တော်လှန်သော စစ်ဗိုလ်

တော်လှန်သော စစ်ဗိုလ်
Published 21 February 2018

ဗိုလ်ကြီးဟောင်း ဦးဘချစ်အား ပဲခူးမြို့၌ တွေ့မြင်ရစဉ်

ဦးနေဝင်း အုပ်ချုပ်ခဲ့သော သက်တမ်း ၂၆ နှစ်အတွင်း ကြိုးပေးကွပ်မျက်ခံခဲ့ရဖူးသူများမှာ စုစုပေါင်း နှစ်ဦးသာ ရှိသည်။ ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးတို့ ဖြစ်၏။ အဆိုပါ နိုင်ငံတော်လုပ်ကြံမှုအတွက် ထောင်ဒဏ်ချမှတ် အပြစ်ပေးခံခဲ့ရသူများမှာ ဗိုလ်ချုပ်ကြီးတင်ဦး၊ ဗိုလ်မှူးကြီးလှဖေ၊ ဗိုလ်မှူးစိန်မြင့်၊ ဗိုလ်ကြီးဝင်းသိန်း၊ ဗိုလ်ကြီးဘချစ်တို့ ဖြစ်ကြသည်။ ဗိုလ်ကြီးအောင်ကြည်ဦးနှင့် ဗိုလ်ကြီးဝင်းထိန်တို့မှာ ဖမ်းဆီးခံခဲ့ရသော်လည်း ပြစ်ဒဏ်ချမှတ်ခြင်းမခံခဲ့ရဘဲ အစိုးရသက်သေအဖြစ်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ဗိုလ်ကြီးဘချစ်က ပြောပြခဲ့သည်။

ယင်းပုဂ္ဂိုလ်များထဲမှ ဗိုလ်ကြီးဘချစ်နှင့် ကျွန်တော်သည် ခင်မင်သဖြင့် ပဲခူးကိုရောက်တိုင်း သူ့ဆီကို ဝင်တွေ့ဖြစ်၏။ ယခုတစ်ခေါက်တွင် သူကိုယ်တိုင် ပါဝင်ခဲ့သည့် အာဏာရှင်ကို ပုန်ကန်ရန် ကြံစည်ခဲ့သည့် သမိုင်းဖြစ်စဉ် တစ်ပိုင်းတစ်စကို ယခုကဲ့သို့ သိခွင့်ရခဲ့သည်။

အဘ ချစ်က “၁၉၆၂ မှာ ပါတီစုံစနစ်ကို ဖျက်သိမ်းပြီးတော့ စစ်တပ်က အုပ်စိုးတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုတာကို တည်ထောင်ပြီး အုပ်ချုပ်တယ်။ တကယ်တတ်ကျွမ်းနားလည်တဲ့ တတ်သိပညာရှင်တွေ၊ တကယ့်အတွေ့အကြုံရှိတဲ့ လူတွေဟာ အာဏာရှင်တွေရဲ့ ဖမ်းဆီးခြင်း ခံကြရတယ်။ မသုံးတော့ဘူး။ ဒီတော့ ဘာဖြစ်လာလဲ၊ တိုင်းပြည်မှာ နိုင်ငံရေး၊ စီးပွားရေးဟာ တော်တော်လေး အခြေအနေ ဆိုးတယ်ပေါ့” ဟု ဆိုသည်။

