မူးယစ်သားကောင်တွေအတွက် ထွက်ပေါက်

မူးယစ်သားကောင်တွေအတွက် ထွက်ပေါက်
Published 19 February 2018

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်ရှိ စိတ်ကြွဆေးပြား ထုတ်လုပ်သည့် စက်ရုံအား သြဂုတ် ၂၄ ရက်က စီးနင်းရာတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ် (ဓာတ်ပုံ-မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့)

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအား ပြင်ဆင်သည့်ဥပဒေကို ဖေဖော်ဝါရီ ၁၄ ရက်တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် မူးယစ်ဆေးသုံးစွဲသူများအား ထောင်ဒဏ်မပေးဘဲ လူမှုရေးပြစ်ဒဏ်သာ ချမှတ်မည့် အချက်က ပြည်သူများအကြားတွင် အထူးခြားဆုံးနှင့် ဝေဖန်မှု အများဆုံး ဖြစ်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ တွင် မူးယစ်ဆေးသုံးစွဲသူကို ထောင်ဒဏ်သုံးနှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကို ပြည်ထောင်စုလွှတ်တော်က ယင်းအချက်အား ပယ်ဖျက်ခဲ့ကာ လူမှုရေးပြစ်ဒဏ်ကိုသာ ချမှတ်ရန် ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လူမှုရေးပြစ်ဒဏ်သာ ချမှတ်ရန် ပြင်ဆင်ခဲ့ခြင်းသည် မူးယစ်ဆေးသုံးစွဲသူများကို ပိုမိုဆိုးရွားသွားစေရန် အားပေးအားမြှောက်ပြုရာရောက်ကြောင်း ပြည်သူများက ဝေဖန်ခဲ့သည်။

“တိုင်းပြည်အနာဂတ် လူငယ်တွေကို အင်အားချည့်နဲ့ ဖျက်ဆီးပစ်မှာက မူးယစ်ဥပဒေ လျှော့ချခြင်းပါပဲ” ဟု တစ်မျိုး၊ “ရောင်းတဲ့သူကိုဖမ်း သုံးတဲ့လူမဖမ်းဘူးဆိုတော့ လက်ဝယ်တွေ့ရင် သုံးဖို့ပါလို့ ပြောကြတာပေါ့” ဟု တစ်ဖုံ၊ “ဒီဥပဒေအတိုင်း ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဆေးသမားတွေချည်း ဖြစ်တော့မယ်။ ကြည့်လည်းလုပ်ပါဦး ထိုင်ခုံပေါ်က ဆရာတို့ရယ်။ ထောင်သုံးနှစ်ကနေ ငါးနှစ်ချတာတောင် ၁၂ ဘီးကားတွေနဲ့ သယ်ယူရောင်းချနေတာ ဒီအတိုင်းဆို စဉ်းတောင်မစဉ်းစားရဲပါလား မြန်မာပြည်ရယ်” ဟု ဆိုသည့် စာသားများဖြင့် လူမှုကွန်ရက်သုံးစွဲသူတချို့က ဝေဖန်မှုများ ရှိခဲ့သည်။

ထို့ပြင် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ် ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့်အပေါ် သရော်သည့် အရေးအသားများလည်း လူမှုကွန်ရက် စာမျက်နှာထက်တွင် တွေ့ရသည်။

“ဆေးစွဲလူနာနဲ့ ရောင်းတဲ့သူတချို့က ဆေးစွဲလူနာတွေလည်း အဖမ်းမခံရတော့ဘူး။ လက်ဝယ်ထားရှိလို့ရတဲ့ ဂရမ်တွေကလည်း တက်လာတယ်ဆိုတော့ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရနိုင်တယ်လို့ ထင်ကောင်းထင်နိုင်တယ်။ ဥပဒေဆိုတာက ဘက်ပေါင်းစုံက ရေးဆွဲထားတာဖြစ်တဲ့အတွက် ဒီအပေါ်မှာ ဆေးသုံးတဲ့သူက ခြေချုပ်တွေနဲ့ ဖောက်ဖျက်လာရင် သူ့ရဲ့ ဥပဒေကြောင်းအရ အရေးယူမယ်။ ပြစ်ဒဏ်အရ အရေးယူတဲ့အခါ လူမှုရေးပြစ်ဒဏ်နဲ့ တရားစွဲဆိုခြင်းခံရမယ်” လို့ မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ဆိုသည်။

လူမှုရေးပြစ်ဒဏ်ပေးခြင်း

မူးယစ်ဆေးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း လူမှုရေးပြစ်ဒဏ် မရောက်မီကြားထဲ၌ လုပ်ဆောင်ရမည့် အဆင့်များက ရှိသေးသည်။

ယခင် ဥပဒေပုဒ်မ ၉ (က)တွင် ‘ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်သည့်ဌာန သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရက အသိအမှတ်ပြုထားသည့် ဆေးကုဂေဟာတွင် ဆေးကုသမှုခံယူရန် မှတ်ပုံတင်ရမည်’ ဟု ပြဋ္ဌာန်းထားသည့်အတွက် ဆေးစွဲသူများက အဖမ်းခံရမည်ကို ကြောက်ပြီး ဆေးဖြတ်ရန် အခက်အခဲရှိခဲ့သည်။

