ဝန်ကြီးဌာနတွေရဲ့ သီးသန့်ငွေစာရင်း၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးနဲ့ ဖက်ဒရယ်စနစ်အခြေပြု ပြည်နယ်နဲ့ တိုင်းဒေသကြီးစီမံကိန်း

ဝန်ကြီးဌာနတွေရဲ့ သီးသန့်ငွေစာရင်း၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးနဲ့ ဖက်ဒရယ်စနစ်အခြေပြု ပြည်နယ်နဲ့ တိုင်းဒေသကြီးစီမံကိန်း
Published 18 February 2018

ရန်ကုန်မြို့ ဈေးကြီးတစ်ခုတွင် ရောင်းချနေသော ရေထွက်ကုန်အရောင်းဆိုင်မြင်ကွင်း

အမေရိကန် ထုတ်ကုန်တစ်ခုဖြစ်တဲ့ ကိုကာကိုလာဟာ အခုရက်ပိုင်းမှာ ဝန်ထမ်း ၂၁၀ ကို လျှော့ချဖို့ ကြိုးပမ်းခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ်တွေကနေ မြန်မာ့တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့ဖို့အတွက် ဥပဒေကြမ်းကို အတည်ပြုခဲ့တဲ့ အခြေအနေအပြင် မြန်မာ့ကျောက်မျက်ရတနာဆိုင်ရာ ပိတ်ပင်မှု ဥပဒေကို ပြန်လည်ပြဋ္ဌာန်းဖို့ ခြေလှမ်းပြင်နေစဉ်မှာ အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ သူတို့နဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းတွေရဲ့ အလှုပ်အခတ်တွေကို မြင်လာရတာဟာ စီးပွားရေးပိတ်ဆို့မှု တစ်ကျော့ပြန်လာတာကြောင့်များလားလို့ တွေးထင်စရာဖြစ်လာနေတဲ့ အခြေအနေမှာပဲ EU က မြန်မာနိုင်ငံကို ပြန်ပေးထားတဲ့ ကုန်သွယ်ရေးအထူးခံစားခွင့် GSP ကို ပြန်လည်ရုပ်သိမ်းမယ်ဆိုတဲ့ အသံလှုပ်ခတ်လာတာဟာ ယိုင်နဲ့နဲ့ မြန်မာ့စီးပွားရေးကို ထိုးချဖို့ပဲ ဖြစ်ပါတယ် လို့ဆိုနိုင်မယ့် အခြေအနေဖြစ် ပေါ်လာစေပါတယ်။

အခြားတစ်ဖက်မှာဆိုရင်လည်း ရခိုင်အရေးနဲ့အတူ ဆီးသီးဗန်းမှောက် ဘတ်ဂျက်ဂယက်ဟာ အရှိန်ပြင်းပြင်းနဲ့ ဆက်လိမ့်နေသလား ထင်ရလောက်အောင် ဝန်ကြီးဌာနအချို့က ဆောက်လုပ်ဖို့မြေနေရာမရှိဘဲ စီမံကိန်းမှာ ထည့်သွင်းရေးဆွဲပြီး ဘတ်ဂျက်တွေ တောင်းခံတယ်။

နောက်ပိုင်းမှာ ခေါင်းစဉ်လွှဲပြောင်း သုံးစွဲတယ်ဆိုတာမျိုး ဖြစ်လာနေပြီဆိုတဲ့ အခြေအနေမျိုးတွေအကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်ကိုအစီရင်ခံခဲ့တာကြောင့် ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်တွေကို ကဏ္ဍအလိုက်စိစစ်ရတဲ့ သက်ဆိုင်ရာလွှတ်တော်ကော်မတီတွေရဲ့ အားနည်းချက်တွေကလည်း ပေါ်လွင်လာခဲ့ပါတယ်။

