မန္တလေးမြို့က လမ်းကျူးမြောင်းကျူး စီမံချက် မျှတမှုရှိပြီလား

မန္တလေးမြို့က လမ်းကျူးမြောင်းကျူး စီမံချက် မျှတမှုရှိပြီလား
Published 19 February 2018

မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ဈေးဆိုင်များ၊ ရောင်းကုန်များ၊ ဆောက်လုပ်ရေးပစ္စည်းများကို လူသွားလမ်းပေါ်တွင် ခင်းထားစဉ်

“ကျွန်တော်တကယ် အရေးယူမှာပါ။ အဲဒီအခါကျရင်ပြည်သူတွေရဲ့ ငိုသံတွေ ထွက်လာဦးမယ်” လို့ လမ်းကျူးမြောင်းကျူးစီမံချက်နဲ့ ပတ်သက်ပြီး မြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောကြားခဲ့ပါတယ်။ အခုအရေးယူ ဆောင်ရွက်မှုတွေ လိုက်လံပြုလုပ်လာတဲ့အချိန်မှာ တကယ်ပဲ နင်းပြား ပြည်သူတွေရဲ့ ငိုသံတွေ ထွက်လာပါတယ်။ ဒါပေမဲ့ ဒီလမ်းကျူးမြောင်းကျူး စီမံချက်ဟာ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်ခြောက်မြို့နယ် အတွင်းမှာ နေအိမ်များ၊ ဈေးဆိုင်များ၊ ရောင်းကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများအား လူသွားစြင်္ကံလမ်းပေါ်မှာ ကျူးကျော်တည်ခင်းထားရှိတာတွေကို ၂၀၁၆ ခုနှစ် ဇူလိုင် ၁၅ ရက် ကစပြီး အရေးယူ ဆောင်ရွက်နေမှုမှာ စီးပွားရေးလုပ်ငန်းကြီးတွေအပေါ် သက်ရောက်မှုထက် အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုများနေပြီး မြို့တော်ဝန်ကြီးအထက်ကဆိုခဲ့သလို ပြည်သူတွေရဲ့ ငိုသံတွေထွက်လာပါပြီ။ ဒီလမ်းကျူး မြောင်းကျူးစီမံချက်ဟာ မြို့တော်ဝန်ကြီးရာထူး တာဝန်ကို ရယူပြီး ပထမဆုံးလုပ်ဆောင် အရေးယူတဲ့ စီမံချက်လည်းဖြစ်တာမို့ ဘယ်လောက်အောင်မြင်မှုရှိခဲ့ပြီလဲဆိုတာနဲ့ လမ်းကျူးမြောင်းကျူး လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းမရွေး တစ်ပြေးညီ အရေးယူမှုရှိခဲ့သလား၊ တရားမျှတပါရဲ့လားဆိုတဲ့ အမေးတွေ ဒုနဲ့ဒေး ရှိလာပါတယ်။

လတ်တလောအနေနဲ့ လမ်းကျူးမြောင်းကျူး စီမံချက် ရှင်းလင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး မြို့ခံတွေအကြား စိတ်ဝင်စားမှု မြင့်တက်ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ၇၃ လမ်းမိန်းအနီးက အရုပ်ဆိုင် ပြဿနာဟာ မြို့တော်ဝန်ကြီးရဲ့ လမ်းကျူးစီမံချက်ကို ပြက်ရယ်ပြုလိုက်သလိုဖြစ်ပြီး စည်ပင်အပြာဝတ်ဝန်ထမ်းတွေ မျက်နှာကြည့်နေကြရတဲ့ လမ်းဘေးဈေးသည်တွေအတွက်တော့ ဒီဖြစ်စဉ်ဟာ ထောက်ပြချင်စရာ ဖြစ်ခဲ့ပါတယ်။