“အရင်က ဆေးစွဲလူနာတွေ ဆေးရုံသွားမယ်ဆို ကြောက်ကြတယ်။ မှတ်ပုံတင်ရတဲ့ အတွက် နောက်တစ်နေ့ကျရင် ရဲလာဖမ်းမလားဆိုပြီး စိတ်ပူကြတာတွေရှိတယ်” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

ထိုသို့ ဆေးဖြတ်သူများ နည်းပါသည့်အတွက် ဖွင့်လှစ်ထားသည့် ပြန်လည်ထူထောင်ရေးစခန်းများတွင် လာရောက်သူများ နည်းပါးသောကြောင့် လုပ်ငန်းစဉ်ကောင်းကောင်း မလည်ပတ်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ပြောကြားသည်။

“ကျွန်တော်တို့ဘက်မှာ ကျန်းမာရေးနဲ့ ညှိနှိုင်းပြီးတော့ ပြန်ထူစခန်းတွေရှိတယ်။ လက်ရှိမှာ ပြန်ထူစခန်း ကိုးခုရှိတယ်။ အဲဒီ ကိုးခုကလည်း ကျွန်တော်တို့ လုပ်ငန်းစဉ် ကောင်းကောင်း လည်ပတ်နိုင်တဲ့ အနေအထားမျိုး မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီမူးယစ်ပြန်ထူနေရာကို လာကြဖို့ဆိုတဲ့ အခါမျိုးမှာ မူးယစ်ကို ဆေးရုံမှာလာဖြတ်တဲ့ အခါမျိုးမှ ကျွန်တော်တို့ဆီကိုလာမှာကိုး။ အဲဒီဟာက အရေးယူမယ်ဆိုတဲ့ အနေအထားတွေ အရင်တုန်းက ပုံစံတွေအရ မဟုတ်တော့ဘူးဆိုရင်တော့ ကျွန်တော်တို့ဆီကို များများ ရောက်လာကြတော့မှာပေါ့။ အခုဟာက တစ်ပြားမိမိ နှစ်ပြားမိမိ သုံးစွဲသူအနေနဲ့ ထောင်ဒဏ်ပါနေတာကိုး။ ဆီးစစ်လိုက်လို့ပေါ်ရင် နှစ်နှစ်တို့ လေးနှစ်တို့ စသဖြင့် ဒါတွေရှိနေတာကိုး။ ဒါကြောင့် တစ်ပြားမိမိ နှစ်ပြားမိမိ ထောင်ဒဏ်တွေက လေးနှစ် ငါးနှစ်တွေရှိနေတော့ စောစောက ကျွန်တော်ပြောတဲ့ ပြန်ထူစခန်းတွေရှိပေမဲ့ လာတဲ့သူနည်းနေတယ်” ဟု ဦးစိုးအောင်က ဆိုသည်။

ယခုပြင်ဆင်လိုက်သည့်ဥပဒေတွင် “မှတ်ပုံတင်ရမည်” ဆိုသည့် စကားရပ်ကို ပယ်ဖျက်လိုက်သောကြောင့် ဆေးဖြတ်ချင်သူများ သံသယကင်းကင်းဖြင့် ဌာန၊ ဂေဟာ သို့မဟုတ် အစိုးရ အသိအမှတ်ပြုထားသည့် ဆေးကုသဌာန၊ ဂေဟာတွင် ဆေးကုသမှုခံယူရမည်ဖြစ်သည်။

ထိုသို့ သွားရောက်၍ ဆေးကုသမှုခံယူခြင်း မရှိပါက ပြင်ဆင်လိုက်သည့် မူးယစ်ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ (ဃ) တွင် “ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသမှုခံယူနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဌာန၊ ဂေဟာ (သို့မဟုတ်) ဤကိစ္စအလို့ငှာ အစိုးရက အသိအမှတ်ပြုထားသည့် အနီးဆုံး ဆေးကုသဌာန၊ ဂေဟာသို့ ဆောလျင်စွာ ပို့အပ်ရမည်” ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် သက်ဆိုင်ရာရဲတပ်ဖွဲ့သည် ဆေးကုသမှုခံယူရန် ပျက်ကွက်သူကို စိစစ်ပြီး လိုအပ်ပါက ခံဝန်ချုပ်ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်ရန် တရားရုံးသို့ လျှောက်ထားရမည်ဖြစ်ပြီး တရားရုံးမှ ပျက်ကွက်သူကို ဆေးကုသမှုခံယူနိုင်ရန် သတ်မှတ်ချက်နှင့်အညီ ခံဝန်ချုပ် ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်သည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။

ဆေးသုံးစွဲသူအနေဖြင့် ခံဝန်ချုပ် ချုပ်ဆိုခြင်းမပြုလျှင်ဖြစ်စေ၊ ခံဝန်ချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ခြောက်လပို့အပ်သည့်အမိန့် ချမှတ်ရမည်ဟု အချက်များကို ဖြည့်စွက်ပြဋ္ဌာန်းထားသည်။

