ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု
Published 22 February 2018

မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက်ရှိ လောကမာရဇိန် ငွေဘုံသာဆုတောင်းပြည့် ဘုရားကြီး၀ င်း၌ ဖေဖော်ဝါရီ ၂၁ ရက်ကငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်မှုပြုလုပ်စဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

ပွင့်လင်းမြင်သာမှုဆိုတဲ့စကားလုံးဟာ အလွန်နှစ်သက်စရာကောင်းသလို အနက်အဓိပ္ပာယ်များစွာလည်း ရှိပါတယ်။ ပွင့်လင်းမှုရှိရမယ်၊ ထင်သာမြင်သာရှိရမယ်လို့ ဆိုလိုပါတယ်။ ပွင့်လင်းနဲ့ မြင်သာတာ တစ်ခုနဲ့တစ်ခု တူသလိုရှိပေမဲ့ တကယ့်တကယ်တော့ မတူ ပါဘူး။ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်ဆက်နွှယ်မှုတော့ရှိပါတယ်။ 'ပွင့်'တယ်ဆိုတာ ပိတ်ခြင်းရဲ့ ဆန့်ကျင်ဘက်အဓိပ္ပာယ် ဆောင်ပါတယ်။ ပိတ်မထားဘူး၊ ကာမထားဘူး၊ ဆို့မထားဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ 'လင်း'ဆိုတာကလည်း 'အမှောင်' ရဲ့ ဆန့်ကျင်ဘက်ပဲဖြစ်ပြီး အရာဝတ္ထု အကြောင်းအရာတွေ (ရုပ်ဝတ္ထုရော စိတ်ပါ)ကို အမှောင်ချ မထားဘူး၊ ကာဆီးမထားဘူး၊ မမြင်ရအောင် လုပ်မထားဘူးလို့ ယူဆနိုင်ပါတယ်။ သဘောကတော့ သိစရာ မြင်စရာတွေကို သိလာ မြင်လာအောင် တံခါးတွေဖွင့်ထားတယ်ပေါ့။
မြင်သာတယ်ဆိုတာကို တွေးကြည့် အဓိပ္ပာယ်ဖော်ကြည့်တဲ့အခါ သိရတာက အရာဝတ္ထုအကြောင်းတရား ဖြစ်စဉ် ဖြစ်ရပ်များကို အရှိအမှန်အတိုင်း၊ ပကတိအတိုင်း ပုံမပျက် အသွင်မပျက် မြင်နိုင်တဲ့အခြေအနေကို ဆိုတာလို့ထင်ပါတယ်။ အဲဒီလို အကြောင်းတရား ဝတ္ထုတစ်ခုခုကို ထင်သာမြင်သာရှိဖို့၊ ရှင်းလင်းသဲကွဲစွာမြင်ရဖို့ဆိုတာမှာ လိုအပ်ချက်တွေ ရှိပါတယ်။ နိုင်ငံရေးသဘောမဟုတ်တဲ့ အဘိဓမ္မာနယ်ပယ်ကနေကြည့်ရင် (၁) မြင်နိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ မျက်စိရှိရမယ်၊ (၂) ကြည့်ချင်မြင်ချင်တဲ့ စိတ်စေတသိက် (စေ့ဆော်တိုက်တွန်းမှု) ရှိရမယ်၊ (၃) အလင်းရောင်လုံလောက်စွာရှိရမယ်၊ (၄) အမြင်ခံ၊ အကြည့်ခံနေတဲ့ အကြောင်းတရား ဝတ္ထုရှိရပါမယ်။

