ရေဒီယိုထဲက ခေတ်ကြီး

ရေဒီယိုထဲက ခေတ်ကြီး
Published 21 February 2018

ကျွန်တော့်မှာ ရေဒီယိုတစ်လုံး ရှိခဲ့ဖူးတယ်။ ရေဒီယိုတစ်လုံးဆိုပေမဲ့ တစ်လုံးပျက်ရင် တစ်လုံးဝယ်၊ တစ်လုံး ထပ်ပျက်တော့ နောက်တစ်လုံးဝယ်နဲ့ ရေဒီယိုနားထောင်တဲ့ နှစ်အနည်းငယ်အတွင်း စုစုပေါင်းဆိုရင် တော့ ငါးလုံး။ ကျွန်တော့်မှာ ရေဒီယိုငါးလုံး ရှိခဲ့ဖူးတယ်ပေါ့။ အခုထက်ထိ ကျွန်တော့်စာအုပ်တွေကြားမှာ ကျွန်တော် နောက်ဆုံးသုံးခဲ့တဲ့ ကြက်သွေးရောင်ဖျော့ဖျော့ တက်ဆန် ရေဒီယိုလေးဟာ လိုင်းဖမ်းတဲ့ စတီးတိုင်လေး တစ်ဝက်ကျိုးလျက် ငြိမ်ငြိမ်သက်သက် ရှိနေတုန်းပဲ။ တစ်ချိန်ချိန်မှာ ထပြီး ဂျစ်ဂျစ်ဂျစ်ဂျစ် မြည်ဖို့၊ မီးချောင်းအောက်မှာဆိုရင် သတင်း ကြေညာသူတစ်ယောက် ကိုင်ထားတဲ့ စာရွက်တွေ မီးစွဲလောင်နေသလို တရှဲရှဲမြည်နေဖို့ စောင့်မျှော်နေတုန်းပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့အံ့သြဖို့ကောင်းလောက်အောင် ရေဒီယိုကို ငြီးငွေ့သွားခဲ့ပြီ။ တစ်ချိန်ကတော့ ရေဒီ ယိုတစ်လုံးကို လက်မှာ ကိုင်ရင်း ဒေါသနဲ့ နာကြည်းခံခက် ဖြစ်ရင်းနဲ့ပဲ သေတဲ့တစ်နေ့ကို ရောက်ရလိမ့်မယ်လို့ ထင်ခဲ့တာပဲ။ လုံးခြေပြီးသား စက္ကူကို ခေါက်ရာတွန့်ရာမပါဘဲ ပြန်ဖြန့်ထားလိုက်ဖို့ မဖြစ်သလိုပဲ ရေဒီယိုနားထောင်ချင်စိတ်ဟာ လုံးလုံးပျောက်ဆုံးသွားခဲ့တာပဲ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းကတော့ ကျွန်တော့်အတွက်  ရေဒီယိုဟာ အလင်းရောင်တစ်စပဲ။ အဖိနှိပ်ခံလူထုကို ကိုယ်စားပြုထားတဲ့ အသံတွေပဲ။ ဖတ်ဖူးတဲ့ စာတွေထဲက ဘယ်သူရေးမှန်း ရေးသူကို မမှတ်မိတော့ပေမဲ့ မှတ်မိနေတဲ့ ဝါကျတစ်ကြောင်းလို 'တော်လှန် ရေးကြီးကို တီဗွီက တိုက်ရိုက်မလွှင့်ဘူး' ဆိုပေမဲ့ တော်လှန်ရေးကြီးတစ်ခုလုံးကို ရေဒီယိုက တိုက်ရိုက်လွှင့်လိမ့်မယ်အထင်နဲ့ ညနေ ညနေဆို မျှော်လင့်ချက်ကြီးစွာ နားထောင်နေခဲ့မိတာပဲ။

အဲဒီတုန်းကတော့ အစိုးရထုတ်သတင်းစာတွေရဲ့ နောက်ကျောမှာ “VOA လိမ်နေသည်။ RFA ညာနေသည်။ BBC ရန်တိုက်နေသည်” စသဖြင့် လှိမ့်လုံး ခြောက်လုံး ဖြီးလုံးတွေနဲ့ပေါ့။ သတင်းစာတွေရဲ့ ရှေ့မျက်နှာဖုံးမှာတော့ 'လိုအပ်သည်များ မှာကြား'၊ 'နိုင်ငံတော်ကြီး အံ့သြတုန်လှုပ်ရလောက်အောင် တိုးတက်ဖွံ့ဖြိုးနေ' ဆိုတာတွေနဲ့။ လူတွေဟာလည်း သိပ်သည်းလှတဲ့ အမှောင်ထဲမှာ ငြိမ်ဝပ် ကျပ်ညပ် ပိပြားနေတာတွေနဲ့၊ ထောက်လှမ်းရေးနဲ့ ရဲထက် ရပ်ကွက်ထဲက သတင်းပေး ဆယ်အိမ်ခေါင်းကို ပိုပြီး ကြောက်ရတာတွေနဲ့၊ ငွေမှင်သုတ်ထားတဲ့ ကဗျာတွေနဲ့၊ စာမျက်နှာ အကျော်အခွတွေနဲ့၊ ခွေးရူးထက် ဘုမသိဘမသိ ကွန်မြူနစ်ကို ပိုကြောက်နေကြတာတွေနဲ့၊ ထုတ်ဝေခွင့် ပိတ်ထားလို့ ခိုးဖတ်ရတဲ့ ပထမအကြိမ်ထုတ် စာအုပ်ညိုညစ်ညစ်တွေနဲ့၊ နောက်ပြီး သေတ္တာတွေရဲ့အောက်ဆုံးမှာ လျှို့ဝှက်သိမ်းဆည်းထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူအဟောင်းတွေနဲ့၊ ဘာသာရေး အယူသီးမှုတွေ၊ အနက်လွဲကောက်ယူမှုတွေနဲ့၊ အဲဒီတုန်းက လူ့ဘဝဟာ ဘယ်သူမှ မသိဘဲ ဒဏ်ရာအနာတရနဲ့ တအီအီညည်နေတဲ့ လမ်းဘေးက လေလွင့်ခွေးတွေလိုပါပဲ။ ဒါပေမဲ့ တအီအီညည်းနေတဲ့ ခွေးလို ဘဝတွေကို အဆိပ်ကျွေးသတ်သူတွေကလည်း ရှိခဲ့တာပါပဲ။

၂၀၀၆ ခုနှစ်အလယ်လောက်မှာ ကျွန်တော် ရေဒီယို စနားထောင်ဖြစ်ခဲ့တယ်။ အစပိုင်းကတော့ (အဲဒီအချိန်တွေတုန်းက သံုံးလေးထောင်တန် ရေဒီယိုတစ်လုံးကိုတောင် ဝယ်နိုင်လောက်အောင် အခြေအနေမရှိခဲ့တော့) ဘဝတစ်လျှောက်လုံး ရေဒီယိုနဲ့သာ ဖြတ်သန်းလာခဲ့တယ် ထင်ရတဲ့ ဆရာတစ်ယောက် အိမ်ကို ညနေဆိုရင်သွား၊ သူနဲ့ နှစ် ယောက်သား ခေါင်းချင်းထိမတတ် အသံကို ကုန်းနားစွင့်ရင်း နားထောင်ခဲ့ရတာပါပဲ။ နှစ်ယောက်သား တောက်တခေါက်ခေါက်၊ အံတကြိတ်ကြိတ်၊ ခံပြင်းစိတ်နဲ့ စားပွဲခုံကို တဒုန်း ဒုန်းထုခဲ့ဖူးတယ်။ နာကြည်းစိတ်နဲ့ ထရံကို လက်သီးနဲ့ ထိုးခဲ့ဖူးတယ်။ နောက်ပိုင်း၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမဖြစ်မီ၊ ဖြစ်တော့မယ်ဆဲဆဲ လနည်းငယ်လောက်မှာ အပေါစား ရေဒီယိုကလေးတစ်လုံး မဖြစ်ဖြစ်အောင် ဖြစ်ညှစ်ဝယ်ပြီး ကျွန်တော်တစ် ယောက်တည်း ကျွန်တော့် အလုပ်ဆိုင်ကလေးရှေ့မှာ ထိုင်နားထောင်ရင်း တချို့သတင်းတွေကြောင့် မျက်ရည်ကြိတ်ကျခဲ့ဖူးတယ်။ အဲဒီနေ့တွေတုန်းကတော့ ကျွန်တော်တို့ဟာ တကယ့်ကို မျှော်လင့်ချက်မဲ့ခဲ့ရတာပါပဲ။ တကယ့်ကို ချောင်ပိတ်အရိုက်ခံရတဲ့ခွေးတွေ ဖြစ်ခဲ့ဖူးတာပါပဲ။ စဉ်းစားကြည့်တော့ အဲဒီတုန်းက အဖြစ်ဆိုး၊ သတင်းဆိုးတွေကို နားနဲ့ နားထောင်မိ၊ ခံစားမိသူတစ်ယောက်မှာတောင်မှ ခွေးတစ်ကောင် ချောင်ပိတ် ရိုက်ခံရသလို ခံစားခဲ့ရတယ်ဆိုရင် အဲဒီအချိန်က လက်တွေ့စစ်ဖိနပ်နဲ့ အကန်ခံ သေလု မြောပါးဖြစ်အောင် အနှိပ်စက်ခံသူတွေရဲ့ ခံစားမှုဟာ ဘယ်လိုနေမယ် တွေးကြည့်ဖို့တောင် ခဲယဉ်းမယ် ထင်ပါတယ်။ ဒါပေမဲ့ အဲဒီရာဇဝတ်မှုတွေအတွက် တရားမျှတမှုဆိုတာကတော့ ဒီနေ့အချိန်ထိ ရင်ကြားစေ့ရင်း ပျောက်ဆုံးနေဆဲပါပဲ။