“ကျွန်တော်တို့က ပြင်ပလက္ခဏာတွေ ကြည့်တယ်။ ပြင်ပလက္ခဏာတွေအရ ဆေးသုံးစွဲတယ်လို့ သံသယရှိတယ်ဆိုလို့ရှိရင် သံသယရှိတဲ့သူကို ဆေးကုသဖို့အတွက်ပြောမယ်။ ပြောလို့မှ မလိုက်နာဘူးဆိုရင် တရားရုံးကို တင်ပြမယ်။ တရားရုံးကိုတင်ပြတဲ့အခါ တရားရုံးကနေ ဆေးကုရမယ်ဆိုတဲ့ ခံဝန်ချုပ်ကို သူတို့ကို လုပ်ခိုင်းမယ်။ ဆေးကုသမယ်ဆိုတဲ့ ခံဝန်ချုပ်ကို သူတို့ချုပ်ရမှာပေါ့။ ချုပ်ပြီးတော့မှ ဆေးကုရမယ်။ ခံဝန်ချုပ် ချုပ်ပြီးတော့မှ ဆေးမကုဘူး ထပ်ပြီးတော့ ဆေးသုံးစွဲနေသေးတယ်ဆိုရင် တရားသူကြီးက ခေါ်ပြီးတော့မှ ပြန်လည်ထူထောင်ရေးစခန်းကို ပို့လိမ့်မယ်။ ပြန်လည်ထူထောင်ရေးစခန်းမှာလည်း သူတို့အတွက် အသက်မွေးဝမ်းကျောင်း ပညာသင်တာတို့၊ ဆေးဖြတ်တာတို့၊ ကျန်းမာရေးစောင့်ရှောက်တာတို့၊ လူထုထဲမှာ ပြန်လည်ဝင်ဆံ့အောင် တခြားလူမှုရေးဆက်စပ် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတာတို့ လုပ်မယ်” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) ဥပဒေနှင့် သုတေသနဌာနမှ ဒုတိယရဲမှူးကြီး ဝင်းကိုကိုက ပြောကြားသည်။

မူးယစ်ဆေးသုံးစွဲသူသည် ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ်ထားသည့်ကာလအတွင်း စခန်းများ၏ ညွှန်ကြားချက်များနှင့် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရမှသာ လူမှုရေးပြစ်ဒဏ်ကို ချမှတ်မည်ဖြစ်သည်။

လူမှုရေးပြစ်ဒဏ်များသည် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် သစ်ပင်ပန်းမန်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းတံတားများ ပြုပြင်ခြင်း၊ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်း၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကြီးကြပ်ရေးမှူး ရှေ့မှောက်၌ သတ်မှတ်ဝတ်စုံဝတ်ပြီး တစ်ရက် နှစ်နာရီ အနည်းဆုံး နာရီ ၂၄၀ မှ အများဆုံး နာရီ ၃၆၀ အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့ လုပ်ကိုင်ဆောင်ရွက်ရမည်ဟု အစားထိုး ပြင်ဆင်ပြဋ္ဌာန်းထားသည်။

“လူမှုရေးပြစ်ဒဏ်ဆိုတာက သူတို့ကို ဆင်းရဲအောင်၊ ပင်ပန်းအောင်လုပ်တာ မဟုတ်ဘူး။ ဆေးသုံးစွဲနေတဲ့ ပတ်ဝန်းကျင်နဲ့ သူတို့ကို ကင်းကွာသွားအောင်လို့လုပ်တာ။ သူတို့ရဲ့ မိသားစုစားဝတ်နေရေးအတွက် အချိန်တွေကို မထိခိုက်စေဘဲနဲ့ ကျွန်တော်တို့က လူမှုရေး ပြစ်ဒဏ်ပေးမယ်။ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးတော့လုပ်မယ်။ လုပ်တာကလည်း ပင်ပင်ပန်းပန်းလုပ်ရမှာ မဟုတ်ဘူး။ တံမြက်စည်းလှည်းတာတို့၊ သစ်ပင်စိုက်တာတို့က ပင်ပန်းတဲ့အလုပ်တော့မဟုတ်ဘူး။ သူတို့ရဲ့အချိန်တွေကို လူမှုအသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့အောင်လို့ဆွဲယူမှာ။ သူတို့ကို ထောင်ချလိုက်ရင် နိုင်ငံတော်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ သူတို့အတွက်လည်း မကောင်းဘူး။ ထောင်ကထွက်လာရင်လည်း အမည်းစက်ကြီးတစ်ခုနဲ့ နေရမယ်” ဟု ဒုတိယရဲမှူးကြီး ဝင်းကိုကိုက ပြောကြားသည်။

NLD အစိုးရလက်ထက် ဖမ်းမိမှု

NLD အစိုးရသက်တမ်း နှစ်နှစ်နီးပါးအတွင်း မူးယစ်ဆေးဝါးအမှုများ ပိုမိုဖမ်းဆီးနိုင်ခဲ့သည့်အပြင် တရားခံများ ဖမ်းဆီးရမှုသည်လည်း မြင့်တက်လာသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် နှစ်နှစ်အတွင်း မူးယစ်ဆေးအမှုပေါင်း ၁၈၃၄၄ မှုဖြစ်ပွားခဲ့ပြီး တရားခံစုစုပေါင်း ၂၇၅၉၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) မှ သတင်းအချက်အလက်များအရ သိရသည်။