ရခိုင်ပဋိပက္ခကြောင့် ပြည်ပအရေးက တစ်ဖက်၊ ပြည်တွင်းက အခြေအနေတွေက တစ်ဖက်နဲ့ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်ပြီး ဆန်စင်ရာ ကျည်ပွေ့လိုက်နေရတဲ့အကြားမှာ လွှတ်တော်ကို လုံးဝတင်ပြခြင်းမရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေကလည်း လှုပ်ခတ်မှုဂယက် ရှိနေခဲ့ပြန်ပါတယ်။

ဒီလိုအခြေအနေတွေနဲ့ ကြုံနေရတဲ့ ဒီရက်သတ္တပတ်မှာ စီးပွားရေး သုံးသပ်ချက်အဖြစ် ဝန်ကြီးဌာနတွေရဲ့ ကိုယ်ပိုင်ရန်ပုံငွေအဖြစ် ရှိနေပေမယ့် တိုင်းပြည်ဆီကို စီးဝင်မလာတဲ့ ဝန်ကြီးဌာနတွေရဲ့ သီးသန့်ငွေစာရင်းက ကျပ်ဘီလျံ ၁၁၅၇၆ ကျော်အထိရှိနေတာ၊ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးတွေမှာ ကြုံလာရတဲ့ အခြေအနေနဲ့ ဖက်ဒရယ်စနစ်အခြေပြုတဲ့ စီမံကိန်းတွေဖြစ်လာဖို့အတွက် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက စီမံကိန်းတွေ ဦးဆောင်ရေးဆွဲဖို့ဆိုတဲ့ အခြေအနေတွေကို တင်ပြလိုပါတယ်။

နိုင်ငံဘဏ္ဍာဆီ စီးဝင်လာမှုမရှိတဲ့ အရှုံးပေါ်နေတဲ့ ဝန်ကြီးဌာနတွေရဲ့ ကိုယ်ပိုင်ရန်ပုံငွေ

နိုင်ငံဘဏ္ဍာဆီ ဝင်ရောက်လာခြင်း မရှိပေမယ့် ဝန်ကြီးဌာနတွေရဲ့ ပိုင်ဆိုင်မှုအဖြစ်ရှိနေတဲ့ ဝန်ကြီးဌာနတွေရဲ့ သီးသန့်ငွေစာရင်း Others Account မှာ ကျပ်ဘီလျံ ၁၁၅၇၆ ကျော်အထိရှိနေပြီး ဒီလိုကိုယ်ပိုင် ငွေစာရင်းရှိနေတဲ့ ဌာနတွေဟာ စီမံကိန်းတွေ လုပ်နေရင်း အရှုံးပြနေတဲ့ဌာနတွေ ဖြစ်နေတာကိုလည်း အံ့သြစရာ တွေ့မြင်ရပါတယ်။ နှစ်စဉ် အရှုံးပေါ်နေတဲ့ ဝန်ကြီးဌာနတွေရဲ့ ပိုင်ဆိုင်မှုတွေဟာ ဘယ်လောက်အထိတောင် များနေပြီလဲဆိုရင် မြန်မာတစ်နိုင်ငံလုံးက စီမံကိန်းတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားတဲ့၊ ဝန်ထမ်းလစာတွေပါဝင်တဲ့ နိုင်ငံ့အသုံးစရိတ်ဖြစ်တဲ့ ၂၀၁၈ ဘဏ္ဍာနှစ်ကာ လတို ခြောက်လတာအသုံးစရိတ် ကျပ် ၁၀၅၄၇ ဘီလျံကျော်ထက်ကို ကျပ် ၁၀၂၉ ဘီလျံကျော် ပိုများနေတာကို တွေ့ရပါတယ်။

