ချင်း၊ ထန်းလျက်၊ ကွမ်းရွက်ပြုတ်ရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ချင်း၊ ထန်းလျက်၊ ကွမ်းရွက်ပြုတ်ရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
Published 13 August 2017

 

ရာသီတုပ်ကွေးနဲ့ ကိုယ်ခံစွမ်းအား ဆောင်းပါးမှာ ချင်း၊ ထန်းလျက်၊ ကွမ်းရွက်ပြုတ်ရည်နဲ့ပတ်သက်ပြီး ရာသီတုပ်ကွေးကို ကာကွယ်တဲ့အနေနဲ့ ကျွန်တော့်အမေတိုက်ခဲ့ပုံကို ရေးသားခဲ့ပါတယ်။ မိမိအိမ်တွင်းမှာ အလွယ်တကူရနိုင်တဲ့ဆေး တန်ဖိုးရှိတဲ့ အာဟာရတွေဖြစ်နေတာကြောင့် တစ်ကြောင်း၊ အများသူငါနဲ့ ရင်းနှီးပြီးသားဖြစ်နေတာကြောင့်တစ်ကြောင်း ပြည်သူအများ အားကိုးတကြီးနဲ့ သောက်နေကြတာကို ကြားသိရပါတယ်။ တချို့ရိပ်သာတွေမှာ ညနေပိုင်း အချိုရည်အစားချင်း၊ ထန်းလျက်၊ ကွမ်းရွက်ပြုတ်ရည် ချိုချိုလေးကို တိုက်ကျွေးနေကြောင်းနဲ့ အချို့ကျေးရွာစာသင်ကျောင်းတွေမှာ ကျောင်းသားလေးတွေကို နေ့ခင်းဘက်မှာ တိုက်ကျွေးနေကြောင်း သိရပါတယ်။

ချင်း၊ ထန်းလျက်၊ ကွမ်းရွက်တို့ကို မည်ကဲ့သို့ တိုက်ကျွေးရမယ့်အတိုင်းအဆကို ကျွန်တော့်အား ကိုယ်တိုင်မေးမြန်းမှုတွေရှိခဲ့ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ သင့်ပါ့မလား။ ဘယ်လိုတိုက်ရမလဲ။ မေးတာပိုများပါတယ်။

အာယုဗ္ဗေဒဆေးပညာမှာတော့ လူတွေကို သလိပ် (ကဖ) အရွယ်၊ သည်းခြေ (ပိတ္တ) အရွယ်၊ လေ (ဝါတ) အရွယ်ဆိုပြီး သုံးပိုင်းပိုင်းထားတာ ဖတ်ဖူးပါတယ်။ သလိပ်အရွယ်ကိုတော့ မွေးစမှ ၁၂ နှစ် ၁၃ နှစ်အထိ၊ သည်းခြေအရွယ်ကိုတော့ ၁၂ နှစ် ၁၃ နှစ်မှ ၄၅၊ ၅၀ အထိ၊ လေအရွယ်ကိုတော့ ၄၅၊ ၅၀ အထက်ဆိုပြီး ပိုင်းခြားထားတာ တွေ့ရပါတယ်။ ဆေးပညာအလိုအရ အရွယ်နဲ့ကိုက်တဲ့ အစာတွေ၊ ဆေးတွေကိုသောက်ဖို့ လမ်းညွှန်ထားတာရှိပါတယ်။ အဲဒီသဘောအရ ချင်း၊ ထန်းလျက်၊ ကွမ်းရွက်ပြုတ်ရည်ကို တိုက်တဲ့အခါ ငယ်ရွယ်တဲ့ကလေး (သလိပ်) အရွယ်တွေကို ထန်းလျက်ပိုကဲထားတဲ့ ပြုတ်ရည်ချိုချိုလေး တိုက်သင့်ပါတယ်။ လူလတ်ပိုင်း (သည်းခြေ) အရွယ်ကိုတော့ ပုံမှန်အတိုင်းတိုက်သင့်ပြီး လူကြီးပိုင်း (လေ) အရွယ်မှာတော့ ဆီးချိုလို တခြားရောဂါတွေ တွဲပါလာမှာဖြစ်တဲ့အတွက် အချိုလျှော့ပြီး တိုက်သင့်ပါတယ်။