တိုင်းပြည်သည် အဘက်ဘက်မှ ချွတ်ယွင်းတိမ်းပါးနေသည်ကို စစ်ဗိုလ်အရာရှိငယ်များက သည်းမခံနိုင်ကြ။ သူက ဆက်လက်ပြီး “အုန်းကျော်မြင့်နဲ့ ကျွန်တော်နဲ့ဟာ ၁၉၇၄ ခုနှစ်လောက်ကစပြီး ရန်ကုန်က စစ်ရုံးမှာ တွေ့ကြတယ်ပေါ့ဗျာ။ အဲဒီတုန်းက သူက ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးချုပ် ကျော်ထင်ရဲ့ ပီအေ။ ကျွန်တော်က သတ္တုတွင်းဝန်ကြီးဌာနမှာ ဗိုလ်မှူးကြီး သန်းတင်ရဲ့ပီအေ။ ဒါကြောင့် သူနဲ့ ကျွန်တော် မကြာခဏ ဆုံကြတယ်။ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်း တိုက်ဆိုင်ကြတော့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေကို ပြောဖြစ်ကြတယ်။ ဒီမှာ ကျွန်တော်တို့ သိလာတာက သူတို့တွေဟာ တိုင်းပြည်ကို ဘာမှတိုးတက်အောင် မလုပ်နိုင်ဘဲ တိုင်းပြည်ကတော့ မွဲသထက်မွဲတဲ့ ဆင်းရဲတွင်းထဲ အရှိန်နဲ့ထိုးကျနေတယ်။ စီးပွားရေး စမ်းသပ်တာနဲ့၊ ပညာရေး စမ်းသပ်တာနဲ့။ ဒီကြားထဲ ဦးနေဝင်းကို သူ့လူတွေကလည်း ဝိုင်းလိမ်ကြပြန်တယ်။ အထွက်တိုးတို့၊ ရာကျော်စပါးတို့၊ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး သူ့ကို ဝိုင်းလိမ်ကြတာပေါ့ဗျာ”

“ဟုတ်ကဲ့”

“ဒါတွေကို မြင်နေရတဲ့အတွက် ကျွန်တော်နဲ့ အုန်းကျော်မြင့်တို့က ဘာတိုင်ပင်ကြလဲဆိုရင် တိုင်းပြည်က တဖြည်းဖြည်းနဲ့ နွံထဲနစ်တော့မယ်။ ဒါကြောင့် တို့အနေနဲ့ တစ်ခုခုတော့ လုပ်မှ ကောင်းမယ်ဆိုပြီး တိုင်ပင်ကြတယ်။ ဒီလိုတိုင်ပင်ကြရမှာ အဓိက သဘောတူကြတာက တိုင်းမှူးအနားမှာ နေတဲ့သူတွေ တပ်မတော်မှာ ထွန်းထွန်းပေါက်ပေါက် လုပ်နိုင်ခဲ့တဲ့ လူကြီးတွေရဲ့ အနားမှာရှိတဲ့ ကိုယ့်သူငယ်ချင်းတွေကို ဒီစိတ်ကူးကို ချပြပြီး စည်းရုံးမယ်။ ဒီလိုစည်းရုံးပြီး ဦးနေဝင်းရဲ့ အာဏာလွှမ်းမိုးမှုကို ဖယ်ရှားရမယ်ဆိုပြီး သဘောတူကြတယ်။ တကယ်လုပ်ရည်ကိုင်ရည်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြန်ပြီးတော့ အစားထိုး ဖွဲ့စည်းရမယ်ဆိုပြီး တိုင်ပင်ကြတာပေါ့။ ဒါဟာ ရေရှည်စီမံကိန်းပေါ့ဗျာ”

“အဘတို့ အဲသလို တိုင်ပင်ကြတာကို အဘတို့ ဆရာတွေကော မရိပ်မိကြဘူးလား”

“ရိပ်မိရုံမက ကျွန်တော်တို့က ကိုယ့်ဆရာတွေကိုပါ စိတ်ထဲမှာရှိတာကို ပြောပြကြတယ်”

“တကယ် အံ့သြစရာပဲ။ အဘရေ ဒါနဲ့ အဘတို့ ဘာတွေလုပ်ခဲ့ကြသလဲဆိုတာ ပြောပြပါဦး”

