အုပ်စုဖွဲ့ ရမ်းကားအတင့်ရဲလာတဲ့ ခါးပိုက်နှိုက်တွေကို ဘယ်လိုအရေးယူမလဲ

အုပ်စုဖွဲ့ ရမ်းကားအတင့်ရဲလာတဲ့ ခါးပိုက်နှိုက်တွေကို ဘယ်လိုအရေးယူမလဲ
Published 18 February 2018

ခါးပိုက်နှိုက်မှုဖြစ်စဉ်များ လူမှုကွန်ရက်တွင် ဖော်ပြထားစဉ်

“ကိုယ့်အိတ်လေးတွေ ရှေ့မှာ လွယ်ထားမယ်နော်။ ကျွန်တော်အကြိမ်ကြိမ် သတိပေးပါတယ်နော်။ ထပ်ပြောပါမယ်။ အိတ်တွေ၊ ကိုယ့်ပစ္စည်းတွေကို ကိုယ်တိုင်ဂရုစိုက်ပါ။ ကျွန်တော် ဘာမှထပ်ပြောတော့မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဒါပဲကြိုပြောနိုင်တယ်။ အဲဒါမှ ဖြစ်ရင်လည်း ကံဖြစ်ကံကိုယ်၊ ကိုယ်ဖြစ်ကိုယ်ခံပဲ။ အခုချိန်က လူကျပ်ချိန်ပဲ” ဟု YBS ၈၆ မီနီဘတ်ခရီးသည် ယာဉ်အကူတစ်ဦးက လမ်းနီမှတ်တိုင်မရောက်မီ ခရီးသည်များကို သတိပေးစကား ကျယ်လောင်စွာဖြင့် အကြိမ်ကြိမ် ပြောကြားနေသည်။

ရန်ကုန်မြို့နေထိုင်သူ ပြည်သူအများစု အလုပ်သွား၊ ခရီးသွားရင်းမှ အန္တရာယ်တစ်ခုကို တွေ့ကြုံနေကြသည်။ ယင်းအန္တရာယ်မှာ “ခါးပိုက်နှိုက်” ခံရမှုပင် ဖြစ်သည်။ အများစုမှာ မိမိကိုယ်တိုင် “ခါးပိုက်နှိုက်” အန္တရာယ်ကြုံတွေ့ခဲ့ရသော်လည်း မိမိအသက်အန္တရာယ် ဖြစ်ပေါ်မည်စိုးရိမ်သဖြင့် မတုံ့ပြန်ရဲကြသလို တခြားသူ ခါးပိုက်နှိုက်အန္တရာယ် ကြုံတွေ့ရသည်ကို သိရှိသည့်အခါတွင်လည်း မိမိကို  “ခါးပိုက်နှိုက်” များ ရန်ပြုမည်စိုးရိမ်သဖြင့် ကူညီအသိပေးမှု တစ်စုံတစ်ရာ မလုပ်နိုင်ခဲ့ကြပေ။ ထိုသို့ပစ္စည်း၊ ဥစ္စာခိုးနှိုက်ခံရမှုအပြင် အသက်အန္တရာယ်ပါ ရန်ပြုခံရတတ်သောကြောင့် “ခါးပိုက်နှိုက်” အန္တရာယ်မှာ အများပြည် သူလုံခြုံမှု၊ လွတ်လပ်စွာသွားလာ နေထိုင်မှုကို ဆိုးရွားစွာ ခြိမ်းခြောက်နေသည့် မှုခင်းတစ်ခုပင် ဖြစ်သည်။

အတင့်ရဲ ရမ်းကားလာတဲ့ “ခါးပိုက်နှိုက်” များ

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် မှုခင်းမှတ်တမ်းများအရ ပြီးခဲ့သည့် ၂၀၁၇ နှင့် ၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်၌ “ခါးပိုက်နှိုက်” မှု ဖြစ်စဉ်ပေါင်း ၁၀၈ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ခါးပိုက်နှိုက်များမှာ ရထား၊ ခရီးသည်တင်ယာဉ်များနှင့် လူစည်ကားရာ နေရာများတွင် အဓိက ပစ်မှတ်ထား ကျူးလွန်လေ့ရှိသည်။

