အခွန်ဆောင်ရင် ၂၅ ရာခိုင်နှုန်း၊ အခွန်ရှောင်ရင် သုံးရာခိုင်နှုန်း ကျောမွဲတွေကို ဆင်းရဲတွင်းနက်စေမယ့် ငွေမဲလျှော်ဖွပ်တဲ့ ဥပဒေကြမ်း ပြင်ဆင်ပေးပါ

အခွန်ဆောင်ရင် ၂၅ ရာခိုင်နှုန်း၊ အခွန်ရှောင်ရင် သုံးရာခိုင်နှုန်း ကျောမွဲတွေကို ဆင်းရဲတွင်းနက်စေမယ့် ငွေမဲလျှော်ဖွပ်တဲ့ ဥပဒေကြမ်း ပြင်ဆင်ပေးပါ
Published 18 February 2018

(၁)

ခိုးတယ်ဆိုတာ ခိုးမှ မဟုတ်ပါဘူး။ အခွန်ဘဏ္ဍာငွေကို အသုံး၊ အခွဲ မတတ်တာကလည်း ခိုးခြင်းတစ်ပါး ဖြစ်ပါတယ်လို့ ယောအတွင်းဝန် ဦးဘိုးလှိုင်က သူ့ရဲ့ ရာဇဓမ္မသင်္ဂဟကျမ်းနဲ့ မင်းတုန်းမင်းကို သင်ပြသွားခဲ့ဖူးပါတယ်။

တိုင်းပြည်တစ်ပြည်မှာ အစိုးရက အခွန်ကောက်ပြီဆိုရင် ကောက်တဲ့အခွန်ဟာ နိုင်ငံမှာ ညီညွတ်မျှတတဲ့ အရအသုံးငွေကြေးစနစ် ပေါ်ပေါက်စေပြီး ငွေကြေးလည်ပတ်မှုကို မှန်ကန်စေတဲ့ ငွေကြေးဖောင်းပွမှု မပေါ်ပေါက်အောင် ထိန်းညှိပေးဖို့၊ ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စုဆောင်းမှုတွေကို အခွန်အကောက်စနစ်က ထိန်းညှိပေးဖို့၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုအတွက် အထောက်အကူဖြစ်စေဖို့၊ ဓနအင်အားမျှတစေဖို့ (ဝင်ငွေဖြန့်ဖြူးမှုညီမျှစေဖို့) ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေဖို့ ၊ နိုင်ငံတော်ရဲ့ စီးပွားရေး ရည်မှန်းချက်တွေ အကောင်အထည်ဖော်ရေးကို အထောက်အကူဖြစ်စေဖို့နဲ့ ပြည်တွင်းစက်မှုလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ဆိုတဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အခွန်ကောက်ခံခဲ့ရတာ ဖြစ်ပေမယ့် ဒီအချက်တွေကို အစိုးရအဆက်ဆက် အကောင်အထည်ဖော်နိုင်မှု အားနည်းခဲ့ပါတယ်။

ဒီလို အစိုးရအဆက်ဆက် အကောင်အထည်ဖော်ခဲ့မှု အားနည်းခဲ့ထက်ကို ပိုမိုဆိုးရွားစေတဲ့ ဥပဒေကြမ်းတစ်ရပ်ဟာ NLD အစိုးရ လက်ထက်မှာ ပထမဆုံး ပေါ်ထွက်လာခဲ့ပြီး အဲဒီဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း အမည်နဲ့ ထုတ်ပြန်ခဲ့တာပါ။

နှစ်စဉ်ထုတ်ပြန်နေကျ ဒီဥပဒေမှာ ဥပဒေကြမ်း တစ်ခုလုံးက ဆိုးရွားနေတာတော့ မဟုတ်ဘဲ ပုဒ်မ ၂၅ ပါ ပြဠာန်းချက်ဖြစ်တဲ့ “ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေ နိုင်ငံသား၏ ပြည်ပမှ ဝင်ငွေရလမ်း တစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်း တစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သော ဝင်ငွေများ၊ နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိက အစိတ်အပိုင်းများ အပါအဝင်ဖြစ်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း သို့မဟုတ် ရွှေနှင့် အခြားအဖိုးတန်ပစ္စည်းများ အပါအဝင် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ထိတွေ့ကိုင်တွယ်၍ မရသော ပစ္စည်းများကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အစုရှယ်ယာ ထည့်ဝင်ခြင်း စသည်တို့အတွက် အသုံးပြုသည့် ငွေကြေးများ၊ လက်ဝယ်ရှိ ငွေကြေးတို့နှင့် ပတ်သက်၍ အောက်ပါ အခွန်နှုန်းထားများအတိုင်း အခွန်ကျသင့်စေရမည်၊ ဝင်ငွေခွန်ဥပဒေအရ ဒဏ်ငွေတပ်ရိုက်ခြင်း မပြုရ၊ သို့ရာတွင် တရားမဝင်ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရ” လို့ ဖော်ပြခဲ့ပြီး ဒီလိုဖော်ပြခဲ့မှုအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေတွေကို အရင် ၁၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံရာကနေ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ စတင် အကျိုးသက်ရောက်မယ့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ပထမခြောက်လအတွင်း သတ်မှတ်ထားတဲ့ ပုံစံတွေနဲ့ တင်ပြလာတဲ့ ကိစ္စရပ်တွေအတွက် အခွန်သုံးရာခိုင်နှုန်းနဲ့ ဒုတိယခြောက်လ ကာလအတွင်း သတ်မှတ်ထားတဲ့ ပုံစံတွေနဲ့ တင်ပြလာတဲ့ ကိစ္စရပ်တွေအတွက် အခွန်ငါးရာခိုင်နှုန်းပဲ ပေးဆောင်ရတော့မှာပါ။

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေဆိုတာ ပြည်သူအများစုနဲ့ ငွေကြေးခဝါချသူတွေ နားလည်ထားတာဟာ ဘိန်းဖြူ၊ ကျောက်စိမ်း၊ မူးယစ်ဆေးဝါး၊ တရားမဝင် လက်နက်အရောင်းအဝယ်၊ လာဘ်ပေးလာဘ်ယူက ရငွေ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်းစတဲ့ နိုင်ငံတွေက နိုင်ငံသားတွေက မြန်မာနိုင်ငံမှာ နိုင်ငံသားအမည်ခံ အိမ်ခြံမြေ ဝယ်ယူဖို့အတွက် ဝင်ငွေရလမ်း မပြနိုင်ဘဲ အိမ်ခြံမြေတွေ ဝယ်ယူကြတယ်လို့ နားလည်ကြပါတယ်။ အစိုးရအဆက်ဆက် ဒီလို စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေဆိုတာ ဘယ်လိုရလာတယ် ဆိုတာကို လုံး၀ မစိစစ်နိုင်ဘဲ အိမ်ခြံမြေဈေးကွက်ထဲ ငွေမည်းတွေ စီးဝင်ခဲ့လို့ မြန်မာ့အိမ်ခြံမြေဈေးဟာ ကမ္ဘာ့အဆိုးရွားဆုံး ဈေးနှုန်းကြီးမြင့်တဲ့ နိုင်ငံတွေထဲ ပါဝင်နေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးချိန်မှာ ဒီလိုငွေမည်း ခဝါချခွင့်ကို သုံးရာခိုင်နှုန်းနဲ့ အခွန်မပေးရသလောက် ကောက်ခံမယ့် အစီအစဉ်ဟာ ကျောမွဲပြည်သူတွေ ပြည်ပနိုင်ငံတွေမှာ ကျွန်အလုပ်သမားအဖြစ် သက်ဆိုးရှည်အောင် ပိုလုပ်တဲ့သဘောပဲ ဖြစ်လာပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ တရားဝင် အခွန်ထမ်းဆောင်နေတဲ့ ပြည်သူနဲ့ ကုမ္ပဏီလုပ်ငန်းပေါင်း ၁၁ သန်းကျော် ရှိနေပါတယ်။ ဒီလို လူတစ်ဦးချင်း၊ ကုမ္ပဏီတစ်ခုချင်းဟာ ရလာတဲ့ လုပ်အားခ၊ အမြတ်ငွေကို ဝင်ငွေခွန် ထမ်းဆောင်ရမယ်ဆိုရင် ဝင်ငွေခွန် ငါးရာခိုင်နှုန်းကနေ ၊ ၂၅ ရာခိုင်နှုန်းအထိ အခွန်ထမ်းဆောင် ရပါတယ်။ ဒီလိုထမ်းဆောင်မှသာ အဲဒီငွေဟာ တရားဝင် အခွန်ထမ်းဆောင်ပြီးတဲ့ ငွေဖြူ ဖြစ်လာပါတယ်။ ငွေမည်း ခဝါချတဲ့သဘောဖြစ်တဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေကို လက်ရှိအစိုးရ လက်ထက်မှာ ၁၅ ရာခိုင်နှုန်း ကနေ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံနေရာကနေ အခွန်မပေးဆောင်ရသလောက် သဘောဖြစ်တဲ့ သုံးရာခိုင်နှုန်းအထိ ခုန်ဆင်းလိုက်တာဟာ အခွန်ထမ်းပြည်သူ ၁၁ သန်းကျော်ကို အစိုးရက မထီမဲ့မြင် လုပ်လိုက်တဲ့သဘော သက်ရောက်နေပြီး မင်းတို့ တရားဝင် အခွန်ထမ်းရင် ၂၅ ရာခိုင်နှုန်းအထိ ကျမယ်။ အခွန်ရှောင်ရင် ငါတို့က သုံးရာခိုင်နှုန်းပဲ ကောက်မယ်ဆိုတဲ့ ညီညွတ်မျှတခြင်း မရှိတဲ့ အခွန်စနစ်ဆိုးတစ်ရပ်ကို ပြည်သူတွေ ရွေးကောက်ထားတဲ့ အစိုးရကိုယ်တိုင်က ဦးဆောင်ဖော်ထုတ်လိုက်တဲ့ သဘောကိုပဲ သက်ရောက် သွားစေပါတယ်။