တချို့ကလည်း ဘယ်လိုအချိုးအဆ အတိုင်းထည့်ရမှာလဲဆိုပြီး မေးတာတွေလည်း တွေ့ရပါတယ်။ ပုံမှန်ပြုတ်ရည်အတွက်တော့ ထန်းလျက်တစ်ခဲ၊ ကွမ်း တစ်ရွက်၊ ချင်းလက်တစ်ဆစ်ကို ရေနဲ့ ကော်ဖီပန်းကန်တစ်ခွက်စာ ၂၀၀ စီစီလောက်ဆိုရင် ရပါပြီ။ အချိုပေါ့ပေါ့၊ ပူပူလေး၊ အနံ့မွှေးမွှေးလေးနဲ့ သောက်ရတာ အရသာရှိလှပါတယ်။

သောက်ပြီးရင်လည်း တစ်ကိုယ်လုံးပူ နွေးသွားပြီး ညောင်းညာမှုတွေ ပြေပျောက်ကာ လန်းဆန်းသွားပါတယ်။ အဲဒီလိုဖြစ်ရတာကလည်း ပြုတ်ရည်ထဲမှာပါတဲ့ ဆေးအစာပစ္စည်းသုံးမျိုးရဲ့ သဘာဝပင်ကိုအစွမ်းသတ္တိတွေကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီအစွမ်းသတ္တိတွေက အစာခြေမှု အင်အားကောင်းစေပြီး ကိုယ်ကိုနွေးထွေးစေတဲ့အချက်ကြောင့် ဖြစ်ပါတယ်။ ရိုးရာဆေးပညာအလိုအရ အဲဒီပြုတ်ရည်ဟာ ဝမ်းမီး (ပါစကတေဇော) အားကောင်းစေပြီး ကိုယ်ငွေ့အား (ဥသ္မာတေဇော) အားကောင်းစေတယ်လို့ ဆိုလိုပါတယ်။ ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးသော မီးနှစ်ခုဖြစ်တဲ့ ပါစကတေဇောနဲ့ ဥသ္မာတေဇော အားကောင်းစေတဲ့ အစွမ်းထက် အာဟာရဆေးပြုတ်ရည်ဖြစ်တာ ထင်ရှားပါတယ်။

ပို၍ရှင်းရှင်းလင်းလင်း သဘောပေါက် သိနားလည်စေရန် ချင်း၊ ထန်းလျက်၊ ကွမ်းရွက်တို့ရဲ့ သဘာဝစွမ်းရည်တွေကို သိဖို့လိုအပ်လာတာကြောင့် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ချင်း၏ အကျိုးအာနိသင်များ

လတ်ဆတ်သောချင်းမှာ အာဟာရဓာတ်တွေပြည့်ဝနေပြီး ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး၊ ကျန်းမာမှုအဖြစ်စေဆုံး၊ အစပ်အာဟာရများအနက် တစ်ခုဖြစ်ကြောင်း ဖော်ပြကြပါတယ်။

သိပ္ပံဆိုင်ရာ သုတေသနပြုချက်တွေအရ ချင်းဟာ ဂျင်ဂျီရော (Gingerol) ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်အကျိုးကျေးဇူးနဲ့ ရောင်ရမ်းမှုကျဆင်းစေတဲ့ ဆေးပညာအကျိုးကျေးဇူးရှိတဲ့ အဓိကဇီဝလှုပ်ရှားမှု ဒြပ်ပေါင်းဖြစ်ပါတယ်။

ချင်းဟာ ပျို့အန်ခြင်းကို ကာကွယ်နိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်များ၊ သင်္ဘောတောက်သူ (လှိုင်းမူးသူ) များ၊ ခွဲစိတ်ပြီးအန်ချင်သူများ၊ ဓာတုဆေးဝါးသွင်းထားတဲ့ ကင်ဆာဝေဒနာရှင်များ သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။ သုသေတနပြု သုံးသပ်ချက်တွေအရ ချင်းလက်တစ်ဆစ်ခန့်ကရတဲ့ အရည်ဆိုရင် လုံလောက်တယ်လို့ ဆိုပါတယ်။

