှင့် မနက်ဖြန်များစွာ
Published 23 February 2018

ဖေဖော်ဝါရီ ၂၂ ရက် နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

ပြောင်းလဲချိန်တန်ပြီဟု ဆိုခဲ့လင့်ကစား ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် သမာရိုးကျ၊ လမ်းရိုးလမ်းဟောင်းကြီးပေါ်တွင် ရှေးထုံးမပယ် လျှောက်လှမ်းနေဆဲဖြစ်သည်မှာ စိုးရိမ်ကြောင့်ကြဖွယ်ရာ ဖတ်စာပင်ဖြစ်သည်။ အစိုးရများ၏သင် ရိုးညွှန်းတမ်း၊ ဖတ်စာတို့ကို ဗျူဟာမြောက်စနစ်တကျပြုပြင်၊ တည်းဖြတ်နိုင်မှသာ ပြောင်းလဲချိန်တန်ပြီမှသည် ပြောင်းလဲနေပြီဆိုသည့် လမ်းစပေါ် ဟန်ကျပန်ကျခြေချနိုင်မည်ဖြစ်သည်။ ပြောင်းလဲချိန်တန်ပြီဆိုသည့် မနေ့က စကားကို ယနေ့မှစတင်၍ အပြောင်းအလဲခြေ လှမ်းစပြနိုင်မှသာ မနက်ဖြန်များစွာသည် အပြောင်းအလဲစစ်စစ်များနှင့်အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာဖြစ်လာနိုင်သည်။

အစိုးရဖတ်စာများတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများသည် သော့ချက်ကျပြီး၊ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏အကြီးအမှူးဖြစ်သည်။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ (ခ)(ဂ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကိုရွေးချယ်ပြီး၊ သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီမှုရယူ၍ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရခြင်းသည် ပြဋ္ဌာန်းချက်ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်း၍ ဆန္ဒမဲ ပေးရွေးချယ်နိုင်ခြင်းမရှိသည့် အနေအထားအပေါ် အားမလိုအားမရဖြစ်သံများကျယ် လောင်လျက်ရှိပြီး၊ အဆိုပါဖတ်စာသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ကျားကန် နိုင်ပါ့မလားဟု မေးခွန်းထုတ်လျက်ရှိသည်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များ၏ သဘောတူညီချက်ရရှိပြီးသည့် ပုဂ္ဂိုလ် ၁၄ ဦးကို တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် များအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်အနည်းဆုံး ၃၃၃ ဦး အနိုင်ရရှိသောပါတီ သို့မဟုတ် ပါတီတပ် ပေါင်းစုကထောက်ခံသည့် ဒုတိယသမ္မတတစ်ဦးသည် နိုင်ငံတော်သမ္မတဖြစ်လာပြီး၊ သက် ဆိုင်ရာလွှတ်တော်များ၏သဘောတူညီမှုဖြင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ခန့်အပ်တာဝန်ပေးသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ရွေးကောက်ခံပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၉၈ ဦးအနက် ၃၃၃ နေရာ အနိုင်ရရှိသည့်ပါတီ သို့မဟုတ် ပါတီတပ်ပေါင်းစုသည် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများကို စိတ်တိုင်း ကျဖွဲ့စည်းနိုင်မည့် လုပ်ပိုင်ခွင့်ရရှိထားခြင်းသည် အစိုးရဖတ်စာ၏အစိတ်အပိုင်းပင်ဖြစ်သည်။ တိုင်းရင်းသားပါတီ တစ်ပါတီချင်းဖြစ်စေ၊ တပ်ပေါင်းစုအလိုက်ဖြစ်စေ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၃၃၃ နေရာ အနိုင်ရရှိရန်မှာ အလွန်အမင်း ခဲယဉ်းသည့် အလျောက် ပြည်ထောင်စုအစိုးရအဖွဲ့ကိုက မကထပြုဖွဲ့စည်းနိုင်ရန် အလားအလာမရှိသလောက် နည်းမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားပါတီများအနေဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အများစု အနိုင်ရရှိလင့်ကစား၊ ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်နိုင်ခွင့်မရှိသည့် အခင်းအကျင်းသည် တိုင်းရင်းသားများ သဘောမတွေ့သည့်၊ လမ်းရိုးလမ်းဟောင်းအတိုင်း ခရီးဆက်နေသည့် အစိုးရဖတ်စာများ၏ အပိုင်းအစဟု ဆိုနိုင်သည်။ တိုင်းရင်းသားပါတီများသည် ပြည်ထောင်စုအစိုးရသာမက၊ ပြည်နယ်အစိုးရကိုပါ ကမကထပြုဖွဲ့စည်းနိုင်ခွင့် မရှိသည့်အခင်းအကျင်းသည် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်နှင့် သဟဇာတဖြစ်နိုင်ဖွယ် မရှိပေ။

