ရာသီရထား

ရာသီရထား
Published 22 February 2018

မန္တလေးဘူတာကြီးသို့ ဆိုက်ရောက်လာသော ရထားတစ်စင်းကို တွေ့ရစဉ်

(၁)

ဘူတာရုံထဲသို့ အရှိန်လျှော့ခုတ်မောင်း ဝင်ရောက်လာသော မီးရထားတစ်စင်း၏ ဟန်က စိတ်မာန်ကြီးသူတစ်ယောက် သူ့မာန်ကို ကိုယ်ရှိန်သတ်လိုက်ခြင်းနှင့် ဆင်ဆင်တူသည်ဟု ထင်မှတ်ခဲ့ဖူးသည်။ ဘူတာရုံထဲ မီးရထားကြီး ထိုးဆိုက်လာချိန်၌ လိပ်ပြာတစ် ကောင် အတောင်ခတ်သည့်နှယ် ဖျပ်ဖျပ်လှပ်လှပ် ရင်ခုန်ရခြင်းမျိုးကို သူသူကိုယ်ကိုယ် ကြုံဖူးကြမည် ထင်ပါသည်။ ကိုယ်တစ်ဦးတည်း အနေဖြင့်ဆိုရပါမူ မီးရထားကို ပထမဆုံး တွေ့ဆုံဖူးစဉ်ကလောက် အခုန်မပြင်းတော့သည့်တိုင် ရထားတွဲပေါ် အဆင်း အတက်လုပ်ရတော့မည့် အချိန်ရောက်လေတိုင်း ထိုခံစားမှုက သွေးနွေးဆဲ။ ဖျပ်ဖျပ်လှပ်လှပ် ရင်ခုန်နေမိဆဲ။

ရထားတစ်စင်း၏ အလုပ်က သတ်မှတ်ချိန်ပြည့်လျှင် ရောက်ဆဲဘူတာကို ချန်ထားခဲ့ပြီး နောက်ဘူတာအတွက် အားသစ်အင်သစ် အပြည့်ဖြင့် ဆက်လက်ခုတ်မောင်းဖို့ဖြစ်သည်။ သူ ဆိုက်ရောက်နေသည့်ဘူတာက ဟိတ်ဟန် ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ သလင်းကျောက်ပြားအခင်းတို့ဖြင့် ခမ်းနားခဲ့သည်ပဲဖြစ်စေ၊ အမိုးနီနီ အုတ်ချပ်ကွဲတို့ဖြင့် မိုး၊ လေမလုံခဲ့သည်ပဲဖြစ်စေ ချန်ထားခဲ့ရမည်သာဖြစ်သည်။ ခရီးသွားအချို့၏ စည်းမဲ့မှု၊ မသိနားမလည်မှု၊ ဖျက်လိုဖျက်ဆီး ဝိညာဉ်ပူးကပ်မှုတို့ကြောင့် သူ့ပင်ကိုအလှများ ဆိတ်သုဉ်းကွယ်ပျောက်ခဲ့ရသည့်အတွက်လည်း သူ့ဘဝကို နာကြည်းခွင့်မသာ။ သူ့ဝန်တာက အချိန်ကျလျှင် သူ့ကိုယ်သူ အားသစ်မွေးပြီး နောက်ဘူတာတစ်ခုအတွက် ငြာသံပေး၍ အပြေးကလေး ချီတက်ခုတ်မောင်းရန်သာ။

ဆုတ်ခွာခဲ့ရာ ဘူတာရုံ၌ သူ့ကျောပြင်ထက်မှ ဆင်းသက်ခဲ့သည့် ခရီးသည်အဟောင်းများကို သူ ချန်ထားခဲ့ပြီ။ အဝင်ဝ၌ မြို့၊ ရွာ အမည်သုံးခု ရေးထိုးထားသည့် ဘူတာရုံလေး ကို၊ ဘူတာရုံအတွင်းသို့ တစ်လှမ်းချင်း လှမ်းဝင်သွားသည့် အလံကိုင်ကို၊ ဗန်းကိုယ်စီဖြင့် အရင်းကိုက်မကိုက် ငွေရေတွက်နေသည့် ဘူတာဈေးသည်တစ်စုကို၊ ပွက်လောရိုက်နေသည့် အသံဗလံမျိုးစုံကြောင့် ဘယ်သောအခါမှ အထူးအဆန်းဖြစ်ဟန်မတူသည့် ဘူတာတန်းလျားခုံထက်၌ ပက်လက်အိပ်ပျော်နေသူ အချို့ကို၊ ခွေးလေခွေးလင့်အချို့ကို စသည်ဖြင့် အရာရာကို နောက်၌ချန်ထားခဲ့ပြီ။

(၂)

ဘဝသံသရာ ခရီးကို မီးရထားတစ်စင်း၏ဖြစ်အင်နှင့် ခိုင်းနှိုင်းပြောဆိုခြင်းတို့ရှိခဲ့သည်။ တကယ်တော့ သူသူကိုယ်ကိုယ် ရင်ဆိုင်ကြုံတွေ့နေရသည့် ဆယ့်နှစ်လရာသီကလည်း မတန့်မနား ခုတ်မောင်းနေသည်ပဲဖြစ်သည်။ တစ်ဘူတာဝင် တစ်ဘူတာထွက်ဖြင့် ခပ်သွက်သွက် ခုတ်မောင်းနေသည့် မီးရထားတစ်စင်းလို။

ရာသီတိုင်း၌ သဘာဝက နှင်းအပ်ထားသည့် ပင်ကိုအလှတို့ သူ့နည်းသူ့ဟန်ဖြင့် ရှိနှင့်ပြီးဖြစ်သည်။ ဒီရာသီမှာပွင့်သည့်ပန်းက ဒီရာသီမှာပဲ ပွင့်သည်။ နောက်တစ်ရာသီကို မကူး။ ပုရစ်ဖူးတို့ အလှဆင်ချိန်မို့ တောင်လေ ကမြူးပြီဆို အရောင်အဆင်း မည်းနက်သ လောက် အသံချိုသာသည့် ငှက်ကလေးတစ်ကောင် ရောက်လာစမြဲ။ နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့၊ ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစု ကြမြဲ။ အညှာ၌ မြရည်လိမ်းသူတို့ကလည်း ငုံတံဖွင့်၍ မိုးကိုကြိုလင့်မြဲ။ နောက်တော့ အနောက်တောင်အရပ်မှ အဖြူရောင် တိမ် တိုက်တို့ အုံနှင့်ကျင်းနှင့် တက်လာကြပြီးနောက် ဘယ်ဆီဘယ်ဝယ် မမှန်းဆနိုင်သည့် မြောက်စူးစူးသို့ ဆက်လက်ခုတ်မောင်းသွားကြမြဲ။

ကောင်းကင်ယံသံလမ်းက အကွေ့အကောက်မရှိ။ လမ်းချိုးလမ်းခွဲမရှိ။ တစ်ဖြောင့် တည်း။ သူ့အရွေ့အတွက် တစ်စုံတစ်ယောက်၏အမိန့်ကို နာခံနေဖို့မလို။ မီးနီ၊ မီးစိမ်းမလို။ ရပ်၊ ကြည့်၊ သွားမလို။ အလံကိုင်မလို။ မည်သည့် သက်ရှိသက်မဲ့ကိုမှလည်း ရှောင်တိမ်း နေဖို့မလို။ တိမ်သွားလမ်းကြောက  သဘာဝအလျောက် အလိုလိုချောမွေ့ခဲ့ပြီးဖြစ်သည်။ တိမ်တို့၏သဘာဝက တလွတ်တလပ်ရှိသည်။ ကိုးခွင်ငယ်မှိုင်းပါလို့၊ မြင်တိုင်းမှာမှိုင်းညို၊ လဲ့လဲ့ငယ် စိုတဲ့ပြီးနောက် ပြေးရင်းလွှားရင်း မိုးလေးတစ်ပြိုက်နှစ်ပြိုက် မြေပြင်ပေါ် သွန်ကျလာသည်။ ဒီတော့ မိုးမျှော်ပန်းတို့က တစ်တောလုံး၊ တစ်မြို့လုံး၊ တစ်ရပ်ကွက်လုံး ထိန်ထိန်ဝါအောင် ပွင့်တော့သည်။ တစ်ရာသီလုံး ဖုံအလိမ်းလိမ်းနှင့် ညစ်ပေခဲ့သည့် တောအုပ်ကြီးငယ်တို့ မျက်နှာသစ်ချိန်။ နိုင်ငံကြော့ ပြည်သူမှာ၊ ပန်ဆုယူ တာရေသွန်းချိန်မို့၊ မြင်လေရာတိုင်းက လွမ်းစရာ၊ တိမ်နှင့်အတူ ဆိုက်ရောက်လာသည့် ရာသီတစ်ခု၏ အလှတရားက ချစ်စရာ။

(၃)

တစ်ချိန်လုံး ငိုက်မျဉ်းနေရရှာသည့် တောသစ်ရွက်၊ တောင်သစ်ရွက်တို့လည်း မိုးဦးလေဦး၌ အတောင်ကိုဖြန့်၍ ကျောဆန့်ရင် ဆန့်ပြုကြပြီ။ စိမ်းသူစိမ်း၊ ဝါသူဝါ၊ ပြာသူပြာ၊ နီသူနီ၊ အလီလီသော ပြကွက်ဆန်းတို့ဖြင့် လောကကို အလှဆင်ကြပြီ။ လေချွန်ငှက် ကလေးများလည်း မျက်ကလဲဆန်ပျာ ချစ်စဖွယ်မူရာဖြင့် ဟိုပင်ဒီပင် ခုန်လားကူးလား မြူးထူးကြပြီ။ တောင်ခြေတစ်ဝိုက်၌ အတောင်ပံ ဖျန်းဖျန်းခတ်လျက် တီတူးခါးခါးတို့ တွန်သံကျူးခဲ့ပြီ။ တောင်သူလယ်လုပ်တို့၏ မြေ၌ မိုးသင်းနံ့ကြောင့် အူမြူးကြရှာသည့် လယ်ထွန် နွားတို့ကလည်း မငြိမ်။ ဘူးဘူးဘဲဘဲ ဇွဲခတ်၍ အသံပြုကြလေပြီ။ ထိုရာသီရောက်သော် တော၌ပွင့်သော အရွက်၊ အပွင့်တို့ကလည်း ယာကန်သင်းရိုးတစ်လျှောက်၌ မြစိမ်းကမ္ပလာခင်းဖို့ ပြင်ဆင်ကြလေပြီ။

ရာသီရထားက အရှိန်မလျှော့ဘဲ ဆက်လက်ခုတ်မောင်းလာသည်။ မိုးတိမ်တို့ကလည်း တစ်တိမ်ပေါ်တစ်တိမ်ဆင့်၍ ဟိုးအမြင့်ကြီးထက်မှ အားနှင့်မာန်နှင့် သွန်ချလာသည်။ တောင်ကျချောင်းရေကို မြေတမံတုတ်လိုက်တော့ တောတွင်းသုံး သောက်ရေကန်လေး ဖြစ်လာသည်။ တောထဲတောင်ထဲ၊ လယ်ထဲယာထဲ ထွန်ဖြုတ်နားချိန်၌ ပလွေတစ်လက် ခါးထိုး၍ တောကန်လေးရှိရာ သွားသူသွားသည်။ နွားညီနောင်ကို နှောင်သောကြိုးစက ကိုတောင်သူ့ လက်ထဲမှာ။ ရေငတ်ပြေသွားသည့် နွားနှစ်ကောင်က ခေါင်းကိုမော့ပြီး ရှူးခနဲ နှာမှုတ်လိုက်ချိန်၌ ကန်ဟိုဘက်အစပ်က ဖားလေးတစ်ကောင် ပလုံသံပေး၍ အလန့်တကြားဖြင့် ရေထဲခုန်ဆင်းသွားသည်။

အထက်ဘက်မှာမိုးကောင်းတော့ အောက်ဘက်မှာ ရေကြီးသည်။ မြစ်ကြီးဧရာ၏ အရောင်ကလည်း နွေတုန်းကလို မငြိမ်ချင်တော့။ တကယ်တော့ အရောင်သာ မငြိမ်သည်မဟုတ်။ လှိုင်းတို့လည်းမငြိမ်။ အထက်ဘက်မှာ ဘာတွေ ပြိုကျနေသည်မသိ။ လူတစ်ဖက်စာမကသည့် ထင်းတုံးကြီးတွေ မြစ်ထဲ မျောလာကြသည်။ မျောလာသည့် ရေမျောထင်းတွေကို ဆယ်သူဆယ်၊ ခြမ်းသူခြမ်း။ ဝယ်သူဝယ်၊ ကမ်းသူကမ်း။ ရာသီကပြောင်းတော့ လုပ်ငန်းခွင်တို့က ပြောင်းသည်။ နက္ခတ်တာရာလည်း ပြောင်းသည်၊ ပွင့်သောပန်းတို့လည်း ပြောင်းသည်။ ဆင်ယင်သည့် ပွဲသဘင်တို့လည်း ပြောင်းကြသည်။

သောင်ကမ်းငယ် ပြည့်လျှံ၊ မြစ်လုံးငယ်ညံချိန်မို့၊ လှော်တက်သံမြိုင်မြိုင်နှင့်၊ လှေပြိုင်ပွဲ ကျင်းပသူက ကျင်းပသည်။ တိုင်းခွင်ကြီး အောင်ချာမှာ ဆီမီးဝါထိန်ထိန်ဝင်းနှင့် သီတင်းကျွတ်ရာသီကို ကြိုသူကကြိုသည်။ ကြိုသူတို့က ကြိုပါသော်လည်း ရာသီကတန့်မနေ။ ခြေလှမ်းကို ဆက်၍ရွေ့သည်။

(၄)

ရာသီကရွေ့တော့ လေလမ်းကြောင်းလည်း ရွေ့ရသည်။ မြင်ကွင်းကလည်း ပြောင်းသွားသည်။ ကောင်းကင်ယံ၌ မိုးတိမ်တို့ကို မမြင်ရတော့။ သို့သော် ကောင်းကင်မြင်ကွင်း၌ ဘယ်ကဘယ်လို ရောက်လာမှန်းမသိသည့် အတောင်ပံကြီးကြီးငှက်ကြီးတွေ အစားထိုး ဝင်ရောက်လာသည်။ အနောက်မြောက်အရပ်ဆီမှ တအိအိပျံသန်းလာကြသည့် ငှက်အုပ်ကြီးက အင်းထဲမှာ တစ်နေ့လုံးနေကြသည်။ သူတို့တွေ ဘယ်အရာကိုစားပြီး အာဟာရ ပြည့်ဝနေကြပါလိမ့်။နေညိုချိန်ရောက်တော့ လာလမ်းကို ပြန်လှည့်သွားကြသည်။ အင်းရေစပ်မှ အုပ်လိုက်ကြီး ဝုန်းဝုန်းရုန်းရုန်း ထပျံသွားသည့်မြင်ကွင်းက စက္ခုပသာဒ၌ လှဘိခြင်း။

နောက်တော့ မြောက်ပြန်လေနှင့်အတူ နှင်းမှုန်နှင်းဖွဲတို့ ဖြုတ်ဖြုတ်ရုတ်ရုတ် သက်ဆင်းလာသည်။ အမြင်အာရုံထဲမှာ တောင်တန်းကြီးများ ကွယ်ပျောက်သွားသည်။ မြစ်ပြင်ကိုလှမ်းကြည့်မိတော့လည်း မှုန်ဝါးဝါး။ ရေပြင်ထက်၌ ရေငွေ့တို့ လူးလွန့်ပျံတက်နေသည်။ ကမ်းစပ်မှ လျှောက်လှမ်းလာသူကိုပင် မည်သူမည်ဝါ မသဲကွဲချင်။ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး လမ်းလျှောက်နေသူများ၊ နှင်းမှုန်ဖွေးဖွေးထဲမှာ ဘောင်းဘီတိုလေးဖြင့် ပြေးလွှားနေသူများ။ အလယ်မှာ ပိုက်ကြိုး မသွယ်ဘဲလျက် ကြက်တောင်ကစားနေသူ လူငယ်များ။ ရာသီကိုမမှုအားဘဲ မိသားစုဝမ်းရေးအတွက် လမ်းတကာလှည့်နေကြရှာသည့် ခေါင်းရွက်ဈေးသည်များ။

(၅)

မီးရထားကြီး ပြေးနေသလို ရာသီရထား ပြေးနေသည်။ မရပ်မနားဘဲ ပြေးနေသည်။ သို့သော် ထိုအဆိုသည် ဘယ်အတိုင်းအတာအထိ မှန်ကန်ခဲ့ပါသလဲ။ ခုတော့ လူတွေက ရာသီကို အန်တုချင်လာကြသည်။ ရာသီကို ဆေးထိုးချင်လာကြသည်။ ခုတော့ ရာသီ ရထားလည်း လူတို့လက်ချက်ဖြင့် လမ်းချော်ချင်ချင် ဖြစ်ခဲ့ရပြီထင်သည်။ ခုတော့ ပန်းကလည်း သူပွင့်ချင်သလို ပွင့်သည်။ အသီးကလည်း သူသီးချင်သလို သီးသည်။ 'ရာသီမသိ ပန်းနှင့်ညှိ' မဟုတ်ချင်တော့။ လူလုပ်ဆေးများက သဘာဝထဲကို ဇွတ်တိုးဝင်လာသည်။ အပွင့်မှာလည်း ဆေးတွေ၊ အရွက်မှာလည်း ဆေးတွေ၊ အသီးမှာလည်း ဆေးတွေ။ လူသား၏ ပယောဂကြောင့် သဘာဝတို့ ရောင်ကိုင်းခဲ့ရပြီ။ ဗဟိဒ္ဓတို့ ဖွံ့ဖြိုးလေသည်နှင့်အမျှ အဇ္ဈတ္တက ချုံးချုံးကျသွားသည်။

အပြင်ကနွေပေမဲ့ လူတွေက နွေကို နွေအတိုင်းမထား။ အိပ်ခန်းထဲမှာ၊ ဧည့်ခန်းထဲမှာ ဆောင်းကို ထည့်ထားလိုက်ကြသည်။ ဓာတ်ကြီးလေးပါး ကမောက်ကမဖြစ်တော့ သည်လူတွေပဲ ခံရသည်။ သည်လူတွေပဲ သေရသည်။ လူတွေသေသော်လည်း ရာသီက မသေ။ အမြဲတမ်း ပြေးလွှားလှုပ်ရှားနေပါသော်လည်း ရာသီရထားက ဘယ်သောအခါ မှ မအို၊ မနာ၊ မသေ။ သူ့နာရေးသတင်းကို ကျွန်ုပ်တို့ ဘယ်သောအခါမှ ကြားရနိုင်မည် မဟုတ်ပါ။

Most Read

Most Recent