အရင်းအနှီး

အရင်းအနှီး
Published 20 February 2018

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီးတွင် ပေ ၃၀၀ ခန့် အမြင့်ရှိ စွန့်ပစ်မြေစာပုံ ဇန်နဝါရီ ၁၀ ရက်က ပြိုကျမှု ဖြစ်ပွားခဲ့ပြီး သေဆုံး၊ပျောက်ဆုံးနေသော ရေမဆေးကျောက်သမားများအား ရှာဖွေနေကြစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)

ကျွန်တော်တို့အားလုံးသည် ဘဝကို တစ်ခုမဟုတ်တစ်ခုနှင့်တော့ ရင်းနှီးထားကြရသူများ ဖြစ်ပါသည်။ လူအများပြောဆို အသုံးပြုနေကြတဲ့ အပေးအယူဆိုသော စကားမှာလည်း ကိုယ်က တစ်ခုယူချင်ရင် ကိုယ့်ဘက်ကလည်း တစ်ခုခု ပြန်ပေးရမည့် အဓိပ္ပာယ်ဟု နားလည်မိပါသည်။ မည်သူမဆို နေ့စဉ်ဘဝထဲမှ အမြဲလိုအပ်လျက်ရှိနေတဲ့ ကိစ္စများအတွက် တစ်ခုခုကို ပေးဆပ်ကြရလေ့ ရှိပါသည်။ အရိပ်လိုချင်ရင် နေပူထဲက စောင့်၊ ဆင်းရဲဒုက္ခမရှိလျှင် အောင်မြင်မှုလည်းမရှိနိုင်၊ ဆန်ပေးမှ ဆီရ၊ ထောင်မြင်လျှင် ရာစွန့် အစရှိသော ဝေါဟာရများသည် ရင်းနှီးပေးဆပ်မှုကို ရည်ရွယ်ဖော်ညွှန်းထားသည်ဟု ထင်ပါသည်။

ဘဝရှိနေသရွေ့ လိုအပ်ချက်များက ရှိနေမည်ဖြစ်ရာ ကိုယ်လိုချင်သောအရာကို ပေးဆပ်ရင်း၊ ရယူရင်းခြင်းဖြင့် ရှာဖွေလျှောက်လှမ်းနေရမည်သာ ဖြစ်ပါသည်။ လိုအပ်ချက်များသည် တစ်ယောက်နှင့်တစ်ယောက် တူညီနိုင်မည် မဟုတ်သော်လည်း ကိုယ်မျှော်လင့်ရာ အနာဂတ်ပန်းတိုင်ဆီကိုတော့ ကွဲပြားသော လုပ်ပုံကိုင်ပုံများနှင့်အတူ တူညီစွာ လျှောက်လှမ်းနေကြရမည်သာ ဖြစ်ပါသည်။ မည်သူမဆို အချိန်၊ ငွေကြေး၊ စီးပွားဥစ္စာ၊ ခန္ဓာကိုယ်လုပ်အား စသဖြင့် ကိုယ့်မှာရှိတဲ့ အရင်းအနှီးများ စိုက်ထုတ်ကာ မိမိရဲ့မျှော်လင့်ချက်ရှိရာဆီသို့ ဆက်လက်ချီတက်နေကြရပါသည်။ အချို့က ငွေကြေးရှာဖွေဖို့အတွက် ငွေကြေးကိုပင် စိုက်ထုတ်ရင်းနှီးကြရပါသည်။ ငွေကြေးမတတ်နိုင်သူများက အချိန်နှင့် လုပ်အားကို စိုက်ထုတ်ရင်းနှီးကြရပါသည်။ ငွေကြေးမစိုက်ထုတ်နိုင်သူ အခြေခံ လူတန်းစားအများစုကတေ့ာ သူတို့ခန္ဓာကိုယ်နှင့် အင်အားတွေကို အရင်းအနှီးပြုကာ စားဝတ်နေရေး ပြဿနာများကို ဖြေရှင်းကြရပါသည်။ ကလေးသူငယ်များက ပညာရေးအတွက် စာသင်ကျောင်းများဆီသို့ နေ့စဉ်သွားရောက် သင်ယူနေကြခြင်းမှာလည်း လှပတဲ့ အနာဂတ်ရရှိရန်အတွက် သူတို့အချိန်နှင့် ဘဝတွေကို ရင်းနှီးမြှုပ်နှံနေကြခြင်း ဖြစ်ပါသည်။ အရင်းအနှီးမရှိရင် ဘယ်ကိစ္စမှ မအောင်မြင်နိုင်ဘူးဟူ၍လည်း တက်ကျမ်းစာအုပ်များထဲတွင် ဖတ်မှတ်ခဲ့ရဖူးပါသည်။ များများရင်းနှီးနိုင်သူက အမြတ်များများ ပိုရနိုင်ပြီး နည်းနည်းရင်းနှီးနိုင်သူများက အမြတ်နည်းနည်းသာ ရလိမ့်မည်ဟူ၍လည်း ဆိုကြပါသေးသည်။ စီးပွားရေးသမားများသည် သူတို့လုပ်ငန်းများတွင် အတူတကွ ပါဝင်လုပ်ဆောင်ရန်အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မည့် အကြောင်းများကို ဖော်ပြကာ ရင်းနှီးမြှုပ်နံှမှုများကို ဖိတ်ခေါ်လေ့ရှိကြပါသည်။