ဘတ်ဂျက်မှာအရှုံးပြပြီး ကိုယ်ပိုင်သီးသန့်ငွေစာရင်းနဲ့ ရပ်တည်နေတဲ့ ဝန်ကြီးဌာနတွေမှာဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ကျပ် ၃၃ ဒသမ ၉ ဘီလျံကျော်အထိ ပိုင်ဆိုင်ထားပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက ကျပ် ၂၃၀၅ ဘီ လျံကျော်အထိ ပိုင်ဆိုင်ထားပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ကျပ်သန်းပေါင်း ၁၅၀၀၀၀ ကျော်အထိ အရှုံးပေါ်ခဲ့တဲ့ စက်မှုဝန်ကြီးဌာန လက်အောက်က အမှတ် (၁)၊ (၂)၊ (၃) အကြီးစား စက်မှုလုပ်ငန်းတွေနဲ့ မြန်မာ့ဆေးဝါးလုပ်ငန်းက ကျပ် ၂၁၂ ဘီလျံကျော်အထိ Others Account မှာရှိနေပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှာ ကျပ် ၂၆၀၃ ဘီလျံကျော်အထိ ရှိနေပါတယ်။ ဒါ့အပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှာဆိုရင်လည်း ကျပ် ၆၃၃၆ ဘီလျံကျော်အထိ ရှိနေပါတယ်။ ဒီစာရင်းဟာ ပြည်ထောင်စုဘဏ္ဍာငွေ ရန်ပုံငွေအတွင်းက ဆောင်ရွက်နေတဲ့ စာရင်းဖြစ်နေပြီးတော့  ဘဏ္ဍာငွေပြင်ပက ဆောင်ရွက်နေတဲ့ စာရင်းမှာဆိုရင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကျပ် ၂၇ ဘီလျံကျော် ရှိနေပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်ကပဲ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှာ ကျပ် ၄၂ ဘီလျံကျော်နဲ့ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းမှာ ၁၆ ဘီလျံကျော်အထိ ရှိနေပါတယ်။

လက်ရှိအစိုးရ တက်လာချိန်ကစပြီးတော့ ဝန်ကြီးဌာနတွေရဲ့ သီးသန့်ငွေစာရင်းတွေ နိုင်ငံ့ဘဏ္ဍာ ဆီကိုပြန်ပြီးတော့ဝင်လာအောင် ဘယ်လိုလုပ်မလဲဆိုတာ အဖြေရှာခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်အထိတော့ အဖြေရှာတွေ့သေးပုံမပေါ်ဘဲ ဝန်ကြီးဌာနတွေကရှုံးရင် နိုင်ငံတော်ကကျခံ၊ ရလာတဲ့ ဝင်ငွေနဲ့ အမြတ်ကျတော့ ဝန်ကြီးဌာနတွေရဲ့ Others Account ဆီ စာရင်းဝင်တယ်ဆိုတဲ့ အခြေအနေဟာ မြန်မာနိုင်ငံလို ဘတ်ဂျက်လိုငွေများလွန်းနေတဲ့ နိုင်ငံတစ်ခုအတွက်တော့ အမြန်ဆုံး အဖြေရှာပါလို့ပဲ တိုက်တွန်းရမှာ ဖြစ်ပါတယ်။

 

စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး

တရုတ်နိုင်ငံရဲ့ အဆင့်မမီစားသုံးကုန်တွေ၊ ဘယ်က ထုတ်လုပ်နေတယ်၊ ဘယ်လိုအချိန်မှာ သက်တမ်းကုန်မယ်ဆိုတာ မသိရတဲ့ ပြည်တွင်းထုတ်ကုန်တွေ၊ မြန်မာနိုင်ငံဆီ ဝင်လာပေမယ့် မြန်မာနိုင်ငံသားတွေ နားလည်နိုင်စွမ်းဝေးကွာတဲ့ ထိုင်း၊ အိန္ဒိယနိုင်ငံက ဘာသာစကားတွေနဲ့ ထုတ်ကုန်တွေနဲ့ ရှင်သန်နေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်မျိုးသားလုံး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အစားအသောက်ဆိုင်ရာ၊ ဝယ်ယူစားသုံးတဲ့ ပြည်သူတွေကို အကာအကွယ်ပေးရေးဆိုင်ရာဟာ မြန်မာနိုင်ငံဟာ စတင်အသက်ဝင်လာပြီလားလို့ မဝံ့မရဲ မျှော်လင့်ရမယ့် ရောင်နီသန်းလာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ထွက်လာခဲ့တဲ့ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေဟာ မြန်မာနိုင်ငံမှာ လူမသိ သူမသိရေးဆွဲပြီး ထုတ်ပြန်မှ ပြည်သူတွေသိရတဲ့ ဥပဒေအတိုင်းအားနည်းချက်တွေ၊ ကန့်ကွက်မှုတွေနဲ့ကြောင့် အသစ်ပြန်လည်ရေးဆွဲနေရလို့ လုပ်ငန်းတွင်ကျယ်မှု မရှိပေမယ့် လေးနှစ်အကြာမှာတော့ စားသုံးသူရေးရာဦးစီးဌာနက လှုပ်ရှားမှုတွေ ရှိလာတာကြောင့် ပြည်သူတွေက လက်ရှိကြုံနေရတဲ့ စားသုံးသူ အငြင်းပွားမှုဆိုင်ရာ အခြေအနေတွေကို တိုင်ကြားလာခဲ့ပြီဖြစ်ပြီး လက်ရှိလှုပ်ခတ်မှုအစဟာဆိုရင် Forever Group နဲ့ ပြင်သစ်အခြေစိုက်ရုပ်သံ ကုမ္ပဏီ Canal + Group ပူးပေါင်းပြီးတော့ Canal + Myanmar FG အခပေးရုပ်သံလိုင်းအဖြစ် ပြောင်းလဲထုတ်လွှင့်ရာမှာ  ပြည်သူတွေကို ကြိုတင်အသိပေးမှုမရှိဘဲ မူရင်းရုပ်သံလိုင်းတွေ မပြသတော့တာ၊ လိုင်းပြတ်တောက်တာ စတဲ့အခြေအနေတွေ ကြုံခဲ့ရတာကြောင့် ပြည်သူတွေက နှစ်ခြိုက်မှုမရှိဘဲ တိုင်ကြားမှုတွေ ပိုများလာခဲ့တာမြင်ရသလို စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဆီကို ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတွေ၊ ရုပ်သံလိုင်းဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ရောင်းချပြီးပစ္စည်းအပေါ် အာမခံချက်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိတာကြောင့် တိုင်ကြားမှုတွေ အရင်ကထက် ပိုမိုများပြားလာတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ စားသုံးသူအကာအကွယ်ပေးရေးဟာ အခုအချိန်မှ စလုံးရေးစနေဆဲ ဖြစ်ပါတယ်။ ဒီလို စတင်မှု အရှိန်အဟုန်ပိုကောင်းဖို့ စားသုံးသူရေးရာဦး စီးဌာနအနေနဲ့ ဆက်လက်ကြိုးပမ်းပါဦးလို့ပဲ ပြောရမှာဖြစ်ပါတယ်။

