အခန်းကျဉ်းများ၊ နံရံများအလွန်မှ နွေဦးအိပ်မက်

အခန်းကျဉ်းများ၊ နံရံများအလွန်မှ နွေဦးအိပ်မက်
Published 21 February 2018

ဆောင်းရာသီတစ်ခု၏ နောက်ဆုံးညတွင် အေးစက်မှုများ ကုတ်ခြစ်နေသော အိပ်မက်ဆိုးမှ နိုးထလာခဲ့သည်။ အိပ်မက်ကို ပြန်စဉ်းစားနေမိသည်။

ဟေမန္တ၏ အရုဏ်ဦးသည် အရှေ့ကောင်းကင်မှ ထွက်ပေါ်လာသည့် နီနီစွေးစွေးလေး ယှက်သန်းလာခဲ့သည်ကို ပြန်တွေးရင်း မြင်ယောင်နေမိသည်။ မကြာမီ နေ့သစ်ကိုရောက်၍ခရီးသစ်ကို လျှောက်ရန် အားသစ်များ လွန့်လူးနိုးထခဲ့သည်။ ကျွန်တော်တို့ လျှောက်မည့်လမ်းသည် နံနက်ခင်းတွင် ပီပြင်လာတော့မည်။ ရောင်စုံပန်းများ ဖူးပွင့်လာသည်ကို ကြည့်ရှုခံစားလိုက်မိသည်။ ပန်းခင်းကြီးထဲတွင် လိပ်ပြာငယ်လေးများ ပျံဝဲနေကြသည်။ အမှိုက်သရောများ ကင်းစင်ပြီး ကြည်လင်အေးမြသည့် စမ်းချောင်းငယ်သည် အတားအဆီးမဲ့စွာ စီးဆင်းနေသံကိုလည်း တေးဆိုနေသံ နားဆင်နေရသည့်ပမာ။ တွေးမိရင်း ပျော်ခဲ့ကြရသည်။ မမျှော်လင့်ရဲသော အခြေအနေမှ မျှော်လင့်နိုင်သော ပန်းတိုင်သို့ ရောက်တော့မည်။ ရွှေပြည်တော် မျှော်တိုင်းဝေးသည့် အိပ်မက်များ ပျောက်ကွယ်သွား တော့မည်။ ထိုအခြေအနေတွင် ညတာရှည်လျားလှသည့် ဆောင်းညများကို ပြန်မတွေးချင်တော့ပါ။ ချွန်မြပြီး အေးစက်လွန်းသည့် ဆောင်းညလက်သည်း၏ အခြွေခံခဲ့ရသော ကြယ်ပွင့်များကို တမ်းတမိသော်လည်း ထိုကြယ်ပွင့်များစွာ လင်းပြခဲ့သောကြောင့် ယခု အရုဏ်ဦး အလင်းတစ်စ သန်းလာခဲ့ခြင်းဖြစ် သည်။ ကြွေသွားခဲ့သည့် ကြယ်များကို ဂုဏ်ပြု မှတ်တမ်းတင်ရင်းနှင့်ပင်။ အလင်းခေတ်ကို ဖြတ်သန်းရတော့မည်။ သို့သော် နိုးထသည့်အချိန်တွင် အိပ်မက် မက်နေသည်ကို သိလိုက်တော့သည်။