နိုင်ငံရေးသမားများ၏ အတိတ်တစ်ချိန်က ပေးဆပ်ခဲ့ရသော ဘဝများနှင့် အချိန်များသည် တန်ဖိုးကြီးသော အရင်းအနှီးများ ဖြစ်သည်ဟု ထင်ပါသည်။ စိုက်ထုတ်စရာ မည်သည့်အရင်းအနှီးမျှ မရှိကြသူများလည်း ရှိနေကြသလို အရင်းအနှီး ပြုလုပ်ရန်အတွက်ဟုဆိုကာ အရင်းအနှီး ရှာဖွေကြနေသူများကိုလည်း တွေ့မြင်ရလေ့ ရှိပါသည်။ ကျွန်တော်တို့ရွာမှ လူငယ်အများစုကတေ့ာ ရာသီဥတု မမှန်တော့ခြင်း၊ ကောက်ပဲသီးနံှများ မရရှိတော့ခြင်းနှင့် စီးပွားရေးကျပ်တည်းမှုတွေကို ဖြေရှင်းရန်အတွက် အခြားအိမ်နီးချင်းနိုင်ငံများဆီသို့ အသီးအသီး ထွက်ခွာကုန်ကြပါသည်။ ရေခြားမြေခြားမှာ အချို့က ဉာဏအား၊ အချို့က ကာယအားတို့ဖြင့် ဘဝလိုအပ်ချက်ပုစ္ဆာများကို ဖြေရှင်းလျှောက်လှမ်းနေကြပါသည်။