၎င်းအပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ကြွက်သားနာကျင်ခြင်းများ၊ ညောင်းညာမှုများကို သက်သာစေပြီး ရောင်ရမ်းမှုကျဆင်းစေတဲ့ အစွမ်းထက် အကျိုးကျေးဇူးကြောင့် အရိုးအဆစ်တွေနာတာကိုလည်း သက်သာနိုင်စေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချင်းပြုတ်ရည် ပုံမှန်သောက်ပေးပါက အမျိုးအစား (၂) ဆီးချိုရောဂါကို ၁၂ ရာခိုင်နှုန်း ချပေးနိုင်တယ်လို့ သုတေသနပြုချက်တွေကဆိုထားတာ ဖတ်ရပါတယ်။ ချင်းဟာ နာတာရှည်၊ အစာမကြေ၊ ပျို့အန်နေသူများကို သက်သာစေတယ်လို့လည်း ဆိုပါတယ်။ ပြုတ်ရည်အနေနဲ့က ပိုပြီးအစွမ်းထက်ပါတယ်။ ချင်းရဲ့ နောက်ထပ်ထူးခြားတဲ့ စွမ်းရည်တစ်ခုကတော့ အမျိုးသမီးများ ဓမ္မတာလာစဉ်မှာ နာကျင်ကိုက်ခဲမှုကို ပျောက်ကင်းစေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ လေ့လာမှုတစ်ခုတွင် ချင်းပြုတ်ရည်ကို ဓမ္မတာမလာမီ သုံးရက်လောက်ကြိုသောက်ရင် လုံလောက်တယ်လို့ ဆိုပါတယ်။

ချင်းဟာ သွေးထဲရှိ မကောင်းတဲ့ ကိုလက်စထရောကို ကျဆင်းစေတဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိထားပါတယ်။ ရက်ကြာကြာသောက်လေ အကျိုးပိုရှိလေဆိုပြီး သုတေသနပြုခဲ့ရာ ၄၅ ရက်အကြာမှာ သွေးထဲရှိ အဆီဓာတ်တွေ ကျဆင်းသွားတာ တွေ့ရပါတယ်။ လူအများစု ကြောက်ရွံ့နေတဲ့ ကင်ဆာရောဂါကိုလည်း ချင်းပြုတ်ရည်က ကာကွယ်ထိန်းချုပ်နိုင်ပြီး ချင်းကိုယ်နှိုက်က ကင်ဆာဆန့်ကျင်ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

၎င်းအပြင် ချင်းမှာပါဝင်တဲ့ အစွမ်းထက်ပစ္စည်းတွေဟာ ပိုးမွှားတွေကို တိုက်ထုတ်ကာ ကွယ်နိုင်စွမ်းရှိတဲ့အတွက် တုပ်ကွေးရောဂါ၊ အအေးမိရောဂါ၊ အဆုတ်ရောင်၊ အဆုတ်ပွရောဂါတို့ကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ ချင်းပြုတ်ရည်ကို ငုံပေးရင် ၎င်းမှာပါတဲ့ ဗက်တီးရီးယားကို သတ်နိုင်တဲ့အစွမ်းသတ္တိနဲ့ အရောင်ကျစေနိုင်တယ်ဆိုတဲ့အတွက် သွားဖုံးနဲ့ သွားဖုံးရောင်ရောဂါတွေအတွက် အကျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းဟာ ဦးနှောက်လုပ်ငန်းစဉ်များကို တိုးတက်ကောင်းမွန်စေနိုင်တဲ့အတွက် အသက်ကြီးရင် သူငယ်ပြန်မှာ ကြောက်နေတဲ့သူများအတွက်တော့ သူငယ်မပြန်စေတဲ့ ဆေးအစာအဖြစ် လမ်းညွှန်ထားတာ တွေ့ရပါတယ်။

ထန်းလျက်ခဲ၏ အကျိုးအာနိသင်များ

ထန်းလျက်ခဲဟာ အစာခြေအင်ဇိုင်းတွေကို လှုံ့ဆော်နိုင်တဲ့အတွက် အစာလမ်းကြောင်းအတွင်း ရွေ့လျားမှုတွေဖြစ်ပေါ်စေပြီး ဝမ်းချုပ်ခြင်းကို တားဆီးနိုင်တယ်လို့ ဆိုပါတယ်။ အသည်းရဲ့လုပ်ငန်းဖြစ်တဲ့ ဒုက္ခပေးနိုင်တဲ့ အဆိပ်များကို ဖယ်ရှားသန့်စင်ရာမှာလည်း ကူညီနိုင်ပါတယ်။ ထန်းလျက်ခဲရဲ့ လူသိများတဲ့ အကျိုးကျေးဇူးတွေအနက် တစ်ခုကတော့ သွေးကိုသန့်စင်စေတဲ့ အရည်အချင်းဖြစ်ပြီး အဲဒါကြောင့် လူတွေကို ကျန်းမာစေနိုင်ပါတယ်။ ထန်းလျက်ဟာဇင့်၊ ဆယ်လီနီယမ်လို ဓာတ်သတ္တုများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပြည့်ဝစွာပါဝင်နေတဲ့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒါကြောင့်လည်း တုပ်ကွေးလိုလက္ခဏာများအတွက် အသုံးပြုနိုင်ပြီး အအေးပတ်ချောင်းဆိုးခြင်း ဝေဒနာများကိုလည်း တိုက်ထုတ်နိုင်ပါတယ်။

ထန်းလျက်မှာ သံဓာတ်နဲ့ ဖောလိတ်ဓာတ်တွေ များစွာပါဝင်တဲ့အတွက် သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပြီး အခြေခံအာဟာရဓာတ် များစွာပါဝင်တဲ့အတွက် ဓမ္မတာကြောင့် နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ထန်းလျက်ဟာ အစာအိမ်တွင်းရှိ အပူဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ၎င်းတွင်ပါဝင်တဲ့ မက်ဂ္ဂနီဆီယမ်ဓာတ်ကြောင့် အစာလမ်းကြောင်း ကျန်းမာရေးကို အင်အားဖြစ်စေပါတယ်။ ထန်းလျက်မှာ ပိုတက်ဆီယမ်ဓာတ်လည်း ပါဝင်တာကြောင့် ဇီဝဖြစ်စဉ်ကို တွန်းအားပေးပြီး ကြွက်သားများတည်ဆောက်မှုကို အားပေးတဲ့အတွက် ကိုယ်ခန္ဓာအလေးချိန် တိုးပွားမှုကိုလည်း ထိန်းချုပ်နိုင်တယ်လို့ဆိုပြီး အရိုးအဆစ်တွေ ရောင်ရမ်းမှုကိုလည်း သက်သာနိုင်တယ်လို့ဆိုပါတယ်။ ထန်းလျက်မှာပါဝင်တဲ့ သကြားဓာတ်ဟာ ရိုးရှင်းတဲ့ ကာဗွန်ဟိုက်ဒရိတ်ဖြစ်ပြီး လွယ်ကူစွာ စုပ်ယူနိုင်တဲ့အပြင် သွေးထဲမှာ ကြာရှည်တည်နေတဲ့အတွက် တည်တံ့တဲ့စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။ အစာခံနိုင်တယ်လို့ ဆိုနိုင်ပါတယ်။

ကွမ်းရွက်၏ အကျိုးအာနိသင်များ

ကွမ်းရွက်ဟာ အသည်းပုံသဏ္ဌာန်ရှိပြီး မရေမတွက်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ပါဝင်ပါတယ်။

ကွမ်းရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပြီး အစာအိမ်မှာ ပုံမှန် PH အဆင့်ဖြစ်နေအောင် ထိန်းထားနိုင်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေတာကြောင့် အရည်အဖြစ်သောက်ရင် အကျိုးဖြစ်ထွန်းစေပါတယ်။ ကွမ်းရွက်ဟာ အစာခြေမှု လွန်စွာကောင်းတာကြောင့် အစာကြေမှုအပြင် လေကယ်နေမှုတွေကိုလည်း ထုတ်ပယ်နိုင်စွမ်းရှိပါတယ်။ ဝါးစားရင် ပိုပြီးအကျိုးဖြစ်ထွန်းတာကိုလည်း တွေ့ရပါတယ်။ အစာအိမ်အတွင်းမှာရှိတဲ့ အက်ဆစ်ဓာတ်ကိုလည်း လျော့ပါးစေတဲ့အတွက် အစာအိမ်နာမှုကို သက်သာစေပါတယ်။ အစာကြေပြီး ဝမ်းချုပ်တာကိုလည်း သက်သာစေတဲ့အတွက် လူတွေရဲ့ အစာစားချင်စိတ်ကို တွန်းအားဖြစ်စေပါတယ်။

ကွမ်းရွက်ဟာ ဗက်တီးရီးယားများ၊ ပိုးမွှားများကို ကာကွယ်နိုင်တဲ့အတွက် ကွမ်းရွက်ကိုဝါးစားရင် ပါးစပ်သန့်ရှင်းပြီး သွားပျက်စီးမှုကိုလည်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ကွမ်းရွက်ဟာ အသက်ရှူလမ်းကြောင်း ပြဿနာများကို ကုသရာမှာလည်း ထူးခြားကောင်းမွန်တဲ့အတွက် ရင်ကျပ်ခြင်း၊ အဆုတ်ပွခြင်းနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ကွမ်းရွက်ရဲ့ အရောင်ကျစေတဲ့ အစွမ်းသတ္တိကြောင့် အဆုတ်ရောင်မှုအတွက် အံ့သြစရာကောင်းလောက်တဲ့ ဆေးတစ်ခုဖြစ်ပြီး သလိပ်ထွက်စေရန်လည်း အားပေးပါတယ်။ ကွမ်းရွက်ဟာ အံ့သြစရာကောင်းလောက်အောင် နာကျင်မှုကို သက်သာစေတာကြောင့် ထိခိုက်ရောင်ရမ်းနေရာတွေမှာ အပြင်ကကပ်ပေးရင် ရောင်ရမ်းမှု၊ နာကျင်မှု သက်သာစေတယ်လို့ဆိုပါတယ်။ ကွမ်းရွက်ကို အုန်းဆီနဲ့ရောပြီး လိမ်းပေးရင် ခါးနာနဲ့ အကြောနာများကို သက်သာပျောက်ကင်းစေပါတယ်။ ကွမ်းရွက်မှာ ပေါ်လီထရီနောတွေ များစွာပါဝင်တဲ့အတွက် ပိုးသန့်စင်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ၎င်းအပြင် မှိုကြောင့်ဖြစ်တဲ့ရောဂါများကိုလည်း သဘာဝနည်း ကာကွယ်ဆေးတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ကွမ်းရွက်ဟာ ပိုးအမျိုးမျိုးကို ကာကွယ်တိုက်ဖျက်နိုင်တဲ့အတွက်ကြောင့် အနာတွေပေါ်မှာအုံပေးရင် အနာကျက်မှု အားပေးစေတယ်လို့ ဆိုပါတယ်။ ကွမ်းရွက်ဟာ လွန်စွာကောင်းမွန်တဲ့ ဆီးဆေးဖြစ်ပြီး ကွမ်းရွက်ကို ဝါးစား၍ဖြစ်စေ၊ အရည်သောက်ရင်ဖြစ်စေ ဆီးသွားမှုကို သက်သောင့်သက်သာဖြစ်စေပြီး ကိုယ်တွင်းအရောင်ကျစေတယ်လို့ ဆိုပါတယ်။ ကွမ်းရွက်ဟာ ၎င်းရဲ့နာကျင်မှု သက်သာစေတဲ့သတ္တိနဲ့ အေးစေတဲ့သတ္တိတွေကြောင့် ခေါင်းကိုက်တာကို သက်သာစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်မှုတွေ ပပျောက်စေပြီး လန်းဆန်းစေတယ်လို့ ဆိုပါတယ်။ ကွမ်းရွက်မှာပါဝင်တဲ့ ပိုးမွှားကာကွယ်ရေး အစွမ်းသတ္တိတွေကြောင့် ဝက်ခြံ၊ တင်းတိပ်၊ အရေပြားယားယံခြင်းနဲ့ ကိုယ်ခန္ဓာ အနံ့အသက်မကောင်းမှုတို့ကို ပြေပျောက်စေတယ်လို့ ဆိုပါတယ်။

အာယုဗ္ဗေဒဆေးပညာအမြင်

ချင်းဟာ အာယုဗ္ဗေဒဆေးပညာ သဘောတရားအရ ငရုတ်ကောင်း၊ ပိတ်ချင်းတို့နဲ့အတူ တြိကဋုက်သုံးပါးထဲမှာ ပါဝင်ပါတယ်။ တြိဆိုသည်မှာ သုံးဖြစ်ပြီး ကဋုက်ကတော့ အစပ်ဖြစ်ပါတယ်။ အဲဒီအစပ်သုံးပါးဟာ ငရုတ်သီးလိုအစပ်မျိုးနဲ့မတူဘဲ ရသ၊ ဝိပါကအနေနဲ့ ကွဲပြားခြားနားပါတယ်။ ချင်းကိုစားလိုက်တဲ့အခါ အရသာအနေနဲ့ ပူစပ်သော်လည်း ဝမ်းထဲရောက်ပြီး ခြေချက်ပြီးတဲ့အခါ အေးသွားပါတယ်။ ဝမ်းမီးခေါ်တဲ့ ပါစကတေဇောကို အထူးကောင်းမွန်စေပါတယ်။ အစာတွေကြေကျက်ဖို့အတွက် လွန်စွာအထောက်အကူပြုတဲ့ အစာဆေးလည်းဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဆိုတဲ့ စကားကိုအထောက်အပံ့ဖြစ်စေပါတယ်။

ချင်းဟာ အရသာအားဖြင့် ချိုခါးစပ်၏။ အေးသောသတ္တိရှိ၏။ ကြေကျက်သွားသောအခါ (ဝိပါက) ၌ချို၏။ ဝမ်းမီးကိုတောက်စေ၏။ သလိပ်သည်းခြေ ဒေါသကိုနိုင်၏။ နှုတ်ကိုမြိန်စေ၏။ ကြေကျက်လွယ်၏။ ဆီး၊ ဝမ်းကိုရွှင်စေ၏။ သုက်ကိုပွားစေ၏။ အဆိပ်ကိုနိုင်၏။ ပြင်းထန်သော အနာပေါက်၊ သန္နိပါတ်ရောဂါ၊ ချောင်းဆိုး၊ ပန်းနာ၊ အဖျား၊ တုပ်ကွေးဖျား၊ ထိခိုက်ခြင်းကြောင့်ဖြစ်သော ရောင်တင်းသောရောဂါတို့ကို ပျောက်ကင်းစေတယ်ဆိုပြီး သိမ်ဖြူပုံပြဆေးအဘိဓာန်မှာ ဖော်ပြထားတာကို တွေ့ရှိပါတယ်။

ကွမ်းရွက်ကို ဒေသမရွေးစိုက်ပျိုးကြပြီး အနုစား၊ အလတ်စား၊ အကြမ်းစား၊ အရိုင်းစားဆိုပြီး လေးမျိုးခွဲခြားထားရာ အနုမျိုးဖြစ်သည့် ကွမ်းနုဝါသည် အကောင်းဆုံးဖြစ်ပါတယ်။ အိန္ဒိယပြည်မှာ နာမည်ကြီးတဲ့ ဗာရာဏသီကွမ်းနဲ့တူတယ်လို့ သိမ်ဖြူပုံပြဆေးအဘိဓာန်မှာ ရေးထားတာဖတ်ဖူးပါတယ်။ ဖန်၊ ခါး၊ စပ်အရသာရှိပြီး ကွမ်းနုမှာအနည်းငယ်ချိုတဲ့ အရသာရှိတယ်။ နှုတ်ကိုမြိန်စေ၊ ဆီးဝမ်းရွှင်စေ၏။ အားတိုးစေ၏။ ထက်မြက်၏၊ အဆိပ်ကိုပယ်တတ်၏။ ဝမ်းမီးတောက်စေ၏။ ကာမအားပေး၏။ နှလုံးကိုအကျိုးပြု၏။ လေသလိပ်ကိုနိုင်၏။ ချောင်းဆိုး၊ ပင်ပန်း၊ နှလုံးရောဂါစသည်ကို ပျောက်ကင်းစေတယ်လို့ အဲဒီပုံပြဆေးအဘိဓာန်မှာ ရေးထားတာ တွေ့ရပါတယ်။

ထန်းလျက်နဲ့ ပတ်သက်၍လည်း ထန်းလျက်သည် ဝမ်းသက်စေ၏။ သလိပ်ကြေစေ၏။ လေသည်းခြေကိုနိုင်၏။ သွေးကင်းထစေ၏။ သုက်ပွားစေ၏။ နူနာကိုပျောက်ကင်းစေ၏ဆိုပြီး သိမ်ဖြူအခြေပြု ဆေးအဘိဓာန်မှာ ရေးသားထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ထန်းလျက်ဟာ အချိုဓာတ်ရယူရန်အတွက် အကောင်းဆုံးပုံစံဖြစ်တဲ့အပြင် သတ္တုဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေပါဝင်ပြီး ပိတ္တနဲ့ကဖကို တိုးပွားစေကာ နွေးထွေးစေနိုင်တဲ့ သဘာဝသတ္တိရှိတယ်။ သွေးအားနည်းရောဂါ၊ နုံးခွေချည့်နဲ့ခြင်းနဲ့ ကိုယ်အင်္ဂါ ပြန်လည်ဖွံ့ဖြိုးရှင်သန် အားအင်ဖွံ့ဖြိုးစေရန်အတွက် အဓိကဆေးအဖြစ် အသုံးပြုနိုင်တယ်လို့ အမေရိကန်လူမျိုး အာယုဗ္ဗေဒဆရာ ဒေါက်တာဒေးဗစ်ဖရော်လေက ရေးသားထားတာ တွေ့ရပါတယ်။ အမေရိကန်မှာ ထန်းလျက်ကို ရှာဖို့ခက်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ ဆရာကြီးဦးသန်းညွန့်ကလည်း ချင်း၊ ထန်းလျက်၊ ကွမ်းရွက်ပြုတ်ရည်ဟာ “အပွင့်ကုထုံးဖြစ်တယ်၊ ငန်းမန်းနိုင်တယ်၊ တေဇော၊ ဝါယော၊ အာကာသဦးဆောင်တယ်” လို့ပြောပါတယ်။ (ငန်း=အဖျား၊ မန်း=အနာ)

ချင်း၊ ထန်းလျက်၊ ကွမ်းရွက်သုံးမျိုးဟာ မြန်မာတို့အတွက် အိမ်တွင်းမှာ အလွယ်တကူရနိုင်တဲ့ ဆေးအစာတွေဖြစ်ပါတယ်။ ပေါပေါများများနဲ့ လွယ်လွယ်ကူကူလည်း ရပါတယ်။ မြန်မာတို့အတွက် မြန်မာ့ရေမြေအရ သဘာဝကပေးထားတဲ့ လက်ဆောင်ဖြစ်တယ်။ မြန်မာတွေနဲ့ကိုက်ညီတဲ့ မြန်မာ့ရိုးရာတစ်လျှောက် အသုံးပြုခဲ့တဲ့ အထူးသဖြင့်ရာသီပြောင်း တုပ်ကွေးတွေကိုကာကွယ်တဲ့ အစာဆေးတွေပဲဖြစ်တယ်။ “ချင်းကလွဲပြီး ထန်းလျက်နဲ့ ကွမ်းရွက်ဟာ အင်္ဂလန်မှာ ရှာရခက်တယ်၊ ရှိရင်လည်းဈေးများမယ်။ မြန်မာ့ရေမြေသဘာဝက ပေးထားတဲ့ လက်ဆောင်တွေပဲ” ဆိုပြီး ဆရာဒေါက်တာခင်မောင်ညိုက ပြောလာတာ မှတ်သားမိပါတယ်။

သြစတြေးလျမှာရှိတဲ့ သူငယ်ချင်းကလည်း ချင်း၊ ထန်းလျက်၊ ကွမ်းရွက်ပြုတ်ရည်ကို Online မှာတွေ့လို့ သောက်ချင်ပေမယ့် ကွမ်းရွက်ရှာမရလို့ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။

မြန်မာ့ရိုးရာ ဆေးအစာသုံးမျိုး ချင်း၊ ထန်းလျက်၊ ကွမ်းရွက်ပါဝင်တဲ့ ပြုတ်ရည်ဟာ ရာသီတုပ်ကွေးကို ကာကွယ်နိုင်တဲ့အပြင် ကိုယ်ခံစွမ်းအားမြင့်စေပြီး တခြားရောဂါတွေကိုလည်း ကာကွယ်ကုစားနိုင်တာကြောင့် အခြေအနေအချိန်အခါကြည့်ပြီး သောက်ပေးသင့်ကြောင်း အကြံပေးတင်ပြလိုက်ရပါတယ်။

Writer - ဒေါက်တာသိန်းမြင့်

Most Read

Most Recent