အဲဒီအရုပ်ဆိုင်ဖြစ်စဉ်မှာ လမ်းပေါ်ကျူးဈေးဆိုင် တည်ခင်းရောင်းချမှု အကြိမ်ကြိမ် ပြုလုပ်တာအပြင် ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်စေမှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေ ဆက်တိုက်ပြုလုပ်တာကြောင့် လုပ်ငန်းလိုင်စင် ပိတ်သိမ်းအရေးယူထားတာ တွေ့ရပါတယ်။

“လမ်းဘေးလက်တွန်းလှည်း ဈေးသည်တွေ အရေးယူမှုမှာဆိုရင် ကန့်သတ်တဲ့နေရာမှာ ရောင်းချမှ အရေးယူရတာပါ။ ငွေကောက်ခံမှု ဆိုရာမှာလည်း ဖွင့်တဲ့နေ့ပဲပေးရတာပါ။ လုပ်ငန်းလိုင်စင်လုပ်ပြီး ဖွင့်တဲ့ဆိုင်တွေ လမ်းပေါ်ကျူးရင် စည်ပင်သာယာ ဥပဒေအတိုင်း သတိပေး၊ ပစ္စည်းသိမ်း၊ ဒဏ်ရိုက်၊ လုပ်ငန်း လိုင်စင်သိမ်း အဆင့်ဆင့် အရေးယူရတာပါ။ မီးစက်တွေ ပလက်ဖောင်းပေါ်မှာ လမ်းပေါ်ရှိနေမှုနဲ့ပတ်သက်ပြီး အထိုက်အလျောက်တော့ ရွှေ့ထားကြပါပြီ။ အကုန်တော့ မရွှေ့နိုင်ကြသေးဘဲ ဒဏ်ကြေးဆောင်ပြီး ရှိနေကြတုန်းပါ။ ကျွန်တော်တို့ ကျူးစီမံချက် ဆောင်ရွက်မှုတွေဟာ မျှတမှုရှိလားမေးရင် စောင့်ကြည့်ပါ။ အချိန်တစ်ခုမှာ အဖြေပေါ်ပါလိမ့်မယ်။ ကျွန်တော်တာဝန်ယူထားတဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လောက်အောင်မြင်ပြီလဲဆိုရင် ငါးရာခိုင်နှုန်းပဲ အောင်မြင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်လုပ်ပိုင်ခွင့်ရတဲ့ အနေအထားက အကောင်းဆုံး ဆောင်ရွက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အချိန်တစ်ခုမှာ သိလာရမှာပါ” လို့ မန္တလေးမြို့တွင် ကျူးဈေးစီမံချက် ရှင်းလင်းမှုများနဲ့ ပတ်သက်ပြီး မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားခဲ့ပါတယ်။

လက်တွန်းလှည်းဈေးသည်တွေကို လမ်းပိတ်ဆို့ ရောင်းချခြင်း၊ မူသေရပ်နားရောင်းချခြင်း မပြုလုပ်ဖို့ သတ်မှတ်ပြီး ရှင်းလင်းပြီး ဒဏ်ရိုက်တယ်။ ထပ်မံတွေ့ရှိရင် တရားစွဲဆို အရေးယူမယ်ဆိုပေမဲ့ ဟိုတယ်လုပ်ငန်းတွေ၊ ကုမ္ပဏီရုံးခန်းတွေရဲ့ ရှေ့မျက်နှာစာ ပလက်ဖောင်းပေါ်က လမ်းပိတ်ဆို့နေရာယူထားတဲ့ မီးစက်တွေကိုတော့ တစ်ပေပတ်လည်ကို တစ်ထောင်ကျပ်နဲ့သာ ဒဏ်ကြေးသတ်မှတ်ပြီး ညှိနှိုင်းဆောင်ရွက်မှုဟာ မျှတမှုမရှိပါဘူး။ လမ်းပေါ်ကျူးပြီး မီးစက်ထားရှိမှုကို မြို့တော်ဝန်ကြီး တွက်ပြထားတာက ပေ ၃၀ ရှိလို့ တစ်လကို ကျပ်သုံးသောင်းနဲ့ တစ်နှစ်စာ ၃၆၀,၀၀၀ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။ သိန်းပေါင်းရာထောင်နဲ့ချီ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် တစ်နှစ်ကို ၃၆၀,၀၀၀ ဆိုတဲ့ ငွေကြေးပမာဏဟာ ပြောပဖွယ်ရာမရှိသလို ပေးဆောင်နိုင်ပါတယ်။

