မကွေးတိုင်းဒေသကြီး လွှတ်တော်က အစိုးရကို သမိုင်းဝင်ထိန်းကျောင်းပြီ

မကွေးတိုင်းဒေသကြီး လွှတ်တော်က အစိုးရကို သမိုင်းဝင်ထိန်းကျောင်းပြီ
Published 20 February 2018

မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

ဒီမိုကရေစီပြုရေးတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် သော့ချက်ကျ၊ အရေးပါသည်။ အစိုးရ(အုပ်ချုပ်ရေး)၊ လွှတ်တော် (ဥပဒေပြုရေး) တရားစီရင်ရေးမဏ္ဍိုင်သုံးရပ်အကြား အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှု အားကောင်းမောင်းသန်မှသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ထိရောက်အလုပ်ဖြစ်မည်ဖြစ်သည်။ အစိုးရနှင့် လွှတ်တော်အကြား အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှု လျော့ရဲလွန်းသည်၊ အားနည်းလွန်းသည်ဟု ဝေဖန်သံများ မြင့်တက်နေသည့် လတ်တလော အခင်းအကျင်းတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်၏ ခြေလှမ်းသည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် စံနမူနာပြုစရာ ကျောသား ရင်သား မခွဲမခြား အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုအဖြစ် သမိုင်းဝင်ခဲ့ပြီ ဖြစ်သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အဆိုပြုလာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော ဝန်ကြီးများ၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၂၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၅၂ နှင့် ၂၀၁၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၄ တို့အရ ကန့်ကွက်ကြောင်း အဆိုပြုချက်ကို တင်သွင်းလာရာ ယင်းကန့်ကွက်ကြောင်း အဆိုပြုချက် တင်သွင်းလာမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိ အချိန်ယူ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌဦးတာက ကြေညာခဲ့သည်။ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးသည် ကိုယ်စားလှယ်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် လစ်လပ်လျက်ရှိသော တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးနေရာတို့၌ ဦးအေးငွေနှင့် ဦးအောင်ကျော်မိုးတို့ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေ၊ ပုဒ်မ ၈ နှင့်အညီ တာဝန်ပေးအပ်လိုကြောင်း အမည်စာရင်း တင်သွင်းခဲ့သည်။ ဦးအေးငွေသည် အသက် ၆၉ နှစ်အရွယ်ရှိပြီး မကွေးတိုင်းဒေသကြီး အတိုင်ပင်ခံအင်ဂျင်နီယာများ အဖွဲ့ခွဲတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆည်မြောင်းဦးစီးဌာန၏ အငြိမ်းစားညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည်။ ဦးအောင်ကျော်မိုးသည် အသက် ၆၇ နှစ်ရှိပြီး အငြိမ်းစား တွဲဖက်ပြည်နယ်ပညာရေးမှူးတစ်ဦးဖြစ်သည်။ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးစလုံးနှင့် ပတ်သက်၍ ဝေဖန်သံများ၊ ကန့်ကွက်သံများသည် ဖေ့စ်ဘွတ်လူမှုကွန် ရက်စာမျက်နှာနှင့် သတင်းမီဒီယာများအကြား ဆူညံပွက်လောရိုက်လျက်ရှိသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂ (ဂ) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်များအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ ကန့်ကွက်ကြောင်း အဆိုပြုချက် တင်သွင်းခဲ့သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အဆိုပါပုဂ္ဂိုလ်များသည် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားပြနိုင်ရန် လိုအပ်မည်ဖြစ်ပြီး၊ အထင်အရှား အထောက်အထား ပြနိုင်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်နိုင်သည်။