ယခုဆိုလျှင် ရွာမှာလူငယ်များ မရှိကြတော့ဘဲ သက်ကြီးရွယ်အို၊ ကလေးသူငယ်များနှင့် အမျိုးသမီးအချို့သာ ကျန်ရစ်ခဲ့ကြပါသည်။ စီးပွားရေးလုပ်ဖို့အတွက် အရင်းအနှီးဆိုတာကို မစဉ်းစားနိုင်ဘဲ ထမင်းတစ်နပ်ကိုပင် ခက်ခဲပင်ပန်းစွာ ရှာဖွေနေကြသူများလည်း ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အသေအချာ ရှိနေကြပါသည်။ မိဘတွေနဲ့ သူငယ်ချင်းတွေကို အလွန်အင်မတန် ချစ်ခင်လွန်းအားကြီးတဲ့ ကျွန်တော့်တူလေးတစ်ယောက်ကတော့ ၁၀ တန်းအောင်ပြီးလို့ သိပ်မကြာခင်မှာပဲ တက္ကသိုလ်ဆက်တက်ဖို့ဆိုပြီး နီးစပ်ရာမြို့ပေါ်သို့ မျက်ရည်တွေ စီးကျနေရင်းနဲ့ ထွက်ခွာသွားပါသည်။ အခြားကျေးရွာများဆီသို့ပင် အရောက်အပေါက်နည်းပြီး အနေအထိုင် အေးစက်တဲ့ ကျွန်တော့် အစ်မဝမ်းကွဲ တစ်ယောက်ကလည်း ကျဆင်းနေတဲ့အိမ်ရဲ့ စီးပွားရေးကို ထူမတ်တိုးတက်အောင်လုပ်ဖို့ဆိုပြီး နိုင်ငံရပ်ခြားသို့ ဝမ်းနည်းနေသည့် မျက်နှာနှင့် ထွက်ခွာသွားပြန်ပါသည်။ သူတို့တွေဟာလည်း အချိန်နှင့် ခန္ဓာကိုယ်အင်အားများကို အသုံးပြုရင်းနှင့် စွဲလန်းခင်မင်တတ်တဲ့ သက်ရှိလူသားတစ်ယောက်၏ ခံစားချက်များကိုပါ အရင်းအနှီးအဖြစ် အသုံးပြုခဲ့ကြရပါသည်။ ဒီမှာနေရင်တော့ ဘာမှထူးမှာမဟုတ်ဘူးဆိုပြီး နိုင်ငံခြားကို စီးပွားထွက်ရှာသည့် သူငယ်ချင်းတစ်ယောက်ကတော့ အဆင်ပြေနေသည့် အကြောင်း သူ့မိဘတွေက ပြောပြပါသည်။ သူပြန်လာတေ့ာ ရန်ကုန်မှာ အခြေချမယ်ဆိုရင် ကျောတစ်ခင်းစာအတွက် ကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ရှိမှ ဖြစ်မည်ဆိုပြီး မြို့အပြင်နှင့် သိပ်မဝေးသည့် ရပ်ကွက်တစ်ခုမှာ ကိုယ်ပိုင်အိမ်လေးတစ်လုံး ဝယ်ယူသွားခဲ့ပါသည်။ သူ နိုင်ငံခြား ပြန်သွားခါနီးတွင် စီးပွားရေးလုပ်ရန်အတွက် အရင်းအနှီးရမှသာ ပြန်လာတော့မည်ဟုလည်း ပြောသွားခဲ့ပါသေးသည်။

ကျွန်တော်နှင့် ငယ်ငယ်လေးကတည်းက အတူနေခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ နယ်ဘက်က မိန်းမတစ်ယောက်နှင့် အိမ်ထောင်ကျပြီး တစ်နှစ်လောက်နေပြီးကာမှ နိုင်ငံခြားသွားချင်ကြောင်း ပြောလာပါသည်။ တောမှာပဲနေနေ မြို့မှာပဲနေနေ အရင်းအနှီး မရှိရင် အဆင်မပြေဘူးဗျ၊ ခန္ဓာကိုယ် အရင်းအနှီးရှိရုံနဲ့ကတော့ တစ်ဘဝလုံး ဆင်းရဲတွင်းက တတ်နိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါသေးသည်။ ပညာတတ်သူများက ပညာကို အရင်းအနှီးပြုလုပ်ရသလို ပညာမတတ်သူများကလည်း မိမိအင်အားကို အခြေခံကြရပါသည်။ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက တွေ့မြင်နေခဲ့ရသည့် ရပ်ကွက်ထဲမှ အခြေခံအလုပ်သမားများကတော့ နှစ်ပေါင်းများစွာ ကြာမြင့်လာသော်လည်း အခုအချိန် အထိပင် ဆင်းရဲမြဲဆင်းရဲနေကြသည်ကို တွေ့မြင်ရပါသည်။ ပိုက်ဆံရှိသူများက မနက် နေထွက်မှ အိပ်ရာထကြပေမယ့် ဆင်းရဲသားများကတော့ မနက်မိုးမလင်းခင်ကတည်းက အိပ်ရာစောစောထကာ ဘဝပြဿနာကို ဖြေရှင်းကြရပါသည်။ အခြားသူတွေထက် ပိုပြီးဝီရိယ အားစိုက်ထုတ်ခဲ့ကြသော်လည်း ကံကြမ္မာသည် သူတို့ဘက်မှာ ရှိမနေခဲ့ကြပါ။ စိုက်ပျိုးရေးကို အခြေခံရသော တောသူတောင်သားများမှာတော့ သက်ဆိုင်ရာ ကောက်ပဲသီးနှံများရဖို့အတွက် လူအား၊ အချိန်၊ ငွေကြေး၊ လုပ်အား၊ မျိုးစေ့ အစရှိတဲ့အရင်းအနှီးများ တင်သာမကဘဲ ရာသီဥတုနှင့်လည်း သက်ဆိုင်လိမ့်ဦးမည် ထင်ပါသည်။ အခုနောက်ပိုင်းနှစ်များထဲတွင် အချို့နှစ်တွေမှာ မိုးနည်းလို့၊ အချို့သောနှစ်များမှာ မိုးရွာများလို့ဟုဆိုကာ ကျွန်တော်တို့ တောနယ်ဘက်တွေမှာ ကောက်ပဲသီးနှံများ ပျက်စီးကြပုံများကို မကြာခဏ ကြားသိလာရရာ နိုင်ငံ၏လူဦးရေ အများစုဖြစ်သော စိုက်ပျိုးရေးကိုအခြေခံသည့် တောင်သူလယ်သမားအများစုမှာ ခက်ခဲပင်ပန်းစွာနှင့် ရုန်းကန်ရှင်သန်နေကြရပါသည်။ အချို့သော စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားအများစုမှာလည်း တစ်နေ့တာ လုပ်အားခများ အဆမတန် နည်းပါးနေမှုကြောင့် အရင်ထက် ပိုမိုပေးရန်အတွက် ဆန္ဒပြ တောင်းဆိုနေသံများကိုလည်း သတင်းများမှတစ်ဆင့် စိတ်မကောင်းစွာ ဖတ်ရှုကြားသိနေကြရပါသည်။