ဒီလိုစီးပွားရေးလုပ်ငန်းရှင်တွေအပေါ် အရေးယူ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး စည်ပင်ကော်မတီဝင်တစ်ဦးက အခုလို ပြောခဲ့ပါတယ်။ ကိုယ့်ဘက်ကလည်း လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်တဲ့ အခြေအနေရှိတယ်။ နောက်ပြီး စီမံချက်ကို အတင်းကာရောနဲ့ ဘီလူးဆိုင်းတီးပြီး ဖြေရှင်းလို့မရဘူး။ ညှိနှိုင်းကာလအနေနဲ့ ဒဏ်ကြေးသတ်မှတ်ရတာပါလို့ ဆိုပါတယ်။ ဒါပေမဲ့ ဈေးဆိုင်တွေကိုတော့ ဒဏ်ငွေတပ်ရိုက်တာနဲ့တင် မပြီးဘဲ ထပ်စစ်ဆေးလို့ လိုက်နာခြင်းမရှိရင် စည်ပင်ဥပဒေနဲ့ တရားစွဲဆို အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဒါဟာ မျှတပါရဲ့လား။

“အမှန်တော့ ထရန်စဖော်မာတွေကိုလည်း ဒဏ်ကြေးတပ်ရမှာပါ။ မီးစက်တွေကိုလည်း တတ်နိုင်သမျှလုပ်တယ်။ ဒါပေမဲ့ ခက်တာက ကိုယ့်ဘက်က လျှပ်စစ်က အပြည့်အဝမပေးနိုင်တော့ လူတွေက မီးစက်တွေကိုထားရတာ ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်ထင်တယ် မီးစက်တွေ ၈၅ ရာခိုင်နှုန်းလောက်ကိုတော့ ရွှေ့ပြီးပါပြီ။ တချို့ လုံးဝရွှေ့လို့ မရတာလေးတွေတော့ ရှိပါတယ်။ နောက်ပြီး တချို့ဟာလေးတွေကကျတော့ လူအမြင်မတင့်တယ်တာလေးတွေကို အောက်ခြေကနေ လုပ်လိုက်တာလေးတွေရှိတယ်။ ဥပမာ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးတွေကို ကောက်သိမ်းလိုက်တာမျိုးဆိုရင် ကျွန်တော်တို့ စီမံချက်ထဲမှာ မပါဘူးပေါ့ဗျာ” လို့ မြို့တော်ဝန်က ပြောကြားပါတယ်။

ဒါ့အပြင် စက်သုံးဆီများကို တရားဝင် ခွင့်ပြုချက်မရှိဘဲနှင့် လမ်းဘေး၊ လမ်းများပေါ်တွင် ဆီဘူးများထောင် ရောင်းချခြင်းတွေ မပြုလုပ်ဖို့ ပါဝင်တဲ့ ကြေညာချက်ဟာအခြေခံ လူတန်းစားတွေကိုသာ ရည်ရွယ်ရှင်းလင်း ဆောင်ရွက်တဲ့ စီမံချက်ဖြစ်နေသလို လမ်းကျူးထားတဲ့ မီးစက်တွေကိုတော့ ဒဏ်ကြေးသာ ပေးဆောင်စေတာမို့ ဒီစီမံချက်ဟာ စည်ပင်သာယာရေးကော်မတီအတွက် ဘတ်ဂျက်ရှာဖွေတဲ့ စီမံချက်လို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ နောက်ပြီး လမ်းပလက်ဖောင်းပေါ်မှာ ကိုယ်ပိုင်ထရန်စဖော်မာထိုင်ပြီး လမ်းကို အပိုင်သိမ်းထားမှုတွေကိုရော ဘယ်လိုအရေးယူ ဆောင်ရွက်မလဲ သိချင်မိတဲ့ အဖြေဟာ စီမံချက်စတင်လာတာ တစ်နှစ်ကျော်လာခဲ့ပေမဲ့ ဖြေရှင်းမရတဲ့ ပုစ္ဆာတစ်ပုဒ်လို့ ဆိုရပါတော့မယ်။