(၂)

ဥပဒေကြမ်း တစ်ရပ်က ဆိုးရွားနေတဲ့ ပုဒ်မလေး တစ်ခုဟာ အတည်မဖြစ်သေးတာကြောင့် လွှတ်တော်မှာ ဆွေးနွေးဖြုတ်ချနိုင်သလို ပြင်ဆင် ပယ်ဖျက်မှုလည်း လုပ်နိုင်ပါတယ်။ ဒီဥပဒေကြောင့် ဘယ်သူတွေ ဆိုးကျိုးရပြီး ဘယ်သူတွေ ကောင်းကျိုးရမလဲဆိုတာ အစိုးရကို ထောက်ပြဝေဖန်ရမယ့် လွှတ်တော်မှာ အတိအကျ တာဝန်ရှိလာပါတယ်။

ငွေမည်းတွေကို သုံးရာခိုင်နှုန်းအထိ လျှော့ချလိုက်တာဟာ တိုင်းပြည်အတွက် ဘယ်လိုဆိုးရွားသွားစေမလဲဆို ရှေ့မှာ နမူနာယူစရာ အများကြီးရှိပါတယ်။ လက်ရှိ တိုင်းပြည်စီးပွားရေး ကျပ်တည်းနေချိန်၊ ဘတ်ဂျက်လိုငွေ များပြားနေချိန်၊ တရုတ်နိုင်ငံရဲ့ OBOR စီမံကိန်း စတင်တော့မယ့်အချိန်၊ ဘဏ်တိုးနှုန်း လျှော့ချဖို့ တောင်းဆိုနေချိန်၊ မြေ လက်ဝါးကြီးအုပ်ဈေးကစားမှု မထိန်းချုပ်နိုင်ချိန်၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို မစိစစ်နိုင်ချိန်၊ လယ်ယာမြေဥပဒေ၊ မြေလွတ် မြေလပ် မြေရိုင်း ဥပဒေတွေမှာ အားနည်းချက်တွေ ရှိနေပြီး ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းကို အစိုးရနဲ့ ခရိုနီတွေကပဲ ထောက်ခံနေချိန်မှာ ဒီ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ ပုဒ်မ ၂၅ ဟာ မူးယစ်ဆေးဝါးက ရတဲ့ငွေနဲ့ ငွေမည်း ခဝါချသူတွေ၊ ခရိုနီတွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ တရုတ်ငွေကြေး ကစားသူတွေပဲ ဖြစ်သွားပြီးတော့ ခံလိုက်ရမှာက တိုင်းပြည်နဲ့ ကျောမွဲပြည်သူပါ။

ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက စည်းကြပ်မှုမှ လွတ်ကင်းနေသော အခွန်နှုန်းထားကို ကောက်ခံခဲ့ရာမှာ တစ်ကျပ် ကနေ ၁၀၀,၀၀၀,၀၀၀ (သိန်း ၁၀၀၀) အထိ သုံးရာခိုင်နှုန်း၊ ၁၀၀,၀၀၀,၀၀၁ က ၅၀၀,၀၀၀,၀၀၀ (သိန်း ၅၀၀၀) အထိ ငါးရာခိုင်နှုန်း၊ ၅၀၀,၀၀၀,၀၀၁ ကနေ ၁,၀၀၀,၀၀၀,၀၀၀ (သိန်း ၁၀၀၀၀) အထိ ၁၀ ရာခိုင်နှုန်း၊ ၁,၀၀၀,၀၀၀,၀၀၁က ၁,၅၀၀,၀၀၀,၀၀၀ အထိ ရာခိုင်နှုန်း ၂၀၊ ၁,၅၀၀,၀၀၀,၀၀၁ နဲ့ အထက်ကို ရာခိုင်နှုန်း ၃၀ လို့ သတ်မှတ် ကောက်ခံခဲ့တာပါ။ ဒီလို ကောက်ခံခဲ့တာကို ပြည်သူတွေက ငွေမည်း ခဝါချမှု ဖြစ်စေတယ်၊ မမျှတဘူးလို့ ဝေဖန်မှုတွေကြောင့် နောက်ဆုံးမှာ တစ်ကျပ်ကနေ ကျပ်သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀,၀၀၀,၀၀၁ ကနေ ကျပ်သိန်း ၁၀၀၀ အထိ ရာခိုင်နှုန်း ၂၀ နဲ့ ကျပ်သိန်း ၁၀၀၀ အထက်ဆိုရင် အခွန်နှုန်း ရာခိုင်နှုန်း ၃၀ အဖြစ် NLD အစိုးရလက်ထက်မှာ တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။