မွေးရာပါ အမြင်စွမ်းအား မရှိသူတွေ (မျက်မမြင်) ကလွဲလို့ မျက်စိကောင်းသူတွေမှာ မြင်နိုင်၊ တွေ့နိုင်၊ ကြည့်နိုင်တဲ့ စွမ်းရည်တွေ ရှိပါတယ်။ ကိုယ့်မှာရှိတဲ့ အမြင်စွမ်းရည်ကို အသုံးချပြီး ကြည့်တဲ့သူတွေမြင်ကြတယ်။ အမြင်အာရုံတွေ ရကြတယ်။ အသိတွေရတယ်။ အတွေ့တွေရတယ်။ ဆင်ခြင်တုံတရားတွေ ရတယ်၊ တီထွင်ဆန်းသစ်မှုနဲ့ အကြံသစ်တွေရတယ်။ မျှော်လင့်ချက်၊ ယုံကြည်ချက်နဲ့ အားအင်သစ်တွေလည်း ရစေတယ်။ ဒါ့အပြင် အမှားတွေမြင်တယ်။ အမှန်တွေတွေးတယ်။ အမှန်မြင် အမှန်တွေးမိတော့ အမှန်စကားတွေက ရင်ထဲက ထွက်ပြူလာတယ်။ ပွင့်အန်လာတယ်။ အမှားတွေကို ထောက်ပြချင်လာတယ်။ တည့်မတ်ပေးချင်လာတယ်။ လမ်းမှန်ကို ညွှန်ပြချင်တဲ့ စိတ်စေတနာတွေဖြစ်လာတယ်။ အဲဒီနောက် နုတ်က ဖွင့်ပြောတယ်။ စာနဲ့ရေး ဖြစ်တယ်။ မှားနေတယ်၊ လွဲနေတယ်၊ အမှန်ပြင် အမှန်လမ်းကိုလိုက်ဖို့ သွားဖို့ ညွှန်ပြချင်လာတယ်။ ဒါကတော့ အမြင်စွမ်းရည်သတ္တိ တစ်ခုကို ရရှိသူ၊ ပိုင်ဆိုင်သူ၊ အသုံးချတတ်သူ တစ်ယောက်ရဲ့ ဆင့်ကဲဖြစ်စဉ်တွေလို့ ဆိုချင်ပါတယ်။

တစ်ခုတော့ ရှိပါတယ်။ ကောင်းသော မျက်စိပါသူတိုင်း အပေါ်က ဆင့်ကဲဖြစ်စဉ်တွေအတိုင်း လိုက်ပါလုပ်ဆောင်ကြသလား။ ပြုမူကြသလားဆိုတော့။ မဟုတ်ဘူး၊ မမှန်ဘူးလို့ပြောရမှာပါ။ 'ကြည့်သောသူသည် မြင်၏' ဆိုတဲ့ခေါင်းစဉ်နဲ့ စာတွေရေးသားခဲ့ဖူးတာကို ဖတ်မိသိမိကြမယ် ထင်ပါတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်က နှစ်သက်ခဲ့ဖူးတဲ့စာသားတစ်ခုပါ။ မှန်လည်း မှန်ပါတယ်။ အနှစ်သာရလည်း နက်နဲပါတယ်။ မျက်စိပါတဲ့သူတိုင်း ကြည့်တဲ့အလုပ်ကို လုပ်ကြတယ်။ သို့သော် ကြည့်တဲ့သူ တိုင်း မမြင်ပါဘူး။ မြင်တဲ့သူတိုင်းလည်း မတူပါဘူး။ ကြည့်တတ်မှ မြင်ပါတယ်။ မြင်တတ်မှ တူပါတယ်။ မကြည့်တတ်ရင် မမြင်နိုင်သလို တူလည်းတူမှာ မဟုတ်ပါဘူး။ လူတွေ အများကိုကြည့်တဲ့သူတစ်ယောက် အဲဒီလူအများကြီးထဲက ဖြစ်စဉ်ဖြစ်ရပ်အားလုံးကို မမြင်နိုင်၊ မတွေ့နိုင်၊ မသိနိုင်ပါဘူး။ မျက်စိရဲ့ အမြင်စွမ်းအင်က သူတို့အားလုံးကို လိုက်လံကြည့်နိုင်၊ မှတ်တမ်းတင်နိုင်တဲ့ စွမ်းရည်မရှိပါဘူး။ အဲဒီအများကြီးထဲကမှ မိမိကြည့်လိုရာ၊ မြင်လိုရာ၊ သိလိုရာကို ဦးတည်ချက်ထား၊ သတ်မှတ်ချက်ထားပြီး စူးစိုက်ကြည့် (Focus) လုပ်မှသာ ဖြစ်စဉ်ကို သဲသဲကွဲကွဲပီပီပြင်ပြင် ထင်သာ မြင်သာလာမယ်၊ မှတ်တမ်းတင်အာရုံခံနိုင်ပါတယ်။
ကြည့်နိုင်မြင်နိုင်ဖို့ လိုအပ်တာတစ်ခုက အလင်းရောင်ဆိုတဲ့ အစွမ်းသတ္တိဖြစ်ပါတယ်။ အသံကိုကြားဖို့ လေဆိုတဲ့ကြားခံတစ်ခုလိုတယ်။ လေဟာနယ်၊ လေမရှိတဲ့နေရာမှာ အသံဆိုတာ မကြားနိုင်ဘူး။ မရောက်နိုင်ဘူး။ အသံရှိပေမဲ့ အသံကို ဆင့်ကဲကူးလူးနိုင်အောင်၊ ရောက်ရှိနိုင်အောင်လုပ်ပေးတဲ့ လေဆိုတဲ့အရာမရှိရင် အသံဆိုတာ ဘယ်လောက်ကျယ်ကျယ် မကြားရတတ်ပါဘူး။ ထို့အတူပဲ အမြင်ဆိုတဲ့ ဓာတ်ဟာလည်း မြင်စရာဝတ္ထု၊ အကြောင်း အရာ၊ ဖြစ်စဉ်ဖြစ်ရပ်တွေ ဘယ်လောက်များ များဖြစ်နေ ရှိနေပေမဲ့ မျက်စိလည်းရှိပြီး အမြင်စွမ်းရည်လည်း ကောင်းနေပေမဲ့ အလင်းဆိုတဲ့ အရာမရှိဘဲ မှောင်မိုက်နေရင် မမြင်နိုင်ပါဘူး။ ပိတ်ဆို့ကာဆီးထားရင်၊ ပိတ်ထားရင် မမြင်ပါဘူး။ လူသာမန်တွေရဲ့ အမြင်ဟာ အမှောင်ထဲမှာ အလင်းမဲ့မှာ မြင်နိုင် တွေ့နိုင်တဲ့ သတ္တိမရှိပါဘူး။ သာမန်ထက်ထူးတဲ့ လူသတ္တဝါတွေနဲ့ အကူကိရိယာရှိသူတွေကသာ အလင်းမရှိတဲ့အမှောင်မှာ မြင်နိုင်ပါတယ်။ ဒါကြောင့် မြင်သာဖို့၊ မြင်ဖို့ဆိုတာမှာ ကြည့်ရုံ၊ ကြည့်တတ်ရုံ၊ ကြည့်စရာရှိရုံနဲ့ အမြင်ဆိုတာ ဖြစ်မလာနိုင်ဘဲ အလင်းကို ပိတ်ဆို့ ကာဆီးမထားမှ အလင်းရောင်ရှိမှ အထောက်အကူရှိမှသာ မြင်ခြင်းဆိုတာ ဖြစ်လာနိုင်ပါတယ်။

ပွင့်လင်းမြင်သာမှုမှာ အချက်သုံးခုပါဝင်ပါတယ်။ အဲဒါက စောင့်ကြည့်နေသူ၊ စောင့်ကြည့်ရမယ့်အကြောင်းအရာနဲ့ စောင့်ကြည့်နိုင်မယ့် နည်းလမ်းများဖြစ်တယ်။ စောင့်ကြည့်နေသူကတော့ ပြည်သူတွေ၊ မီဒီယာတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ အတိုက်အခံ နိုင်ငံရေးပါတီတွေဖြစ်တယ်။ အစိုးရက လုပ်ဆောင်လိုက်တဲ့ အများပြည်သူဆိုင်ရာ ပေါ်လစီတွေကတော့ စောင့်ကြည့်ရမယ့် အကြောင်းအရာတွေဖြစ်တယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်၊ နိုင်ငံရေးရပိုင်ခွင့်တွေကတော့ စောင့်ကြည့်အကဲဖြတ်တဲ့ နည်းလမ်းတွေဖြစ်တယ်လို့ နိုင်ငံရေးသိပ္ပံကျမ်းမှာ ဖော်ပြထားပါတယ်။ ပွင့်လင်းမြင်သာမှုဆိုတာဟာ အစိုးရဆိုတဲ့ အပေါ်ဆုံးအလွှာမှာသာ လိုအပ်တဲ့၊ ရှိသင့်တဲ့ အရာတွေမဟုတ်ပါ။ ရပ်ကွက်ကျေးရွာအဆင့်ကနေ အပေါ်အထိ အဆင့်ဆင့်မှာ လိုအပ်တယ်။ ရှိသင့်တယ်။ ဖြစ်နိုင်ရင် မိသားစုတိုင်း ပတ်ဝန်းကျင်တိုင်းမှာလည်း ရှိတာကောင်းပါ တယ်။ အကျိုးပြုပါတယ်။

ပွင့်လင်းမြင်သာမှုနဲ့ ကြည့်တတ်မှုကြောင့် ဆင့်ကဲဖြစ်စဉ်ဖြစ်ရပ်တစ်ခုအကြောင်း ပြောချင်ပါတယ်။ အဲဒီမှာ ကောင်းတာတွေလည်း ရှိတယ်။ မကောင်းတာ၊ နစ်နာတာတွေလည်းပါတယ်။ နိုင်ငံရေးသိပ္ပံကျမ်းမှာ ဖတ်ဖူးတာက ပွင့်လင်းမြင်သာမှုဟာ တာဝန်ခံမှုနဲ့ ဆက်စပ် ပတ်သက်တယ်။ ပွင့်လင်းမြင်သာမှုရှိရင် တာဝန်ခံမှုဆိုတာ ရှိလာမယ်။ တာဝန်ခံမှုကို မလိုလားသူ၊ ရှောင်ဖယ်ချင်သူတွေက ပွင့်လင်းမြင်သာမှုကို အရေးမထား၊ ဂရုစိုက်ဘူး၊ မလိုလားဘူးလို့ ဆိုပါတယ်။ ကိုယ်တွေ့ဖြစ်စဉ်တစ်ခု ကတော့ ဒီလိုပါ။

ကျွန်တော်နဲ့ အငြိမ်းစားအရာရှိကြီးတစ်ယောက် (လွှတ်တော်ကိုယ်စားလှယ်ဟောင်း) ဟာ တစ်နေ့သောအခါမှာ မတ်တတ်ရပ် စကားပြောကြပါတယ်။ အများသူငါ သွားလာနေကြတဲ့ ကားလမ်းမကြီးတစ်ခုရဲ့ဘေးမှာ နှစ်ယောက်လုံး မျက်နှာမူတဲ့အနေအထားက ဖြတ်သွားနေကျ ကားတွေကို မြင်ရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ပြောနေတာမဟုတ်ဘဲ ကားလမ်းနဲ့ သွားနေတဲ့ကားတွေကိုကြည့်ပြီး ပြောနေတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ရှေ့တည့်တည့်မှာသွားနေတဲ့ ကားတစ်စီး (ဒိုင်နာ) နောက်ပေါက်က အသံတစ်သံ ထွက်လာတယ်။ လမ်းဘေးက လူတစ်ယောက်ကို လှမ်းအော်ပြောတဲ့အသံပါ။ အသံကြားရပြီး တစ်ဆက်တည်းလိုလိုမြင်ရတာက လူတစ်ယောက် ကားပေါ်ကနေ ခုန်ဆင်းတယ်။ အဲဒီ ခုန်ဆင်းတဲ့သူဟာ ကားလမ်းပေါ်မှာ မှောက်ရက်လေးလဲနေတယ်။ ကားရပ်တယ်။ လူတွေ ဆင်းလာတယ်။ ပတ်ဝန်းကျင်က လူတွေအုံလာတယ်။ တစ်ယောက်တစ်ပေါက် အသံတွေ ထွက်လာတယ်။
တစ်ယောက်ယောက်က ဖုန်းဆက်လို့ ထင်တယ်။ ခဏနေတော့ ရဲရောက်လာတယ်။ ဓာတ်ပုံရိုက်တယ်။ မေးတယ်၊ လူနာကိုဆေးရုံ ပို့လိုက်တယ်။ နောက်ခဏကြာတော့ ယာဉ်ထိန်းရဲ ရောက်လာတယ်။ ကားသမား (ဒရိုင်ဘာ၊ စပယ်ယာ) တွေကို မေးတယ်။ စစ်တယ်။ ပေတိုင်းတယ်။ ဓာတ်ပုံရိုက်တယ်။ ဘေးနားကလူတွေကိုမေးတယ်။ စစ်ချက်ယူတယ်ပေါ့။ အဲဒီအချိန်မှာ ယာဉ်ထိန်းရဲမေးတာကို ဖြေတဲ့သူတွေက မသိဘူး။ မမြင်လိုက်ဘူးလို့ပြောကြတယ်။ မပြောချင်၊ မဖြေချင်သူတွေက သူ့အနားကနေ ရှောင်ထွက်သွားကြတယ်။ သူ့မှာ မေးစရာလူ၊ ဖြေမယ့်လူမရှိလို့ ဖြစ်ပျက်တာကို စစ်ချက်ယူ၊ မှတ်တမ်းတင်လို့ မရဘူးဖြစ်နေတယ်။ ဒါနဲ့ ကျွန်တော်တို့နှစ်ယောက်တိုင်ပင်တယ်။ ဘယ်လိုလုပ်မလဲ။ ဒီအတိုင်းဆိုရင် ကားသမားတွေအတွက် အနုတ်လက္ခဏာ ပေါ်နိုင်တယ်။

အမှန်တရားပျောက်သွားနိုင်တယ်။ မဖြစ်သင့်တာ၊ မမှားသင့်တာတွေဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ဝင်ပါမှဖြစ်မယ်။ ဝင်ကူညီကြမယ်။ ရဲဆီကိုသွားတယ်။ ငါတို့ မြင်တယ်၊ တွေ့တယ်၊ မေးပါ။ ရဲက စစ်ချက်ယူ မှတ်တမ်းတင်တယ်။ နောက်ဆုံး မျက်မြင်သက်သေအဖြစ်နဲ့ တရားရုံးကိုသွားရတယ်။ တရားသူကြီးဆီမှာ အစစ်ခံရတယ်။ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်စရိတ်ကိုယ်သုံး၊ ကိုယ့်အချိန် တွေဖျက်ပြီး သွားခဲ့ကြတယ်။ အဲဒီနေ့က တရားရုံးမှာစောင့်ရတာ တစ်နေကုန်တယ်။ ဒါလည်း ပွင့်လင်းမြင်သာမှု၊ ကြည့်တတ်၊ မြင် တတ်မှုနဲ့ တာဝန်ခံမှုရဲ့ဆက်စပ်မှုသဘောတရားဖြစ်စဉ်တွေထဲမှာ ထည့်ချင်ထည့်နိုင်ပါတယ်။

တရားရုံးမှာ တွေ့ကြုံခံစားခဲ့ရတာတွေတော့ မပြောတော့ပါဘူး။ ကျမ်းကျိန်တာကအစ တရားသူကြီးနဲ့ ရှေ့နေရှေ့ရပ်တွေရဲ့ ဆက်ဆံပုံ၊ မေးပုံတွေအပေါ်မှာ သဘောမတွေ့စရာတွေ အများကြီးရှိခဲ့တာတွေလည်း ထားပါတော့။ ပြောချင်တာက ပွင့်လင်းမြင်သာမှု ကို အသုံးချခဲ့သူတွေမှာ တာဝန်ခံမှုက ဆက်စပ်ရှိလာတဲ့ အကြောင်းကိုသာ ဖြစ်ပါတယ်။ အဲဒီအဆက်အစပ်ဖြစ်ရပ်မှာ အမှန်တရားနဲ့ အကျိုးတရားဆိုတာ ပေါ်ပေါက်လာတာတွေ့ ရတယ်။ တာဝန်ခံမှုဆိုတာသာမရှိရင် ကျွန်တော်တို့ရဲ့ မျက်မြင် အမှန်တရားပေါ်မှာ တာဝန်ယူမှု၊ တာဝန်သိမှုနဲ့ သက်သေမလိုက်ခဲ့ရင် အမှန်တရားက ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ ကားသမားတွေ ပြစ်ဒဏ်တစ်ခုခုသော် လည်းကောင်း၊ နစ်နာမှုတစ်ခုခုသော်လည်းကောင်း ကြုံနိုင်ပါတယ်။ တကယ့် အမှန်တရားဟာ ကားပေါ်က ခရီးသည်က ကားလမ်းပေါ်က သူငယ်ချင်းတစ်ယောက်ကိုတွေ့ ပြီး လှမ်းခေါ်တယ်၊ လှမ်းအော်တယ်။ သူငယ်ချင်းက မကြားလို့လား၊ ဘာကြောင့်လားတော့ မသိဘူး တုံ့ပြန်မှုမရတော့ စိတ်စော စိတ်လောပြီး ကားပေါ်က ခုန်ဆင်းလိုက်တာ ဖြစ် ပါတယ်။

တကယ်လို့သာ အဲဒီဖြစ်စဉ်ကို မြင်နိုင်တဲ့ အမြင်စွမ်းအင် ကျွန်တော်တို့မှာ မရှိရင်၊ ကြည့်ချင်မြင်ချင်တဲ့ စိတ်စေတသိက် (စေ့ဆော်မှု) မရှိရင်၊ အလင်းရောင်မရှိတဲ့ ညအခါ၊ မှောင်နေတဲ့အချိန်ဖြစ်ရင်၊ မြင်နေ ကြည့်နေသူတွေရှိပေမယ့် တာဝန်ခံမှု၊ တာဝန်သိမှုလို လားသူ၊ တာဝန်ခံလိုသူမဟုတ်ဘဲ အသာလေး ရှောင်ထွက်ခဲ့ကြ၊ လျစ်လျူရှုခဲ့ကြ၊ မသိဟန်ဆောင်ခဲ့ကြမယ်ဆိုရင် ကားသမားတွေနဲ့ အမှန်တရား ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်။ အဲဒါကြောင့် ဖြစ်စဉ်တစ်ခု၊ အကြောင်းအရာတစ်ခု (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအပါအဝင်) မှာ အမှန်တရားတစ်ခု ဖြစ်ထွန်းတည်ရှိနိုင်ဖို့၊ အကျိုးတရားထွက်ပေါ်လာဖို့၊ တရားမျှတမှုရှိစေဖို့၊ နစ်နာဆုံးရှုံးမှု မပေါ်ပေါက်စေဖို့အတွက် ပွင့်လင်း မြင်သာမှုတင် အရေးကြီးတာမဟုတ်တဲ့ တာဝန်ခံမှု၊ တာဝန်သိမှုဆိုတာကလည်း အရေးပါလှပါတယ်။
နိုင်ငံရေးသိပ္ပံလက်စွဲကျမ်းမှာ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ကြီးက ပွင့်လင်း မြင်သာမှုဆိုတာဟာ အုပ်ချုပ်ရေးပိုင်းရဲ့ဆုံး ဖြတ်ချက်တွေ၊ စီးပွားရေးအလွှဲအပြောင်းတွေ၊ ဒါမှမဟုတ် ပရဟိတလုပ်ငန်းတွေရဲ့ သက်ရောက်မှုကို ခံရသူတွေအနေနဲ့ ဒီလုပ်ငန်းကို အခြေခံအချက်အလက်တွေကိုသာမကဘဲ လုပ်ငန်းလည်ပတ်ပုံတွေ၊ လုပ်ငန်းစဉ်တွေကိုပါ သိရှိခွင့်ပေးတဲ့ မူဝါဒဖြစ်တယ်လို့ ဆိုပါတယ်။ မာလ်ဂန်ဆိုသူကတော့ ပွင့်လင်းမြင်သာမှု မရှိရင် တာဝန်ခံမှုဟာလည်း မရှိနိုင်ဘူး။ တာဝန်ခံမှုဆိုတာဟာ အာဏာပိုင်တွေကို သူတို့ရဲ့လုပ်ဆောင်ချက်တွေအတွက် တာဝန်ခံခိုင်းတဲ့ လုပ်ငန်းစဉ်ပဲဖြစ်တယ်။ ပြုပြင်ခြင်းနဲ့ အရေးယူခြင်းတွေအပေါ်မှာ အခြေခံထား တယ်။ တာဝန်ခံရသူကို မိမိတို့ရဲ့ရပိုင်ခွင့်တွေနဲ့ ထိန်းချုပ်ထားတယ်လို့ဆိုပါတယ်။ တာဝန်ခံမှုနဲ့ပတ်သက်လို့ အဓိပ္ပာယ်သတ်မှတ်ချက်တွေ၊ ကွဲပြားမှုတွေရှိတတ်ပေမယ့် အားလုံးရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်ကတော့ ထိန်းချုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ဖြစ်ကြောင်း ဆိုပါတယ်။

ကဏ္ဍ၊ နယ်ပယ်အလိုက်တာဝန်ခံမှုတွေ မတူညီကွဲပြားမှုတွေရှိရာမှာ အုပ်ချုပ်မှု (နိုင်ငံရေး) ဆိုင်ရာစာပေတွေက တာဝန်ခံမှုပုံစံတွေ ဖော်ပြထားတာက (၁) နိုင်ငံရေးဆိုင်ရာတာဝန်ခံမှု (ရွေးကောက်ပွဲအဆင့်ဆင့်မှာရှိတဲ့ တာဝန်ခံမှုကွင်းဆက်) (၂) ဗျူရိုကရက်တစ် တာဝန်ခံမှု (စည်းမျဉ်း၊ စည်းကမ်းများနှင့်ထိန်းသိမ်းခြင်း၊ ကြီးကြပ်အုပ်ချုပ်ခြင်း) (၃) တစ်ကိုယ်ရေတာဝန်ခံမှု (ယဉ်ကျေးမှုတန်ဖိုးခံတွေနဲ့ ကျင့်ဝတ်) (၄) ပရော်ဖက်ရှင်နယ်ပီသ သော တာဝန်ခံမှု (ကျွမ်းကျင်တဲ့စစ်ဆေး လေ့လာမှု၊ အရည်အချင်း၊ ပြန်လည်စစ်ဆေးခြင်း) (၅) စွမ်းဆောင်မှုဆိုင်ရာ တာဝန်ခံမှု (ယှဉ်ပြိုင်ခြင်း၊ မိမိကိုယ်ပိုင် စည်းကမ်းတကျဖြစ်စေခြင်းနဲ့ ပွင့်လင်းမြင်သာမှုရှိစေခြင်း) (၆) ဆင်ခြင် ဆွေးနွေးခြင်းဆိုင်ရာတာဝန်ခံမှု (အများပြည်သူဆိုင်ရာ ဆွေးနွေးငြင်းခုံမှု၊ ဖွင့်ချပြမှု၊ ပွင့်လင်းမြင်သာရှိမှု) တို့ဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာတာဝန်ခံမှု၊ ဗျူရိုကရက်တစ်တာဝန်ခံမှု၊ တစ်ကိုယ်ရေတာဝန်ခံမှုနဲ့ ပရော်ဖက်ရှင် နယ်ပီသသော တာဝန်ခံမှုတွေကတော့ ဒီမိုကရေစီနဲ့ အများပြည်သူဆိုင်ရာအုပ်ချုပ်မှုတွေမှာ မြင်နေကျ၊ တွေ့မြင်ရမယ့်တာဝန်ခံမှုတွေ ဖြစ်တယ်လို့လည်း ပါပါတယ်။

အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်မှာ အဓိကကွဲပြားတဲ့အချက်တစ်ခုကလည်း ပွင့်လင်းမြင်သာရှိခြင်း၊ မရှိခြင်းဆိုတာဖြစ်တယ်။ အာဏာရှင်စနစ်အောက်မှာ ပွင့်လင်းမြင်သာမှုဆိုတာ မရှိနိုင်ဘူး။ ဒီမိုကရေစီစနစ်ကတော့ ပြည်သူကို ဗဟိုပြုရပြီး ပြည်သူရဲ့ရွေးချယ်မှုနဲ့ ပေါ်ပေါက်လာတဲ့ အစိုးရလည်းဖြစ်တာကြောင့် ဒီမိုကရေစီအစိုးရတစ်ရပ်ရဲ့ တာဝန်ဟာ ပွင့်လင်းမြင်သာမှုကို ဖော်ထုတ်ပြသနိုင်ဖို့ပဲဖြစ်တယ်။ ပွင့်လင်းမြင်သာမှုမရှိရင် တာဝန်ခံမှုလည်း မရှိနိုင်ဘူးဆိုတာကြောင့် ပွင့်လင်းမြင်သာမှုနဲ့တာဝန်ခံမှုဟာ ဒီမိုကရေစီစနစ်အတွက်၊ နိုင်ငံတစ်ခုအတွက် အခြေခံကျတဲ့၊ အရေးကြီးတဲ့အစိတ်အပိုင်းနဲ့ လုပ်ငန်းစဉ်တွေဖြစ်သလို နိုင်ငံသားတွေရသင့်တဲ့ ခံစားသင့်တဲ့ အခွင့်အရေးလည်း ဖြစ်ကြပါတယ်။

Most Read

Most Recent