“တိုင်ကြားစာတွေအရအရင်ကတော့ အစားအသောက်တွေပဲများတယ်။ ဘာလို့ လဲဆိုတော့ စားသုံးသူ ကာကွယ်ရေးဆိုတော့လည်း အစားအသောက်ကိုပဲ ပြေးမြင်ကြလို့ပါ။ တကယ်က ကုန်စည်တွေရော၊ ဝန်ဆောင်မှုတွေရော ပါပါတယ်။ အဓိက က မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုကဏ္ဍမှာ လစ်ဟာနေတဲ့အတွက် စားသုံးသူ ရေးရာဌာနက ဝန်ဆောင်မှုနဲ့ပတ်သက်လို့ စားသုံးသူတွေ စိတ်ကျေနပ်မှုမဖြစ်ရင်၊ နစ်နာတယ်ထင်ရင် တိုင်ကြားတာတွေ ဖြေရှင်းပေးတယ်။ ဥပမာ-ပစ္စည်းတစ်ခုကို အာမခံပေးတာမျိုးပေါ့။ ရောင်းတုန်းကတော့ ဘယ်လိုဆောင်ရွက်ပေးမယ်၊ ဘာညာပြောပြီး တကယ်လက်တွေ့မှာ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ဆီမှာ တိုင်ကြားလို့ရတယ်။ ဥပဒေအရ အရေးယူလို့ရပါတယ်။ အခုနောက်ပိုင်းမှာ ဝန်ဆောင်မှုအပိုင်းတွေကို မကျေနပ်လို့ တိုင်တာတွေများလာတယ်။ ဥပမာ-ခရီးသွားတယ်။ မူလသူ့မှာပါတဲ့ ကြေညာထားတဲ့ ဝန်ဆောင်မှုကတစ်မျိုး၊ လက်တွေ့ကိုယ်သွားတဲ့အခါမှာ ဝန်ဆောင်မှုက ပြောင်းသွားတာမျိုး တွေပေါ့။ ကားအသစ်ဆိုပြီး ပြောတယ်ပို့တော့ အဟောင်းနဲ့ပို့တာ မျိုးတွေပေါ့။ ကျွန်တော်တို့ဌာနကို တိုင်ကြားလာလို့ရှိရင် ဖြေရှင်းပေးတာကျတော့ ၂၀၁၄ ခုနှစ် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေအရ ဖြေရှင်းပေးပါတယ်။ တိုင်ကြားမှု ခိုင်လုံတယ်ဆိုရင် သတိပေးတာ၊ ပြင်းထန်စွာ သတိပေးတာ၊ ပြန်လည်ပေးလျော်ခိုင်းတာ၊ လုပ်ငန်းကို ခေတ္တရပ်ဆိုင်းတာ၊ နောက်တစ်ခု အမြဲတမ်း ရပ်ဆိုင်းဖို့လိုတယ်ဆိုရင် သက်ဆိုင်ရာဌာနနဲ့ ညှိနှိုင်းလုပ်ဆောင်တာမျိုးတွေလည်း ရှိပါတယ်”ဟု စားသုံးသူ ရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောပါတယ်။

 

ဖက်ဒရယ်စနစ်အခြေပြုဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ရေးဆွဲရမယ့်စီမံကိန်း

အရင်တုန်းက စီမံကိန်းတွေရေးဆွဲ အကောင်အထည်ဖော်ရာမှာ ဗဟိုကရေးဆွဲပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာက လက်ရှိအချိန်မှာ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့  ပြည်နယ်အစိုးရတွေက ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍက ဦးဆောင်ရေးဆွဲနိုင်မှပဲ ဖက်ဒရယ်စနစ်ကို အခြပြုတဲ့ စီမံကိန်းတွေဖြစ်ပေါ်လာမှာ ဖြစ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဆိုပါတယ်။

ဆီးသီးဗန်းမှောက်ဘတ်ဂျက်ဆိုတဲ့ အခြေအနေတွေရှိနေသလို တိုင်းပြည်က အမြဲလိုစိုက်ထုတ်ပေးနေရတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ ဘတ်ဂျက်လိုငွေ အခြေအနေတွေကလည်း ဗဟိုကချပေးတဲ့ စီမံကိန်းတွေနဲ့ လက်တွေ့မကျတဲ့ သဘောတွေမြင်နေရတာဖြစ်လို့ ဖက်ဒရယ်စနစ်ကို အခြေပြုတဲ့ စီမံကိန်းတွေ ပိုမိုအောင်မြင်ဖို့ဆိုရင် ပြည်ထောင်စုအဆင့် စီးပွားရေးမူဝါဒ ၁၂ ချက်နဲ့ ချိတ်ဆက်နိုင်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် စီးပွားရေး မူဝါဒတွေရေးဆွဲပြီး တစ်ဖက်တစ်လမ်းက လုပ်ဆောင်မှလည်း ဖက်ဒရယ်စနစ်နဲ့ ချိတ်ဆက်နိုင်မယ့် စီးပွားရေးစီမံကိန်းတွေ ဖြစ်လာရေးလမ်းစ ပိုမိုပီပြင်လာမှာပါလို့ တင်ပြရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent