အဝေးက စာ

အဝေးက စာ
Published 23 February 2018

Photo: CNN

အပိုင်း (က)

ပို့ထားတဲ့စာတွေ ရေထဲ စက္ကူလေးတွေလို ကျကျသွား။ တစ်နေရာကို ရောက်ကောင်း ရောက်မှာပေါ့။ ကိုယ်က အမြဲဒီလိုမျှော်လင့်ပါတယ်။ ကိုယ့်ဆီတော့ ပြန်မလာနိုင်တော့ဘူးလေ။ ပြောထားတဲ့စကားလုံးတွေ ပြန်ဖတ်မိတယ်။ ရင်ထဲ နာကျင်ရတယ်။ အဲဒီလိုဆို မ ကြိုက်ဘူးထားဦးမလား။ ပြန်မလာနိုင်သူဟာ ဓာတ်ပုံထဲမှာ ပိတ်မိနေပြီလား။ ကိုယ်တွေးကြည့်တယ်။ ပုလင်းလေးဝယ်ထားဖို့ ကဗျာဆရာက ပြောတယ်။ အစ်ကိုလေးဟာ ညီလေးကို ပျော်ရွှင်ခြင်းတွေ စုထားတဲ့ ပုလင်းလေးပေး ထားခဲ့သတဲ့။ အဲဒါ မြင့်သန်းရဲ့ဇာတ်ကောင်ပါ။ ဖြစ်ပြီးသားတွေလည်း နောက်တစ်ခါ ဇာတ်ကောင်တွေ ပြန်ဖြစ်ကြတာလည်း ဖြစ်နိုင်တာပေါ့။ စာထဲ။ ကိုယ့်အတွက်ကတော့ ဒါဟာ တုန်လှုပ်ဝမ်းနည်းရတဲ့ ပထမဆုံးအကြိမ်ပဲ။ ပုလင်းတွေထဲ ကိုယ်လည်း ထည့်ထားရမှာလား။ ထွက်သွားသူဟာ အရသာလား။မြင့်သန်းရေးတဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ အစ်ကိုဖြစ်သူဟာ အစ်ကိုလေးဟာ ရှမ်းပြည်ဘက်ထွက်သွားတယ်။ အစ်ကိုလေးဟာ ပြန်မလာတော့ဘူး။

ဖေဖော်ဝါရီစကား

နောက်ကျသူနှင်းရေ

ငါ စောင့်ခဲ့ပါတယ်တဲ့

ဝါရော်နေတဲ့ပဲပင်ကလေးဟာ

အပျော်အပြည့်သီးမသွားရရှာ။

                                                ■ နိုးမြေ

ဖေဖော်ဝါရီလထဲမှာ ငါ့အစ်ကိုလေး ထွက်သွားတယ်။ ငါ့အစ်ကိုလေးဟာ ပြန်မလာတော့ဘူး။ ငါ့ရင်ထဲမှာ အစ်ကိုလေး ရှိနေတယ်။ ဆက်ပြီးလည်း ရှိနေလိမ့်မယ်။

မြင့်သန်းရဲ့ဇာတ်ကောင်ကို ငါသိတာ အစ်ကိုလေး ထွက်မသွားမီ ညက။ တကယ့် ပြင်ပထဲက ငါနဲ့ မြင့်သန်းရဲ့ဇာတ်ကောင်ဟာ သွားတူနေတယ်။ မြင့်သန်းရဲ့ဇာတ်ကောင်ဟာ တကယ့်ပြင်ပထဲ ရှိကောင်း ရှိခဲ့ဖူးလိမ့်မယ်။ သေချာတာကတော့ မြင့်သန်းရဲ့ဇာတ်ကောင်လိုမျိုးတွေ ပြင်ပမှာ ငါ့လိုပဲ တကယ့်အများကြီး။ အချစ်ဆိုတာ ဖန်တီးယူလို့ ရတယ်လို့ ကြားရတယ်။ ဟုတ်ပါစေလို့ ကိုယ်ဆုတောင်းတယ်။

အစ်ကိုလေးရေ ကဗျာစာအုပ်လေးထွက်ပြီဗျာ။ မိုက်တယ်။ တစ်ဝိုင်းပဲ။ ကိုယ်ပြောချင်တယ်။ ဆိုတော့ ကိုယ်က ပြောပါတယ်။ ဘာသာစကားဟာ သင်္ကေတသက်သက် အနက်ဖော်မှု နားလည်မှုသက်သက် စကားလုံးတွေဟာ စိတ်ရဲ့ခံစားချက်ကို အပြည့်အ၀ ဖော်ပြဖို့ရာ မတတ်စွမ်းနိုင်ကြဘူး။ အနီးစပ်ဆုံးသာ ဖော်ပြနိုင်ကြရာဆိုပေမယ့်လို့ ကိုယ်ကလွဲလို့ ဘယ်သူမှမရှိပဲ။ ဒီတော့ ကိုယ်က ပြောလိုက်ပါတယ်။ မပြောတာ မဟုတ်ဘူး။ ဒီလိုနာကျင်ဖို့ကောင်းတဲ့ အခြေအနေကို အားပါးတရ ငြင်းဆိုပါတယ်။ ဘယ်သူတွေ ရှိနေဦးမလဲ။ အစိမ်းတွေလိုက်ရှာတယ်။ တဖြည်းဖြည်း နီးနီးသွားကြ။ ဝေးသွားကြ။ ကွယ်လွန်သူဟာ တစ်ချက်တစ်ချက် စိမ်းစိမ်းသွားတတ်တယ်။ သိမှုအတွင်းလား။ မသိမှုအတွင်းလား။ ကိုယ်က စိမ်းနေချင်တာလေ။ ဒီလိုမှပဲ နေသာထိုင်သာရှိမယ်။ လူထဲကလူမို့ ဒီလောက်တော့ နေသာ ထိုင်သာ ရှိခွင့်ပေးပါ။ စကားပြေတွေ ညှစ်မထုတ်နဲ့။ အခုအတိုင်း ဆက်သွား။ သိပ်မိုက်တယ်။တစ်အုပ်စာလောက် စဉ်းစားထား။ ဟုတ်ကဲ့ပါ အစ်ကိုရေ။ မီးက စိမ်းလည်း မစိမ်း။ ဖြူလည်း မဖြူ။ မီးသီးလုံးဟာ ပြုတ်သွားတဲ့သဘော။ ကိုယ်ငေးရုံသာ တတ်နိုင်ပါတယ်။ ကွယ်လွန်သူကို အနားပေးကြပါလေ။ အစ်ကိုလေး နိုးမြေ နားပါစေကွယ်။

 

အပိုင်း (ခ)

ကိုယ် ဝင်ခဲ့တဲ့နေရာဟာ တကယ့်အကြီးကြီးလို့ထင်ခဲ့တယ်။ အံ့သြဖို့ကောင်းပြီး ကျေနပ်စရာတွေ အပြည့်ရှိမယ်လို့ ယုံခဲ့တာပေါ့။ တကယ့်လက်ရှိမှာ ကိုယ်မြင်ရတာဟာ ကြီးမားလွန်းနေတော့ ကျန်တဲ့အရာတွေကို မမြင်နိုင်တော့ဘူးပေါ့။ ဒီတော့ ကျန်တဲ့အရာတွေကို ကိုယ်သေချာမသိ မကြည့်မိတော့ သူ့အလိုလိုသေးငယ်ပြီး မြင်ကွင်းအောက်ကနေ ပျောက်သွားကြတာချည်းပဲ။ ဒါက အားလုံး ဖြစ်ဖူးမှာ။ ဖြစ်ကောင်း ကြုံကောင်း ကြုံဖူးကြပါလိမ့်မယ်။ တစ်ခါတလေ လက်ရှိမြင်ကွင်းဟာ ေ၀ဝါးနေရင်တောင်မှ ကြံဖန်ပြီး ကြည့်ရှု သတိထားမိကြတော့ အဲဒီအရာဟာ ကြီးမားနေတာ။ နောက်မှ ကိုယ်သိလိုက်ရတာက လက်ရှိပကတိဟာလည်း မှားနိုင်တယ်ဆိုတာပဲ။ ကိုယ်မမြင်ခဲ့တာ မသိခဲ့တာတွေထဲက သေးငယ်တယ်လို့ ကိုယ်ထင်ခဲ့ရတဲ့ အရာကလေးတွေဟာ ကြီးမားနေကြပါလားဆိုတာမျိုး။ ကိုယ်ကတော့ ပြန်လှည့်လို့ မရတော့ဘူးကိုး။ ဒီအတိုင်းပဲ ထိုင်နေရုံရှိတော့တယ်။ ကိုယ်ထပ်သိရတာက ပကတိတရားဟာ မှားယွင်းနေနိုင်သလို မသိစိတ်ထဲက အရာတွေရဲ့ ကြီးမားမှုတွေဟာလည်း အခြေအနေတစ်ခုရဲ့ အားမလို အားမရဖြစ်မှုတွေကနေ ပေါ်ပေါက်လာပြီး အဲဒီဟာတွေကလည်း မှားယွင်းနေနိုင်တယ်ဆိုတာပဲ။ ဒီကြီးမြတ်မှု ကြီးမားမှုဆိုတဲ့ခေါင်းစဉ်အောက်ကို ကိုယ်ရောက်ဖို့တော့လည်း ပေးဆပ်မှုတွေ အများကြီးရှိခဲ့တယ်။ အရင်က ကိုယ့်အတွက် ဒီကြီးမားမှုဟာ သိပ်ကို တန်ဖိုးရှိတာပဲ။ အရသာလည်း သိပ်ကိုရှိတာပဲ။ ကြာ တော့လည်း ဒီကြီးမားမှုအောက်ကို ကိုယ်ဝင်ခဲ့ရတယ်။ ကမ္ဘာပေါ်မှာ ကိုယ့်လောက်ပျော်ရွှင်နိုင်တဲ့လူ မရှိတော့ဘူးလို့တောင် ထင်ခဲ့သေးတယ်။ ဒါဟာ ကိုယ့်သိမှုထဲက ကြီးမားမှုကို ရလိုက်နိုင်တော့ ဒီအရာကလွဲပြီး ကျန်တာတွေဟာ မပြောပလောက်တဲ့အရာတွေချည်း။ ဒါဟာ အစွန်းရောက်မှုတစ်မျိုး ဖြစ်မယ်။ ကိုယ့်သိစိတ်ထဲက ကြီးမားမှုဟာ ကိုယ်ကိုယ်တိုင်ကို အစွန်းရောက်သွားစေတာ။ ကိုယ်ကတော့ ဒါတွေကို မသိနိုင်ခဲ့ဘူး။ ကြီးမားမှုရဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်ဟာ ကြီးမားမှုတွေနဲ့သာ နေထိုင်မယ်။ အသက်ရှူမယ်။ ကျင်လည်မယ်။ တကယ်လည်း ကိုယ်ဒီလိုနေထိုင်ခဲ့တယ်။ နည်းနည်းကြာလာတော့ ကြီးမားမှုတွေရဲ့ မှားယွင်းပုံပျက်နေခြင်းတချို့တချို့ကို ကိုယ်မြင်လာတယ်ဆိုပေမယ့်လည်း ဒီအရာတွေကို ကိုယ့်ကြီးမားမှုက လွှမ်းမိုးချေဖျက်နိုင်ခဲ့ကြတာပဲ။ ဒီလိုနဲ့ နေ့များစွာ။ ကြီးမားမှုဟာ ဘဝပေါ့။ ကြီးမားမှုသာ သခင်ပေါ့။ စနစ်တကျ တည်ရှိလာခဲ့တဲ့ ဝါ စနစ်တကျတည်ဆောက်ခံထားရတဲ့ ကြီးမားမှုကို ကိုယ်ဟာ အပြစ်မမြင်တတ်ခဲ့ဘူး။ ဒါဟာ လူသားတစ်ယောက်အတွက် တိုးတက်လာတဲ့ဖွံ့ဖြိုးမှုအဆင့်တွေထဲက အဆင့်တစ်ခု သက်သက်ပဲ။ အနီဟာ နီနေရမယ်။ အချိန်နဲ့ နေရာဒေသ ပုံသဏ္ဌာန်တွေဟာလည်း အားလုံးအတူတူပဲ။ ဝေးဝေးက အနီဟာ မပြာနိုင်ပါဘူး။ တကယ့်အစိမ်းဟာ အနီပဲ။ ကိုယ်ဟာ ဒီလိုစနစ်ကျမှုမျိုးထဲကကြီးမားမှုကိုမှ သဘောကျခဲ့တာ။ ကိုယ်ဟာ စနစ်ကျမှုထဲကနေ လျှောက်ခဲ့သူပါ။ စနစ်ကျမှုကိုယ်တိုင်ဟာ မှားယွင်းနေနိုင်တယ်ဆိုတာ ကိုယ်မသိခဲ့ဘူး။ အခုတော့လည်း အရာအားလုံးဟာ ကွဲလွဲနေပြီပေါ့။ ဒါက သဘာဝကျပြီး လှလည်းလှတာမို့ သဘောကျပါတယ်။ စိတ်သက်သာရာပါပဲ။ အားလုံးဟာ ဘာမှမဟုတ်ဘူးဆိုလည်း ဟုတ်ခဲ့ဖူးတာတွေ ခဏလောက် မေ့လိုက်ပါရစေတော့။

ဒီနေ့ လူစစ်စစ် ခွေးတွေကို ကိုယ်မြင်ရတယ်။ အမဲရိုးကလေးများရှိမယ်ဆို ထန်းလျက်ခဲကလေးများရှိမယ်ဆို သင်းတို့ကို ကျွေးရကောင်းမယ်လို့ စိတ်ကူးမိတယ်။ အမြီးတ နန့်နန့်နဲ့ခွေးဟာ ကားပေါ်ပြေးတက်သွားပြီး ကားသမားကို ကြိမ်းနေတာ ကြားရတယ်။ ခွေးက လူကိုကြိမ်းရတယ်ဆိုပြီး ကိုယ်ရယ်လိုက်တယ်။ ပန်းခြံလို့ သိထားရုံကလွဲပြီး ဘာပန်းမှမရှိတဲ့ ပန်းခြံကိုကျော်တော့ လူတစ်ယောက်ဟာ ခွေးတစ်ကောင်ရဲ့သြဝါဒကို ခေါင်းတညိတ်ညိတ်နဲ့ နာခံနေတယ်။ ကိုယ်ထပ်ရယ်လိုက်တယ်။ ဒါနဲ့ဆို ဒုတိယအကြိမ်မြောက် ရယ်တာပဲ။ ကော်ဖီဆိုင်ထဲ ကိုယ်ဝင်လိုက်တော့ ခွေးတွေချည်းပဲ။ ခွေးတွေဟာ ကိုယ်ဝင်လာတာကို မော့ကြည့်ပြီး ဘာမှ မထူးဆန်းသလို ဆက်ထိုင်နေကြတယ်။ ကြည့်ရတာ ကိုယ်ဟာ ခွေးတစ်ကောင်များ ဖြစ်နေမလားပဲ။ ကော်ဖီဆိုင်ထဲက လွတ်နေတဲ့ဝိုင်းတစ်ခုမှာ ကိုယ်ထိုင်လိုက်တယ်။ ဖုန်းကို ဖွင့်ဖို့ ပါဝါ နှိပ်လိုက်တော့ ဖုန်းမှန်ထဲမှာ ခွေးတစ်ကောင်ရဲ့ မျက်နှာပေါ်လာတယ်။ ကိုယ်အလန့်တကြား အော်မိတော့မှ အိပ်မက်ဖြစ်နေတာ သတိထားမိသွားတော့တယ်။ ကိုယ် ထပ်ရယ်လိုက်တယ်။ ဒါနဲ့ဆို သုံးကြိမ်မြောက်ပဲ။

အပိုင်း (က+ခ)

မွေးဖွားခြင်းရှိလာတဲ့အခါ သေဆုံးခြင်းဟာ သေချာပေါက်ရှိလာမယ်။ ကိုယ်တို့ ထပ်ပြီး မွေးဖွားကြမလား။ မင်းလည်းမသိ။ ကိုယ်လည်း မသိ။ ကိုယ်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် မေ့လျော့နေကြမယ်။ ဖောင်းထုနေကြမယ်။ ချောင်းမြောင်းနေကြမယ်။ တစ်ဦးတစ်ယောက် ထွက်သွားတဲ့အခါ ကိုယ်တို့ တုန်လှုပ် ဝမ်းနည်းနေကြမယ်။ သတိရနေကြမယ်။ကြောက်စရာကောင်းလောက်အောင် ရယ်မောလိုက်ချင်တယ်။ မေ့လျော့မှုတွေ အဖက်မလုပ်မှုတွေဟာ တန်ဖိုးရှိပုံရပါတယ်။ ချက်ဘောက်မှ ဦးခေါင်းမဲ့ ဆယ်လ်ဖီပုံတွေ အများကြီး ရောက်လာ။ အဲဒါတွေ ငါ ဘာလုပ်ရမှာလဲ။ မီးရှို့ပစ်ရမှာလားဟ။ ပျော်ရွှင်မှုဟာ ပုလင်းထဲ ကျပ်နေ။ မဟုတ်ဘူး တစ်နေ့ကျရင် ဒီလိုရိုက်ကြစို့လေ။ အဲဒီတစ်နေ့ ရောက်မလာနိုင်ဘူးဆိုရင်ကော။ ငါတို့ဘာလုပ်ကြမှာလဲ။ မဟုတ်ဘူးလေ အဲဒီလိုဆို မီးရှို့ဖို့ မလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့အားလုံး မရှိတော့တာဖြစ်နိုင်တယ်လေ။

ဂွတ်လပ်ခ့်။

(စာကြွင်း - သေခြင်းတရားသည် မနေ့တစ်နေ့က ကျွန်တော့်ထံသို့ အလည်လာခဲ့သေးသည်။ သို့သော် ကဗျာဆရာသည် မသေပါ။ ထိုည လွန်ပြီးနောက် ကြယ်များဖြင့် လှပသော ညခင်းတစ်ခုတွင် သေမင်း၏ကိုယ်စားလှယ်သည် လူသီချင်းများနှင့် ရောထွေးကာ ကျွန်တော့်ထံ ရောက်လာခဲ့ပါသည်။ ကျွန်တော်သည် သေမင်း၏ လည်ပင်းကို ဆွဲကာ သုံးချက်ခန့် အားပါးတရ ဆွဲထိုးခဲ့ပါသည်။ ဘဝ၏ပြီးပြည့်စုံမှုတွင် မွေးဖွားခြင်းသည် ပထမဆုံးဖြစ်ပြီး သေဆုံးခြင်းသည် နောက်ဆုံးဖြစ်သည်ဟု ဆိုကြပါသည်။ ကျွန်တော်သည် သေမင်း၏ပါးကို ရိုက်နိုင်ခဲ့ပါသည်)

Most Read

Most Recent