ကျွန်တော် မပျော်ဘူး

ကျွန်တော် မပျော်ဘူး
Published 20 February 2018

မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့မှ တရုတ်နိုင်ငံ ဝမ်တိန်မြို့သို့ သွားရောက်သည့် နယ်စပ်ဖြတ်ကူး ဝမ်တိန်တံတားအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

ကျွန်တော်သည် လက်ထဲမှကတ်ထူ စက္ကူအစိမ်းလေးကို ငုံ့ကြည့်မိသည်။ ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်’ တဲ့။ လောလောဆယ်မှာတော့ ကျွန်တော်သည် ထိုလက်မှတ်လေး၏ ကောင်းမှုဖြင့် တစ်ဖက်နိုင်ငံ၏ နယ်စပ်မြို့လေးတစ်ခုသို့ ရောက်ရှိနေပါသည်။ ကျွန်တော်သည် လမ်းလယ်ကောင်ကြီးမှာရပ်ရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိသည်။ ခိုင်ခိုင်ခံ့ခံ့၊ မြင့်မြင့်မားမား အဆောက်အအုံများက ကျွန်တော့်ကို ခပ်စိမ်းစိမ်း ငုံ့ကြည့်နေသလို ခံစားရသည်။ အဆောက်အအုံများ သာမက တိုက်ခတ်နေသည့် လေကလည်း စိမ်းသည်။ ပြောဆိုနေကြသည့် စကားသံများကလည်း စိမ်းသည်။ လှမ်းကြည့်နေသည့် မျက်လုံးများကလည်းစိမ်းသည်။ ရေးထားသည့် စကားလုံးများကလည်း စိမ်းသည်။ အားလုံးအစိမ်း။ နေရာတကာအစိမ်း။

ကျွန်တော်တို့ကို မစိမ်းသည်မှာ တက္ကစီ ဒရိုင်ဘာများသာဖြစ်သည်။ ကားသမားတစ်ယောက်က ကျွန်တော်တို့နောက်သို့ တကောက်ကောက် လိုက်ပါလာသည်။ ‘ဘယ်သွားမှာလဲ လိုက်ပို့ပေးမယ်’ ဟု တတွတ်တွတ် ရေရွတ်ကာ လိုက်မြဲလိုက်နေသည်။ ကျွန်တော်တို့မှာ အဝေးကြီးသို့ သွားဖို့ရန် အစီအစဉ်မရှိ။ အနီးအနားတစ်ဝိုက် လှည့်ပတ်ကြည့်ပြီး ဈေးဝယ်ရန်သာ ရှိပါသည်။ နောက်ဆုံး ဖုန်းနံပါတ် ကပ်တောင်းနေသည့် ကားသမားကို ‘ဖုန်းနံပါတ်မရှိဘူး’ ဟု အော်လိုက်တော့မှ ပြန်လှည့်သွားသည်။ ဒါတောင်မှ ခပ်လှမ်းလှမ်းကနေ ကျွန်တော်တို့ အုပ်စုကို လှမ်းကြည့်နေပါသေးသည်။ ကျွန်တော်တို့သည် လမ်းမကျယ်ကြီးတစ်ခုကိုဖြတ်ကာ တစ်ဖက်လမ်းမရှိရာသို့ ချိုးကွေ့လိုက်ကြသည်။ တွေ့ပါပြီ ကျွန်တော်တို့ ရောက်ချင်နေသည့်နေရာ။ တပြန့်တပြော ဈေးဆိုင်တန်းများ။ အထူးသဖြင့် အများစုက အဝတ်အထည်ဆိုင်များ ဖြစ်ကြသည်။ တချို့ဆိုင်များက တရုတ်စာများ ရေးထားပြီး တချို့ဆိုင်များက မြန်မာလိုရေးထားကြသည်။ တချို့ဆိုင်များကတော့ နှစ်ဘာသာ ရေးထားကြပါသည်။ ‘ကြိုက်တာယူ ၄၀၀၀ ကျပ်’ ဟု ရေးထားသည့်ဆိုင်များလည်း တွေ့ရသည်။ တရုတ် ‘ယွမ်’ ငွေရော မြန်မာ ‘ကျပ်’ ငွေရော နှစ်မျိုးလုံးသုံး၍ ရသည်ဟု သိရပါသည်။ ကျွန်တော်တို့ အုပ်စုသည် လိုလိုမည်မည် သုံးရအောင် ယွမ်ငွေအနည်းငယ်လဲ လှယ်ခဲ့ကြပါသေးသည်။