သံဃာတွေကို ဓာတ်တိုင်မှာ ကြိုးနဲ့တုပ် ရိုက်နှက်တာတွေ၊ ဘုန်းကြီးကျောင်းကို သူပုန်စခန်းလို ဝင်စီးခဲ့တာတွေ (နောက်ပိုင်း ခိုးရိုက်ထားတဲ့ ဗွီဒီယိုမှတ်တမ်းတွေ ပြန်ကြည့်မိတော့လည်း နာကျင်မျက်ရည်ကျခဲ့တာပဲ)  အဲဒီအချိန်က အမေရိက ရောက်နေတဲ့ အဆိုတော်ကြီး ဒေါ်မာမာအေး သီဆိုတဲ့ 'အသည်းနာ ကမ္ဘာမကြေ'ကို နားထောင်ရင်း ဗုံးတစ်လုံး ပေါက်ကွဲသလို ရင်ထဲက နေရာတော်aတာ်များများမှာ စူးနင့်နာကျင်ခဲ့ရတာပါပဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းက ဝတ်ခဲ့တဲ့ အင်္ကျီဖြူကလေးတွေကတော့ မီးခိုးရောင် သန်း မှိန်ဖျော့သွားခဲ့ပါပြီ။ သို့ပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းက အဖြစ်အပျက်တွေ၊ သတင်းတွေကတော့ စစ်အာဏာရှင်ကို အန်တုတဲ့၊ ဝင်းလက်တဲ့ သမိုင်းတစ်ခုအဖြစ် အမြဲကျန်ရစ်နေတော့မှာ။

ဟိုတုန်းက ရေဒီယိုတစ်လုံးအကြောင်း၊ ဟိုတုန်းက ရေဒီယိုက ထွက်လာတဲ့သတင်းတွေအကြောင်း ပြန်ပြောရရင်တော့ ဖြူမည်း ဓာတ်ပုံတွေထဲက လူမည်းကျွန်တစ်ယောက် ရဲ့ ကိုယ်ပေါ်က အရှိုးရာတွေကို ကြည့်ရသလို၊ ကမ္ဘာစစ်အတွင်း ဂျူးတွေရဲ့ဘဝဇာတ်လမ်းကို ရိုက်ထားတဲ့ ရုပ်ရှင်တွေကို ကြည့်ရသလို စိတ်မချမ်းမြေ့ဖွယ်တွေကပဲ အများစု ဖြစ်နေဦးမှာပါပဲ။ ဟိုတုန်းကတော့ အဲဒီအသံလွှင့်ချက်တွေကို နားစွင့်ရင်း အနိဋ္ဌာရုံတွေကို မြင်ယောင် ကြည့်ရင်း လူထုအတွက်လို့ ယုံကြည်သက်ဝင်မှုနဲ့ ကဗျာတွေ ရေးခဲ့တာပဲ။ ကဗျာရေးပြီး ဘယ်လိုပဲ ဖြေသိမ့်ဦးတော့ မိတကွဲ ဖတကွဲ ဖြစ်ကြရတဲ့ ဘဝဇာတ်လမ်းတွေ၊ ဒီမိုကရေစီ ဆိုတာအတွက် ဘဝရော အသက်ပါ ပေးဆပ် လိုက်ရတဲ့ လူမသိသူမသိ အညတရ ဇာတ်လမ်းတွေ၊ တိုင်းပြည်ကြီး တိုးတက်နေပါတယ် ဆိုတဲ့ ကြေညာချက်တွေအောက်က အသက် အန္တရာယ်ကို အပြင်းအထန် ခြိမ်းခြောက်နေတဲ့ ဆင်းရဲမွဲတေမှုတွေ၊ ပြားပြားဝပ်သွားတဲ့ လူ့ဂုဏ်သိက္ခာတွေ စသဖြင့် အကြောင်းတွေဟာ ခေါင်းကို သံမှိုနဲ့ နှက်နေသလို ပြင်းပြင်းထန်ထန် ကြေကွဲရ ယူကျုံးမရ ဖြစ်နေမိတာပါပဲ။ အုပ်ချုပ်သူ၊ အုပ်စိုးသူ လူတန်းစားဆိုတာ ဘယ်လိုနှလုံးသားတွေနဲ့ နေထိုင်ကြတယ်ဆို တာကို နားလည်လာရတာပါပဲ။

၂၀၀၈ မှာ ဖြစ်သွားတဲ့ လူသိန်းနဲ့ ချီသေဆုံးခဲ့ရတဲ့ ချောက်ချားဖွယ် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်သွားခဲ့တုန်းက အံ့သြတုန်လှုပ်ရတာတွေ၊ ရေဒီယိုလိုင်းတွေထဲမှာ လာဖမ်းမိနေတဲ့ မုန်တိုင်းပြယ်စ အချိန်မှာ ဆက်သွယ် ပြောဆိုကြတဲ့ သတင်းမေးကြတဲ့ ဖုန်းပြောသံတွေ၊ (အဲဒီတုန်းက ရေဒီယိုမှာ မိနေတဲ့ဖုန်း ပြောသံတစ်ခုမှာ မိသားစုအတွက် စိုးရိမ် ကြောက်လန့်နေတဲ့ ယောကျ်ားတစ်ယောက်ရဲ့ ငိုသံကို ထိတ်လန့်စွာပဲ ကြားခဲ့ရတယ်)၊ မြန်မာပြည်အလယ်ပိုင်းက ကျွန်တော်အပါအဝင် လူတော်တော်များများဟာ သူတို့အတွက် မုန်တိုင်းက အဖျားခတ်သလောက်ပဲ ရှိခဲ့တော့ အပျက်အစီး၊ အဆုံးအရှုံး လူအသေအပျောက် သတင်းအမှန်ကို မသိရ ဖြစ်နေချိန် ပြည်ပရေဒီယိုကလာတဲ့သတင်းကို ကြားသိရချိန်မှာ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရတယ်။

အဆိုးရွားဆုံးကတော့ အဲဒီကာလက အစိုးရသတင်းစာရဲ့ ဆောင်းပါးတစ်ခုမှာ 'နာဂစ်ဖြစ်လိုက်တော့ အိမ်ရှေ့က သစ်ပင်ကြီးလဲသွားလို့ အရင်တုန်းကဆို အိမ်ကနေ မမြင်ရတဲ့ ရွှေတိဂုံဘုရားကြီးကို ရှင်းရှင်းလင်းလင်း ဖူးမြင်ရပြီဖြစ်လို့ နာဂစ်မုန်တိုင်းကို ကျေးဇူး တောင်တင်မိတယ်'၊ 'မုန်တိုင်းဒဏ်ခံ ဒေသက လူတွေအဖို့လည်း အစားအသောက်အတွက် ဘာမှ ပူစရာမရှိ ဖားရိုက်ငါးရိုက်စားရင်တောင် ဖြစ်ပါတယ်'ဆိုတဲ့ စာသားတွေ၊ ရည်ရွယ်ရင်းတွေနဲ့ ကြောက်စရာကောင်းလောက်တဲ့ အရေးအသားတစ်ခုကို ဖတ်လိုက်ရတာပါ ပဲ။အဲဒီလောက်တောင် ရုပ်ပျက်ဆင်းပျက် သတင်းလိမ်၊ သတင်းအမှောင်ချတဲ့ တိုင်း ပြည်မှာ အဲဒီတုန်းကတော့ ပြည်ပအသံလွှင့် ဌာနတွေသာ အားထားရာ ဖြစ်ခဲ့တာပါပဲ။ ကျွန်တော့်အတွက် အဖော်ပြုစရာဖြစ်ခဲ့တာပါပဲ။

အရင်တုန်းကဆိုရင် RFA ဟာ ရေဒီယိုအစီအစဉ်တွေ မစခင် သီချင်းတစ်ပုဒ် အရင်ဆုံး လွှင့်တတ်တော့ အဲဒီက လွှင့်တဲ့သီချင်းကို နားထောင်ရင်းမှ ကျွန်တော်ဟာ သွေးမုန်တိုင်းကို သိခဲ့တာ၊ ဒေါင်းတမန်ကို သိခဲ့တာ၊ လူငယ်ခြေကျကို သိခဲ့တာ၊ မိုးလုံးမှိုင်းကို သိခဲ့တာ၊ ထူးအိမ်သင်ရဲ့ အရေးကြီးပြီကို သိခဲ့တာ စသဖြင့် မွန်းအောင်ကို သိခဲ့တာပေါ့။ ဆရာကြီး ဒဂုန်တာရာကို အပြင်မှာ သက်ရှိထင်ရှားတုန်းက မဆုံဖူးလိုက်ပေမဲ့ ကြည်ပြီး ရှင်းနေတဲ့ စကားပြောသံကို ရေဒီယိုကလာတဲ့ အင်တာဗျူးတွေမှာ ရင်းနှီးကျွမ်းဝင်ခဲ့တာ။

ရေဒီယို အချိန်မှန် အမြဲနားထောင်ခဲ့တဲ့ အဲဒီအချိန်တွေတုန်းကတော့ အသံလွှင့်သူ တွေရဲ့အသံကို အမြဲကြားနေရတော့ အပြင်မှာ လူချင်း မမြင်ဖူး၊ မဆုံဖူးပါဘဲ ငယ်ပေါင်း ကြီးဖော်တွေလို ခံစားလာရပြီး ရင်းနှီးခင်မင်စိတ်တွေ ဖြစ်လာခဲ့တဲ့အထိပဲ။ အဲဒီစိတ်ဟာ ဘယ်လောက်အထိ ဖြစ်သလဲဆိုရင် ကျွန်တော့်ရဲ့ပထမဆုံးကဗျာစာအုပ်၂၀၁၁ ခုနှစ်မှာ ထွက်တော့ အလွတ်ရနေ၊ ရင်းနှီးခင်မင်နေတဲ့ အသံလွှင့်သူတွေရဲ့ နာမည်တွေ (လူ ၂၀ လောက်တော့ရှိမယ်) စာအုပ်မှာ ရေး၊ အမှတ်တရ လက်မှတ်ထိုးပြီး အမေရိကအထိ စာအုပ်တွေ ပို့ပေးခဲ့တာပဲ။ အဲဒီစာအုပ်တွေ သူတို့ဆီ ရောက် မရောက်ကတော့ ဒီနေ့အချိန်အထိလည်း မသိရပါဘူး။ အမေရိကန်သံရုံးကတစ်ဆင့် လိပ်မူပြီး ပို့လိုက်တာဆိုတော့ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်အထိကတော့ ရောက်မယ်လို့ပဲ ထင်နေမိခဲ့တာ။ အခုတော့ မသေချာတော့ပါဘူး။ ကျွန်တော့် ကဗျာစာ အုပ်တွေဟာ အဆောက်အအုံတစ်ခုရဲ့ ချောင်တစ်ချောင်မှာ ပုံလျက်သားလေး ရှိနေမယ်လို့ မျက်စိထဲမှာ မြင်ယောင်လို့သာ နေတော့တယ်။