“ကျွန်တော်နဲ့ အုန်းကျော်မြင့်တို့ ကြံစည်ဖြစ်ခဲ့တာတွေထဲမှာ ဘာတွေပါသလဲဆိုရင် လစဉ် စစ်ရုံးမှာလုပ်တဲ့ အစည်းအဝေးမှာ ဦးနေဝင်းကို ဖမ်းမယ်ဆိုတာမျိုး ထိပါတယ်။ နှစ်ခါသုံးခါ ကြံစည်ခဲ့တယ်။ ဒါပေမဲ့ အခြေအနေ၊ အချိန်အခါ၊ အခွင့်အရေး မပေးတာကြောင့် ဒီအကြံအစည်တွေ အထမမြောက်ခဲ့ပါဘူး။ ဒီလိုနဲ့ ရန်ကုန်မြို့ အလုံလမ်းမှာရှိတဲ့ နိုင်ငံတော်သမ္မတ အိမ်တော်ဝင်းမှာ လွှတ်တော်အစည်းအဝေး ကျင်းပတဲ့ တစ်နေ့မှာ ဦးနေဝင်းကို လွှတ်တော်ထဲမှာ ဝင်ဖမ်းမယ်ဆိုပြီးလည်း ကြံစည်ခဲ့ဖူးသေးတယ်။ ဒါပေမဲ့ ဒါလည်း မဖြစ်ခဲ့ပါဘူး။ ဒီအချိန်က မြောက်ပိုင်းတိုင်းက ဗိုလ်မှူးကြီးလှဖေကို အုန်းကျော်မြင့်က စည်းရုံးတာ ရခဲ့တယ်။ အရှေ့တောင်တိုင်းက ဗိုလ်မှူးကြီးထွန်းကြည်ရဲ့ ပီအေဖြစ်တဲ့ ဗိုလ်ကြီးဝင်းမောင်ကို စည်းရုံးနိုင်ခဲ့တယ်။ ရန်ကုန်စစ်ရုံးက ဗိုလ်ကြီးအတော်များများကို ဗိုလ်ကြီး အုန်းကျော်မြင့်က စည်းရုံးထားနိုင်ပြီ။ ဒီလိုနဲ့ ၁၉၇၅ ခုနှစ် တော်လှန်ရေးနေ့မှာ ဦးနေဝင်း ညစာစားပွဲလာတက်ရင် သူ့ကို ဖမ်းပြီး မြန်မာ့အသံက တိုင်းပြည်ကို အာဏာသိမ်းတဲ့အကြောင်း ကြေညာချက်ထုတ်မယ်။ ဒီပါတီကိုလည်း ဖျက်သိမ်းလိုက်ပြီဆိုတာကို ကြေညာမယ်။ အစိုးရသစ်ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ် စတာတွေကို လုပ်ဖို့ ကြံစည်ထားတယ်”

“အဘတို့ စစ်ဆင်ရေးကြီးက တကယ် သည်းထိတ်ရင်ဖိုစရာနော်။ ဒါနဲ့ ဒီလောက်နဲ့ အာဏာသိမ်းမှုတစ်ရပ်က အဆင်ပြေနိုင်ပါ့မလား။ အာဏာသိမ်းမယ်ဆိုတော့”

“မှန်တယ် ကိုဌေးဝင်းရေ၊ ဒီလိုလုပ်နိုင်ဖို့အတွက် စစ်အင်အားသုံးရမယ်။ တပ်လိုတယ်။ ဗိုလ်မှူးမောင်လတ်ရဲ့တပ်က တက္ကသိုလ်ဝင်းထဲမှာ လုံခြုံရေးယူထားတယ်။ အုန်းကျော်မြင့်က သူနဲ့ ရင်းနှီးတယ်။ ဒါကြောင့် ကျွန်တော့်ကို သူငယ်ချင်း ငါ ကိုလတ်ဆီသွားပြီး ဆွေးနွေးခဲ့တယ်။ သူ ပြောတာက သူငယ်ချင်း အဆင်ပြေတယ်။ ကိုလတ်က အဲဒီနေ့ကျရင် သူ တပ်ရင်းနှစ်ရင်းနဲ့ ရှမ်းလမ်းက တက်လာပြီး သမ္မတ အိမ်တော်ဝင်းကို အရောက်လာခဲ့မယ်။ ပြီးရင် ဝင်စီးမယ်ပေါ့”

“တကယ့် အက်ရှင်ဇာတ်လမ်းတစ်ခုကို နားထောင်နေရသလိုပါလားဗျာ။ နောက် ဘာတွေဖြစ်ကြလဲ ပြောပါဦး”

“ဒါပေမဲ့ အဲဒီနေ့က ကိုလတ်ရဲ့တပ်တွေ ရောက်မလာခဲ့ဘူး။ ကျွန်တော်တို့ အကြံအစည်လည်း ဘာမှအထမမြောက်ခဲ့ဘူးပေါ့။ ဒီလိုနဲ့ ၇၅ ခုနှစ်နှောင်းပိုင်းမှာပဲ နောက်တစ်ကြိမ် ပြဿနာဖြစ်တယ်။ ဖြစ်တာက သမ္မတ အိမ်တော်ဝင်းထဲက လွှတ်တော်ထဲမှာ။ ဝင်းသိန်းက အုန်းကျော်မြင့်ရဲ့ကားထဲက အူဇီ သေနတ်ကို သွားယူတယ်။ လွှတ်တော် ကျင်းပနေတုန်း၊ ထမင်းစားချိန် မပေးခင်မှာ ဝင်းသိန်းက အူဇီသေနတ်ကြီးယူပြီး အတင်းပြေးလာတာကို ကျွန်တော်က မြင်လိုက်တယ်။ ဟာ ဘာဖြစ်တာလဲပေါ့။ ဟေ့ကောင် ဒါ ဘာလုပ်တာလဲဆိုတော့ သူက ‘ငါ ဦးနေဝင်းကို လွှတ်တော်ထဲဝင်ပြီး ပစ်မလို့တဲ့’ ဆိုတော့ ကျွန်တော်က ဟာကွာ မင်းကွာ ဒုက္ခပဲကွာဆိုပြီး ချော့ပြုပြီး ပြန်ခေါ်လာရတယ်။ ဒါက ကျွန်တော်တို့ တိုင်ပင်ကိုက်ထားတာ မဟုတ်ဘူး။ သူ့သဘောနဲ့ သူလုပ်တာ။ ဝင်းသိန်းက အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် မင်းဂေါင်ရဲ့ပီအေပေါ့။ ဒီကိစ္စကိုလည်း ကျန်တဲ့လူတွေ သိပ်မသိလိုက်ဘူး။ ကျွန်တော်တို့ ဝန်ကြီး ပီအေလေးငါးယောက်လောက်ပဲ သိလိုက်တာ။ ဒီလေးငါးယောက်ကလည်း ဒီကောင် စောက်ရူးထတာဆိုပြီး သူ့လက်ထဲက သေနတ်ကို လုယူပြီး အုန်းကျော်မြင့် ကားထဲကို သေနတ်ကို ပြန်ထည့်ထားပေးလိုက်တယ်”

“ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဒီလို လက်လွတ်စပယ် လုပ်တာတော့ ဘယ်ကောင်းပါ့မလဲနော် အဘချစ်”

“အမှန်ပဲ ကိုဌေးဝင်း၊ ဒီကောင် ဒီလို ထင်ရာစွပ်လုပ်လို့၊ ထင်ရာစွပ်ပြောလို့ ကျွန်တော်တို့ ကြံစည်ခဲ့တဲ့ တော်လှန်ပုန်ကန်မှုက ခရီးမပေါက်ခင် လမ်းမှာ ပျက်စီးခဲ့ရတယ်လို့ ပြောရင်ရတယ်”

“ဘယ်လိုများလဲ အဘချစ်ရယ်”

“ဒါလည်း ပြီးသွားတဲ့နောက် ညနေပိုင်းမှာ ကျွန်တော့်ဆရာ ဝန်ကြီးဗိုလ်မှူးချုပ် သန်းတင်က ကျွန်တော့်ကိုခေါ်တယ်။ ဘချစ် မင်း ငါ့ဆီကို ခုချက်ချင်းလာ။ အရေးကြီးတယ်၊ အိမ်ကိုလာတဲ့။ သူ ခေါ်တာ ၄ နာရီလောက်။ လွှတ်တော်ပြီးတာက ညနေ ၃ နာရီလောက်ပေါ့။ ဝင်းသိန်း ဖြစ်တာက မနက်ပိုင်းဖြစ်တာ။ ခေါ်တော့ ကျွန်တော် သွားတာပေါ့။ သူက ဂိုးလ်ဒင်းဘေလီထဲ နေတယ်။ ကျွန်တော့်ဆရာပြောတာက ခုန ဝင်းသိန်းလာတယ်။ ဒီကောင် ပြောတာက တိုင်းပြည်မှာ အာဏာသိမ်းမယ်။ မဆလကိုလည်း ဖျက်သိမ်းမယ်ပေါ့ ပြောတယ်။ ဖမ်းမယ် ဆီးမယ် ပြောတယ်။ ဒီလို ပြောနေချိန်မှာ ငါ့မိန်းမဆီကို ထောက်လှမ်းရေး ဦးတင်ဦး မိန်းမက ပန်းတွေ ယူခိုင်းလိုက်တဲ့ ထောက်လှမ်းရေးတွေ ပန်းခြံထဲ ရှိနေတယ်။ ဗိုလ်မှူးတစ်ယောက်နဲ့ ဗိုလ်ကြီးတစ်ယောက် ရှိနေတယ်။ အဲဒီတော့ ဒီကောင်တွေ ကြားသွားနိုင်တယ်။ ကြားမယ် သေချာတယ်တဲ့”