NLD အစိုးရ တာဝန်စတင်ယူသည့် ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် မူးယစ်ဆေးဝါးအမှုပေါင်း ၈၈၀၀၊ ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၉၅၄၄ မှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် တရားခံဖမ်းဆီးရမိမှုတွင်လည်း ၂၀၁၆ ခုနှစ်က တရားခံ ၁၃၅၉၁ ဦးကို ဖမ်းမိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် တရားခံ ၁၄၀၀၀ ကို ဖမ်းမိခဲ့ခြင်းကြောင့် ၂၀၁၆ ထက် ၂၀၁၇ ခုနှစ်တွင် မူးယစ်ဆေးအမှုနှင့် တရားခံများ တိုးလာသည်ကို တွေ့ရသည်။

NLD အစိုးရလက်ထက် မူးယစ်ဆေးဝါး အမှုများ ပိုမိုဖမ်းဆီးလာနိုင်သော်လည်း ဖမ်းဆီးနိုင်မှုတွင် သုံးစွဲသူများနှင့် အနည်းငယ် ရောင်းဝယ်ဖောက်ကားသူများသာ အများဆုံးဖြစ်နေပြီး စံချိန်တင် မူးယစ်ဆေးဝါးဖမ်းမိမှု၏ နောက်ကွယ်မှ အဓိကပိုင်ရှင်များ ဖမ်းမိနိုင်ခြင်းမရှိသည့်အပေါ် ပြည်သူများက ဝေဖန်မှုရှိခဲ့သည်။

ယခုကဲ့သို့ မူးယစ်ဆေးအမှု အရေအတွက်နှင့် တရားခံလူဦးရေ ဖမ်းမိမှု များပြားနေသည့် အချိန်တွင် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်အဖြစ် ပြောင်းလဲလိုက်ခြင်းက အလုပ်ဖြစ်နိုင်မည်လားဟု မေးခွန်းထုတ်သူများလည်း ရှိနေသည်။

“ဒါကတော့ လက်တွေ့ကျကျလုပ်ပြီးမှပဲ အဲဒီအကျိုးရလဒ်အပေါ် မူတည်ပြီးတော့ ပြောလို့ရမှာပေါ့။ အခုက ရက်ပိုင်းပဲရှိသေးတော့ ကျွန်တော်လည်း မပြောနိုင်ဘူး။ လောလောဆယ် သေချာတာကတော့ အကျဉ်းထောင်တွေမှာ ဝန်ထုပ်ဝန်ပိုး ကျသွားမှာပေါ့။ အဓိက သုံးစွဲသူမရှိတော့ ဝန်ထုပ်ဝန်ပိုးလည်း ကျသွားမယ်။ ဒါပေမဲ့ ပုဒ်မ ၁၆ နဲ့ ၁၉ ကတော့ ရှိနေဦးမှာပဲ” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဆိုသည်။

ဆေးဖြတ်ခိုင်းသည့် ဥပဒေပြင်ဆင်မှု

မူးယစ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအသစ်တွင် မူးယစ်ဆေးစွဲသူများအား သုံးနှစ်မှ ငါးနှစ်အထိ ထောင်ချနိုင်သည့် ပုဒ်မ ၁၅ ကို ပယ်ဖျက်ခဲ့သော်လည်း ပြစ်မှုပြစ်ဒဏ် အခန်း၌ပါရှိသည့် အရေးယူနိုင်သော ပုဒ်မ ၁၆ မှ ပုဒ်မ ၂၁ များအား ပယ်ဖျက်ခဲ့ခြင်း မရှိခဲ့ပေ။

ပြည်သူများအကြားတွင် မူးယစ်ဆေးသုံးလျှင် ထောင်မကျနိုင်ဟု တွေးထင်စရာဖြစ်သော်လည်း လက်တွေ့တွင်မှု အချိန်မရွေး ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရနိုင်သည်။ ပုဒ်မ ၁၅ အား ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်အဖြစ် ပြောင်းလဲလိုက်ခြင်းသည် အများအမြင်တွင် သက်ညှာသွားသည်ဟု မြင်နိုင်သော်လည်း မူးယစ်ဆေးမိလျှင် အချိန်မရွေး ဖမ်းဆီးနိုင်သည့် ပုဒ်မများက ရှိနေသည်။

ပုဒ်မ ၁၆ (ဂ) တွင် ‘မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကို ပြောင်းလဲစေသောဆေးဝါးကို လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်း’ ဟု ပြဋ္ဌာန်းထားပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ် ငါးနှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်သည်။

ထို့ကြောင့် ပုဒ်မ ၁၆ (ဂ) အရ ဆေးကုသမှု မခံယူသေးသည့် မူးယစ်ဆေးစွဲသူများ၏ လက်ဝယ်တွင် မူးယစ်ဆေးမိသည်နှင့် ထောင်ကျနိုင်သည့် အန္တရာယ်က ရှိနေသေးသည်။

“သုံးစွဲသူလက်ထဲမှာ ဆေးပြားတစ်ပြား မဟုတ်ဘူး။ အမှုန့်မိလည်း ပုဒ်မ ၁၆ နဲ့ တရားစွဲရမှာပဲ” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) ဥပဒေနှင့် သုတေသနဌာနမှ ဒုတိယရဲမှူးကြီး ဝင်းကိုကိုက ဆိုသည်။

ထို့ပြင် ပုဒ်မ ၁၉ (က) တွင် ‘မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကိုရောင်းချရန်အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်း’ ဟု ဖော်ပြထားပြီး ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၁၀ နှစ်မှ နှစ်အကန့်အသတ်မရှိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် လူမှုရေး ပြစ်ဒဏ်ပေးခြင်းသည် အများအမြင်တွင် မူးယစ်ဆေးသုံးစွဲသူများကို လျှော့ပေါ့လိုက်သည်ဟု မြင်နိုင်သော်လည်း လက်တွေ့တွင်မှု ယခုပြင်ဆင်လိုက်သည့် ဥပဒေသည် မူးယစ်ဆေးစွဲသူများအား မိမိသဘောဖြင့် မိမိကိုယ်တိုင် ဆေးဖြတ်စခန်းများ၌ ဆေးလာရောက်ဖြတ်ကြရန် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

ဆေးစွဲသူများ လွတ်လွတ်လပ်လပ် ဆေးဖြတ်နိုင်ရန်အတွက် ပြင်ဆင်သည့် ဥပဒေတွင် မှတ်ပုံတင်ရမည်ဆိုသည့် စကားရပ်ကို ပယ်ဖျက်ပေးထားသည်။

“ကျွန်တော်တို့က ဥပဒေကို စပြင်တုန်းက သုံးစွဲသူအနေနဲ့ ပထမအကြိမ်သုံးရင် ခြောက်လထောင်ချမယ်။ ဒုတိယအကြိမ်ဆိုရင် တစ်နှစ်ချမယ်။ တတိယအကြိမ်ဆိုရင် တစ်နှစ်ခွဲ နှစ်နှစ်ချမယ်လို့ ကျွန်တော်တို့က ရည်ရွယ်လိုက်တာ။ ဒါပေမဲ့ နိုင်ငံတကာမှာက အဲဒီလိုမျိုးကို လုံးဝခွင့်မပြုတော့ဘူး ဖြစ်နေတယ်။ နိုင်ငံတကာ အနေအထားအရကလည်း ခွင့်မပြုတော့ဘူး။ နောက်ပြီး ကျွန်တော်တို့ဆီက လူမှုရေးအဖွဲ့အစည်းတွေ၊ UN နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက ဆေးသုံးစွဲတဲ့သူကို အဲဒီအဖွဲ့အစည်းတွေက မဖမ်းစေချင်ဘူး။ သူတို့သဘောနဲ့သူတို့ ဆေးဖြတ်ပါ။ ဖမ်းပြီး ဆေးဖြတ်ခိုင်းတာကို မလုပ်ပါနဲ့။ ဘာကြောင့်လဲဆို အရင်ဥပဒေကြီးကို ကျွန်တော်တို့ ကျင့်သုံးလာတဲ့နေရာမှာ အတင်းအကျပ် ဆေးကုခိုင်းတာပေါ့။ နှစ်ပေါင်း ၂၀ ကျော် ကျွန်တော်တို့ အတင်းအကျပ် ဆေးကုခိုင်းခဲ့ပြီးပြီ။ ဒါပေမဲ့ မအောင်မြင်ဘူး။ ပိုတိုးလာတယ်။ ဒါကြောင့် မိမိသဘောဆန္ဒအလျောက် ဆေးဖြတ်တဲ့လူတွေက ပြတ်လည်း ပြတ်လွယ်တယ်။ အတင်းဖြတ်ခိုင်းတာကျတော့ ထောင်ကလွတ်တာနဲ့ ပြန်သုံးတာများတယ်” ဟု ဒုတိယရဲမှူးကြီး ဝင်းကိုကိုက ရှင်းပြသည်။

သို့သော် ပြင်ဆင်လိုက်သည့် မူးယစ်ဥပဒေတွင် ဘိန်းဖြူ (ဟီးရိုးအင်း) ဖြစ်ပါက သုံးဂရမ်၊ မော်ဖင်းဖြစ်ပါက သုံးဂရမ်၊ ဘိန်းဖြူ (ဟီးရိုးအင်း) နှင့် မော်ဖင်း နှစ်ခုပေါင်း သုံးဂရမ်၊ ဘိန်းစိမ်း (သို့မဟုတ်) ပြုပြင်ထားသည့် ဘိန်း (သို့မဟုတ်) နှစ်ခုပေါင်း ၁၀၀ ဂရမ်၊ ဆေးခြောက် (သို့မဟုတ်) ဆေးခြောက်အဆီ (သို့မဟုတ်) ယင်းနှစ်ခုပေါင်း ၁၀၀ ဂရမ်၊ ကိုကာရွက်ဖြစ်ပါက ၁၀၀ ဂရမ်၊ ကိုကင်းဖြစ်ပါက သုံးဂရမ်၊ ကျန်းမာရေးဝန်ကြီးဌာနက မူးယစ်ဆေးဝါး (သို့မဟုတ်) စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအဖြစ် အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော အလေးချိန်ပမာဏ (သို့မဟုတ်) အရေအတွက်ကို သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေ၊ သတ်မှတ်ချက်ထက် ကျော်လွန်၍ဖြစ်စေ လက်ဝယ်တွေ့ရှိပါက ရောင်းချရန်အလို့ငှာ လက်ဝယ်ထားသည်ဟုလည်းကောင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းဖြစ်လျှင် ရောင်းချရန်အလို့ငှာ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းဖြစ်သည်ဟု မှတ်ယူရမည်ဟု ဖော်ပြထားသည်။

ထူးခြားချက်အနေဖြင့် ယခင် မူးယစ်ဥပဒေတွင် ဆေးခြောက် (သို့မဟုတ်) ဆေးခြောက်အဆီ (သို့မဟုတ်) ယင်းနှစ်ခုပေါင်းကို ၂၅ ဂရမ်ဟု သတ်မှတ်ထားသော်လည်း ဥပဒေအသစ်တွင်မူ ၁၀၀ ဂရမ်ဟု ပြင်ဆင် သတ်မှတ်ခဲ့သည်။

“ဆေးခြောက်နဲ့ ပတ်သက်လို့ ၂၅ ဂရမ်ကနေ ၁၀၀ ဂရမ်ကို တိုးလိုက်တယ်ဆိုတာက တချို့နိုင်ငံတွေမှာဆိုရင် တရားဝင်တောင် စိုက်ပျိုးခွင့်ပြုပြီး သုံးစွဲခွင့်ပြုထားတဲ့ ပစ္စည်းဖြစ်နေပြီ။ ကျွန်တော်တို့ဆီမှာတော့ အခြေအနေအရ ခွင့်မပြုနိုင်သေးဘူး။ ရပ်ကွက်ထဲက လူတချို့တောင် ကြက်သားချက်စားတဲ့အခါထည့်ပြီး ချက်စားနေကြတာပဲ။ ၁၀၀ ဂရမ်ဆိုတော့ ခြောက်ကျပ်သားနီးပါးလောက် ရှိသွားတယ်။ နည်းနည်းများသွားတယ်။ ဟိုတစ်ခါ နာမည်ကြီးတစ်ယောက် ဖမ်းလိုက်တယ်။ သူ့မှာ နည်းနည်းလေး မိသွားတယ်ဆိုပေမဲ့ အရင်သတ်မှတ်နှုန်းထားထက် ကျော်သွားတယ်။ အဲဒါကြောင့် ကျွန်တော်တို့က အလေးချိန်လေး တိုးပေးထားတာ” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဆိုသည်။

ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် မူးယစ်ဆေးပမာဏအောက် လက်ဝယ်တွေ့ရှိလျှင် ပြစ်မှုမြောက်၊ မမြောက်နှင့် အရေးယူနိုင်မှု ရှိ၊ မရှိက အငြင်းပွားစရာ ဖြစ်လာသည်။ သို့သော် လက်ဝယ်တွင် ဥပဒေပြဋ္ဌာန်းချက်ပါ မူးယစ်ဆေးသတ်မှတ် ပမာဏအောက် လျော့နည်းသည်ကို တွေ့ရှိပါက ရောင်းချရန် မဟုတ်တော့ဘဲ လက်ဝယ်တွေ့ရှိမှုဖြင့် တရားစွဲဆို၍ရကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) ဥပဒေနှင့် သုတေသနဌာနမှ ဒုတိယရဲမှူးကြီး ဝင်းကိုကိုက ရှင်းပြသည်။

“သတ်မှတ်ပမာဏထက် လျော့နည်းတာဆိုရင်တော့ အဲဒါတွေက ရောင်းချရန် အလို့ငှာ မဟုတ်တော့ဘူး။ လက်ဝယ်ထားတာ သီးသန့်ဖြစ်သွားပါပြီ။ လက်ဝယ်ထားတာဆိုတော့ ပုဒ်မ ၁၆ နဲ့ ငြိနေပါတယ်။ အဲဒါကို ပုဒ်မ ၁၆ နဲ့ အရေးယူလို့ရတယ်။ သူတို့မှာ ပစ္စည်းလက်ဝယ်ထားခွင့် မရှိဘူး။ သုံးစွဲတာကတော့ ကျွန်တော်တို့ ခွင့်လွှတ်ပေးထားတယ်။ ဒါပေမဲ့ သုံးစွဲဖို့ အကြောင်းပြပြီးတော့ လက်ထဲမှာ ပစ္စည်းထားခွင့် မပြုပါဘူး” ဟု ဒုတိယ ရဲမှူးကြီးဝင်းကိုကိုက ဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောင်ကျနေသူများထဲတွင် ရာခိုင်နှုန်း ၆၀ ခန့်သည် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံနေရသူများဖြစ်ကြောင်း သိရသည်။ ထိုသို့ အကျဉ်းကျခံရသူ ရာခိုင်နှုန်း ၆၀ ခန့်တွင် မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းဝယ်ဖောက်ကားသူ၊ ဖြန့်ဖြူးသူများ အားလုံးပါဝင်သည်။