ကျွန်တော် အိပ်မက်မက်နေမိသည်ကို ပြန်တွေးနေမိသည်။ အိပ်မက်မှ လန့်နိုးလာသည့်အခါ ညသည် အမှောင်အတိပြီးလျက် ငြိမ်သက်နေသည်။ မျက်လုံးကိုဖွင့်ပြီး စမ်းတဝါးဝါး လျှောက်ကြည့်နေမိသည်။ ညအမှောင်ထဲတွင် ဝေေ၀ဝါးဝါးနှင့် နှင်းများ ကြွေနေသလားဟု ထင်လိုက်မိသည်။ ဤညတွင် နွေဦး၏ လေပြေလေညင်းသင်းပျံ့လာသည်ကို ခံစားလိုက်မိသည်။ “သြော် နွေဦးကိုတောင် ရောက်ခဲ့ပြီပဲ။ အချိန်တွေ အကုန်မြန်လွန်းလိုက်တာ” ဟု တိုးတိုးလေး ရေရွတ်လိုက်မိသည်။ နွေဦး၏ အချိန်ကာလ မကြာချေ။ ပြီးလျှင် ပူလောင်ခြောက်သွေ့သည့် နွေနေ့လယ်များကို ဖြတ်သန်းရတော့မည်။ တွေးရင်းဖြင့် သက်ပြင်းကို မှုတ်ထုတ်လိုက်မိသည်။

ကျွန်တော့်ဆီ အတွေးများ တန်းစီဝင် ရောက်လာကြသည်။ အတွေးထဲ၌ ကျွန်တော်တို့ အလင်းခေတ် လမ်းမကို လျှောက်လှမ်းလာခဲ့သည်မှာ အချိန်ကာလတစ်ခုကို ရောက်နေခဲ့ပြီ။ ကျွန်တော်တို့ ရှေ့ဆက်ရန် လျှောက်မည့်လမ်းသည် ကျွန်တော်တို့ ဖောက်လျှင် ပိုမိုကျယ်ပြန့်သည့် လမ်းဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။ မျှော်လည်း မျှော်လင့်ခဲ့မိသည်။ သို့သော် လမ်းသည် ပိုကျယ်မလာခဲ့။ ကြမ်းတမ်းသည့်လမ်းသည် ပိုချောမွေ့မလာခဲ့ချေ။ ယခုအခြေအနေတွင် လမ်းဆိုးကို ဖြတ်သန်းလာခဲ့ရသည့်အခါ အားအင်များ ကုန်ခန်းမောလျနေသည်ကို သတိထားမိလိုက်သည်။ အဆိုးဆုံး လမ်းကြမ်းကြမ်းကြီးကို လျှောက်လှမ်းလာခဲ့ရသည်မှာ အချိန်ကာလအလွန်ပင် ကြာလွန်းခဲ့ရသည်။ အဆိုးဆုံးလမ်းများကို ဖြတ်သန်းလာခဲ့သည့်အခါ အားမာန်အပြည့်အဝရှိနေခဲ့သည်။ လမ်းဆိုးကြီးမှာ ဘယ်မျှကြမ်းတမ်းပါစေ၊ အချိန်ကာလ၊ အရွယ်များက ခံနိုင်ရည် ပြည့်ဝနေခဲ့သည်။သို့သော် အလွန်ကြာသော ဖြတ်သန်းမှုမှာ တဖြည်းဖြည်းနှင့် အားအင်များ ကုန်ခန်းလာကြသည်။ စိတ်များ ဂယောင်ခြောက်ခြားဖြစ် ကုန်ကြသည်။

ယခုအချိန် မက်သော အိပ်မက်သည်လည်း စိတ်ထွေထွေနှင့် မက်သော အိပ်မက်ဟု ဆိုနိုင်ပါသည်။ ကယောင်ချောက်ချား မက်ချင်ရာမက်သည့် အိပ်မက်ပင်ဖြစ်နေသည်ကို ပြန်တွေးလိုက်မိသည်။ ထိုအတွေး ဝင်လာသောအခါ မောလျနေတော့သည်။