ဒီလို တိုးမြှင့်သတ်မှတ်ခဲ့ရာမှာ ဆွေးနွေး တင်ပြခဲ့တာက၂၀၁၆ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းပါ ဝင်ငွေခွန် စတင်စည်းကြပ်ရမည့် ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိသည့် ဝင်ငွေပမာဏ၏ ဥပဒေပါ နှုန်းထားများသည် တစ်ဦးချင်းပုဂ္ဂိုလ်များ ထမ်းဆောင်ရမည့် အခွန်နှုန်းထားထက် နည်းပါးနေသဖြင့် တရားမျှတသည့် အခွန်ဖြစ်စေရေးအတွက် တစ်ကျပ်မှ ကျပ်သိန်းသုံးရာထိ ၁၅ ရာခိုင်နှုန်း၊ သိန်းသုံးရာ့တစ်ကျပ်မှ ကျပ်သိန်း ၁၀၀၀ အထိ ရာခိုင်နှုန်း ၂၀၊ ကျပ်သိန်း တစ်ထောင့် တစ်ကျပ်နှင့် အထက်ကို ရာခိုင်နှုန်း ၃၀ နဲ့ ပြင်ဆင်ဖို့ ဒေါက်တာဝင်းမြင့်က လွှတ်တော်မှာ ဆွေးနွေးခဲ့တာကို အတည်ပြုပြီးတော့ ဒီလိုစည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ငွေတွေကို ကောက်ခံတဲ့ အခွန်နှုန်းဟာ သုံးရာခိုင်နှုန်းက စတင်နေတာကြောင့် နှစ်စဉ်အခွန်ထမ်းနေသူတွေရဲ့ အခွန်ထမ်းဆောင်လိုစိတ်ကို လျော့ကျစေလာနိုင်တယ် ဆိုတဲ့အချက်တွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေကို သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၂၀ နဲ့ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံခဲ့တာကိုတောင် အခွန်ထမ်းဆောင်နေတဲ့ ပြည်သူတွေရဲ့ အခွန်ထမ်းလိုစိတ် လျော့ကျမှာ စိုးရိမ်တယ်ဆိုတဲ့ အခြေအနေမှာ NLD အစိုးရက ဘာ့ကြောင့် အခွန်မထမ်းရသလောက်နီးပါး နှုန်းထားဖြစ်တဲ့ သုံးရာခိုင်နှုန်းအထိ လျှော့ချလိုက်တာလဲဆိုတာကို မဖြစ်မနေ မေးခွန်းထုတ်ရမှာဖြစ်ပြီး ဒီမေးခွန်းအတွက် အစိုးရရဲ့ တစ်ခုတည်းသော အဖြေက လက်ရှိစီးပွားရေး တိုးတက်ဖို့အတွက်ဆိုတဲ့ အဖြေပဲဖြစ်ပါလိမ့်မယ်။ ဒီလို ရေတိုဖြေရှင်းမှုနောက်မှာ ရေရှည်စီမံကိန်း မရှိနိုင်တာကြောင့် ဒုက္ခပိုများလာမှာက တိုင်းပြည်နဲ့ ပြည်သူပဲဖြစ်လို့ ဒီငွေမည်းခဝါချ မမျှတတဲ့ပုဒ်မ ၂၅ ကို အတိအကျ ပြင်ဆင်ပယ်ဖျက်ပြီး ဦးသိန်းစိန် လက်ထက်ကထက် ဆိုးရွားမသွားအောင် ထိန်းချုပ်ဖို့ လွှတ်တော်ဟာ မဖြစ်မနေ ကြိုးပမ်းရပါလိမ့်မယ်။

(၃)

၁၉၆၀ ပြည့်ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အကြား မြန်မာနိုင်ငံက တရားမဝင်ငွေကြေး စီးဝင်မှု ဒေါ်လာဘီလျံ ၉၀ ခန့်နဲ့ စီးထွက်ငွေ ဒေါ်လာ ၁၉ ဘီလျံ ဝန်းကျင်ရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီလျံ ၁၀၀ ဝန်းကျင်ထက်မနည်း စီးဝင်စီးထွက် ဖြစ်ပေါ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်အခြေစိုက် Global Financial Integrity အဖွဲ့က “ Flight Capital and Illicit financial flows to and from Myanmar ” အမည်နဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ဒီလို နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံကို တရားမဝင် စီးဝင်ခဲ့တဲ့ အမေရိကန်ဒေါ်လာ များစွာဟာ အိမ်ခြံမြေ ဈေးကွက်ဆီကို အဓိကစီးဝင်ခဲ့ပါတယ်။ ဒီလို စီးဝင်တဲ့နေရာမှာ ၂၀၁၀ နောက်ပိုင်း ကာလအတွင်း စီးဝင်တဲ့ပမာဏဟာ ရာခိုင်နှုန်း ၅၀ လောက် ရှိနိုင်ပြီး အဲဒီလို စီးဝင်တဲ့ကာလက ကမ္ဘာ့စီးပွားရေး အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် အမေရိကန်စီးပွားရေး မကောင်းခင်က လုပ်ဆောင်ခဲ့တဲ့ Quantitative Easing Program က ထုတ်ခဲ့တဲ့ ဒေါ်လာတွေဟာ အမေရိကန်ပြည်တွင်းမှာ စီးဆင်းနေရာကနေ ကမ္ဘာကို စီးဆင်းသွားပြီးတယ်။ တရုတ်နိုင်ငံဘက်ကို စီးဆင်းလွန်းလို့ အိမ်ခြံမြေဈေးတွေ တအားတက်ကုန်လို့ ရင်းနှီးမြှုပ်နှံမှုတွေ အသေအချာ စိစစ်လာချိန်မှာ ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာပြည်ထဲကို ဝင်လာတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက် အစောပိုင်းမှာ ဒီလို ငွေကြေးကစားမှုတွေက မြန်မာ့ အိမ်ခြံမြေဘက် ဦးတည်ဝင်လာပြီး ဈေးကစားချိန်မှာ မြန်မာ့အိမ်ခြံမြေဈေးဟာ အလွန်အမင်း ဖောင်းပွသွားခဲ့တယ်။ အမေရိကန်စီးပွားရေး ကျဆင်းမှု ရပ်တန့်သွားလို့ ဒေါ်လာဈေး ပြန်တက်တဲ့အချိန်မှာ မြန်မာနိုင်ငံဆီကနေ ဒေါ်လာပိုက်ပြန်သွားတဲ့ တရုတ် ရင်းနှီးမြှုပ်နှံသူတွေကြောင့် ပြည်တွင်း အိမ်ခြံမြေဈေးဟာ ကမောက်ကမဖြစ် ကျန်ခဲ့ချိန်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အထပ်မြင့် အဆောက်အအုံတွေ စိစစ်ရပ်ဆိုင်းချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုလုံး ပြိုကျလုမတတ် ရပ်ဆိုင်းသွားခဲ့ပါတယ်။

အခုအချိန်မှာ ဒီလို တစ်ကျော့ပြန် အခြေအနေဆိုးဖြစ်အောင် လက်ရှိ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ ပုဒ်မ ၂၅ က စနစ်တကျ လုပ်ဆောင်ပါလိမ့်မယ်။

တိုင်းပြည်ရဲ့ အချိန်ကာလကို ပြန်ကြည့်မယ်ဆိုရင် လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံက သူ့ရဲ့ OBOR စီမံကိန်းအတွက် ကြိုးပမ်းနေတာဖြစ်ပြီးတော့ လက်ရှိ ဒီစီမံကိန်းအတွက် ကနဦးခြေလှမ်းဟာ တရုတ်-မြန်မာ စီးပွားရေးစကြံၤဖြစ်ပြီးတော့ ဒီစကြံၤဟာ မန္တလေးကို ဗဟိုပြုပြီးတော့ ကျောက်ဖြူနဲ့ ရန်ကုန်မြို့သစ်ကို ချိတ်ဆက်မယ့် စီမံကိန်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ရန်ကုန်မြို့သစ် စတင်ချိန်မှာ စီမံကိန်း လုပ်ခွင့်ရခဲ့တဲ့ ရှောက်ပန်း၊ ရှောက်စန်းတို့ရဲ့ ငွေကြေးတွေနဲ့ ဒီငွေကြေးတွေဟာ ငွေဖြူငွေမည်း အငြင်းပွားမှု ပြဿနာတွေကြောင့် စီမံကိန်း ရပ်ဆိုင်းခဲ့ရပေမယ့် ဦးသိန်းစိန် အစိုးရ လက်ထက်မှာပဲ ဒီစီမံကိန်းကို အတည်ပြုသွားခဲ့လို့ ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိအစိုးရက ဆက်ခံအကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်။ ဒီလို ဆက်ခံအကောင်အထည် ဖော်ရာမှာ လက်ရှိအစိုးရအနေနဲ့ ငွေဖြူငွေမည်း ပြဿနာကို ထည့်သွင်းစဉ်းစားခဲ့မှု ရှိ မရှိဆိုတာ သုံးသပ်စရာ ဖြစ်လာပါတယ်။

တရုတ်နိုင်ငံနဲ့ ချိတ်ဆက်မယ့် OBOR စီမံကိန်းကြောင့် မန္တလေးပတ်လည်က မြေကွက်တွေဟာ မြန်မာတရုတ် မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်ထားသူတွေရဲ့ လက်အောက်ကို ရောက်ခဲ့ပြီး ဖြစ်သလို လက်ရှိမှာဆိုရင် အစိုးရနဲ့ နီးစပ်တဲ့ ဦးမောင်ဝိတ်ရဲ့ အမရပူရမြို့သစ် စီမံကိန်း ရှိနေပါတယ်။ ရန်ကုန်မှာဆိုရင်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က စတင်အကောင်အထည်ဖော်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းဟာ ဒီနှစ်ထဲ စတင်တော့မှာ ဖြစ်ပါတယ်။

ဒီလို ရန်ကုန်မြို့သစ် စီမံကိန်း စတင်မဲ့ အခြေအနေမှာ ငွေမဲတွေနဲ့ ဝင်လာနိုင်တဲ့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကို သုံးရာခိုင်နှုန်းအထိ လျှော့ချမယ့် အစီအစဉ်ဟာ ဘယ်သူတွေ ကြိုးကိုင်နေသလဲဆိုတာ စိစစ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ OBOR စီမံကိန်းကြောင့် တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံထဲကို ဝင်ရောက်မြှုပ်နှံဖို့ တာစူနေချိန်မှာ ဒီလို အခွန်နှုန်း လျှော့ချခဲ့တာနဲ့ ငွေမည်းတွေကို လျှော်ဖွပ်ခွင့် ပေးလိုက်တာကြောင့် တရုတ်ရင်းနှီး မြှုပ်နှံမှုတွေ သာမက အာရှဒေသ တစ်ခုလုံးက မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုသူတွေကလည်း မြန်မာနိုင်ငံဆီကို ငွေမည်းခဝါချဖို့ ဝင်ရောက်လာပါလိမ့်မယ်။ ဒီလိုအခြေအနေကို ပြည်တွင်းအခွန်များ ဦးစီးဌာန အနေနဲ့ လုံးဝကြပ်မတ် စိစစ်နိုင်စွမ်းရှိမှာ မဟုတ်ဘဲ ဥပဒေကြမ်းမှာ “တရားမဝင် ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရ” ဆိုတဲ့အချက် ပါနေပေမယ့်လည်း စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေတွေကို အခွန်ဆောင်ရာမှာ ခေတ်အဆက်ဆက် စိစစ်နိုင်စွမ်း မရှိပါဘူး။ နောက်တစ်ခုက တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံတစ်ခုလုံးအပေါ် ကောင်းကျိုးထက် ဆိုးကျိုးပိုများစေမယ့် ဒီလိုဥပဒေမျိုးဟာ မဆိုင်တဲ့ ဥပဒေတစ်ခုမှာ ပုဒ်မလေးတစ်ခု အနေနဲ့ ပါဝင်သင့်တာ မဟုတ်ဘဲ ဥပဒေတစ်ခု ကျယ်ကျယ်ပြန့်ပြန့် ပြုစုပြီး စနစ်တကျ ခိုင်မာတဲ့၊ မူဝါဒရှိတဲ့ ရေတိုရော ရေရှည်အတွက်ပါ ကောင်းကျိုးရှိတဲ့ ဥပဒေမျိုးနဲ့ ကြပ်မတ် ကောက်ခံရမှာ ဖြစ်ပါတယ်။

သေချာတာကတော့ ဒီဥပဒေကြမ်းက ပုဒ်မ ၂၅ ဟာ မဖြစ်မနေ ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ လိုအပ်နေပြီး ပြန်လည်သုံးသပ် ပြင်ဆင်နိုင်မှု မရှိရင်တော့ တရုတ်၊ “ဝ” နဲ့ မူးယစ်ရာဇာတွေရဲ့ ငွေမည်းခဝါချရာ နေရာအဖြစ် ရန်ကုန်မြို့သစ်နဲ့ OBOR စီမံကိန်းဟာ အသွင်ပြောင်းသွားပြီးတော့ မြန်မာ့စီးပွားရေး အရင်းအမြစ်အားလုံးကို တရုတ်၊ “ဝ” နဲ့ မူးယစ်ရာဇာတွေ အလုံးစုံ ချုပ်ကိုင်ကစားခွင့် ရသွားပါလိမ့်မယ်။

Data မရှိ၊ Analysis မသိ၊ ပြည်တွင်းအခွန်က ဘယ်လောက်ရအောင် ကောက်ရမယ်ဆိုတဲ့ Target ဘတ်ဂျက်နဲ့ အစိုးရမူဝါဒတွေအောက်မှာ အခွန်ကောက်ခံမှုဟာ Industry Bargain မဖြစ်ဘဲ အခွန်ရှောင်သူ ပစားပေးတဲ့ အခြေအနေမျိုး ဖြစ်နေရင်တော့ နစ်နာမှာက တိုင်းပြည်နဲ့ ကျောမွဲပြည်သူလူထုဆိုတာ မြေကြီးလက်ခတ်မလွဲ ဖြစ်သွားပါလိမ့်မယ်။

(၄)

ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ အခွန်နှုန်းတွေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်ဖြေလျှော့တာ ဖြစ်ပြီးတော့ ရှေ့ပိုင်းကာလတွေမှာ ကုမ္ပဏီဝင်ငွေခွန်ကို ရာခိုင်နှုန်း ၃၀ နဲ့ လူတစ်ဦးချင်း ဝင်ငွေအပေါ်မှာ နှစ်ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