လက်ရှိ ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် မူးယစ်ဥပဒေတွင် ဆေးသုံးသူများအား အရေးယူသည့် ပုဒ်မ ၁၅ ကို ပယ်ဖျက်လိုက်သဖြင့် ဥပဒေမပြဋ္ဌာန်းမီအချိန်က ပုဒ်မ ၁၅ နှင့် အကျဉ်းကျခံနေရသူများနှင့် တရားရင်ဆိုင်နေရသူများအတွက် ပြန်လည်စဉ်းစားပေးနေကြောင်း သိရသည်။

“တစ်နိုင်ငံလုံး အတိုင်းအတာအရ ထောင်ထဲမှာ အကျဉ်းကျခံနေရသူတွေ အားလုံးရဲ့ ရာခိုင်နှုန်း ၆၀ လောက်က မူးယစ်ဆေးအမှုတွေ ဖြစ်တယ်။ အဲဒီအထဲမှာ ရောင်းသူရော၊ သုံးသူရော၊ ထုတ်လုပ်သူရော အကုန်ပါတယ်။ ဥပဒေကို ပြင်ဆင်ပြီးပြီဆိုတော့ အရင်က ထောင်ကျခံနေရတဲ့ ဆေးသုံးသူတွေအတွက်ကတော့ အစိုးရရဲ့ အစီအစဉ်ပေါ့။ ကျွန်တော် တရားမဝင် စကားသိရတာကတော့ အဲဒီလူတွေအတွက် ပြန်စဉ်းစားပေးဖို့အတွက် စီစဉ်နေပါတယ်။ ပြင်ဆင်ဥပဒေပြဋ္ဌာန်းလိုက်တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မတိုင်ခင်က အမှုတွေကတော့ အကုန်လုံး ထောင်ကျမှာကို။ ဥပဒေက ၁၄ ရက်နေ့ ပြဋ္ဌာန်းတယ်။ ၁၄ ရက် နောက်ပိုင်းလူကတော့ ထောင်မကျဘူး။ ၁၄ ရက်ကစပြီး ကျွန်တော်တို့ တရားလည်း မစွဲတော့ဘူး။ ၁၄ ရက်ရှေ့ပိုင်း တရားစွဲထားတဲ့သူတွေက ထောင်ကျဦးမယ်။ အဲဒါကြောင့် အဲဒီလူတွေအတွက် ဘယ်လိုစီစဉ်ပေးမလဲဆိုတဲ့ အစီအစဉ်လေးကို ချဖို့လုပ်နေပါတယ်။ အဲဒါလေးလုပ်နေတာတော့ သိတာပေါ့။ အဲဒါက အစိုးရအဖွဲ့က လုပ်တာပေါ့” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဆိုသည်။

“ပြီးခဲ့တဲ့ အပတ်က မူဝါဒရေးဆွဲတဲ့ပွဲမှာ တာဝန်ရှိသူတွေ ပြောတာကတော့ ဥပဒေ၊ နည်းဥပဒေရေးဆွဲပြီးရင်တော့ ဒီဥပဒေရဲ့ သက်ရောက်မှုကို အားလုံးခံစားရဖို့ ရှိပါတယ်လို့ အဲဒီလို ပြောသွားပါတယ်။ အားလုံးဆိုတာသည် အားလုံးပါပါတယ်။ ပြစ်ဒဏ်ကျတဲ့ ပုဂ္ဂိုလ်လည်းပါမယ်။ အမှုရင်ဆိုင်နေရတဲ့သူတွေလည်း ပါမယ်။ လျှော့ပေါ့ဖို့ကတော့ အချိန်ကာလတစ်ခုလိုမယ်။ တစ်ခုတော့ ရှိတာပေါ့။ ကိုယ်ရင်ဆိုင်ရတဲ့ ပုဒ်မအနေအထား။ နောက်တစ်ချက်က လက်ဝယ်မိခဲ့တဲ့ ဆေးပြားအရေအတွက် အလေးချိန်။ အဲဒီတော့ ကိုယ်ရင်ဆိုင်နေရတဲ့ ပုဒ်မ ၁၅ အပြင် ပုဒ်မတွဲတွေရှိတယ်။ ၁၅ ပြုတ်သွားရင်တောင် ပုဒ်မတွဲတွေက ကျန်သေးတယ်။ နောက်တစ်ခါ လက်ဝယ်မိတဲ့ မူးယစ်ဆေးဝါးရဲ့ အလေးချိန်တွေ ရှိဦးမယ်။ ဒါတွေကို ထည့်တွက်စဉ်းစားဖို့ လိုပါတယ်” ဟု မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပြောကြားသည်။