ဒီအချိန် လမ်းဘေးဓာတ်ဆီရောင်းတာကို ဘာမှမရှိပဲနဲ့ ခွင့်ပြုလိုက်မယ်ဆိုရင် ငါးအိမ်မှာ တစ်အိမ်လောက်က ဓာတ်ဆီ ရောင်းကုန်တော့မှာပေါ့။ လမ်းဘေးကျူးတွေကို ခုလိုမရှင်းဘဲထားရင် မန္တလေးမြို့ကြီးက ရှုပ်ပွနေလိမ့်မယ်” လို့လည်း မြို့တော်ဝန်ကြီးက ပြန်လည်ချေပခဲ့ပေမဲ့ ယခင်ကလည်း လမ်းကျူး ဆိုင်ကျူး မြောင်းကျူးတွေ ဖယ်ရှားမည်။ ယာဉ်နှစ်ထပ်ရပ်ရင် အရေးယူမည်ဆိုတဲ့ အမိန့်စာတွေကို အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပေမဲ့ တစ်ပြေးညီ အရေးယူ ဆောင်ရွက်ခြင်းမပြုဘဲ ဆိုင်ကြီးကနားကြီးတွေကတော့ ကျူးမြဲကျူးဆဲ ရှိနေခဲ့တာပါ။ အခုလည်း ကျူးဆဲကျူးမြဲ မဖြစ်ဖို့နဲ့ တစ်ပြေးညီ အရေးယူ ဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်။ ကျောသားရင်သားမခွဲခြားဖို့ လိုပါလိမ့်မယ်။

“ဆိုင်ကိုပလက်ဖောင်းပေါ်မှာ အတည်တကျ နေရာယူပြီး ဖွင့်ရောင်းနေတာ မဟုတ်ပါဘူး။ တွန်းလှည်းနဲ့ရွေ့လျားပေါ့။ ဒါကို လာစစ်တော့ လမ်းပလက်ဖောင်းပေါ် ကျူးတယ်ဆိုပြီး ဆင့်ခေါ်လို့ တစ်သောင်းဆောင်ခဲ့ရတယ်။ တွန်းလှည်းလုပ်ခဲ့ရတာလည်း စည်ပင်က ခိုင်းလို့ လုပ်ခဲ့ရတာ။ အရင်က လူကြီးလမ်းကြောင်းရှိရင် လမ်းဘေးဈေးသည်တွေကို မရှိမမြင်စေချင်တော့ နောက်ဆုတ်ခိုင်းတယ်။ အဲဒီမှာ ခဏခဏဆိုတော့ ခင်ဗျားတို့ ရွှေ့ရပြောင်းရလွယ်အောင် ဘီးတပ်ပါဆိုလို့ တပ်လိုက်ရတယ်။ အဲဒီမှာ ဘီးလှိမ့်ခွန်ဆိုပြီး လစဉ် ဆောင်ရတဲ့ အပိုကုန်ငွေတိုးလာရော။ ကျွန်တော်တို့မှာက ဒီလမ်းဘေးလေးဈေးရောင်းဖို့ကို လစဉ်ကြေးကသတ်သတ်၊ နေ့စဉ်ဈေးကောက်တစ်မျိုးနဲ့ လုပ်ကိုင်စားသောက်ရတာ မလွယ်ပါဘူး။ လမ်းကျူးလို့ ရှင်းလင်းအရေးယူမယ်ဆို လမ်းပေါ်ပိတ်ပြီး အခိုင်အမာနေရာ ယူထားတဲ့ဟာတွေကို အရင်ဆုံး ရှင်းလင်းပေးစေချင်တယ်” လို့ ဈေးသည်တစ်ဦးက တောင်းဆိုခဲ့ပါတယ်။

မြို့တော်သန့်ရှင်းသာယာဖို့အတွက် ဆောင်ရွက်တဲ့ အခုစီမံချက်ဟာ မှန်ကန်သင့် လျော်ပါတယ်လို့ဆိုသည့်တိုင် ဈေးဆိုင်တွေအနေနဲ့ လမ်းကျူးထားမိတယ်ဆိုပါက သက်ဆိုင်ရာစည်ပင်ရုံးခန်းမှာ တရားဝင်ဒဏ်ဆောင် အခွန်သွင်းချလန်ထုတ်ထားရင် နည်းဥပဒေအရ အကျုံးဝင်တယ်လို့ဆိုပါတယ်။ အဲလို ဈေးဆိုင်တည်ခင်းထားမှုတွေကို ဒဏ်ကြေးတပ်ရိုက်မှုတွေနဲ့ပဲ စီမံဆောင်ရွက်နေတယ်ဆိုပါက စီမံချက်ရဲ့အနှစ်သာရဖြစ်တဲ့ မြို့တော်သန့်ရှင်းသာယာပြီး စည်းကမ်းတကျ ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အောင်မြင်ပါတယ်လို့ ဆိုနိုင်ပါသလား။ လမ်းဧရိယာ၊ မြောင်းဧရိယာတွေကို ပိတ်ဆို့ပြီး နှစ်ပေါင်းဆယ်စုနှစ်တွေနဲ့ချီ အခိုင်အမာပြုလုပ်ထားတဲ့ ဈေးဆိုင်တွေ ဘယ်လောက်ထိ အရေးယူပိတ်သိမ်းပြီးပြီလဲ။

“ဒိုင်းမွန်းပလာဇာမြေ အောက်ခန်းမှာ ဖွင့်ထားတဲ့ အိုးရှင်းစူပါမားကတ်ဟာဆိုရင် မူလက ကားပါကင်နေရာပါ။ ဟော အခုကျတော့ ဈေးဝယ်စင်တာဖွင့်လိုက်တော့ ကားတွေက လမ်းပေါ်ရောက်ရော။ စည်ပင်ကိုယ်တိုင်က ဒီလိုစည်းကမ်းတွေကို ချိုးဖောက်ပြီး လုပ်ခွင့်ပြုလိုက်တာ ရှက်စရာကောင်းပါတယ်။ မူလကားပါကင် မရှိတော့ လမ်းပေါ်ရောက်။ လမ်းပေါ်ရောက်တော့တစ်ခါက ရိန်းနဲ့မ ဒဏ်ရိုက်ပြန်ရော သံသရာလည်နေတယ်။ ပြည်သူလူထုကို စည်းကမ်းရှိစေချင်ရင် စည်းကမ်းထိန်းသိမ်းတဲ့ဌာနကလည်း လိုက်နာဖို့လိုတယ်” လို့ မြို့ခံတစ်ဦးက သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒိုင်းမွန်းပလာဇာနဲ့ကပ်လျက် ရတနာပုံဈေးပလက်ဖောင်းပေါ်မှာ ကျူးပြီး စည်ပင်ရဲ့ ခွင့်ပြုချက်နဲ့ စက်လှေကားထပ်မံ တည်ဆောက်ထားမှုဟာလည်း ထောက်ပြစရာတစ်ခု ဖြစ်နေဆဲပါ။ ဒါတွေကို မြို့တော်ဝန်ကြီးအနေနဲ့ ဖြေရှင်း ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ စည်ပင်ဘတ်ဂျက်ရလို့ လျစ်လျူရှုထားမယ် ဆိုရင်တော့ မျှတမှုမရှိပါဘူး။

“အတွင်း ဓာတ်လှေကား ပါပြီးသား။ ဒါကို လူသွားပလက်ဖောင်း ဧရိယာကိုငုံပြီး ၃၃လမ်းနဲ့ ၃၄ လမ်းပေါ်မှာ စက်လှေကားအသစ်ပြန်ထုတ်တယ်။ စည်ပင်နဲ့ အကျိုးတူ ဆောင်ရွက်တဲ့ ဒီလိုဈေးစီမံကိန်းတွေကို စည်ပင်ခွင့်ပြုချက်မရဘဲ လုပ်လို့မရပါဘူး။ ကျွန်တော်တို့ အခြေခံလူတန်းစား ဈေးသည်တွေကျတော့ ကျူးဆိုပြီး ချက်ချင်းအရေးယူတယ်။ ဒီလိုလုပ်ငန်းရှင်တွေအတွက်ကျ တရားဝင် ကျူးခွင့်ရတာလားလို့ မေးချင်ပါတယ်” လို့ ဈေးသည်တစ်ယောက်က ဆိုပါတယ်။

အခုဆိုရင် မန္တလေးဆေးရုံကြီး ဝန်းကျင်မှာရှိတဲ့ ၄၀၀ ကျပ်တန် ထမင်းဆိုင်လေးတွေဟာ ပေါ်တစ်လှည့်ပျောက်တစ်လှည့်နဲ့မို့ စီမံချက် အသက်ဝင်မှုကို ဒက်ထိခံစားနေရတာ မြင်တွေ့နိုင်ပါတယ်။ ဒီလိုပဲ ပေါ်တစ်လှည့် ပျောက်တစ်လှည့် ဈေးဆိုင်လေးတွေက စီမံချက် သက်ရောက်ရာနေရာတွေမှာ ပြေးဟယ်၊ ပိတ်ဟယ်နဲ့ ထိတ်လန့်စွာနဲ့ နစ္စဓူဝဖြတ်သန်းနေကြပါပြီ။ ဒီလို အခြေခံလူတန်းစားများ မှီခိုသဟဲပြုနေကြတဲ့ ၄၀၀ ကျပ်တန် ထမင်းဆိုင်လေးတွေဟာ လမ်းကျူးမြောင်း ကျူးစီမံချက်မှာ အပြီးတိုင်ပါဝင်သွားမယ်ဆို အခြေခံ လူတန်းစားတွေအတွက် ဆုံးရှုံးမှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ခုလို ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်နေတဲ့အချိန်မှာ ထမင်းတစ်နပ် လေးရာကျပ်ဆိုတာ အံ့သြစရာပါ။ ဒီအချက်တွေကို ထည့်တွက်ပြီး တစ်ပိုင်တစ်နိုင်ဈေးဆိုင်တွေကို ဆိုင်ကြီးကနားကြီးတွေနဲ့ တန်းတူထား အရေးယူမလား၊ သူတို့အတွက် Plan B တစ်ခုထားပြီး ဘယ်လိုပြန်လည် စီမံနေရာချထားပေးမလဲဆိုတာမျိုး ထည့်သွင်းစဉ်းစားပေးဖို့ မျှော်လင့်နေကြပါတယ်။

ဒါကြောင့် စီမံချက်အနှစ်ချုပ်ဟာ လမ်းဘေးကျူးကျော် ဈေးဆိုင် (တွန်းလှည်း၊ပျံကျ) ဆိုပါက ငွေကျပ်တစ်သောင်း ဒဏ်ရိုက်ပြီး မီးစက်ထားရှိမှုလို အခိုင်အမာ ကျူးယူထားတဲ့ လုပ်ငန်းတွေကိုတော့ တစ်ပေပတ်လည် တစ်ထောင်ကျပ်နှုန်းနဲ့ လစဉ်ပေးဆောင်စေတာမို့ ဒီစီမံချက်ဟာ စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်ရှာဖွေမှုနဲ့ အခြေခံလူတန်းစားဈေးသည်များ ပပျောက်ရေးမဖြစ်ဖို့ သတိချပ်ဖို့ လိုပါပြီ။

Most Read

Most Recent