ယခုနှစ် အစပိုင်းတွင်မူ “ခါးပိုက်နှိုက်” များမှာ ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင် ကျင်လည်ကျက်စား၍ အုပ်စုဖွဲ့ပစ္စည်းနှိုက်ယူမှု၊ ခြိမ်းခြောက်မှုနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများကို ပြုလုပ်လျက်ရှိလာသည်ကို တွေ့မြင်လာရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က YBS ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်အမျိုးသမီးထံမှ အုပ်စုဖွဲ့ ခါးပိုက်နှိုက်ပြီး ထိုးကြိတ်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ ကျူးလွန်ခံရသူ အမျိုးသမီးမှာ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာမှ YBS အမှတ် ၁ ယာဉ်တစ်စီးကိုစီး၍ ရန်ကုန်မြို့အတွင်းသို့ လာရောက်စဉ်တောင်ဒဂုံမြို့နယ်၊ နတ်စင်မှတ်တိုင်အရောက်တိုင် အရောက်၌ ၎င်းပိုက်ဆံအိတ်ကို ယာဉ်ပေါ်ရှိ အမျိုးသားတစ်ဦးက နှိုက်ယူသွားသည်ကို တွေ့သဖြင့် ပြန်ပေးရန် ပြောဆိုခဲ့သည်။

ထိုသို့ပြောသည့်အခါ ခါးပိုက်နှိုက်က ကျူးလွန်ခံရသူအမျိုးသမီး၏ ဦးခေါင်းကို လက်သီးဖြင့်ထု၍ ဆဲဆိုကာ တံတွေးဖြင့်ထွေးခဲ့သည့်အပြင် ကျန်ခါးပိုက်နှိုက် အမျိုးသားတစ်ဦးကလည်း ကျူးလွန်ခံရသူ အမျိုးသမီးအား ဆဲဆိုခြင်း၊ လက်လိမ်ချိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းဖြစ်စဉ်အားတွေ့ရှိသူ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးက ဝင်ရောက်ဖျန်ဖြေစဉ် ခါးပိုက်နှိုက်များက ယင်းအမျိုးသားကို လည်း တံတွေးဖြင့်ထွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်ကို  ယာဉ်မောင်းက သိရှိသောအခါ  နီးစပ်ရာ တောင်ဒဂုံမြို့မရဲစခန်းသို့ ယာဉ်ကိုမောင်း နှင်ခဲ့ပြီး ရဲတပ်ဖွဲ့ကို ခါးပိုက်နှိုက်များအား ဖမ်းဆီးစစ်ဆေးရာ ၎င်းတို့မှာ အရှေ့ဒဂုံမြို့နယ်နေ နေဖုန်းအောင် (ခ) ဟိန်းဇော်ဦး (၃၁ နှစ်)၊ မြောက်ဥက္ကလာပမြို့နယ်နေ ထက်အောင်(၃၆ နှစ်) နှင့် ဖြိုးဝေထွန်း(ခ) ဖြိုးကြီး (၂၃ နှစ်) တို့ဖြစ်ပြီး တောင်ဒဂုံမြို့မရဲစခန်းက (ပ)၂၈၇/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/ ၃၅၄/ ၂၉၄/ ၁၁၄ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အောက်တိုဘာ ၃၁ ရက်က YBS အမှတ် ၂၀ ယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်များက ခရီးသည် အမျိုးသမီးတစ်ဦး၊ ယာဉ်မောင်းနှင့် ယာဉ်အကူတို့အား ဆဲဆိုကြိမ်းမောင်းမှု ဖြစ်ပွားခဲ့သည်။

YBS အမှတ် ၂၀ ယာဉ်လိုင်းတွင် စီးနင်းလာသည့် အမျိုးသမီးတစ်ဦးမှာ မိမိခါးပိုက်အနှိုက်ခံရကြောင်း သိသဖြင့် ယာဉ်မောင်းနှင့် ယာဉ်အကူအား အသိပေးအကူညီတောင်းခဲ့သည်။ ထိုအခါ ခါးပိုက်နှိုက်နှစ်ဦးမှာ ဓမ္မစေတီလမ်းနှင့် အင်းလျားလမ်းထိပ်မီးပွိုင့်တွင် ယာဉ်ပေါ်မှဆင်းသွား၍ ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခါးပိုက်နှိုက်ခံရသည့် အမျိုးသမီးအား ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်မှာ လူမှုကွန်ရက် Facebook တွင် ပျံ့သွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှ အခင်းဖြစ်  YBS အမှတ် ၂၀ ယာဉ် စီစီတီဗွီမှတ်တမ်းမှတစ်ဆင့် ကြည့်ရှုစစ်ဆေးခဲ့ကာ ဇန်နဝါရီ ၉ ရက်တွင် ကျူးလွန်သူများဖြစ်သည့်  စိုးလင်းထိုက် (၃၂ နှစ်)၊ ကျော်လင်းထက် (၂၁ နှစ်) နှင့် ဝင်းကျော်ကျော် (၄၁ နှစ်) တို့အား ဖမ်းမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များက ခရီးသည် တင်ယာဉ်လိုင်းပေါ်တွင် လိုက်ပါစီးနင်းပြီး အသွင်ယူကာ ၎င်းတို့ကို  မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ (ဃ) ဈေးမှတ်တိုင်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

“ညီမ ခါးပိုက်အနှိုက်ခံရတာတော့ နှစ်ကြိမ်ရှိပြီ။ တစ်ကြိမ်က ရွှေဂုံတိုင်မှတ်တိုင်နားမှာပဲ။ လူအနားကို အတင်းကပ်တာ ညီမလည်း လူကျပ်လို့ပဲထင်တာ။ ကြာတော့ စိတ်မထင်တာနဲ့ နောက်လှည့်ကြည့်တော့ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးပဲ။ မျက်နှာက မလုံမလဲပုံဖြစ်နေတယ်။ မြေနီကုန်းမှတ်တိုင်ရောက်တော့ အတင်းဆင်းပြေးသွားတယ်။ ညီမလည်း အိတ်ကိုစမ်းကြည့်တော့ ဖုန်းပါသွားမှန်းသိတယ်။ ရဲစခန်းတော့ မတိုင်ဖြစ်ခဲ့ဘူး။ ဒုတိယတစ်ခေါက်ကတော့ ဆူးလေကား မှတ်တိုင်ဆင်း လမ်း ၃၀ ဘက်လမ်းလျှောက်တော့ နောက်ကနေ အိတ်ကို ဇစ်ဖွင့်ပြီး ပိုက်ဆံရယ်၊ ဖုန်းရယ် နှိုက်တာခံရတယ်။ အဲဒီအခေါက်ကတော့ ရဲစခန်းသွားတိုင်လိုက်တယ်။ စခန်းကရဲတွေပြောတာတော့ အဲဒီနားလေးက အမြဲတမ်းလိုလို ဖြစ်တယ်တဲ့။ ဖမ်းမိလို့ရှိရင် ပြန်ဆက်သွယ်ပေးပါမယ်ပြောတယ်။ ပိုက်ဆံရယ်၊ ပစ္စည်းရယ်က ကိစ္စမရှိပါဘူး။ မှတ်ပုံတင်၊ ကားလိုင်စင်၊ စာရွက်စာတမ်းတွေက ခံရသူတွေအတွက် အရမ်းအရေးကြီးတယ်။ ခါးပိုက်နှိုက်တွေက ဓားတွေဘာတွေ ဆောင်တတ်တော့ အသက်အန္တရာယ်ပြုမှာစိုးပြီး မအော်ချင်ဘူး။ ကိုယ့်ကိစ္စနဲ့ကိုယ် အတွေးများနေတဲ့ အချိန်တွေရှိတတ်တော့ တစ်ခါတလေ အိတ်ကို သတိမထားမိတာတွေ ဖြစ်တတ်တယ်။ များသောအားဖြင့်တော့ သတိထားပါတယ်။ ဖြစ်နိုင်ရင် ခါးပိုက်နှိုက်တွေ မရှိတော့အောင်၊ မလုပ်ရဲတော့အောင် သက်ဆိုင်ရာက အရေးယူပေးချင်တယ်။ လွတ်လွတ်လပ်လပ်နဲ့ အန္တရာယ်ကင်းကင်း သွားလာလို့ရတဲ့ နိုင်ငံမျိုး ဖြစ်စေချင်တယ်။ ခါးပိုက်နှိုက်ရော၊ မကောင်းတဲ့ ဒုစရိုက်မှုတွေ အားလုံးမရှိအောင်ပေါ့နော်” ဟု ခါးပိုက်နှိုက်ခံရဖူးသူ တစ်ဦးဖြစ်သူ မနုဝါဝင်းက ပြောကြားသည်။