ဆိုရပါလျှင် အခိုင်အမာ ရေးထိုးနိုင်ခဲ့သည်ဟု ထင်မှတ်ခဲ့သည့် အမှန်တရားသည် မှားနေသည်လား။ သံသယများ ဝင်လာခဲ့သည်။ မိမိတို့ဖြတ်သန်းလာခဲ့ရသော ခေတ်ဆိုးကြီးမှ ဆင်းရဲကျပ်တည်းမှုများ၊ ဘဝမလုံခြုံမှုများ၊ အကြောက်တရားဖြင့် ငြိမ်ဝပ်ပိပြားခဲ့ရမှုများ၊ တရားမှုများကို မတရားစွပ်စွဲခံရပြီး အရှုံးပေးခဲ့ရမှုများ၊ ကြေကွဲနာကျင်စွာ အံကြိတ်ခဲ့ရခြင်းများ၊ အမျိုးမျိုးသော ဒုက္ခများမှ လွတ်မြောက်ပြီဟု ယူဆပြီး အလင်းရောင်ခြည်သန်းလာမည့် အရုဏ်ဦးကို ကိုယ့်အတွေးနှင့်ကိုယ် ဖွင့်လှစ်လိုက်သည်မှာလည်း မှားနေသည်လား။ သံသယဝင်ခဲ့သည်။

နှစ် ၃၀ မှ ကျွန်တော်တို့ အိပ်မက်များ မက်မိသလို ဖြစ်မလာကြဟု ယခုအချိန်တွင် တွေးထင်နေမိသည်။ ကျွန်တော်မက်ခဲ့သော အိပ်မက်သည် အတိတ်ကို ပြန်မက်နေခြင်း မဟုတ်သည်မှာတော့ သေချာသည်။ ပစ္စုပ္ပန်အချိန်မှာ မက်သော အိပ်မက်သာ ဖြစ်သည်။အင်မတန် ရက်စက်ရိုင်းစိုင်းသည့် ခေတ်ဆိုးဝင်္ကပါကြီးထဲမှ ကျော်လွန်လာခဲ့ပြီဟု ပြောနိုင်ရုံသာ ရှိသည်။ အဆိုးဆုံးမှာ အရက်စက်ဆုံး၊ လူမဆန်ဆုံး၊ လူသားတစ်ယောက်၏ ဂုဏ်သိက္ခာကို နင်းချေဖျက်ဆီးခံခဲ့ရသည့် အခန်းကျဉ်းများ၊ နံရံများထဲတွင် ပိတ်မိနေခဲ့ရသော ကာလများကို ကျော်လွန်လာနိုင်ခဲ့ပြီကို ပြန်တွေးနေမိသည်။

တွေးရင်းဖြင့် အတိတ်က အခန်းကျဉ်းများ၊ နံရံများကို ပြန်မြင်ယောင်လာသည်။အခန်းကျဉ်းလေးထဲ ဝင်ရာလမ်းသည် မှောင်မည်းနေသည်။ ရှေ့ဆက် လျှောက်ရမည့်လမ်းကို မမြင်ရချေ။ မျှော်လင့်ချက်သည်လည်း ေ၀ဝါးနေရုံမဟုတ်၊ အလင်းရောင်ပင် မရှိတော့။ ထိုမည်းမှောင်နေသော လမ်းကိုလည်း လွတ်လပ်စွာ လျှောက်ရသည် မဟုတ်ချေ။အခြားလူတစ်ဦး၏ ညွှန်ကြားပြောဆိုသည့်အတိုင်း လျှောက်ခဲ့ရသည်။ ကျွန်တော် တွေးလိုက်မိသည်မှာ “ငါတို့ အနာဂတ်ဟာ တစ်ဦးတစ်ယောက်ရဲ့ ဆွဲခေါ်ရာ လိုက်ပါနေရ တော့မှာလား၊ ငါတို့ လျှောက်ချင်တဲ့လမ်းက ပြီးဆုံး ရပ်တန့်သွားခဲ့ပြီလား၊ ကျွန်တော့်ရဲ့ ဘဝအနာဂတ် ပျောက်ဆုံးသွားခဲ့ပြီလား၊ ဒါဆို တခြားလူတွေအတွက်ရော၊ ကျွန်တော့်လို အခန်းကျဉ်းလေးရှိရာ အမှောင်ထဲမှာ လိုက်ပါနေရတာ မဟုတ်တောင်မှ အလင်းရောင် ရှိနေတဲ့ လမ်းမပေါ်မှာ လမ်းပျောက်နေပြီလား၊ လူတွေအတွက် အနာဂတ်တွေ ပျောက်ဆုံးနေပြီလား”ဟု တွေးနေမိသည်။ လယ်လုပ်ပြီး လယ်ပျောက်နေသည့် လယ်သမားများ၏ ဘဝများ၊ အလုပ်ရုံထဲမှာ အလုပ်လုပ်ပြီး လစာပျောက်နေသည့် အလုပ်သမားများ၊ ဈေးရောင်းပြီ း အရင်းပျောက်နေသည့် ဈေးသည်များ၊ စာသင်ခန်းထဲမှာ သင်ခန်းစာ စာအုပ်ပျောက်နေသည့် ကျောင်းသားများ၊'များ' များစွာအတွက် အနာဂတ် ပျောက်နေသည့် ကာလများ။