ကျွန်တော်တို့ မျက်မှောက်ရှေ့မှာတင် ဆင်းရဲသားများသည် ဆင်းရဲသားဘဝနှင့်ပင် နေထိုင်သေဆုံးသွားကြပြီး သူဌေးများကတော့ သူဌေးအဖြစ်နှင့်ပင် ရှင်သန်၊ သေဆုံးသွားကြတာများပါသည်။ အရင်းအနှီးများသည် ကျွန်တော်တို့၏ ဘဝပေါင်းများစွာအတွက် အနာဂတ်မှာ မည်သို့ဖြစ်နိုင်ခြေရှိသည်များကို သတ်မှတ်ပြဋ္ဌာန်းနေကြပါသည်။ ကျွန်တော်နှင့် ခင်မင်ရင်းနှီးပြီး တောနယ်ဘက်ကနေ အထည်ဆိုင်ကြီးတစ်ခုမှာ အလုပ်လာလုပ်နေတဲ့ လူငယ်လေးတစ်ယောက်တော့ ပြီးခဲ့သည့်နှစ်က ၁၀ တန်းအောင်မြင်သွားခဲ့ပါသည်။ သူက အထည်ဆိုင်က အဝတ်ထည်တွေကို တစ်နေရာမှတစ်နေရာဆီ သယ်ပိုးထမ်းထုတ်နေရင်းနှင့်ပဲ ပညာဒါနဖွင့်တဲ့ ရပ်ကွက်ထဲမှ သင်တန်းများကို အပင်ပန်းခံလိုက်တက်ကာ ညဘက်တွေမှာ ညဉ့်နက်သည်အထိ စာကျက်ရင်းနဲ့ တက္ကသိုလ်ဝင်တန်းကို အောင်မြင်အောင် ဖြေဆိုသွားခဲ့ခြင်း ဖြစ်ပါသည်။ ဒီအလုပ်လုပ်နေရင်တော့ တစ်သက်လုံး နာလန်ထူမှာမဟုတ်ဘူး၊ မိဘတွေကလည်း ဆင်းရဲတေ့ာ ပညာတတ်ဖြစ်မှ အဆင်ပြေမှာဆိုပြီး ကြိုးစားခဲ့တဲ့အကြောင်း သူက ဆိုပါသည်။ သူ့ရဲ့ပြင်းထန်တဲ့ ကြိုးစားအားထုတ်ခဲ့မှုသည် အလဟဿ မဖြစ်ခဲ့ပါ။ မတွေ့တာကြာပြီဖြစ်တဲ့ အဲဒီသူငယ်ချင်းလည်း အခုတော့ ပညာအရင်းအနှီးကို အခြေခံပြီး အလုပ်ကောင်းကောင်း တစ်ခုလောက်တေ့ာရနေပြီ ထင်ပါသည်။ ကိုယ်ရင်းနှီးခဲ့တာထက် ပိုမိုအကျိုးအမြတ်ရကြသူများလည်း ရှိနိုင်သလို ကိုယ်ရင်းနှီးခဲ့သလောက်ပင် ပြန်မရကြဘဲ ဆုံးရှုံးကြသူများလည်း များစွာရှိနေနိုင်ပါသည်။ တစ်ခါတစ်ရံ အရင်းအနှီး ဆိုသည်မှာလည်း အမျိုးအစား ကွဲပြားနိုင်ပါသေးသည်ဟု ထင်မြင်မိပါသည်။