“ခါးပိုက်နှိုက်” ဆိုတာ

“ခါးပိုက်နှိုက်” အများစုမှာ ခိုးနှိုက်မှုလုပ်ဆောင်ရန်အတွက် မှတ်တိုင်များတွင် သေချာစောင့်ကြည့်လေ့လာမှု ပြုလုပ်တတ်ကြသည်။ လကုန်ရက်နှင့် လစာထုတ်သည့် ရက်များ၊ ရုံးဆင်းရုံးတက်အချိန်များနှင့် လူစည်ကားသည့် ပွဲလမ်းသဘင်၊ ဈေးများတွင် အများဆုံး ကျုးလွန်လေ့ရှိကြသည်။ “ခါးပိုက်နှိုက်” များမှာ အသက်အရွယ်ကြီးသူ၊ အမျိုးသမီးအများစု၊ လက်ဝတ်လက်စား ဝတ်ဆင်မှုနှင့် လွယ်သည့် အိတ်ပုံစံကို စောင့်ကြည့်၍ ၎င်းတို့ကို ပစ်မှတ်ထားကာ လုပ်ဆောင်လေ့ရှိကြသည်။ “ခါးပိုက်နှိုက်” များမှ သွေးထားသည့် အကြွေစေ့၊ ခေါက်ဓားအတို၊ ချွန်မြနေသည့် အရာဝတ္ထူတို့ကို ကိုင်ဆောင်ကြပြီး အိတ်များကိုခွဲ၌ နှိုက်ယူကြသည်။ ယခုကာလတွင်မှု လက်ကိုင်ဖုန်းများကို နှိုက်ယူကြ၌ ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ဖုန်းဆိုင်များတွင် ရောင်းချလေ့ရှိကြသည်။

“ကြွေပြားစေ့ကို ရထားသံလမ်းပေါ် သွားတင်တယ်။ ရထားဖြတ်ကြိတ်သွားရင် အဲဒီကြွေပြားစေ့က မြနေအောင် ချွန်ထက်သွားတာ။ အဲဒါနဲ့ ကြိုက်တဲ့အိတ်ကို ခွဲကွဲပြီးသားပဲ။ အဲဒီကြွေပြားစေ့ကိုလည်း လုပ်တတ်မှ။ တချို့ကလည်း ခေါက်ဓားပေါ့။ အဓိကကတော့ လက်ငြိမ်ဖို့ပဲ။ အဲဒီလို လက်ငြိမ်ဖို့ နေအိမ်မှာ ကျင့်ကြတယ်။ အိတ်ကိုခွဲနည်းတွေ ကျင့်ကြတယ်။ အရမ်းလက်သာတဲ့သူဆိုရင် လက်နှစ်ချောင်းဝင်ဖို့ အိတ်အပေါက်ပွင့်နေတာတောင် ရအောင်နှိုက်လို့ရတယ်။ အခုဖုန်းတွေ ရလာပြီဆိုရင်လည်း သူ့ဟာနဲ့သူ ချိတ်တွေရှိတယ်။ အဲဒီမှာ ပြန်ရောင်းကြတယ်။ တချို့ချိတ်တွေဆို ငွေကြိုသွားယူလို့တောင်ရတယ်။ အဲဒါတွေက နောက်မှရှိလာတဲ့ လုပ်ကွက်တွေပေါ့။ အဘိုးတို့ ခေတ်တုန်းကတော့ ဒါတွေမရှိပါဘူး” ဟု အသက်ကြီးရင့်နေပြီဖြစ်သည့် ခါးပိုက်နှိုက်လုပ်ခဲ့ဖူးသူ အမျိုးသားကြီးတစ်ဦးက ပြောကြားသည်။

“ခါးပိုက်နှိုက်“တွေကို  ဘယ်လိုသိထား၊ ရှောင်ရှားမလဲ

“ကျွန်တော်တို့ လုပ်သက်အရတော့ မျက်နှာတွေ မြင်တာနဲ့ ဘယ်သူခရီးသည်၊ ဘယ်သူ ခါးပိုက်နှိုက်ဆိုတာ ခွဲခြားလို့ရတယ်။ ယာဉ်နောက်လိုက်လာတာလည်း ကြာပြီလေ။ ဒီကောင်တွေ ပါလာလို့ ခရီးသည်တွေကို သတိပေးရင်လည်း ဒီကောင်တွေက ရန်ပြုတတ်သေးတယ်။ ခါးပိုက်နှိုက်က တစ်ယောက်တည်း မဟုတ်ဘူး။ အနည်းဆုံး နှစ်ယောက်၊ သုံးယောက်၊ တစ်ယောက်တည်းဆိုလည်း ဓားပါတတ်တယ်။ အဲဒီတော့ ဒီကောင်ကို တက်လာနိုင်တဲ့ မှတ်တိုင်မရောက်မီ ခရီးသည်တွေကို လွယ်အိတ်တွေ ရှေ့ထားပြီးလွယ်ဖို့ ကိုယ့်ပစ္စည်းသေချာဂရုစိုက်ဖို့ အကြိမ်ကြိမ်အော် ပြောထားတယ်။ သူတို့ တတ်လာရင်တော့ မပြောဘူး။ မဟုတ်ရင်ကိုယ်ကိုပါ သတ်သွားနိုင်တယ်လေ။ ကျွန်တော်တို့ လုပ်ပေးနိုင်တာလည်း ဒီကောင်တွေ မတက်မီ ကြိုအော်ပေးနိုင်ပဲရှိတယ်။ ခန့်မှန်းပြီးတော့ပေါ့” ဟု YBS မှ ယာဉ်အကူတစ်ဦးက ပြောကြားခဲ့သည်။

ခရီးသွားပြည်သူများအနေဖြင့် ခါးပိုက်မနှိုက်ခံရအောင် လုပ်ဆောင်ရန်နှင့် ကြိုတင်ကာကွယ်သင့်သည့် နည်းလမ်းများမှာ (၁) ခရီးသည်တင် ယာဉ်စီးခြင်းနှင့် လူစည်ကားရာနေရာများသို့သွားသည့် အခါမိမိလွယ်အိတ်များကို မိမိရှေ့၌ ထားရှိ၍ လွယ်သင့်သည်။ (၂) ခရီးသည်တင် ယာဉ်စီးသည့်အခါ အရေးကြီး စာရွက်စာတမ်းများနှင့် တန်ဖိုးကြီးပစ္စည်းများပါလျှင် ဆင်းရလွယ်ကူသည့် နေရာ၌ရပ်သင့်သည့် (သို့မဟုတ်) အဖော်တစ်ဦး ထက်အပိုခေါ်ဆောင်ခြင်းနှင့် အငှားယာဉ်စီးခြင်းကို လုပ်ဆောင်သင့်သည်။ (၃) မိမိအား ပိတ်ဆို့ဝန်းရံ ကာထားသည့် အခြေအနေရှိလျှင် နီးစပ်ရာမှတ်တိုင်တွင် ဆင်းသင့်သည် (သို့မဟုတ်) တခြားနေရာသို့ ပြောင်းရွှေ့သင့်သည်။ (၄) ဘောင်းဘီအိတ်ကပ်နှင့် ဘေးအိတ်ကပ်ထဲတို့တွင် ဖုန်း (သို့မဟုတ်) ပိုက်ဆံအိတ်ထည့်၍ ခရီးသည်တင်ယာဉ် မစီးသင့်။ စသည့်တို့ကို သတိထား လုပ်ဆောင်သင့်သည်။

စာရေးသူ၏ အွန်လိုင်းစစ်တမ်း ကောက်ခံမှုနှင့် ရဲမှုခင်းမှတ်တမ်းများအရ ခါးပိုက်နှိုက်များအား  သတိထားစောင့်ကြည့်သင့်သည့် ကားမှတ်တိုင်များမှာ “အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ ဒဂုံဧရာ အဝေးပြေးကားဝင်း၊ လမ်း ၃၀၊ ဘုန်းကြီးလမ်းစံပြ၊ လသာ၊ ဘုန်းကြီးလမ်း၊ သမကုန်း၊ ဘီအိုစီ၊ ဇဝန၊ မြင်သာ၊ ကညန၊ အသင်းတိုက်၊ ဘဝမြင့်၊ သာကေတအဝိုင်း၊ ကျောက်တိုင်၊ နတ်စင်၊ ကျိုက်ဝိုင်း၊ ခိုင်ရွှေဝါ၊ ပါရမီညောင်ပင်၊ လင့်လမ်း၊ မိုးကောင်း၊ ဆင်မလိုက်၊ စံပြငါးဈေး၊ ပေါက်တောဝ၊ မီးခွက်ဈေး၊ ဂျမခနာ၊ သခင်မြပန်းခြံ၊ တာမွေဗလီ၊ ဂျမာခါနာ၊ ကမ်းနားလမ်း၊ သမ္မတရုပ်ရှင်ရုံ၊ ခရေပင်လမ်းခွဲ၊ ဒညင်းကုန်း၊ ရွှေလင်ဗန်းလမ်းဆုံ၊ လမ်း ၃၀၊ ထောက်ကြံ့လမ်းဆုံ၊ လှည်းတန်း၊ သမိုင်း၊ ရှစ်မိုင်၊ လမ်းနီ၊ ကမ္ဘာအေးဘုရား၊ မြောက်ဥက္ကလာအဝိုင်း၊ ခြောက်ကွေ့” တို့ပင် ဖြစ်သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ခါးပိုက်နှိုက်မှုနှင့် ဖြစ်စဉ်သတင်းများ

အုပ်စုဖွဲ့ ရမ်းကားအတင့်ရဲလာတဲ့ “ခါးပိုက်နှိုက်” တွေကို ဘယ်လိုအရေးယူမလဲ

“အဓိကကတော့ ကိုယ့်ပစ္စည်းကိုယ် ဂရုစိုက်ဖို့လိုတာပေါ့နော်။ ဒါပေမဲ့လည်း သက်ဆိုင်ရာက ဒုစရိုက်မှုမှန်သမျှ ပပျောက်အောင် လုပ်ဖို့လည်း လိုအပ်ပါတယ်။ ဆိုလိုတာက ဒီလိုခါးပိုက်နှိုက်ကိစ္စ ဖြစ်လာမှုတွေ များလာပြီဆိုရင်၊ ရဲတပ်ဖွဲ့က လိုင်းကားတွေပေါ် အသွင်ယူ စီးနင်းတာတို့ တွေ့ခဲ့ရင် ဖမ်းဆီးတာမျိုးတို့ လုပ်လာခဲ့ရင် ခါးပိုက်နှိုက်တွေ လုပ်ရဲမှာ မဟုတ်တော့ဘူး။ နောက်တစ်ခုကတော့ နည်းပညာပိုင်းပေါ့ ။ အခုလို နည်းပညာကောင်းမွန်နေတဲ့ခေတ်မှာ ခရီးသည်တင်ယာဉ်တွေနဲ့ ရဲစခန်းတို့၊ သက်ဆိုင်ရာ ယာဉ်လိုင်းအုပ်ချုပ်မှုရုံးတွေမှာ အရေးပေါ် အသိပေး အလန်းစက်လေး ချိတ်ဆက်ထားသင့်တယ်။ ခါးပိုက်နှိုက်မှုဖြစ်ဖြစ်၊ တခြားကိစ္စဖြစ်ပွားလို့ပဲဖြစ်ဖြစ် ယာဉ်မောင်းက ယာဉ်ပေါ်မှာရှိတဲ့ ခလုတ်နှိပ်လိုက်ရင်၊ အနီးစပ်ဆုံး ရဲစခန်း ဒါမဟုတ် သက်ဆိုင်ရာဌာနမှ အရေးပေါ် အလန်းမြည်တာတို့ပေါ့။ အခုဆိုရင် မော်တော်ယာဉ် ကွန်ထရိုးစင်တာတို့၊ ဂရက်အငှားယာဉ်တို့လို ဝိုင်ဖိုင်ချိတ်ဆက်မှုတွေ လုပ်ဆောင်နေကြပြီပဲ။ လုပ်ဖို့လိုအပ်တာလေးတွေကို ပြောပြတာပါ။ အဲဒီလို အကြောင်းအရာလေး ဖြစ်သင့်တယ်လို့ထင်ပါတယ်” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သူ ဦးမင်းမင်းက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း တရားဥပဒေစိုးမိုးရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံချက်ဖြင့် ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူများ၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်း ချသုံးစွဲသူများ၊ ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျအုပ်စုဖွဲ့ ကျူးလွန်သူလူဆိုးလူမိုက်များ၊ ပြေး (၄)ပြေးများကို ဖော်ထုတ်ဖမ်းဆီး အရေးယူလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင် အင်အားပြည့်ပိတ်ဆို့ ဖမ်းဆီးအရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“တိုင်းရဲတပ်ဖွဲ့ စီမံချက်နဲ့တော့ ခိုး၊ ဆိုး၊ လု၊ နှိုက်တွေကို စဉ်ဆက်မပြတ်ဖမ်းဆီးပြီး တရားဥပဒေ စိုးမိုးမှုရှိရေး လုပ်ဆောင်နေပါတယ်။ ဆိုတော့အဲဒီထဲမှာ ခါးပိုက်နှိုက်တွေလည်း ဖမ်းဆီးရမိမှုရှိနေပါတယ်။ လိုအပ်ရင် အသွင်ယူဖမ်းဆီးမှုတွေလည်း လုပ်နေပါတယ်။ အဲဒီတော့ စီမံချက်ကာလအတွင်း ပပျောက်မှုရှိအောင်တော့ တပ်ဖွဲ့ဝင်အနေနဲ့ ဆောင်ရွက်သွားမှာပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ခါးပိုက်နှိုက်ဖြစ်စဉ်များ နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က “ဒီလို ခါးပိုက်နှိုက်ဖြစ်စဉ်တွေ မကြာခဏဆိုသလို တွေ့မြင်လာရတာ၊ ခရီးသွား ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းသလို ဖြစ်လာကတော့ ကျွန်တော်တို့အနေနဲ့ လက်မခံနိုင်တဲ့ ဖြစ်ရပ်တွေပါပဲ။ အဲဒီလိုကျုးလွန်သူတွေကို စနစ်တကျ နှိပ်ကွပ်ဖို့ဆိုတာက သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက စီမံချက်တွေချပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်။ မှတ်သားလောက်တဲ့ ပြစ်ဒဏ်တွေကိုလည်း ပေးသင့်တယ်။ စနစ်တကျ စီမံချက်ချပြီးတော့ကို ဖမ်းဆီးသင့်ပါတယ်။ အဲဒီလို စဉ်ဆက်မပြတ်ရှိမယ်ဆို ဖြည်းဖြည်းချင်း ပပျောက်သွားမယ်လို့ ယုံကြည်ပါတယ်။ တစ်ဖက်က ပြဿနာကလည်း ရဲတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင် အင်အားမလောက် ငှတာတွေကိုလည်း ကျွန်တော်တို့ တွေ့မြင်လာရပါတယ်။ ဖွဲ့စည်းပုံမှာ လုံလောက်မှုလည်း မရှိဘူး။ မပြည့်ဘူးဆိုတာကိုလည်း သိရတယ်။ ရဲအင်အားမလောက်တာကို ကြည့်ပြန်ရင်လည်း ပြဿနာကို မဖြေရှင်းနိုင်ပဲ လုံလည်းချာလည် ဖြစ်နေမယ်။ အင်အားမလောက်ငှလို့ မဖမ်းဆီးနိုင်ဘူးဆိုတာလည်း ဒီပြဿနာရဲ့အဖြေတစ်ခု မဟုတ်ပြန်ဘူး။ ဒီလိုအခြေအနေမှာ ရဲတပ်ဖွဲ့ဝင်နည်းရင်များအောင် ဘယ်လိုလုပ်မလဲဆိုတာရယ်၊ ရဲတပ်ဖွဲ့ဝင်တွေကို လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးဖို့ရယ်၊ အထောက်အကူပစ္စည်းတွေကို လုံလောက်မှုရှိအောင် ဆောင်ရွက်ပေးဖို့ရယ်၊ လုပ်ငန်းခွင်ပျော်ရွင်လာရအောင်ရယ် ဒီလိုအခင်းအကျင်းတွေကို တာဝန်ရှိသူတွေ  အဆင့်ဆင့် ဆွေးနွေးတိုင်ပင်ပြီး ဆောင်ရွက်ပေးရမယ်။ နောက်တစ်ခုက ယာဉ်လိုင်းအသီးသီးက ဝန်ရှိသူတွေ၊ YRTA က တာဝန်ရှိသူတွေကလည်း ဒီခါးပိုက်နှိုက်ပြဿနာကို ဖြေရှင်းဖို့ ယာဉ်အကူ လုံခြုံလေးထားရှိပြီး ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးကို စောင့်ကြပ်ကြည့်ရှုပေးမယ်။ ဝန်ဆောင်မှုပေးမယ်ဆိုရင် ပိုပြီးကောင်းမယ်။ တခြားနည်းလမ်းတွေလည်း ရှိမယ်ဆိုရင်လည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒါမှ လူထုယုံကြည်မှုပိုမိုရရှိလာမှာ ဖြစ်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

Most Read

Most Recent