ယခု ပြင်ဆင်လိုက်သည့် မူးယစ်ဆေးဥပဒေကို ငါးနှစ်တစ်ကြိမ် Review လုပ်မည်ဖြစ်ကြောင်း သိရသည်။

“ဥပဒေကတော့ ပြီးပြည့်စုံတာတော့ ဘယ်ရှိမလဲ။ အဲဒါကြောင့်လည်း ငါးနှစ်တစ်ကြိမ် Review လုပ်ဖို့ ကျွန်တော်တို့ စီစဉ်ထားတာပါ။ ဆေးစွဲတဲ့သူတွေအတွက်တော့ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ ဖြစ်တာ မဖြစ်တာကတော့ ကျွန်တော်တို့ ဒီငါးနှစ်ကို စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ နိုင်ငံအနေအထားက ဒီလိုမျိုးတွေနဲ့ ကင်းကွာနေတာ ကြာပါပြီ။ ပြန်စလုပ်တာဆိုတော့ အခက်အခဲလေးတွေတော့ နည်းနည်းပါးပါး ရှိမှာပေါ့” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) ဥပဒေနှင့် သုတေသနဌာနမှ ဒုတိယရဲမှူးကြီး ဝင်းကိုကိုက ဆိုသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့ (ဗဟို) ဌာနလက်အောက်တွင် ရွှေပြည်အေး၊ ရွှေပြည်သာ၊ ရွှေပြည်သစ်ဆိုသည့် ပြန်လည်ထူထောင်ရေးစခန်း သုံးခုဖွင့်ထားပြီး တိုင်းနှင့်ပြည်နယ်အလိုက် ပြန်လည်ထူထောင်ရေးစခန်း ၁၄ ခုကို ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်တွင် ပြန်လည်ထူထောင်ရေးစခန်း ကိုးခုရှိပြီး မူးယစ်ဆေးစွဲသူများအား ဆေးပြတ်အောင် ဖြတ်ပေးရသည့်တာဝန်ကို လုပ်ဆောင်နေကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလွင်ဦးက ဆိုသည်။

“ကျွန်တော်တို့ ပြန်လည်ထူထောင်ရေးရဲ့ အဓိက လုပ်ပေးရတဲ့တာဝန်က ဆေးပြတ်အောင် ဖြတ်ပေးရတဲ့တာဝန်ပေါ့။ ဆေးဖြတ်တာကတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆေးအဆိပ်ကို တဖြည်းဖြည်း လျှော့ချပြီးတော့ ပြတ်သွားအောင် ဖြတ်လိုက်တာပေါ့။ အားချင်းဖြတ်လိုက်တဲ့သူကတော့ သူ့စိတ်ထဲမှာ ပြန်ပြီး သုံးစွဲချင်တာတွေ ရှိနေပါတယ်။ ဆေးရုံမှာ ဆေးဖြတ်ရုံနဲ့ ဆေးပြတ်ဖို့ဆိုတာက ရာခိုင်နှုန်း အလွန်နည်းပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ဖို့လိုတဲ့ အတွက်ကြောင့် ပြန်လည်ထူထောင်ရေး ကာလတစ်ခုကို ဖြတ်သန်းပြီးတော့ ဆေးပြတ်အောင် လေ့ကျင့်ပေးတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်” ဟု ဦးလွင်ဦးက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မူးယစ်ဆေးစွဲ ရောဂါကုသရေးဌာနကြီးနှင့် ဌာနငယ် စုစုပေါင်း ၇၃ ခုကို ဖွင့်လှစ်ထားသော်လည်း လုံလောက်မှုမရှိသေးပေ။ ယခုဆိုလျှင် မူးယစ်ဆေးစွဲလူနာများအတွက် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်ကို ချမှတ်နိုင်ရန် မူးယစ်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီးသည့်အပြင် ဆေးဖြတ်စခန်းများ၊ ပြန်လည်ထူထောင်ရေး စခန်းများကိုလည်း အများအပြား ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေသည့်အတွက် မူးယစ်ဆေးစွဲသူများ လျော့ကျသွားခြင်း ရှိ၊ မရှိနှင့် လုပ်ငန်းစဉ်အောင်မြင်မှု ရှိ၊ မရှိ ကိုမူ ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

“တာဝန်ရှိသူတွေကလည်း စေတနာနဲ့ လုပ်ပေးဖို့လိုတယ်။ ထိရောက်တဲ့ ယုံကြည်မှု တည်ဆောက်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ပေးရမယ်။ ပြန်လည်ထူထောင်ရေးကလည်း ပြယုဒ်မဖြစ်ဖို့ လိုတယ်။ ဆေးစွဲလူနာတွေကလည်း မိမိကိုယ်ကိုယ် မှားမှန်းသိတယ်။ မိမိဆေးဖြတ်သင့်တယ်ဆိုတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ သွားရင်တော့ အောင်မြင်မယ်။ ထိရောက်တဲ့ ယုံကြည်မှုရှိအောင် တည်ဆောက်ပေးရင် အောင်မြင်မှာပဲ” ဟု မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ဆိုသည်။

Most Read

Most Recent