အကြောင်းနှင့်အကျိုးသည် ဆက်စပ်နေတတ်ရာ ကိုယ်က ဘယ်လိုအကျိုးအမြတ်ကို လိုချင်သလဲဆိုတာအပေါ် မူတည်ပြီး ဘယ်လိုအရင်းအနှီးကို စိုက်ထုတ်ရမလဲဆိုတာကိုလည်း ဝေဖန်ပိုင်းခြားနိုင်ဖို့လည်း လိုဦးမည်ထင်ပါသည်။ ကျောင်းသားတစ်ယောက် စာမေးပွဲ အောင်မြင်လိုသည်မှာလည်း ကိုယ့်ရင်းနှီးခဲ့မှုများအတွက် အကျိုးအမြတ် ပြန်လိုခြင်းဖြစ်သလို အလုပ်သမားတစ်ယောက်၏ လစာနှင့် ရာထူးတိုးတက်လိုခြင်းများမှာလည်း ကိုယ်ရင်းနှီးခဲ့သော လုပ်အားခများ အတွက် ပြန်လည်ရရှိလိုမှုများသာ ဖြစ်ပါသည်။ အမှန်တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ အရင်းအနှီးများ စိုက်ထုတ်မြှုပ်နှံကြရသလိုပင် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများကို ရင်းနှီးကြရသူများလည်း ရှိနေကြပါသည်။ မိဘများ၊ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးများ၊ ရင်းနှီးကျွမ်းဝင်တဲ့ ဆရာသမားများ၊ မိတ်ဆွေသူငယ်ချင်းများ၊ ချစ်ခင်ရသူများနှင့် ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံကို ခွဲခွာနေကြရသူများသည်လည်း ရုပ်ပိုင်းဆိုင်ရာများနှင့်အတူ သတိရမှု၊ လွမ်းဆွတ်မှု၊ အတူတကွ နေထိုင်လိုမှု စသော လူသားဆန်မှု၏ စိတ်ပိုင်းဆိုင်ရာ အရင်းအနှီးများကိုပါ မြှုပ်နှံနေထိုင်နေကြရသူများဟု ယူဆမိပါသည်။ ကျွန်တော်တို့အားလုံးသည် ဘယ်နေရာရောက်ပြီး ဘာအလုပ်လုပ်ကိုင်နေသည်ဖြစ်စေ ကိုယ်ယုံကြည်မျှော်လင့်ထားသည့် အနာဂတ်ဆီ လျှောက်လှမ်းရင်းနှင့် မတူကွဲပြားသည့် တစ်စုံတစ်ရာကိုတေ့ာ ရင်းနှီးထားကြရသူများ ဖြစ်ပါသည်။

မိဘများနှင့် ညီအစ်ကိုမောင်နှမများရဲ့ အဝေးမှာ ရောက်ရှိနေသည့် ကျွန်တော့်ကို အိမ်ကိုလွမ်းနေရင်လည်း ပြန်လာခဲ့ပေါ့ သားရယ်လို့ အမေက ဖုန်းဆက်ပြောလာပါသည်။ ပြန်မလာသေးပါဘူးဗျာ၊ လွမ်းဆွတ်ရတဲ့ ခံစားချက်ကလည်း ကျွန်တော့်အတွက် အရင်းအနှီးတစ်ခုပဲပေါ့ အမေရယ်လို့ပဲ ကျွန်တော် ပြန်ပြောခဲ့ပါသည်။ စိတ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်သည့် လူသားဆန်မှု အရည်အသွေးကို ရင်းနှီးရသည်မှာလည်း တန်ဖိုးကြီးသည်သာ ဖြစ်ပါသည်။ ကိုယ်ရင်းနှီးခဲ့သလောက် အမြတ်အစွန်း ပြန်ရဖို့ကိုလည်း မျှော်လင့်မိပါသည်။

Most Read

Most Recent