နှစ်နှစ်နီးပါး အစိုးရသက်တမ်းတွင် နိုင်ငံတော်သမ္မတသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင်လည်းကောင်း၊ ရာထူးမှ နုတ်ထွက်ခွင့် ပြုခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အားလုံးသည် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးချယ် တင်မြှောက်သူများဖြစ်ပြီး၊ ပျမ်းမျှအသက်မှာ ၅၉ နှစ် ၂ လဖြစ်သဖြင့် အစိုးရဖတ်စာများ၏ အိုမင်းသော အပိုင်းအစဟုပင် သတ်မှတ်ရ မည်ဖြစ်သည်။ ဝန်ကြီးချုပ် ရှစ်ဦးသည် အသက် ၆၀ အထက်ဖြစ်ပြီး၊ ခြောက်ဦးသည် အသက် ၆၀ အောက်ဖြစ်သည်။ ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုးသည် အသက် ၃၉ နှစ်ရှိပြီး၊ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်သည်။ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်သည် အသက်အကြီးဆုံးဝန်ကြီးချုပ်ဖြစ်ပြီး၊ အသက် ၇၂ နှစ်ရှိပြီဖြစ်သည်။ ဝန်ကြီးချုပ်နေရာများတွင် အသက် ၆၀ အောက် လွှတ်တော်ကိုယ်စားလှယ်များအား စွမ်းဆောင်ရည်အပေါ်အခြေပြုလျက် ခန့်အပ်တာဝန်ပေးလာနိုင်မည်ဆိုလျှင် အစိုး ရဖတ်စာသည် မနက်ဖြန်များစွာအတွက် အပြောင်းအလဲများကို ယူဆောင်ပေးလာနိုင်ဖွယ်ရှိသည်။

ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးကို ဆန္ဒမဲပေး၊ ရွေးချယ်တင်မြှောက်သည်။ ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် သမ္မတဦးထင်ကျော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ချုပ်များကတင်ပြလာသည့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ သဘောတူညီချက်ရရှိပြီးဖြစ်သည့် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး စိုင်းကျော်ဇောသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ကွယ်လွန်ခဲ့သဖြင့် ဝန်ကြီးတစ်နေရာ လစ်လပ်လျက်ရှိသည်။ တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ပြည်ထောင်စုတစ်ဝန်း တိုင်းရင်းသားလူမျိုးစုများအရေးကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည့် ယန္တရားတစ်ခု ထူထောင်ထားနိုင်ရန် လိုအပ်လျက်ရှိပြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာ နနှင့်လည်း ထိထိရောက်ရောက်၊ ကျယ်ကျယ် ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်နေဆဲ အခင်းအကျင်းသည်လည်း အစိုးရဖတ်စာများ၏ သော့ချက်အပိုင်းအစတစ်ခုပင်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ကျောရိုးပုဂ္ဂိုလ်များဖြစ်ပြီး၊ အောက်ခြေပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေသည့် လူထုကြားက သံတမန်များလည်းဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများအနေဖြင့် စွမ်းဆောင်ရည်မြင့်မားလေလေ၊ အစိုးရအဖွဲ့သည် ပြည်သူနှင့် ပိုနီးကပ်နိုင်လေလေ၊ ပြည်သူကို ပိုမျက်နှာမူနိုင်လေလေဖြစ်သည်။ ၂၀၁၆ ခုနှစ် ဧပြီ ၅ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန် ကြီးချုပ်က တင်ပြခဲ့ပြီး၊ သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီချက်ရရှိပြီးဖြစ်သည့် ပုဂ္ဂိုလ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများတွင် တပ်မတော်သားလုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ၁၄ ဦး၊ အရပ်သားဝန်ကြီး ၇၆ ဦးပါဝင်၍ အရပ်သားဝန်ကြီးသုံးနေရာ လစ်လပ်နေသဖြင့်၊ ဝန်ကြီး ၇၃ ဦးသည် တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။ တိုင်းရင်းသားရေးရာ ဝန်ကြီးများအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ ဝန်ကြီးအရေအတွက်မှာ ၁၁၉ ဦးဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အရပ်သားဝန်ကြီးများအကြား ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မှုရာခိုင်နှုန်းသည် အားရစရာမရှိဟု သုံးသပ်ရမည်ဖြစ်သည်။ အရပ်သားဝန်ကြီး ၇၆ ဦးအနက် သုံးဦးလစ်လပ်နေပြီး ဝန်ကြီး ၃၅ ဦးသာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၏ ထက်ဝက်ကျော်ကျော် (၅၂ ရာခိုင်နှုန်း)သည် ပြည်သူက ရွေးကောက် တင်မြှောက်ခြင်းမခံရသည့် တတ်သိပညာရှင်များ၊ အငြိမ်းစားအရာရှိကြီးများနှင့် ပြင်ပ ပုဂ္ဂိုလ်များဖြစ်နေသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၆၂ (က)(၁)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်လင့်ကစား တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို သက်တမ်းအလိုက် ဦးစားပေး ခန့်အပ်တာဝန်ပေးနိုင်ရန် ပိုမိုသော့ချက်ကျမည်ဟုဆိုလျှင် ပြောင်းလဲချိန်တန်ပြီဆိုသည့် အစိုးရဖတ်စာများနှင့်လည်း လိုက်လျောညီထွေ ရှိမည်ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ စပ်ကူးမပ်ကူးတွင် အစိုးရများအားကောင်းရန် လိုအပ်သည့်နည်းတူ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာများအပါအဝင် အင်စတီကျူးရှင်းများ ခိုင်မာတောင့်တင်းရန် အရေးကြီးသည်ဆိုသောအချက်သည် မနက်ဖြန်များစွာ၊ မျှော်လင့်ချက်များစွာနှင့် ဆက်စပ်နေသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး မျက်နှာစာတွင် အားကောင်းလာမည်ဆိုလျှင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအရေးသည် အနှစ်သာရ ပိုမို ပြည့်ဝလာမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများကို ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီးများအဖြစ် တတ်သိပညာရှင်များ၊ အငြိမ်းစားများနေရာတွင် အစားထိုး၊ ပြောင်းလဲခန့်အပ် တာဝန်ပေးလာနိုင်မည်ဆိုလျှင် နိုင်ငံရေးအနှစ်သာရပြည့်ဝသော ဖတ်စာ၏ အပိုင်းအစ အသက်ဝင်လာပြီဟု ဆိုရမည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဝန်ကြီးများသည် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်လင့်ကစား၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် မလိုအပ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို အစိုးရအဖွဲ့ဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် စဉ်းစားခြင်းက ပိုမိုယထာဘူတကျမည်ဟု မှတ်ချက်ပြုနိုင်သည်။ ဗေထိဆိုကတည်းက ကွဲခဲ့သည်ဆိုလျှင် ပြည်သူကို မျက်နှာမူနိုင်ရန် ခဲယဉ်းမည်ဖြစ်သည်။ အကယ်စင်စစ် ရွေးကောက်ပွဲမတိုင်မီကာလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများအဖြစ် လျာထားသူများကို  မူဝါဒများ၊ စည်းမျဉ်း များနှင့်အညီ ကြိုတင်ရွေးချယ်ထားပြီးဖြစ်ခဲ့ မည်ဆိုလျှင် အစိုးရဖတ်စာများသည် ပိုမိုစိတ်ဝင်စားဖွယ်ရာဖြစ်နိုင်သည်။