ပုဒ်မ ၂၆၂(က)(၁)အရ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့်ပုဂ္ဂိုလ်ကို တိုင်းဒေသကြီးဝန်ကြီးအဖြစ် ရွေးချယ်ရမည်ဖြစ်ပြီး ပုဒ်မ ၂၆၂(ခ)အရ တိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက်ရယူရမည်ဖြစ်သည်။ သို့ဖြစ်၍ တိုင်းဒေသကြီးဝန်ကြီး ရွေးချယ်ခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်သို့ အမည်စာရင်း တင်သွင်းခြင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သော့ချက်ပုဂ္ဂိုလ်ဖြစ်နေသည်။ ထို့အပြင် ပုဒ်မ ၂၆၂(ဃ)အရ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝန်ကြီးအမည်စာရင်းသစ်ကို တိုင်းဒေသကြီးလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိပြီး ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်နေသည့်အလျောက် တိုင်းဒေသကြီးလွှတ်တော်၏ အသံကို နားထောင်နိုင်ရန် ပိုမိုအရေးကြီးသည်ဟု ကောက်ချက်ပြုနိုင်သည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် မကွေးတိုင်းဒေသကြီးလွှတ်တော်၏ ကန့်ကွက်မှုနှင့်စပ်လျဉ်း၍ နိုင်ငံရေးအရ အမြော်အမြင်ရှိ ရှိ၊ သဘောထားကြီးကြီး ချဉ်းကပ်ဆောင်ရွက်နိုင်ရန် အရေးကြီးမည်ဖြစ်သည်။ လွှတ်တော်က ကန့်ကွက်နေသည့်ကြားမှ ဝန်ကြီးချုပ်အနေဖြင့် အမည်စာရင်း တင်သွင်းထားသော ပုဂ္ဂိုလ်များကို တိုင်းဒေသကြီးဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်မည်ဆိုလျှင် ဝန်ကြီးချုပ်နှင့်အစိုးရ၏ ကောင်းသောဂုဏ်သတင်းကို ပွန်းပဲ့စေနိုင်သည့်အပြင် တည်ဆဲဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ပွဲများအထိ ကျယ်ပြန့်လာမည်ဆိုပါက တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်လာနိုင်ဖွယ်ရှိသည်ကို သတိချပ်သင့်သည်။ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် ဝန်ကြီးအမည်စာရင်း တင်သွင်းခံရသူ ပုဂ္ဂိုလ်နှစ်ဦးအား ကန့်ကွက်ရသည့် အကြောင်းအရင်းနှင့် တိုင်းဒေသကြီးဝန်ကြီးသစ် ခန့်ထားရေးတို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ပွင့်ပွင့်လင်းလင်း ဆောလျင်စွာ ဆွေးနွေးညှိနှိုင်း၊ အဖြေရှာသင့်သည်။ အဆိုပါနည်းနာသည် ဒီမိုကရေစီနိုင်ငံရေး၏ အစိတ်အပိုင်းပင်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂(ဃ)အရ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် ဝန်ကြီးအမည်စာရင်းသစ်ကို တိုင်းဒေသကြီး လွှတ်တော်သို့ ထပ်မံတင်သွင်းနိုင်မည်ဆိုလျှင် ပိုမိုကြောင်းကျိုး ဆီလျော်မည်ဖြစ်သည်။ အစိုးရအဖွဲ့၏ ဝန်ကြီးနေရာအများစုတွင် နိုင်ငံရေးသမားများကို ခန့်အပ်တာဝန်ပေးနိုင်မှသာ နိုင်ငံရေးအပြောင်းအလဲကို ဦးစီးဦးဆောင်ပြုမည့် အစိုးရအသွင်ဆောင်မည် ဖြစ်သည်။ တတ်သိပညာရှင်များ၊ အစိုးရ အငြိမ်းစားအရာရှိများက ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဝန်ကြီးနေရာများတွင် အများစုနေရာရနေပြီဆိုလျှင် အရာရှိဟောင်းအစိုးရ၊ ဗြူရိုကရက်ဟောင်း အစိုးရသာဖြစ်နိုင်ပြီး အထိုင်ဟောင်းကိုဖောက်ထွက်၍ ဒီမိုကရေစီပြုရေး၌ ရဲရဲဝံ့ဝံ့ ဦးဆောင်၊ ဦးရွက်ပြုရန် ခဲယဉ်းမည်ဖြစ်သည်။ သို့ဖြစ်၍ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများတွင် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာ၌ နိုင်ငံရေး အတွေ့အကြုံ၊ နိုင်ငံရေးလေ့လာမှု အားကောင်းသည့် လွှတ်တော်ကိုယ်စားလှယ်များကို ဦးစားပေး စဉ်းစားသင့်သည်ဟု တိုက်တွန်း အကြံပြုလိုပါသည်။ တတ်သိပညာရှင်များ၊ အငြိမ်းစားအစိုးရ အရာရှိကြီးများသည် နိုင်ငံရေးအသိ၊ အမြော်အမြင်ရင့်သန်သည့် ဝန်ကြီးများကို ဝန်းရံအကြံပေးသည့်နေရာတွင် မဖြစ်မနေ တာဝန်ယူသင့်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းငါးနှစ်နှင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းနှစ်နှစ်ကျော်၊ စုစုပေါင်း ခုနစ်နှစ်ကျော်ကာလတွင် အာဏာရပါတီ၏ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြုခဲ့သည့် ဝန်ကြီးအမည်စာရင်းကို အာဏာရပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပထမဆုံးအကြိမ် ကန့်ကွက်ခဲ့ခြင်းအဖြစ် သမိုင်းမှတ်တမ်းဝင်သွားပြီ ဖြစ်သည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၆၈ ဦးဖြင့် ဖွဲ့စည်းထားသည်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံးသည် အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုကိုယ်စားလှယ်များ ဖြစ်သည်။ အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း တင်းပြည့်ကျပ်ပြည့် အနိုင်ရရှိထားသည့် တိုင်းဒေသကြီးလွှတ်တော်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရွေးချယ်သည့် ဝန်ကြီးလောင်း နှစ်ဦးကို တိုင်းဒေသကြီး လွှတ်တော်က ကန့်ကွက်ခဲ့ခြင်းသည် ထူးခြားပြီး ပြောင်မြောက်သည့် သမိုင်းဝင်ခြေလှမ်းဟု သတ်မှတ်နိုင်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကျောထောက်နောက်ခံပြုလျက်၊ တိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီးအစိုးရကို ဒီမိုကရေစီနည်းကျ၊ ဗျူဟာမြောက်ထိန်းကျောင်းနိုင်ရန် အစပြုလိုက်သည်ဟု မှတ်ယူနိုင်သည်။ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များသည် ဆင်ဖမ်းမည်၊ ကျားဖမ်းမည်ဟု အသံကောင်းဟစ်ခဲ့ခြင်းမရှိလင့်ကစား ပြည်သူကိုမျက်နှာမူလျက်၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့်အညီ ရပ်တည်နိုင်ရန် လိုအပ်သည့်ကာလတွင် မဖြစ်မနေ ပြတ်ပြတ်သားသား ရပ်တည်ပြခဲ့သည့် သမိုင်းမှတ်တိုင် တစ်ခုဟုလည်း ဆိုနိုင်မည်ဖြစ်သည်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အနေဖြင့် မကွေးတိုင်းဒေသကြီးလွှတ်တော်၏ ပြည်သူ့မျက်နှာကြည့် ဖောက်ထွက်ရပ် တည်ပြခဲ့သည့် အနေအထားကို အတုယူလိုက်ပါ ဆောင်ရွက်လာနိုင်မည်ဆိုလျှင် ရှေ့လျှောက် အစိုးရနှင့် လွှတ်တော်အကြားအချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုသည် ပြည်သူကို ပို၍ပို၍ မျက်နှာမူလာမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် မကွေးတိုင်းဒေသကြီး မဲဆန္ဒရှင် ပြည်သူလူထုသည် လက်သန်းတွင် မင်စွန်းရကျိုးနပ်စ ပြုသထက်ပြုလာနေပြီဟု မှတ်ချက်ပြုရမည်ဖြစ်သည်။ မကွေးလွှတ်တော်သည် မကွေးအစိုးရကို သမိုင်းဝင် အပြန်အလှန် ထိန်းကျောင်းခဲ့သည် သာမက ခုနစ်နှစ်တာ မြန်မာ့ဒီမိုကရေစီခရီးတွင် ဝန်ကြီးချုပ်က တင်သွင်းသည့်အမည်စာရင်းကို ကန့်ကွက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ရာနှုန်းပြည့် ရွေးကောက်ခံထားရသည့် မကွေးတိုင်းဒေသကြီးလွှတ်တော်သည် စံပြုထိုက်သော သမိုင်းဝင်လွှတ်တော်ကြီးဖြစ်ခဲ့ပြီဟု ဆိုနိုင်သည်။ လာမည့်နှစ်များတွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များ၊ ပြည်နယ်လွှတ်တော်များအနေဖြင့် အစိုးရများကို ကျောသားရင်သား မခွဲမခြား ထိထိရောက်ရောက် အပြန်အလှန် ထိန်းကျောင်းနိုင်သည်ထက် ထိန်းကျောင်းလာနိုင်ရေး မျက်မှောက်ပြုသင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

Most Read

Most Recent