ကျွန်တော်သည် သူများနိုင်ငံထဲမှာ မိမိဘာသာ စကားရေးထားသည့် ဆိုင်များကို တွေ့ရသောကြောင့် ပထမ အံ့သြသွားမိသည်။ နောက်တော့မှ ‘ဆရာကလည်း ဒီပစ္စည်းတွေက ကျွန်တော်တို့ မြန်မာတွေပဲလာဝယ်တာ။ သူတို့တွေက မသုံးဘူး’ ဟု တစ်ယောက်က လှမ်းပြောလိုက်သောအခါ သြော် ဒါကြောင့်ကိုးဟု သဘောပေါက်သွားပါသည်။ သို့သော် စိတ်ထဲမှာတော့ နင့်ခနဲဖြစ်သွားပြီး ပစ္စည်းရွေးဝယ်ရမှာကိုပင် ခပ်ရွံ့ရွံ့ ဖြစ်သွားမိသည်။ “ငါတို့က သူတို့မသုံးတာတွေကို သုံးနေရတဲ့ လူတွေလား’ ဟုလည်း ဆက်တွေးမိသွားသည်။ ထိုအတွေးနှင့်အတူ ကျွန်တော် တွေတွေဝေေ၀ ငေးငေးငိုင်ငိုင် ဖြစ်သွားပါသည်။ ကျွန်တော့်ရှေ့မှာ ဝမ်းမြောက်ဝမ်းသာ အားကြိုးမာန်တက်ပစ္စည်းတွေ စိတ်ကြိုက်ရွေးဝယ်နေကြသော မိမိအုပ်စုထဲမှ လူများကို ငေးကြည့်နေမိသည်။ အတူပါလာသည့် စာရေးဆရာမတစ်ယောက်က တန်းမှာချိတ်ထားသည့် အထည်တွေ တစ်ခုပြီးတစ်ခု ရွေးနေရင်း ကျွန်တော့်ဘက်လှည့်ကာ ‘ဆရာ အရမ်းတန်တယ်။ ကျွန်မတို့ဆီမှာထက် အများကြီးတန်တယ်။ ဆရာရော မဝယ်ဘူးလား’ ဟု လှမ်း ပြောလေသည်။ ကျွန်တော် ဘာလုပ်ရမှန်းမသိ။ ကျွန်တော်က အဝတ်အစားဝယ်သည့်နေရာမှာ မကျွမ်း။ ဘာဝယ်၍ ဘာဝယ်ရမှန်း မသိချေ။ အမေ့အတွက်တော့ တစ်ခုခု ဝယ်သွားချင်ပါသည်။ ထို့ကြောင့် အဆိုပါ ဆရာမကိုပင် အပူကပ်ရတော့သည်။

‘အမေ့အတွက် အနွေးထည်တစ်ထည်လောက်တော့ ဝယ်ချင်တယ်။ သင့်တော်တာ တစ်ခုခု ဆရာမပဲ ရွေးပေးပါလား’ ဟု ပြောရာ ဆရာမက ‘ရွေးပေးမယ်။ ဆရာ့အမေက အသက်ဘယ်လောက်ရှိပြီလဲ’ ဟု မေးသည်။

“၇၀ လောက်ပေါ့ ဆရာမ”