တွေးနေရင်းဖြင့် မလင်းတလင်း မီးချောင်း၏ အလင်းမှိန်ပျပျ အခန်းကျဉ်းလေးထဲကို ရောက်လာခဲ့ရတော့သည်။ အလင်းရောင် မှိန်ပျပျလင်းနေသည် ဆိုသော်လည်း နေ့လား ညလားမသိ။ အခန်းကျဉ်းဆိုသည့်အတိုင်း အလွန်ကျဉ်းမြောင်းလှသည်။ ဒီ အခန်းကျဉ်းမှာ ကျွန်တော် မေးခွန်းများစွာကို ဖြေနေရသည်။ မေးခွန်းတွေကို နာကျင်စွာ အော်ဟစ်ဖြေပြီး အနာဂတ်ပျောက်ဆုံးသွားသည်။ အဖြေတွေမှာလည်း အမှန်တရား ပျောက်ဆုံးနေသည်။ လိမ်လည်မှုကို မရိုးသားမှုဖြင့် ပြန်ဖြေနေမိသည်။ မေးခွန်းများသည် ခေတ်ကို လိမ်လည်ပြီး ဖျောက်ကွယ်နေသည်။ အဖြေများမှာ ခေတ်ကို ကာကွယ်နေသည်။ နောက်ဆုံး မေးခွန်း၏ နောက်ဆုံး အဖြေမှာ ဒီအခန်းကျဉ်းလေးထဲမှ ထွက်ရာလမ်းသည် လေးဘက်နံရံကာထားသည့် အခန်းကျယ်များဆီ။ အခန်းကျဉ်းလေးထက် အတော်အသင့် ကျယ်ဝန်းနေပေလိမ့်မည်။အခန်းကျဉ်းလေးထက် အတော်အသင့် လွတ်လပ်နေပေလိမ့်မည်။ ဤလေးဖက်နံရံအတွင်း ဝင်ရာလမ်းအစတွင် မေးခွန်းမဟုတ်သလို၊ ပြန်ဖြေသည့် အဖြေလည်းမဟုတ်။ 'ဘာကောင်ကြီး၊ ညာကောင်ကြီး'ဆိုသည့် အမည်နာမပညတ်များ မရှိတော့၊ ဂုဏ်သိက္ခာဆိုသည့် အရာများ ချိုးဖဲ့ပစ်လိုက်သည်။ လူဆိုသည့် ပါးစပ်များကို တိပ်အမည်းရောင်ဖြင့် ပိတ်ထားကြသည်။ လူ့အကန်းများဘ၀ ရောက်ကုန်ကြတော့သည်။ ကျွန်တော်တို့ သွားချင်ခဲ့သည့်လမ်းစများ ပျောက်ကွယ်နေခဲ့ရသည်။

ယခု အိပ်မက်ထဲတွင် ပြင်ပလောနှင့် အတော်ကွာခြားနေသည်။ အိပ်မက်ကို ပြန်စဉ်းစားလိုက်သည့်အခါ ငယ်စဉ်က မက်ခဲ့ဖူးသော အိပ်မက်တစ်ခုလိုပင်။ ယခုမက်သည့် အိပ်မက်သည်လည်း အရွယ်အပေါ် မူတည်လျက် ကွဲပြားနေမည် ထင်သည်။ပြောရလျှင် ငယ်ရွယ်သူဘဝမှာ မက်သည့် အိပ်မက်တိုင်းသည် အားမာန်ပါနေသည်ဟု ထင်သည်။အသက်အရွယ် အစွဲများအပေါ်မှာ မူတည်ပြီး အိပ်မက်များလည်း ကွာခြားနေသည်ကို တွေးလိုက်မိသည်။ ကျွန်တော် ဆက်ပြီး တွေးနေမိသည်မှာတော့ အားမာန်များ ပါးလျသွားသောအချိန်မက်သည့်အိပ်မက်ကိုပင် အင်အားချည့်နဲ့စေသလားဟု တွေးလိုက်မိသည်။ ကမောက်ကမ နိုင်လွန်းသည့်ခေတ်ကာလကို စိတ်ထဲတွင် စွဲနေသောကြောင့် မက်မိသည့်အိပ်မက်များလားဟုပင် တွေးထင်မိသည်။ ဆောင်းတွင်းမက်သည့် အိပ်မက်မှာ ကယောင်ချောက်ချားမက်သည့် အိပ်မက်မက်တတ်သည်ဟု စိတ်မှာ ထင်လိုက်ရပေမယ့် အပြင်လောကကြီးတွင်လည်း ကယောင်ချောက်ချား ဖြစ်နေသည်ကို တွေးမိရင်းဖြင့်ပင် စိတ်ထဲတွင် မကျေနပ်ဖြစ်နေမိသည်။

နောက်တွေးလိုက်မိသည်မှာ ဆရာ ဗန်းမော်တင်အောင်ပြောခဲ့သလို 'ကျွန်တော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်း'ဟု တွေးမိပြီး စိတ်ထဲ တင်းကျပ်နေသည်ကို ဖြေလျှော့လိုက်ရသည်။ ဆက်ပြီး သတိရလိုက်သည်မှာ ဆရာနိုင်ဝင်းဆွေ၏ နိုးတစ်ဝက် အိပ်မက်ဖြစ်သည်။ ယခု မက်နေသည့် အိပ်မက်များသည်လည်း ကယောင်ချောက်ချား ဖြစ်နေသကဲ့သို့၊ နှင်းဝေသကဲ့သို့ ပစ္စုပ္ပန်ကို ေ၀ဝါးစေပါလိမ့်မည်။ အနာဂတ်ကို မျှော်တွေးကြည့်ရန် ဟူသည်ကား မရေရာ၊ မသေချာမှုများ များစွာရှိနေပါလိမ့်မည်။ သေချာ သည်ကတော့၊ ဂယောက်ဂယက်မက်သည့် အိပ်မက်များကို မက်တတ်သည့် ဆောင်းည၌ မက်ခဲ့သည်မှာတော့  သေချာနေသည်။  လတ်တလော မက်သည့်အိပ်မက်မှာ ကယောင် ချောက်ချားဖြစ်နေသည့်ကာလကို မက်နေသည့်ပမာ။ ငယ်စဉ်အချိန်မှာ မက်ခဲ့ဖူးသော အိပ်မက်၊ ယခုညမှာ မက်လိုက်ရသည့် အိပ်မက်၊ အိပ်မက်၏အပြင် လက်တွေ့လောက အခြေအနေ။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသော ကာလ၊ ကျွန်တော်တို့ ရောက်ရှိနေသော ခေတ်၊ ကျွန်တော်တို့ အမြဲမက်ချင်ခဲ့သည့် အိပ်မက်များ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ အခန်းကျဉ်းနှင့် နံရံများကို ဖြတ်သန်းသည့် အိပ်မက်များ ဆက်မက်နေရဦးမည်။

ဆက်မက်ချင်သည့် အိပ်မက်များသည် 'နွေဦးအိပ်မက်'များပင်။

Most Read

Most Recent