ကြုံရဆုံရ ဘုံဘ၀၀ယ်

ကြုံရဆုံရ ဘုံဘ၀၀ယ်
Published 18 February 2018

Les Miserables ရုပ်ရှင်ဇာတ်ကားပိုစတာ

ကမ္ဘာပေါ်မှာရှိတဲ့ ဂန္ထဝင်ဝတ္ထုကြီးတွေကို လေ့လာကြည့်လိုက်ရင် လူသားတွေရဲ့ စိတ်နေသဘောထားတွေကိုပဲ အခြေခံပြီးရေးဖွဲ့ ထားခဲ့ကြတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ရုရှား၊ ပြင်သစ်၊ ဂျာမနီ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတွေက ကျော်ကြားတဲ့ ဝတ္ထုကြီးတွေကတော့ စစ်ကို အခြေခံပြီးရေးဖွဲ့ခဲ့ကြတာ များပါတယ်။ အဲဒီအထဲက ၁၈၆၂ ခုနှစ်မှာ ပြင်သစ်စာရေး ဆရာကြီး ‘ဗစ်တာဟူးဂိုး’ (ပြင်သစ်အသံထွက်။ ဗိတားလီဂို) Victor Hugo (၁၈၀၂-၁၈၈၅) ရေးခဲ့တဲ့ Les Miserables ‘စိတ်မချမ်းမြေ့ စရာများ’ ဆိုတဲ့ ဝတ္ထုဟာလည်း ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေကို နောက်ခံထားခဲ့တာပါပဲ။ ဒါပေမဲ့သူဟာ တကယ်ဖြစ်ခဲ့တဲ့စစ်ပွဲတွေ အဓိကရုဏ်းတွေကို ဈာန်ဝင်စားပြီး စိတ်ကူးယဉ် အဓိကရုဏ်းတွေ ဆန္ဒပြပွဲတွေကို ဝတ္ထုထဲမှာ ဖန်တီးပြီး ရေးဖွဲ့ခဲ့တာမို့ ထူးခြားနေပါတယ်။ သူရေးခဲ့တဲ့ အဲဒီဝတ္ထုရဲ့ ဇာတ်လမ်းအကျဉ်းကို မျှဝေလိုက်ရပါတယ်။

‘ရွှန်းဗယ်လ်ရွှန်’ Hugh Jackman ဆိုတဲ့ ပြင်သစ်လူမျိုးတစ်ယောက်ဟာ ငတ်နေတဲ့သူ့ နှမရဲ့ ကလေးတွေကိုကျွေးဖို့ ပေါင်မုန့်တစ်လုံးကိုခိုးတာ လူမိသွားလို့ ပြင်သစ်နိုင်ငံတောင်ပိုင်း မြေထဲပင်လယ်ကမ်းခြေတစ်နေရာ ‘ဝတူလွန်’ မြို့အကျဉ်းထောင်ထဲမှာ ထောင်ငါးနှစ်ကျသွားပါတယ်။ သူဟာ အကြိမ်ကြိမ်ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် ငါးနှစ်နဲ့မလွတ်တော့ဘဲ ထောင်ထဲမှာ စုစုပေါင်း ၁၉ နှစ်ထိ စံမြန်းခဲ့ရပြီး ၁၈၁၅ ခုနှစ်ကျမှ ခံဝန်ချက်နဲ့ လွတ်လာခဲ့ပါတယ်။ ဒီခံဝန်ချက်ဆိုတာကြီးကလည်း အတော်ဒုက္ခပေးပါတယ်။ မှတ်ပုံတင်နဲ့ အလားသဏ္ဌာန်တူတဲ့ အဝါရောင်နိုင်ငံ ကူးလက်မှတ် Yellow Passport ကို ကိုင်ရပါတယ်။ အဲဒီစာအုပ်ထဲမှာ ဒီလူဟာ ထောင်ထွက်ဖြစ်တယ်။ သူ့ကိုဘယ်နေရာတွေမသွားဖို့ ဘာတွေမလုပ်ဖို့ ကန့်သတ်ထားတယ် စသဖြင့် ရေးထားပါတယ်။ ဒါ့ကြောင့် ဒီစာအုပ်ကြောင့် အလုပ်ရှာရ အလွန်ခက်တာကြောင့် ရွှန်းဟာထမင်းဝအောင် စားနိုင်ဖို့လောက်တောင် အင်မတန် ရုန်းကန်ရပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မလို့ ဘုန်းတော်ကြီးတစ်ပါးက သူ့ကျောင်းမှာ ခိုလှုံခွင့်ပေးခဲ့တဲ့အတွက် နေစရာ စားစရာမပူခဲ့ရပါဘူး။ ဒါပေမဲ့ ဘဝအာမခံချက်တစ်ခုရအောင်  အရင်းအနှီးတစ်ခုလုပ်ဖို့ ဘုန်းတော်ကြီးရဲ့ ငွေဒင်္ဂါးတစ်ပြားကို ရွှန်းခိုးယူခဲ့မိပါတယ်။ ဒါပေမဲ့ ဘဝကံအကျိုးပေးက မကောင်းပြန်တော့ ငွေဒင်္ဂါးခိုးတာကို ရဲကသိသွားတဲ့အတွက် သူ့ကိုဖမ်းပြီး ဘုန်းတော်ကြီးကျောင်းကို ပြန်လာအပ်ကြပါတယ်။ အဲဒီအခါမှာ ဘုန်းတော်ကြီးက ငွေဒင်္ဂါးပြားကို ရွှန်းခိုးယူသွားတာ မဟုတ်တဲ့အကြောင်း သူဆင်းဆင်းရဲရဲ နေရတဲ့ဘဝက လွတ်မြောက်အောင် လုပ်ကိုင်စားဖို့ တမင်ပေးကမ်းစွန့်ကြဲခဲ့တာ သာဖြစ်ကြောင်း ဘုန်းတော်ကြီးက ရဲတွေကို ပြောပြလိုက်လို့ ရွှန်းအံ့သြဝမ်းသာခဲ့ရပါ တယ်။ ဒါ့အပြင် ဘုန်းတော်ကြီးက ရွှန်းဘုန်းတော်ကြီးကျောင်းက မပြန်ခင်မှာ ဖယောင်းတိုင်ထွန်းဖို့ ငွေသားနဲ့ထုဆစ်ထားတဲ့ အောက်ခံတိုင်နှစ်တိုင်ကိုလည်း ရောင်းစားလို့ရအောင် သူ့ကိုပေးလိုက်ပါသေးတယ်။

နောက်တော့ ရွှန်းဟာဆင်းရဲနုံချာလှတဲ့ ဘဝကလွတ်မြောက်အောင် ကြံစည်အားထုတ်ရင်းနဲ့ ထောင်ကိုပေးခဲ့တဲ့ ခံဝန်ကတိတွေအား လုံးနီးပါးကို ချိုးဖောက်မိပါတယ်။ ဒီလိုမှ မလုပ်ရင်လည်း ချမ်းသာဖို့ လွယ်မှမလွယ်တော့ဘဲဟာကိုး။ ဒါပေမဲ့ ဒီလိုလုပ်ခဲ့တဲ့အတွက် နောင်ရှစ်နှစ်ကြာတဲ့အခါ ပြင်သစ်နိုင်ငံမြောက်ပိုင်း အတ္တလန်တိတ်ကမ်းခြေတစ်နေရာက ‘မွန်ထ ရီးယူး’ ဆိုတဲ့မြို့ရဲ့ မြို့တော်ဝန်ဖြစ်လာရုံမက အဲဒီမြို့က စက်ရုံတစ်ရုံရဲ့ ပိုင်ရှင်တစ်ဦးလည်း ဖြစ်လာလို့ ကံကောင်းလာတယ်လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်ပြန်တော့ တူလွန်အကျဉ်းထောင်မှာ ထောင်တာဝန်ကျရဲအဖြစ်နဲ့ သူ့ကိုနှိပ်စက်ခဲ့တဲ့ ‘ရှက်ဗတ်’ Russell Crowe ဆိုတဲ့ရဲဟာ မွန်ထရီယူးရဲ့ မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့ရောက်ရှိလာပြန်ပါတယ်။ အကင်းပါးတဲ့ ရှက်ဗတ်ဟာ လူတစ်ယောက် လှည်းပိနေလို့ လှည်းကိုမပြီး အဲဒီလူရဲ့ အသက်ကိုကယ်နေတဲ့ ရွှန်းဟာ သူသိခဲ့ဖူးတဲ့ ရွှန်းပဲဖြစ်ရမယ်လို့ ထင်နေမိပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီလောက်လေးတဲ့ လှည်းလိုဟာမျိုးကို မနိုင်တဲ့ သူဟာ တူလွန်အကျဉ်းထောင်မှာ သူတွေ့ခဲ့ဖူးတဲ့ ရွှန်းတစ်ယောက်ကလွဲပြီး လူ့ပြည်မှာ ဘယ်သူမှ မရှိနိုင် ဘူးလို့ သူယုံကြည်ထားတဲ့ အတွက်ကြောင့်ပါပဲ။ ဒါ့ကြောင့် ထောင်ခံဝန်ကတိတွေကို ဖောက်ဖျက်ထားတဲ့ ရွှန်းကိုရအောင်ဖမ်းမယ်လို့ ရှက်ဗတ်က ဆုံးဖြတ်လိုက်ပါတယ်။

ရွှန်းပိုင်တဲ့စက်ရုံမှာ ‘ဖန်တိန်း’ Anne Hathaway ဆိုတဲ့ အလုပ်သမလေး တစ်ယောက်ရှိပါတယ်။ ဖန်တိန်းဟာ တစ်ချိန်က ပဲရစ်မှာ လူငယ်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီး “ကောဆက်ဆို” တဲ့ သမီးလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ သမီးကောဆက်အတွက် ဖခင်ဖြစ်သူက ဘာမှတာဝန်မယူတဲ့အတွက် ဖန်တိန်းဟာ မွန်ထရီယူးကို ပြောင်းလာပြီး ခြောက်နှစ်အရွယ်သမီးလေးကို အဲဒီမြို့က ထမင်းဆိုင်ပိုင်ရှင် ‘သင်နာဒီးယားစ်’ တို့ လင်မယားဆီမှာ အခကြေးငွေပေးပြီး စောင့်ရှောက်ဖို့ အပ်နှံထားပါတယ်။ ဖန်တိန်းဟာ စက်ရုံမှာ အလုပ်လုပ်လို့ရတဲ့ လုပ်ခငွေတွေကို သမီးလေးကို ကျွေးမွေးထားတဲ့ ထမင်းဆိုင်ပိုင်ရှင်လင် မယားဆီကို ပို့ပေးပါတယ်။ စက်ရုံက အလုပ်ကြပ်ကတော့ ကောဆက်ဟာ ဖန်တိန်းရဲ့ တရားဝင်သမီးဖြစ်ကြောင်း အထောက်အထားမပြနိုင်လို့ တရားမဝင်သမီးဆီကို ဒီလို ငွေပို့ပေးတာဟာ တရားမဝင်ဘူးဆိုပြီး ဖန်တိန်းကို စက်ရုံကနေ အလုပ်ထုတ်ပစ်လိုက်ပါတယ်။ ဒါ့ကြောင့် ဖန်တိန်းဟာ သမီးလေးဆီ ငွေဆက်ပို့ပေးနိုင်ဖို့ ခန္ဓာကိုယ်နဲ့ရင်းပြီး အသက်မွေးရသူတွေကျက်စားရာ ရပ်ကွက်ဆီကို ခြေဦးလှည့်ခဲ့ရပါတော့တယ်။ အဲဒီမှာ ဖောက်သည်တစ်ယောက်နဲ့ ပြဿနာဖြစ်ပြီး ဖောက်သည်ကိုပြန်လည်တိုက်ခိုက်လို့ ဖန်တိန်းဟာ ရဲအရာရှိ ရှက်ဗတ်ရဲ့ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ ဖန်တိန်းဟာ တစ်ချိန်က သူ့စက်ရုံက အလုပ်သမလေးမှန်း သိသွားတဲ့အတွက် ရွှန်းဟာဖန်တိန်းကို ကယ်တင်ပြီး ဆေးရုံကို ပို့ပေးလိုက်ပါတယ်။