ထို့နောက် စာရေးဆရာမ အမျိုးသမီး ဝတ်တန်းသို့ ကျွန်တော့်ကို ခေါ်သွားကာ အမေ့အတွက် ဆွယ်တာအနက်လေးတစ်ထည် ရွေးပေးလိုက်ပါသည်။ ကျွန်တော်သည် ယွမ် ၂၀ ပေးဝယ်ခဲ့ရသော အမေ့ဆွယ်တာလေးကို ရင်မှာပိုက်ကာ ဆိုင်ထဲမှ ထွက်လာခဲ့ပါသည်။ ဆိုင်ရှင်မှာ တရုတ်လူမျိုးဖြစ်သော်လည်း ကျွန်တော်ဝယ်သည့်ပစ္စည်းကို သေချာထုပ်ပိုးပြီး လှမ်းပေးသည့်ဆိုင်ဝန်ထမ်းမှာ မြန်မာမလေးဖြစ်သည်။ ကျွန်တော်တို့ကို အဝတ်အထည်တွေ လိုက်ပြသည့် ကောင်မလေးများမှာလည်း မြန်မာမလေးများသာ ဖြစ်ပါသည်။ ကျွန်တော်သည် ဆိုင်ရှေ့မှာ အဖော်တွေကို ရပ်စောင့်ရင်း တစ်မျှော်တစ်ခေါ် မြင်နေရသည့် အထည်ဆိုင်များကို ငေးမောနေမိသည်။ ဆိုင်တိုင်းလိုလိုမှာ အရောင်းဝန်ထမ်း မြန်မာမလေးတွေ ရှိနေကြပါသည်။ မိမိနိုင်ငံမဟုတ်သည့် သူများနိုင်ငံမှာ အလုပ်လာလုပ်ရရှာသော မိမိနိုင်ငံသားများ။ ကိုယ့်နိုင်ငံမဟုတ်သည့် သူများနိုင်ငံထဲမှာ ကိုယ့်နိုင်ငံသားတွေ ဈေးလာဝယ်သည်ကို စောင့်မျှော်ကာ ဈေးရောင်းပေးနေရသူများ။ သူတို့အဆင်မှပြေကြရဲ့လား။ ဆိုင်ထဲသို့ဝင်လာစဉ် သူတို့လှမ်းကြည့်နေသည့် မျက်လုံးများနှင့် အမူအရာများကို ကျွန်တော်ယခုမှ သဘောပေါက်သွားပါသည်။ ဆိုင်ရှင်နိုင်ငံခြားသားရှေ့မှာ မိမိ၏ နိုင်ငံသားတွေကို ရင်ထဲရှိသမျှ အစွမ်းကုန် ဖွင့်ထုတ်ချကာ မပြဝံ့ရှာသော သူတို့လေးတွေ၏ ကွယ်ဝှက်ထားရသော ရင်းနှီးဖော်ရွေ နွေးထွေးလှိုက်လဲှမှု အစုစုကို ကျွန်တော်အခုမှ သတိပြုမိပါတော့သည်။ သြော် အိမ်ကြီးရှင် မျက်နှာကြည့်ကာ သတိဝိရီယနှင့် နေနေရရှာသော သူတို့ဘဝတွေပါလား။ တကယ်ဆို ကျွန်တော်တို့သည် သူစိမ်းမြေမှာ သူစိမ်းပြင်ပြင် ဖြစ်မနေသင့်ပါ။ အခုတော့ အဘယ်အရာက ကျွန်တော်တို့ကို တားဆီးထားရပါသနည်း။

ကျွန်တော့်အတွေး မဆုံးခင်မှာပင် ဆိုင်ထဲမှ စာရေးဆရာမ အုပ်စု ပြန်ထွက်လာကြသည်။ လက်ထဲမှာလည်း ပစ္စည်းပေါင်းစုံ ဖိုသီဖတ်သီဆွဲလျက်။ ကျွန်တော်တို့အုပ်စုသည် ဆိုင်ပေါင်းစုံသော်လည်း အားမရသေး။ တစ်ဆိုင်မကြိုက်လျှင် တစ်ဆိုင်ပြောင်းကြသည်။ တကယ်တော့ ဈေးဝယ်သူတွေ ကြိတ်ကြိတ်တိုး စည်ကားနေသည်မျိုး မဟုတ်ချေ။ လမ်းမတစ်လျှောက် ဈေးဝယ်သူ ချောက်ချီးချောက်ချက်သာရှိသည်။ ဆိုင်အတွင်းထဲရှိ တန်းတွေပေါ်မှာ ချိတ်ထားသည့် အဝတ်အထည်က အဆင်စုံ၊ အသွေးစုံ၊ ဒီဇိုင်းစုံ။ ဆိုင်ရှေ့မှာ ကြိုက်ရာယူ ယွမ် ၁၀ ယွမ် ၂၀ စာတန်းကပ်ထားသည့် ပစ္စည်းတွေကလည်း အမျိုးမျိုး အဖုံဖုံ။ ကျွန်တော်တို့ မြန်မာတစ်စုကတော့ အဝတ်အထည် ပင်လယ်ပြင်ကြီးထဲမှာ မမောနိုင်မပန်းနိုင် ကူးခတ်ကောင်းနေကြဆဲပါပဲ။