အစိုးရအဆက်ဆက် အခွန်ရှောင်ခဲ့သူတွေ စာရင်းကို ကြည့်မယ်ဆိုရင် အိမ်ခြံမြေများစွာကို လာဘ်ပေးလာဘ်ယူနဲ့ ပိုင်ဆိုင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လယ်ယာမြေ အိမ်ခြံမြေများစွာနဲ့ နိုင်ငံပိုင် စီးပွားရေး အဆောက်အအုံတွေကို အောက်ဈေးတွေနဲ့ ရသွားတဲ့ ခရိုနီတွေဟာ နေပြည်တော် စတင်တည်ဆောက်ချိန် ကတည်းက အစိုးရကို လှူတာတန်းတာ ဗန်းပြပြီး အခွန်ရှောင်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်အထိ ခရိုနီတွေ အခွန်ဆောင်ဖို့အတွက် သတင်းစာ၊ ဂျာနယ်တွေကတစ်ဆင့် ပြည်သူတွေက လှုံ့ဆော်ခဲ့ရပြီး ခရိုနီတွေ အခွန်ဆောင်လာတာ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ မြေငှားရမ်းခတွေ အခွန်ထမ်းလာတာ နှစ်နှစ်လောက်ပဲ ရှိပါသေးတယ် ။ ဒီလိုအချိန်မှာ လွန်ခဲ့တဲ့ ၁၂ လောက်ကတည်းက အခွန်နှုန်း ရာခိုင်နှုန်း ၃၀ နဲ့ တာဝန်သိသိ အခွန်ထမ်းခဲ့တဲ့ ကုမ္ပဏီတွေ ပြည်သူတွေကို “ငတုံး၊ ငအ” လို့ သဘောမျိုး သက်ရောက်စေမယ့် ဆယ်စုနှစ်ချီ အခွန်ရှောင်ခဲ့သူတွေကို အခွန်ဆောင်ရင် ရာခိုင်နှုန်း ၃၀၊ အခွန်ရှောင်ရင် သုံးရာခိုင်နှုန်းဆိုပြီး ဥပဒေကြမ်းမှာ ပုဒ်မလေးတစ်ခုထည့်ပြီး အခွန်ဆောင်ခဲ့တဲ့သူတွေ ဦးစားမပေးဘဲ အခွန်ရှောင်ခဲ့သူတွေ ပစားပေးမယ့် ဒီလုပ်ရပ်ဟာ အစိုးရတစ်ရပ် အနေနဲ့ လုပ်သင့်ရဲ့လား ဆိုတာကို လွှတ်တော်နဲ့ ပြည်သူလူထု တစ်ရပ်လုံးက မေးခွန်းထုတ်ဖို့ လိုအပ်ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ကျပ်ငွေ သုံးထရီလျံလောက် ရှိနေပါတယ်။ ကုမ္ပဏီတွေကို မှတ်ပုံပြန်တင်ဖို့ လုပ်ဆောင်နေတဲ့ အချိန်မှာ အစိုးရဘက်က ဗဟိုဘဏ်ကို ဘဏ်ငါးခု ဖွင့်လှစ်ဖို့ တင်ပြလာတာ ရှိနေပြန်ပါတယ်။ ပြည်တွင်းမှာ ဘဏ်တွေဖောင်းပွနေပြီး ဒေသတွင်းနိုင်ငံတွေကို ပြိုင်ဆိုင်နိုင်ဖို့ရှိတဲ့ဘဏ်တွေ ပေါင်းစည်းရေး၊ အစိုးရပိုင်ဘဏ်တွေ ပေါင်းစည်းရေး လုပ်ဆောင်သင့်ပါတယ်လို့ အကြံပြုနေချိန်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်သစ်တွေ ဆက်လက်ခွင့်ပြုသင့် မသင့်ကို လွတ်လပ်စွာ စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့က ဘဏ်သစ်ငါးခု ဖွင့်ခွင့်ပြုဖို့ ဗဟိုဘဏ်ကို တင်ပြတယ်ဆိုတဲ့ အခြေအနေမှာတော့ အစိုးရအဖွဲ့နဲ့ လုပ်ငန်းရှင်တွေရဲ့ ဆက်နွှယ်မှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာပြီးတော့ ဒီဘဏ်ငါးခုက မြှုပ်နှံရမယ့် မတည်ငွေကျပ်ဘီလျံ ၁၀၀ အပေါ် အစိုးရအဖွဲ့က စိစစ်ပြီးပြီလားဆိုတဲ့ ဆင့်ကဲမေးခွန်း ထွက်လာပါတယ်။ ဥပမာအားဖြင့် ရွှေနန်းစောဘဏ်ဆိုရင် ကုမ္ပဏီဒါရိုက်တာ စာရင်းမှာ ဦးဂျင်မီ (Jimmy)၊ ဒေါ်ဖြူသွယ်ခိုင်(Phyu Thwe Khaing)၊ ဦးစိုးကျော်သူ (Soe Kyaw Thu) ၊ ဦးဇော်မင်းသန့် (Zaw Min Thant) လို့ပဲ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ကုမ္ပဏီစာရင်းမှာ ဖော်ပြခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ပြည်သူသိတဲ့ လုပ်ငန်းရှင် စာရင်းဝင်တွေ မဟုတ်ပါဘူး။ ဒီလိုဘဏ်မျိုးတွေက မတည်မယ့် ကျပ်ဘီလျံ ၂၀ ကို ဘယ်လို ငွေဖြူ၊ ငွေမည်း ဘယ်လို စိစစ်ထားလဲဆိုတာ သိရှိရဖို့ အရေးကြီးပါတယ်။ ပြည်တွင်း ထိပ်တန်းဘဏ်ဖြစ်တဲ့ ကမ္ဘောဇဘဏ်ဟာ အခွန်ထမ်းရာမှာ ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်ကနေ ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အထိ ကျပ်သန်းပေါင်း တစ်သိန်းကျော် အခွန်ထမ်းခဲ့ပါတယ်။ ဒါ့အပြင်၂၀၀၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အထိ ကျပ် ၁၃၈ ဘီလျံကျော်ကို တိုင်းပြည်အတွက် လှူဒါန်းထားပါသေးတယ်။ ဒီလို အစိုးရကို လှူဒါန်းပြီဆိုရင် တခြားခရိုနီတွေက ငါတို့က အစိုးရကို လှူထားလို့ အခွန်လျှော့ဆောင်မယ် ဆိုတာမျိုးတွေလည်း ရှိနေချိန်မှာ ကမ္ဘောဇဘဏ်က အစိုးရနဲ့ ပြည်သူကို နိုင်ငံ့အတွက် လှူဒါန်းခဲ့မှုက ကျပ် ၁၃၈ ဘီလျံကျော်နဲ့ အခွန်ကျပ်သန်းပေါင်း တစ်သိန်းကျော်ဆိုတဲ့ အခြေအနေမျိုး ကြိုးပမ်းနေချိန်မှာ အစိုးရက တခြားအခွန်ရှောင်ခဲ့တဲ့ ခရိုနီတွေကို စစ်ဗိုလ်ချုပ်ဟောင်းတွေကို ကမ္ဘောဇဘဏ်နဲ့ တန်းတူသဘောမျိုး ပစားပေးဖို့ အခွန်ဥပဒေကြမ်း ပြဌာန်းတာဟာ ဖြစ်သင့်ရဲ့လားဆိုတာ ဆင့်ကဲမေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

လက်ရှိ အိမ်ခြံဈေးနှုန်း ကျဆင်းမှုကို လေ့လာမယ်ဆိုရင် တန်ဖိုးကြီးတဲ့ အိမ်ခြံမြေတွေဟာ ရာခိုင်နှုန်း ၃၀ လောက်အထိ ကျဆင်းနေပြီးတော့ တန်ဖိုးနည်း အိမ်ခြံမြေဈေးဟာ ရာခိုင်နှုန်း ၅၀ လောက် ကျဆင်းနေတာ ဖြစ်ပါတယ်။

ဒီလို ဈေးနှုန်းကျဆင်းနေလို့ အိမ်ခြံမြေဈေး ပြိုကျနေချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ထူမနိုင်မယ်ဆိုတဲ့ အကြောင်းပြချက်၊ မြန်မာ့စီးပွားရေး အခိုက်အတန့် ပြေလည်မယ်ထင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုငွေမည်းခဝါချတဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ် အခွန်သုံးရာခိုင်နှုန်းသာ အတည်ဖြစ်သွားရင် ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေတွေကို အားလုံးက တပြိုင်နက်ထုတ်ယူပြီး အိမ်ခြံမြေမှာ ဈေးကစားဖို့ လုပ်ဆောင်လာနိုင်ပါတယ်။ ဒီအချိန်မှာ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေဆီ အပ်နှံထားတဲ့ ကျပ် ဘီလျံ ၂၇၀၀၀ ကိုတောင် ဘဏ်တိုးနှုန်း လျှော့ချရင် ငွေတွေ ပြန်ထုတ်မှာ စိုးရိမ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်သင့်တဲ့ဘဏ်တိုးနှုန်း ၁၁ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်း လျှော့ချဖို့တောင် ငြင်းပယ်ခဲ့တဲ့ ဗဟိုဘဏ်ဟာ ပြည်သူတွေက အိမ်ခြံမြေမှာ ဈေးကစားဖို့ တပြိုင်နက်သာ ငွေထုတ်လာကြရင် ဘယ်လိုဖြည့်ဆည်းပေးမလဲဆိုတာ ဒီဥပဒေကြမ်း ရေးဆွဲစဉ်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ တင်ပြညှိနှိုင်းခဲ့သလားဆိုတာ စိတ်ဝင်စားစရာဖြစ်သလို ဘဏ်များ အသင်းကရော ဒီလိုမျိုး သူတို့ဘဏ်တွေဆီက ငွေတွေကို ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၂၅ လေးတစ်ချက်နဲ့ ခွင့်ပြုပေးလိုက်ရပြီး ဘဏ်တွေပြိုလဲသွားတာမျိုး၊ ပြည်သူတွေ တပြိုင်နက် ဝိုင်းထုတ်ချိန်မှာ ငွေထုတ်မပေးနိုင်လို့ ဒီဘဏ်တော့ ငွေမရှိတော့ဘူး ပြိုတော့မယ်ဆိုတဲ့ အမှန်ဖြစ်ရပ်မျိုးနဲ့ ကိုယ့်ဘဏ်အပြိုခံနိုင်သလား မေးခွန်းထုတ် ကန့်ကွက်ဖို့ လိုအပ်ပါတယ်။ သေချာတာကတော့ ငွေမည်းခဝါချမယ့် သုံးရာခိုင်နှုန်းသာ အတည်ဖြစ်သွားရင် ဘဏ်တွေထဲက ပြည်သူ့အပ်နှံငွေ ကျပ်ဘီလျံ ၂၇၀၀၀ ထဲက စုဆောင်းငွေတွေထုတ်ပြီး အိမ်ခြံမြေမှာ မြှုပ်နှံကြပါလိမ့်မယ်။ ပြည်သူတွေ တပြိုင်နက် ဝိုင်းထုတ်ပြီး အိမ်ခြံမြေမှာ မြှုပ်နှံတာနဲ့ မြေဈေးကမောက်ကမ ဖြစ်မှုနဲ့အတူ ဘဏ်တွေပြိုလဲသွားနိုင်ပါတယ်။ ဘဏ်တွေပြိုလဲသွားတာနဲ့ တပြိုင်နက် မြန်မာ့စီးပွားရေး ပြိုပါမယ်။ အစိုးရမှာရော၊ ဗဟိုဘဏ်မှာပါ ပြည်သူတွေ တပြိုင်နက်ဝိုင်းပြီး ငွေထုတ်တာကို ဖြည့်ဆည်းပေးနိုင်တဲ့ စွမ်းအင်မရှိနိုင်တာကြောင့်မို့ ခဏတာ စီးပွားရေးပြေလည်မယ့် မျှော်လင့်ချက် မှိန်မှိန်လေးနဲ့ ငွေမည်းခဝါချမှု ပြုတာဟာ မြန်မာ့စီးပွားရေး တက်ရိပ်မပြခင်မှာကို စီးပွားရေးတစ်ခု လုံးပြိုကျသွားနိုင်ခြေ ရှိနေပါတယ်။