တတ်သိပညာရှင်များ၊ အငြိမ်းစား အရာရှိကြီးများ၊ သူတို့၏အသံနှင့် အမြင်သဘောထားများကို တန်ဖိုးထားနိုင်လေလေ၊ နားထောင်နိုင်လေလေ ဒီမိုကရေစီအပြောင်းအလဲသည် အားကောင်းလေလေဖြစ်သည်။ တတ်သိပညာရှင်များ၊ အငြိမ်းစားအရာရှိကြီးများကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသည်ထက် အစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများတွင် အကြံပေးပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များအဖြစ် ဥပဒေနှင့်အညီ ခန့်အပ်နိုင်၊ နေရာပေးနိုင်မည်ဆိုလျှင် ပိုမိုအကျိုးရှိနိုင်ပြီး၊ လွတ်လပ်သည့်အမြင်သဘောထား၊ အကြံဉာဏ်များကို စုဆောင်း၊ ရရှိနိုင်မည်ဖြစ်သည်။ အငြိမ်းစားအရာရှိကြီးများသည် ဗျူရိုကရေစီနှင့် ကြိုးနီစနစ်ယန္တရားထဲတွင် ဆယ်စုနှစ်ပေါင်းများစွာ အသားကျခဲ့ကြသူများဖြစ်ပြီး၊ တည်ဆဲယန္တရားကိုဖောက်ထွက်ရန် ဝန်လေးတတ်သူများဖြစ်သည့်အလျောက် ဝန်ကြီးနေရာများတွင် ခန့်အပ်တာဝန်ပေးမည်ဆိုလျှင် ဗဟိုချုပ်ကိုင်မှု နွံထဲနစ်သထက်နစ်၍ ဒုံရင်းဒုံရင်းအတိုင်း ဖြစ်နေဦးမည့် အလားအလာများကလည်း အစိုးရဖတ်စာများ၏ အစိတ်အပိုင်းများပင်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို တင်းပြည့်ကျပ် ပြည့်ခန့်အပ်တာဝန်ပေးခဲ့သည်မှာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ဖြစ်သည်။ အဆိုပါတိုင်းဒေ သကြီးနှစ်ခုတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှလွဲ၍ ကျန်ဝန်ကြီးများအားလုံးသည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။ ရှမ်းပြည်နယ်အစိုးရနှင့် မွန်ပြည်နယ်အစိုးရတို့တွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သော ဝန်ကြီးတစ်ဦးစီသာ ပါဝင်သဖြင့် ဒုတိယလိုက်နေသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ တွင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သော ဝန်ကြီး လေးဦးစီပါဝင်ပြီး၊ လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုအနည်းဆုံး အစိုးရအဖွဲ့များ အဖြစ်မှတ်တမ်းဝင်နေခြင်းသည်လည်း အစိုးရဖတ်စာများ၏ အပိုင်းအစဟုဆိုနိုင်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်ထောင်စုဝန်ကြီးများ၊ ဝန် ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများကို ရွေးချယ်၍ ခန့်အပ်တာဝန်ပေးရာတွင် တိကျခိုင်မာသော မူဝါဒ၊ စည်းမျဉ်းတိတိကျကျချမှတ်၊ ဖော်ဆောင်ခဲ့ခြင်းရှိ၊ မရှိအကဲဖြတ်နိုင်ရန် ခဲယဉ်းနေဆဲဖြစ်သည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော၊ ပွင့်လင်းမြင်သာမှုရှိသော ကောင်းမွန်သည့် အစိုးရယန္တရားတည်ဆောက်ရေးဟုဆိုလျှင် မူဝါဒများ၊ စည်းမျဉ်းများအပါအဝင် အင်စတီကျူးအပိုင်း စနစ်ကျ၊ အားကောင်းရမည်မှာ အစိုးရများဖတ်စာတွင် အကျူံးဝင်ပြီး ဖြစ်မည်။ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသာမက၊ အမြဲတမ်းအတွင်းဝန်များ၊ အတွင်းဝန်များအထိ လုပ်ငန်းစွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲဖြတ်သည့် စနစ်တစ်ရပ် မဖြစ်မနေ ထူထောင်ရမည်ဖြစ်သည်။ စွမ်းဆောင်ရည်အားနည်းသော ဝန်ကြီးများနေရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစားထိုးခန့်အပ် တာဝန်ပေးနိုင်ရေးကို အမြော်အမြင်ရှိရှိ ဆင်ခြင်သုံးသပ်သင့်သည်။

အချုပ်အားဖြင့်ဆိုသော် အစိုးရဖတ်စာများသည် မနက်ဖြန်များစွာ၏မျှော်လင့်ချက်များ၊ အခွင့်အလမ်းများကို ကျယ်ကျယ်ပြန့် ပြန့်မီးမောင်းထိုးပြနိုင်ရန် အရေးကြီးမည်ဖြစ်သည်။ ပြောင်းလဲချိန်တန်ပြီအလွန် အမှန်တကယ်ပြောင်းလဲဖို့ဆိုလျှင် လမ်းရိုးလမ်း ဟောင်းကြီးမှခွဲထွက်၍ လမ်းသစ်ဖောက်ကြရမည်ဖြစ်သည်။ နိုင်ငံရေးအရ စွန့်ဦးတီထွင်ကြရမည်၊ ဆန်းသစ်တီထွင်ကြရမည်၊ မတူကွဲပြား ခြားနားသော အခြေအနေများအောက်တွင် ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် ယဉ်ကျေးမှုကို အားကောင်းသည်ထက် အား ကောင်းအောင် တည်ဆောက်ကြရမည်ဖြစ်သည်။ သို့မှသာ မနက်ဖြန်များစွာသည် နိုင်ငံရေး အဓိပ္ပာယ်ပိုဆောင်လာပြီး၊ မျှော်လင့်ချက်များသည်လည်း ပိုသက်ဝင်လှုပ်ရှားလာမည် ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

Most Read

Most Recent