ထိုကဲ့သို့ ဈေးဆိုင်တစ်ဆိုင်ပြီး တစ်ဆိုင် ကူးပြောင်းလာခဲ့ရာ တစ်နေရာရောက်သောအခါ ဆိုင်ရှေ့လမ်းမပေါ်မှာ ကျွန်တော်တို့ အုပ်စုကို ငေးကြည့်နေသည့် ဝန်ထမ်းမြန်မာမလေး သုံးယောက်ကို လှမ်းတွေ့လိုက်ရသည်။ သူတို့ သုံးယောက်က ကျွန်တော်တို့ထဲမှ စာရေးဆရာမကို စူးစိုက်ကြည့်နေကြသည်။ ထိုအခါ နဂိုကတည်းက စပ်စုချင်နေသော စာရေးဆရာမခမျာ အကြိုက်တွေ့သွားပါတော့သည်။ ကျွန်တော်တို့ ပစ္စည်းရွေးနေစဉ် စာရေးဆရာမနှင့် မြန်မာမလေး သုံးယောက် အဖွဲ့ကျသွားသည်ကို တွေ့ရသည်။ ခဏကြာတော့ “ဆရာ ကျွန်မတို့ကို ဓာတ်ပုံရိုက်ပေးပါဦး” ဟု လှမ်းခေါ်သံကြားလိုက်ရာ ထင်သည့်အတိုင်းပါပဲ။ မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေသည့် ဆွေမျိုးတွေ ပြန်တွေ့ရသည့်နှယ် စာရေးဆရာမနှင့် ကလေးမတစ်စု စကားတွေ တတွတ်တွတ်ပြောကာ ရယ်မောနေကြပါသည်။ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ကြ။ အပြန်အလှန် လိပ်စာပေးကြနှင့် ကောင်မလေးသုံးယောက် လက်လေးတွေ ဝှေ့ရမ်းကာ နှုတ်ဆက် ကျန်ရစ်ခဲ့ကြပါသည်။

အပြန်လမ်းပေါ်ရောက်သောအခါ စာရေးဆရာမက “ဆရာ အဲဒီကောင်မလေးတွေက တော်တော်ဝမ်းသာနေကြတာ” ဟု ကျွန်တော့်ကို လှမ်းပြောသည်။

“ဘာလု့ိ ဝမ်းသာနေကြတာလဲ ဆရာမ”

“ဟာ ဆရာကလည်း သူတို့ရောင်းစားမခံရတာကို တော်တော်လေး ဝမ်းသာနေကြတာ တချို့ကောင်မလေးတွေဆို အလုပ်ရှာပေးမယ်လို့ ညာခေါ်ပြီး ရောင်းစားခံလိုက်ရတာတဲ့”

“ဟုတ်လား ဒါဆို သူတို့ကံကောင်းတာပေါ့”

“အဲဒါပြောတာပေါ့ ဆရာရဲ့။ ခု သူတို့ကို လစာမြန်မာငွေ တစ်သိန်းခွဲပေးတယ်တဲ့။ ထမင်းသုံးနပ်ကျွေးတယ်။ ပြီးတော့ သြင်္ကန်နှစ်ကူးဆိုရင် အိမ်ခဏ ပြန်ခွင့်ပေးတယ်တဲ့။ ဒါဆို မဆိုးပါဘူးနော် ဆရာ”

စာရေးဆရာမပြောလိုက်သည့် “ဒါဆို မဆိုးပါဘူးနော်” စကားက ကျွန်တော့်ရင်ထဲမှာ ပဲ့တင်ထပ်သွားပါသည်။ ဘာကိုမဆိုးဘူးလို့ ပြောချင်တာပါလိမ့်။ ရောင်းစားခံရသည့် ကောင်မလေးတွေထက်စာရင် သူတို့ဘဝက မဆိုးပါဘူးဟု ပြောချင်တာလား။ လစာငွေ ကျပ်တစ်သိန်းခွဲရသည်ကို မဆိုးဘူးဟု ပြောချင်တာလား။ ကျွန်တော်တို့ကို လက်လေးတွေ ဝှေ့ရမ်းကာ နှုတ်ဆက်နေသည့် မြန်မာမလေး သုံးယောက်ကို ကျွန်တော်မြင်ယောင်နေမိသည်။ သူတို့နှင့် လမ်းခွဲကာနီးမှာ ကျွန်တော်တို့ထဲမှ ဆရာတစ်ယောက်က ‘သမီးတို့ သတိထားပြီးနေနော်’ ဟု လှမ်းပြောသံကို ကြားလိုက်ရသည်။ သူများနိုင်ငံမှာ သတိထားပြီးနေနေရသည့်ဘဝကို မဆိုးပါဘူးဟု ပြော၍ရပါမည်လား။ မိဝေးဖဝေး ရပ်ရွာဝေး နိုင်ငံဝေးမှာ အလုပ်လုပ်နေရရှာသည့် သူတို့ဘဝကကို မဆိုးပါဘူးဟု မှတ်ချက်ချသည့် အသံကို ပြန်ကြားရလျှင် သူတု့ိဘယ်လိုများ ပြန်လည်ချေပလေမလဲမသိ။

ကျွန်တော့်ခြေလှမ်းတွေ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေသည်။ မိမိနိုင်ငံထဲကို ပြန်နေပါလျက် ကျွန်တော် မပျော်ပါ။ နောက်ဆံတင်းစရာ ညီ၊ ညီမလေးများ၊ တူ တူမလေးများ တစ်ဖက်နိုင်ငံထဲမှာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်ပါသည်။

Most Read

Most Recent