(၅)

လက်ရှိအစိုးရ လက်ထက်မှာ ဘတ်ဂျက်လိုငွေ ပမာဏဟာ ဘီလျံ ၁၂၀၀၀ လောက်အထိ ရှိလာနေပြီ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေက ဘတ်ဂျက်တွေ၊ ထပ်တိုးဘတ်ဂျက်တွေ တောင်းခံတာကို စိစစ်ဖြတ်တောက်နိုင်မှု အားနည်းတဲ့ ပြယုဂ်အဖြစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကနေ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ ကျပ် ဘီလျံ ၁၃၀၀၀ ကျော် ခွင့်ပြုခဲ့ရာမှာ အသားတင် ပြန်လည်အပ်နှံမှုကတင် ကျပ် ဘီလျံ ၁၁၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ ဒီလိုမျိုး ဘတ်ဂျက်စိစစ်နိုင်စွမ်း အားနည်းမှုက အစိုးရအတွက် လိုငွေကို ဘယ်လိုရှာမလဲဆိုတဲ့ အခြေအနေဖြစ်လာပြီး ပြည်တွင်းပြည်ပက ချေးငွေကလည်း ရယူဖို့ အကန့်အသတ်ရှိ နေတာကြောင့် တိုင်းပြည်အခွန်ဘဏ္ဍာကနေ ဝင်ငွေရှာဖို့ ဖြစ်လာပါတယ်။

နှစ်အလိုက် တိုင်းပြည်အခွန် ရရှိမှုကို ကြည့်မယ်ဆိုရင် ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်ကပဲ အဓိက ရှာဖွေခဲ့တာဖြစ်ပြီးတော့ အခွန်ရငွေနဲ့ ဂျီဒီပီအချိုးဟာ နှစ်စဉ်ကျဆင်းနေပါတယ်။ တစ်ဖက်မှာ တိုင်းပြည်စီးပွားရေးက ကိန်းဂဏန်းတွေနဲ့ အစိုးရထောက်ခံတဲ့ Facebook ပေါ်ကလူ ၁၀၀ လောက်က အကောင့်တု ၃၀၀၀လောက်နဲ့ ထောက်ခံတဲ့ လူတစ်စု Comment တွေမှာပဲ ကောင်းမွန်နေပြီး နေ့စဉ်ပြည်သူလူထု ဘဝဟာ ကျပ်တည်းမှု၊ အဆင်မပြေမှု၊ မလုံခြုံမှု၊ တရားဥပဒေ စိုးမိုးခြင်း ကင်းမဲ့မှုတွေနဲ့ လူ့အဆင့်အတန်းနဲ့ လျော်ညီတဲ့ သိက္ခာပျောက်ဆုံးမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ တိုင်းပြည်စီးပွားရေး တိုးတက်နေပါတယ်လို့ ဘယ်လိုပဲ ကမ္ဘာကို ထွက်ပြောနေနေ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးအတွက် အရေးပေါ် ဖြေဆေးထိုးဖို့ လိုအပ်လာပါတယ် ။ ဒီလိုအရေးပေါ် ဖြေဆေးထိုးဖို့ လိုအပ်လာရာမှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ ပုဒ်မ ၂၅ နဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ငွေတွေကို အခွန်နှုန်း သုံးရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းအထိ လျှော့ချတာမျိုးဟာ ငွေမည်းခဝါချဖို့အတွက် မလွယ်ကူတဲ့ တိုက်ခန်း၊ ကွန်ဒိုမီနီယံနဲ့ ကားအပေါ်မှာပဲ ဖြစ်သင့်ပါတယ်။

တိုက်ခန်းတွေနဲ့ ကွန်ဒိုမီနီယံတွေကို လက်ရှိကောက်ခံနေတဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀ အစား ၁၀ ရာခိုင်နှုန်းပတ်လည်လောက် ကောက်ခံမယ်ဆိုရင် ကွန်ဒိုမီနီယံ နည်းဥပဒေ ပြည့်စုံကောင်းမွန်မယ်ဆိုရင် ဒီလို အခြေပစ္စည်းကနေ အခွန်အခတွေ ရလာပါမယ်။ အလားတူပဲ ကားတွေအပေါ် ဝင်ငွေခွန် ကောက်ခံမှုကိုလည်း နောက်ဆုံးပေါ်မော်ဒယ်၊ ကားသစ်တင်သွင်းမှုတွေကို ကန့်သတ်ထားပြီး မော်ဒယ်နိမ့် ကားတင်သွင်းမှုတွေကို အခွန်နှုန်း ဖြေလျှော့မှု သီးသန့်လုပ်ပေးခြင်းအားဖြင့် အခွန်ရလာနိုင်သလို တစ်ဖက်မှာလည်း လက်ဝယ်ရှိယာဉ်တွေကို လိုင်စင်အမည်ပေါက် ပြောင်းမှုတွေကို ထိုက်သင့်တဲ့ နှုန်းထားနိမ့်တစ်ခုကို ခြောက်လလောက်အတွင်း ပြောင်းပါပြောပြီး လိုင်စင်အမည်ပေါက် မပြောင်းတဲ့ ကားတွေကို မြင့်မားတဲ့ အခွန်နှုန်းထားတပ်ရိုက်မယ်ဆိုရင်လည်း ခြောက်လလောက် အတွင်းမှာ အခြေပစ္စည်းတွေကနေ အခွန်အများအပြား ရလာနိုင်ပြီး အစိုးရအတွက် အသက်ရှုချောင်တဲ့ ဖြစ်စဉ်ဖြစ်လာပါလိမ့်မယ်။ ဒီလို တိုက်ခန်း၊ ကား၊ ကွန်ဒိုမီနီယံ အခန်းတွေမှာ ဖြေလျှော့ပေးခြင်းအားဖြင့် လက်ရှိပြိုကျနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း အရောင်းအဝယ် ပြန်ဖြစ်လာပြီး အကျပ်အတည်းကနေ လွတ်မြောက်လာပါလိမ့်မယ်။ ဒါပေမယ့် အခြေပစ္စည်းတွေကို စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ အခွန်နှုန်း သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းနဲ့ ဝယ်ယူခွင့်ပေးရာမှာ တိုင်းပြည်ရဲ့ မြေဈေးကြီးမြင့်တယ်ဆိုတဲ့ ပုံရိပ်ဆိုး မပျက်သေးတဲ့၊ ဈေးကစားမှု ရှိနေဆဲဖြစ်ပြီး အစိုးရက ထိန်းချုပ်နိုင်မှု မရှိသေးတဲ့၊ “ဝ” ၊ တရုတ်နဲ့ မူးယစ်ရာဇာတွေ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ငွေမည်းတွေ အလုံးအရင်း ခဝါချပြီး မြန်မာ့စီးပွားရေးနဲ့ တိုင်းပြည်ကို ကမောက်ကမဖြစ်စေမယ့် အိမ်ခြံမြေကိုတော့ လုံးဝလျှော့ချဖို့ မသင့်ဘူးဆိုတာကို ပြည်သူလူထုတစ်ရပ်လုံးနဲ့ လွှတ်တော်က ကန့်ကွက်ဖို့ လိုအပ်ပါလိမ့်မယ်။

(၆)

မြန်မာဘုရင်တွေခေတ်မှာ အင်းအိုင် ဆည်မြောင်းခွန်၊ ထန်းခွန်၊ ဆားခွန်လောက်ပဲ အခွန်ကောက်ခံခဲ့ရာက နယ်ချဲ့ကိုလိုနီခေတ်မှာ လူခွန်၊ သဿမေဓခွန် (Property Tax) စတဲ့အခွန်အခ ၁၆ မျိုးအထိ ပြင်ဆင်ကောက်ခံလာပါတယ်။ ဒီလိုကောက်ခံမှုတွေကြောင့် ကျပ်တည်းလာတဲ့ ပြည်သူတွေဟာ အခွန်မဆောင်ဘူး၊ အစိုးရနဲ့ မပတ်သက်ဘူး၊ အစိုးရက စစ်ရင် မပြောဘူးဆိုတဲ့ နိုင်ငံရေးအသင်း အဖွဲ့တွေအဖြစ် “ဘူးအသင်း” တွေပေါ်လာပြီးတော့ မတရားသဖြင့် မမျှတတဲ့အခွန်တွေကြောင့် တောင်သူလယ်သမားအရေးတော်ပုံ ပေါ်ပေါက်လာပါတယ်။ NLD အစိုးရ လက်ထက်မှာ အခွန် Base ချဲ့မယ်ဆိုပြီး တောရောမြို့ပါ ဆိုင်အသေးလေးတွေကအစ အခွန်မရရအောင် ကောက်ခံလာတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အခွန်ရှောင်ခဲ့တဲ့၊ ငွေမည်းတွေနဲ့ တိုင်းပြည်ကို နာမည်ပျက်စေခဲ့တဲ့ ၊ လက်နက်ကိုင်တွေ အလွန်များပြီး မူးယစ်ဆေးဝါး ဖောက်ကားမှု မထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးမှာ အခွန်ထမ်းနေရတဲ့ ပြည်သူတွေကို မျက်နှာသာ မပေးဘဲ အခွန်ရှောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ် ဟောင်းတွေ၊ ခရိုနီတွေကို မျက်နှာသာပေးချင်တဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့အခွန်ဆိုပြီး အခွန်နှုန်း သုံးရာခိုင်နှုန်းအထိ လျှော့ချလိုက်ခြင်းဟာ အခွန်ထမ်းနေတဲ့ ပြည်သူတွေကို ငါတို့က အခွန်ထမ်းနေရတာ မမျှတဘူးဆိုတဲ့ အမြင်ကိုပဲ ဖြစ်လာစေပြီး အခွန်မဆောင်တော့ဘူး။ အခွန်ဆောင်ရင် ၂၅ ရာခိုင်နှုန်း ပေးရပြီး အခွန်ရှောင်ရင် သုံးရာခိုင်နှုန်းပဲ ပေးရတယ်ဆိုတဲ့ စိတ်မျိုးပဲ ဖြစ်လာစေပါမယ်။ တာဝန်သိသိ အခွန်ထမ်းနေတာ ငါတို့ကိုက တုံးနေတာဆိုတဲ့ ခံစားချက်မျိုးကို ဒီငွေမည်းခဝါချတဲ့ ဥပဒေက ရိုက်သွင်းနေပြီဖြစ်ပြီး ဒီလို “မမျှတတဲ့ ဥပဒေတွေအောက်မှာ အခွန်မဆောင်ဘူး” ဆိုတဲ့ အသင်းအဖွဲ့တွေ ပေါ်မလာဖို့၊ တာဝန်သိသိ အခွန်ဆောင်ခဲ့တဲ့ ပြည်သူတွေက မမျှတတဲ့ ဥပဒေတွေကြောင့် အခွန်ဆောင်မှု သပိတ်မှောက်မှ အခွန်ရှောင်တယ်ဆိုပြီး စစ်ဆေးအရေးယူမှုတွေ ဖြစ်မလာဖို့ဆိုရင် ဒီအခွန်နှုန်းကို ပြင်ဆင်ပယ်ဖျက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

ဒီလိုဥပဒေကို မပြင်ဆင်ဘူးဆိုရင် ငွေမည်းခဝါချတာကို အားပေးတဲ့ အစိုးရအဖြစ် နိုင်ငံတကာက ရှုမြင်လာမှာ ဖြစ်သလို ဦးသိန်းစိန်အစိုးရ နောက်ဆုံးနှစ်ကျမှ အခွန်ထမ်းလာတဲ့ ခရိုနီတွေကို ဒီလိုအခွန်နှုန်း သုံးရာခိုင်နှုန်းနဲ့ ကောက်ခံတာဟာ နောက်ကြောင်းပြန်သလို ဖြစ်သွားစေမှာဖြစ်ပြီး ဦးသိန်းစိန်အစိုးရတုန်းက အခွန်ရှောင်ခဲ့သူတွေကို အရေးမယူနိုင်သလိုမျိုး လက်ရှိအစိုးရမှာလည်း ရင်ကြားစေ့ရေး မူဝါဒကြောင့်ကိုပဲ အခွန်ရှောင်ခဲ့သူတွေကို ဒီဥပဒေနဲ့ ခြောက်လနှစ်ကြိမ် သက်တမ်းပေးမယ်။ တစ်နှစ်ပြည့်ရင် မရတော့ဘူး အရေးယူမယ်ဆိုတာ အကောင်အထည်ပေါ်လာဖို့ မလွယ်ကူပါဘူး။ အိမ်ခြံမြေဈေးကစားမှုကို မထိန်းချုပ်နိုင်တာကြောင့် ဦးသိန်းစိန်အစိုးရဆီ ငွေမည်းတွေ ပြိုဝင်လာခဲ့ပြီး ဒီငွေမည်းတွေကို ဈေးကစားသူတွေက တိုင်းပြည်ထဲက ဒေါ်လာပိုက်ပြီး ပြန်ထွက်သွားချိန်မှာ တိုင်းပြည်စီးပွားရေးက အဖတ်ဆည်မရဘဲ ပြိုကျလာသလိုမျိုး လက်ရှိအစိုးရကလည်း ခဏတာ နာမည်ကောင်းရဖို့၊ ရေတိုစီးပွားရေး ချောင်လည်ပြီး ၂၀၂၀ မဲအာမခံချက်ရဖို့ ဒီလိုငွေမည်းတွေ ဖွင့်ပေးမယ်၊ အိမ်ခြံမြေ လက်ဝါးကြီးအုပ် ဈေးကစားခွင့်ပေးမယ်။ အာရှဒေသက မူးယစ်ရာဇာတွေရဲ့ ငွေတွေကို ခဝါချခွင့် ပြုလိုက်မယ်ဆိုရင် အမှားကြီး မှားသွားပါလိမ့်မယ်။ ခဏတာ ရေတိုကုထုံးဟာ တိုင်းပြည်စီးပွားရေးကို ဇောက်ထိုး ထပ်ဆွဲချသွားပါလိမ့်မယ်။

အနှစ်ချုပ် ပြောရမယ်ဆိုရင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ပုဒ်မ ၂၅ ဟာ

■ ၁။ ခရိုနီ၊ စစ်ဗိုလ်ချုပ်ဟောင်း၊ လာဘ်စားခဲ့သူ အရာရှိ၊ တရုတ်၊ “ဝ”၊ လက်နက်ကိုင်တွေနဲ့ မူးယစ်ရာဇာတွေပဲ အကျိုးရှိသွားမှာ ဖြစ်ပြီးတော့၊ ငွေမည်းခဝါချခွင့် ပေးလိုက်တာဟာ တရားဥပဒေကြောင်း အရလည်း အစိုးရကိုယ်တိုင်က ဥပဒေကို ကျော်လွန်ချိုးဖောက်သလို ဖြစ်နေပါတယ်။

■ ၂။ အခွန်မူဝါဒတွေနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် မကြာခင် ကာလမှာ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာပြီးတော့ နဂိုကမှ တိုင်းပြည်စီးပွားရေး မပြေလည်လို့ ပြည်သူလူထုက ကျပ်တည်းနေတဲ့ အချိန်မှာ ဒီငွေမည်းခဝါချတဲ့ ဥပဒေက ဆင်းရဲတွင်းနက်နေတဲ့ ကျောမွဲပြည်သူတွေကို ပိုပြီးတော့ ဖိစီးလာစေပါမယ်။

■ ၃။ အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတွေရဲ့ ဘဝကို ပျက်စီးသွားစေပြီးတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ မြန်မာနိုင်ငံ စတင်ပါဝင်လာရမယ့် အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် ဘဏ်တိုးနှုန်း လျှော့ချပါ အော်နေတဲ့ SME တွေကို အသေသတ်သလို ဖြစ်စေပြီး လက်ရှိ လျှော့ချထားတဲ့ ကိုးရာခိုင်နှုန်းဆိုတဲ့ ဘဏ်တိုးနှုန်းဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ သုံးဆလောက် မြင့်နေသေးတာကြောင့် ပြည်တွင်း SME တွေပြိုလဲသွားနိုင်ပါတယ်။

■ ၄။ ဒီငွေမည်းခဝါချတဲ့ ဥပဒေသာ အတည်ဖြစ်သွားရင် ဘဏ်မှာအပ်ထားတဲ့ ငွေကျပ်ဘီလျံ ၂၇၀၀၀ ကိုထုတ်ပြီး အိမ်ခြံမြေမှာ ဝင်မြှုပ်နှံဖို့ ပြင်လာမှာတွေကြောင့် ဘဏ်မှာ ငွေအပ်နှံသူတွေကို မက်လုံးပေးဖို့ အခြေအနေ ဖြစ်လာမှာကြောင့် ဘဏ်တိုးနှုန်းလျှော့ချဖို့ ဆိုတာထက် ဘဏ်တိုးနှုန်းမြှင့်ရမယ့် အခြေအနေကို ရောက်သွားစေပါမယ်။

■ ၅။ တရုတ်က လာမယ့်ငွေမည်းတွေကို ဘယ်လိုမှ မယှဉ်ပြိုင်နိုင်တော့ဘဲ မြန်မာ့စီးပွားရေး ပြိုကျသွားပါမယ်။

■ ၆။ မတန်တဆ ဈေးတက်သွားတဲ့ မြေဈေးတွေကြောင့် နဂိုကမှ အိမ်ခြံမြေပိုင်ဆိုင် ဝယ်ယူနိုင်မှုမရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ ဆင်းရဲတွင်းထဲက တက်နိုင်မှာ မဟုတ်သလို မူးယစ်ဆေးဝါးက ရတဲ့ငွေကြေးတွေဟာ မြန်မာပြည် ငွေကြေးဈေးကွက်မှာ အလုံးအရင်းနဲ့ စီးဆင်းနေတယ်ဆိုရင် ငွေမည်းတွေကို ခဝါချခွင့်ပေးတဲ့ အစိုးရအဖြစ် မူးယစ်ဆေးဝါးက ရတဲ့ငွေကို အားပေးတဲ့ အစိုးရအဖြစ် နိုင်ငံတကာမှာ နာမည်ပျက်နိုင်သလို ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ဟာလည်း အဖတ်ဆည်မရအောင်ကို ဂုဏ်သိက္ခာ ယိုယွင်းသွားပါလိမ့်မယ်။

■ ၇။ ရခိုင်ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းက အကြမ်းဖက် ထောက်ပံ့ငွေတွေ စီးဝင်လာမယ့် အခြေအနေမျိုးမှာ ဒီလိုငွေမည်းခဝါချခွင့် ပေးလိုက်တာဟာ တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးကိုပါ ပျက်ပြားစေမှာ ဖြစ်ပြီးတော့ ရခိုင်ပဋိပက္ခကို ပိုမိုဆိုးရွားစေမယ့် အခြေအနေဆီ တွန်းပို့ပါလိမ့်မယ်။ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်သလို ငြိမ်းချမ်းရေးလည်း ပျက်ပြားသွားစေနိုင်တဲ့ အဖြစ်ဆိုးတွေအထိ ကြုံလာရနိုင်တာမို့ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမယ့် ဒီအခွန်ဥပဒေကြမ်းကို မလွဲမသွေ၊ မဖြစ်မနေ ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။

မြန်မာနိုင်ငံနဲ့ အစိုးရဟာ မူးယစ်ဆေးဝါးကရတဲ့ ငွေတွေ ငွေမည်းခဝါချခွင့် ပြုနေတယ်ဆိုတာမျိုး မဖြစ်ဖို့၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေက အကြမ်းဖက် ထောက်ပံ့ငွေတွေ အလွယ်တကူ ခဝါချလို့မရဖို့၊ တရားဝင် အခွန်ထမ်းနေတဲ့ ပြည်သူ ၁၁ သန်းကျော်ကို “ငတုံး၊ ငအ” စာရင်းသွင်းပြီး မင်းတို့ အခွန်မထမ်းသင့်တော့ဘူးဆိုတဲ့ အခြေအနေဆိုးမျိုး မဖြစ်ဖို့ တိုင်းပြည်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပိုများလာပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်ဖို့၊ ရခိုင်ပဋိပက္ခကို ငွေမည်းခဝါချမှု ဥပဒေကြမ်းနဲ့ လောင်စာမတိုက်မိဖို့ နဲ့ ခဏတာ စီးပွားရေး ကောင်းမွန်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည်ကို ရေရှည်ဒုက္ခ မရောက်စေဖို့အတွက် ဒီအခွန်ဥပဒေကြမ်း သုံးရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းကို လွှတ်တော်က ပြင်ဆင်ပယ်ဖျက်ပေးပါလို့ တိုက်တွန်းလိုသလို ပြည်သူလူထုကလည်း တခဲနက် ကန့်ကွက်ဖို့ လိုအပ်နေပြီး ဒီဥပဒေကြမ်းက ပုဒ်မ ၂၅ သာ အတည်ဖြစ်သွားမယ် ဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံးဟာ အဖတ်ဆည်မရတဲ့ အခြေအနေဆိုး တစ်ရပ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်လို့ ကြိုတင် အသိပေးလိုပါတယ်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ရငွေနှင့် အခွန်နှင့် ဂျီဒီပီအချိုး နှိုင်းယှဉ်ဖော်ပြမှု

ဘဏ္ဍာရေးနှစ် အခွန်ရငွေ (ကျပ်/ဘီလျံ) အခွန်နှင့် ဂျီဒီပီအချိုး
၂၀၁၁-၂၀၁၂ ၁၆၉၃ ၃.၈
၂၀၁၂-၂၀၁၃ ၃၃၇၂ ၆.၅
၂၀၁၃-၂၀၁၄ ၄၄၅၁ ၇.၉
၂၀၁၄-၂၀၁၅ ၆၅၁၈ ၁၀
၂၀၁၅-၂၀၁၆ ၆၃၁၄ ၈.၇
၂၀၁၆-၂၀၁၇ ၇၁၂၂ ၈.၅
၂၀၁၇-၂၀၁၈ ၇၅၄၆ ၈.၃

ကိုးကား - စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

Most Read

Most Recent