ခုတော့ ရေဒီယို နားမထောင်ဖြစ်တာ ငါးနှစ်ကျော်ခဲ့ပြီ။ ကျွန်တော် နောက်ဆုံး ကိုင်ခဲ့တဲ့ ရေဒီယိုကလေးဟာလည်း စာအုပ်စင် ကြား ဖုန်အလိမ်းလိမ်းတက် ငြိမ်သက်နေခဲ့ ရတာ အတော်ကြာသွားခဲ့ပြီ။ ရေဒီယို နား မထောင်ဖြစ်တော့တဲ့ အကြောင်းတွေကတော့ အများကြီးပဲ။ ဒီနေ့ခေတ်မှာ အရင်ခေတ်တွေကလောက် သတင်းအမှောင်ချခြင်း သိပ်မရှိတော့တာလည်း ပါတာပေါ့။ (သိပ်မရှိ ဆိုပေမဲ့ ရှိတာတွေကတော့ ရှိဆဲပါပဲ)။ ပုဂ္ဂလိက သတင်းစာတွေ၊ ဂျာနယ်တွေ၊ အတော်များများ ထွက်လာပြီ။ အရင်လို ပုဂ္ဂိုလ်ရေး တိုက် ခိုက်စာ၊ အပုပ်ချစာတွေကို အားကစားစာစောင်တောင်မချန် မထည့်မနေရ ဖိအားပေး ထည့်ခိုင်းလို့ ထည့်ရတဲ့အဖြစ် မရှိတော့ဘူး။(ထင်တာပဲ) အွန်လိုင်းကနေ ဖေ့စ်ဘွတ်ကနေ သတင်းတော်တော်များများကို မိနစ်မခြား ဖတ်ရှုနိုင်ပြီ။ (လန်ကြုပ်တွေ ဝါဒဖြန့်တွေကို ဆင်ခြင်တုံတရားနဲ့ စိစစ်ရမှာကတော့ ကိုယ့်အပိုင်းပေါ့) နောက်တစ်ချက်က အရင်က ပြည်ပအသံလွှင့်ဌာန ရေဒီယိုလိုင်းတွေကို ရစရာမရှိအောင် ဆဲဆိုကြိမ်းမောင်းသူတွေကအစ အဲဒီရေဒီယိုလိုင်းတွေရဲ့အသံလွှင့် အစီအစဉ်တွေမှာ တစ်ခါတခါ မတော်မတည့် အပြောအဆိုတွေနဲ့ ပါလာတာတွေကလည်း စိတ်ကုန်လာစေတဲ့ အချက်ပဲ။ မတူကွဲပြားခြင်းကို လက်ခံတယ်ဆိုပေမဲ့ ကြမ်းပိုး မြင်နေလျက်နဲ့ လိပ်ပေါက်စလေးပါရယ်လို့ ဗြောင်လိမ် ဗြောင်စား မျက်နှာပြောင်တိုက် စကားလုံးတွေကိုတော့ မတူကွဲပြားခြင်းရယ်လို့ လက်ခံ နားထောင်နိုင်လောက်အောင် မဖြစ်နိုင်ဘူးလေ။ မရင့်ကျက်ဘူးလို့ အပြစ်တင်လည်း ဘာမှ ပြောစရာမရှိ။

အဲဒီလိုနဲ့ပဲ ရေဒီယိုနဲ့ ဝေးသွားခဲ့တာ။ ရေဒီယိုဇာတ်လမ်း တစ်ခန်းသိမ်းခဲ့တာပါပဲ။ တစ်ခါတလေတော့လည်း အဘိုးကြီးတွေသာ ကိုင်ပြီး နားထောင်တတ်တဲ့ ရေဒီယိုတစ်လုံး ကိုင်ပြီး မှုန်ကုပ်ကုပ် ထိုင်နေတတ်တဲ့ အသက် ၂၀ အရွယ် ချာတိတ်တစ်ယောက်ကို၊ ရေဒီယိုနဲ့ လူငယ်လေးတစ်ယောက်ကို (ကိုယ့်ကိုယ်ကိုယ်) ပြန်လွမ်းမိပါတယ်။ အဲဒါတွေအပြင် အဲဒီအချိန်တွေဆီက ပြည်ပအသံလွှင့်ဌာနတွေက သူတို့ရဲ့မကောင်း သတင်းဖွင့်ချမှုတွေ များလာတော့ သတင်းစာတွေကနေ ဆဲဆိုကြိမ်းမောင်းရုံတင် အားမရ၊ ရေဒီယိုနား ထောင်သူတွေကိုပါ ရန်ရှာခြိမ်းခြောက်ချင်တဲ့ 'ရေဒီယိုလိုင်စင်မရှိဘဲ တရားမဝင် နားထောင်သူများကို အရေးယူမည်' ဆိုတဲ့လုပ်ရပ်မျိုးကို ပြန်သတိရမိတော့ တော်တော်လည်း တတ်နိုင်တဲ့ လူတွေပဲလို့ တွေးရင်း စက်ဆုပ်ရွံရှာမှုနဲ့အတူ သက်ပြင်းသာချမိတော့တယ်။ ရေဒီယိုထဲက ခေတ်ကြီး ပြီးပါပြီလား။

Most Read

Most Recent