“ထောက်လှမ်းရေးဘက်က သိသွားရင်ဖြင့် မြွေကိုက်ပြီပေါ့ဗျာနော်”

“မြွေကတော့ မြွေပွေးရော မြွေဟောက်ရော တစ်ပြိုင်နက် အကိုက်ခံရတယ်ပဲ ဆိုပါတော့။ ညတွင်းချင်းပဲ ဝင်းသိန်းကို ဖမ်းပြီဆိုတာ ကြားရတယ်။ ဒီအချိန်မှာ အုန်းကျော်မြင့်က ကျွန်တော့်ကို ဖုန်းဆက်တယ်။ သူ ပြောတာက သူငယ်ချင်း ငါတော့လစ်ပြီ။ ဝင်းသိန်းကိုတော့ ဖမ်းသွားပြီတဲ့။ ဒီညမှာတော့ ငါ တရုတ်တန်းထဲမှာ ရှိမယ်။ နောက်နေ့ကျမှ ဆက်လုပ်စရာရှိတာ ဆက်လုပ်မယ် ပြောတယ်။ ဒါကြောင့် ကျွန်တော့်ဆရာကို ဝန်ကြီး အုန်းကျော်မြင့်ကတော့ လစ်ပြီ ပြောတယ်။ ဝန်ကြီးက ဒါဖြင့် မင်းလည်း သွားလို့ပြောတယ်။ မဟုတ်ဘူး ကျွန်တော်က လစ်စရာမလိုဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဝင်းသိန်းက အဖမ်းခံရတော့ သူသိထားသမျှ အကုန်ပြန်ပြောပုံရတယ်။ သူ ပြောတဲ့အထဲမှာ ကျွန်တော်ပါပုံ မရသေးဘူး။ ပါတဲ့သူက ဘယ်သူလဲဆိုတော့ ဗိုလ်ကြီးစံကြည်ပါတယ်။ သူက ဗိုလ်ချုပ်သူရတင်ဦးဆီမှာ လုပ်ခဲ့တဲ့သူ”

“ဟုတ် အဘ”

“စံကြည်ကို ဖမ်းသွားပြီး နောက်တစ်နေ့မှာပဲ ကျွန်တော့်ကို လာဖမ်းတယ်။ အဲဒါက ၇၆ ဇူလိုင်လ ရောက်သွားပြီ။ ဇူလိုင် ၄ ရက်။ ကျွန်တော့်ကို ရေကြည်အိုင် ခေါ်သွားတယ်။ စစ်ကြောရေး လုပ်ဖို့ပေါ့။ ရောက်ရောက်ချင်း စစ်ကြောရေး မလုပ်သေးဘဲ အဆောင်တစ်ခုမှာ ထားတယ်။ ညမိုးချုပ်တော့ ကျွန်တော့်ကို ထည့်ထားတဲ့ အဆောင်ထဲကို လူတစ်ယောက် ရောက်လာတယ်။ ဘယ်သူမှန်းလည်း မသိဘူး”

“အဘနဲ့ လူချင်းမသိတဲ့ အမှုတွဲများဖြစ်နေမလား”

“အင်း မိုးလင်းလို့ စကားပြောဖြစ်တဲ့အခါ သူဟာ လေတပ်က ဗိုလ်မှူး သူရချစ်ခိုင်ဆိုတာ သိရတယ်။ အဖြစ်က ဘယ်လိုလဲဆိုတော့ အုန်းကျော်မြင့်ဟာ ဝင်းသိန်း အဖမ်းခံရပြီးတဲ့နောက် မှော်ဘီ ၅၀၂ လေတပ်စခန်းထဲ ရောက်သွားတယ်။ ရောက်သွားပြီး အခြေအနေကတော့ ဒီလိုတွေ ဖြစ်ကုန်ပြီဆိုပြီး ဗိုလ်မှူး ချစ်ခိုင်နဲ့ တိုင်ပင်တယ်။ ဗိုလ်မှူး ချစ်ခိုင်က ဒါဖြင့် ငါတို့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် သူရစောဖြူဆီ သွားမယ်။ လေယာဉ်တွေထားတဲ့ ဟန်ကာသော့ကို သူကိုင်တယ်။ သူ့ဆီ သွားတောင်းမယ်။ သူ့ဆီက သော့ရရင် ဘာမှလုပ်မနေနဲ့ ဗုံးတွေတင်ပြီး အေဒီလမ်းက ဦးနေဝင်းအိမ်ကို သွားကြဲချမယ်။ ရော့ကက်နဲ့လည်း ပစ်မယ်ပေါ့။ ဒါတွေကို အုန်းကျော်မြင့်က ဗိုလ်ချုပ်စောဖြူကို ပြောပြတယ်”

“ဗိုလ်ကြီးအုန်းကျော်မြင့်ကတော့ မဖြစ်ဖြစ်အောင် ရတဲ့နည်းနဲ့ ကြိုးစားခဲ့တယ်နော်”

“ဒီတော့ ဗိုလ်ချုပ်စောဖြူက အသာလေး နားထောင်ပြီး သူရချစ်ခိုင်ကို သူ့အိမ်မှာ နေခိုင်းထားခဲ့တယ်။ အုန်းကျော်မြင့်ကို ခေါ်သွားတယ်။ ဗိုလ်ချုပ်စောဖြူဟာ ဟန်ကာထဲကို မသွားဘဲ ကုန်းမြင့်သာ ထောက်လှမ်းရေးတပ်ထဲ မောင်းဝင်သွားတယ်။ ကုန်းမြင့်သာကုန်းပေါ်မှာပဲ အုန်းကျော်မြင့်ဟာ အဖမ်းခံလိုက်ရတယ်။ ကျွန်တော်လည်း မောပြီ။ ဒီလောက်ဆို ခင်ဗျား စာရေးလို့ ရလောက်ပြီပေါ့” ဟုဆိုကာ သူ့စကားကို လက်စသတ်လိုက်၏။

အာဏာရှင်စနစ်ဆိုးကို တော်လှန်ဆန့်ကျင်ခြင်းနှင့် ဆက်စပ်၍ ပြောကြလျှင် ယေဘုယျအားဖြင့် ကျောင်းသားများနှင့် ရဟန်းသံဃာများ၏ အကြောင်းကိုသာ တစ်ခုတ်တရ ပြောကြဆိုကြ၏။ ရေးကြသားကြ၏။ စစ်သားများ စစ်ဗိုလ်များ၏ ကြီးမားသော အရင်းအနှီးဖြင့် ပေးဆပ်တော်လှန်ခဲ့ကြဖူးသော သမိုင်းကြောင်းရှိခဲ့ဖူးသည်ကို မြိန်ရေယှက်ရေ ပြောပြတတ်သူ ရှားလှသည်။

သို့သော် ကျွန်တော်တို့ ချစ်ခင်လေးစားရသော အဘချစ်ကား မျက်မှောက်ခေတ် နိုင်ငံရေးသမိုင်းကားချပ်တွင် အစဉ်တစိုက် ပါဝင်ခဲ့သော စစ်ဗိုလ်ဟောင်းတစ်ဦး ဖြစ်၏။ သူသည် အမှန်တကယ် အာဏာရှင်စနစ်ကို မုန်းတီးရွံရှာသည့် တော်လှန်သော စစ်ဗိုလ်ကြီးတစ်ဦးပင် မဟုတ်ပါလား။

Most Read

Most Recent