အဲဒီအချိန်မှာ လူတစ်ယောက်ဟာ ရွှန်းလို့ အထင်ခံနေရလို့ အဖမ်းခံနေရတာကို ရွှန်းသိလိုက်ရပါတယ်။ အပြစ်မရှိတဲ့လူကို ကယ်တင်ဖို့ အဲဒီလူဟာ ရွှန်းမဟုတ်ကြောင်း တရားရုံးကို သွားလျှောက်ထားပြီး ဆေးရုံကို ရွှန်းပြန်လာခဲ့ပါတယ်။ ဆေးရုံမှာ သေအံ့ဆဲဆဲ ဖန်တိန်းကို သမီးလေးကောဆက်အတွက် စိတ်မပူဖို့နဲ့ သူတစ်သက်လုံး စောင့်ရှောက်သွားမှာဖြစ်ကြောင်း ရွှန်းကတိပေးအပြီးမှာ ရှက်ဗတ်ရောက်လာလို့ ထွက်ပြေးရပါတယ်။ နောက်ရွှန်းဟာ ကောဆက်ကိုသွားရှာပြီး ကောဆက်ကို စောင့်ထိန်းပေးခဲ့တဲ့ ထမင်းဆိုင်ပိုင်ရှင် သင်နာဒီးယားစ် လင်မယားဆီမှာ ကလေးစောင့်ထိန်းခတင်နေတဲ့ အကြွေးတွေကို ဆပ်လိုက်ပါတယ်။ အဲဒီမှာ ရှက်ဗတ်လိုက်လာပြန်လို့ ကောဆက်နဲ့အတူ သီလရှင်ကျောင်းထဲမှာ ဝင်ပုန်းနေရပါတယ်။ အဲဒီကျောင်းထဲမှာ ရောက်နေတဲ့ လှည်းပိလို့ သူကယ်ခဲ့ဖူးသူက ရွှန်းကို အကူအညီပေးလို့ အဆင်ပြေသွားပါတယ်။ နောင် ကိုးနှစ်ကြာတဲ့အခါပဲ ရစ်မြို့ရဲ့ အထင်ကရ ပရဟိတဒါန ရှင်ကြီးဖြစ်နေတဲ့ ရွှန်းဟာပဲရစ်က ဆင်းရဲသားတွေကို ရက်ရက်ရောရော ပေးကမ်းလှူဒါန်းနေတာကို တွေ့ကြရပါတယ်။ အဲဒီအချိန်မှာ ဆင်းရဲသား လူတန်းစားအပေါ်မှာ စာနာနားလည်တဲ့ တစ်ဦးတည်းသော ဗိုလ်ချုပ်ကြီး ‘လန်းမတ်’ ကွယ်လွန်သွားပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေဦးစီးတဲ့ ဆွေသဟာအေဘီစီ လူငယ်အသင်းဟာ လူထုကိုစည်းရုံးပြီး အာဏာရှင်စနစ်ကို တော်လှန်ကြပါတယ်။ အဲဒီအထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ‘မားရီးယပ်စ်’ ဆိုတဲ့လူ ရွယ်တစ်ဦးဟာ သင်းနားဒီးယားစ် ထမင်းဆိုင် ပိုင်ရှင်လင်မယားရဲ့သမီး ‘အင်ပိုနင်း’ ဆိုသူရဲ့ အကူအညီနဲ့ ကောဆက် Amanda Seyfride ကို တွေ့သွားပြီး နှစ်ဦးသား ချစ်ကြိုက်သွားကြပါတယ်။ အဲဒီအချိန်မှာ ရှက်ဗတ်က သူတို့ နောက်ကို လိုက်နေပြီဖြစ်လို့ ရှက်ဗတ်ရန်က လွတ်အောင်ရွှန်းဟာ ကောဆက်ကိုခေါ်ပြီး အင်္ဂလန်ကို ထွက်ပြေးသွားရပြန်ပါတယ်။ ကောဆက်ဟာ ပြင်သစ်က မထွက်ခွာခင်မှာ မားရီးယပ်စ်အတွက် စာတစ်စောင်ရေးပြီး အင်ပိုနင်းကိုပေးခဲ့ပေမယ့် မားရီးယပ်စ်ကို တစ်ဖက်သတ်ချစ်နေတဲ့ အင်ပိုနင်းက စာကိုမပေးဘဲ သိမ်းထားလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး လန်းမတ်ရဲ့ ဈာပနပွဲ ပြုလုပ်တဲ့နေ့မှာ အေဘီစီကျောင်းသား အရေးအခင်းကြီး ဖြစ်ပွားပါတယ်။ ပြည်သူတွေဟာ သူတို့ရဲ့အိမ်တွေထဲက ရှိရှိသမျှ စားပွဲကုလားထိုင်တွေကို လမ်းမပေါ် ပစ်ချကြပါတယ်။ ကျောင်းသားတွေက အဲဒါတွေကို ခံတပ်တစ်ခုသဖွယ်ဖြစ်အောင်စုပုံပြီး အစိုးရတပ်တွေကို ခုခံတိုက်ခိုက်ကြတာပါပဲ။ ရဲစစ်ဆေးရေး အရာရှိ ရှက်ဗတ်ဟာ မဟာမိတ်အယောင်ဆောင်ပြီး ကျောင်းသားတွေကို လာထောက်လှမ်းရာမှာ ကျောင်းသားလေးတစ်ယောက်က သူ့ကိုသိသွားလို့ အစီအစဉ်ပျက်သွားရပါတယ်။ ပထမဆုံးဖြစ်တဲ့ ပစ်ခတ်မှုအတွင်းမှာ မားရီးယပ်စ်ကျည်ထိမှာစိုးလို့ ကာကွယ်ပေးလိုက်တဲ့ အင်ပိုနင်းဟာ ကျည်သင့်သွားပါတယ်။ မားရီးယပ်စ်က ဒဏ်ရာရနေတဲ့ အင်ပိုနင်းကို ပွေ့ထားပါတယ်။ အင်ပိုနင်း မသေခင်မှာ အပြစ်ကိုဝန်ခံပြီး သူသိမ်းထားခဲ့တဲ့ ကောဆက်ရဲ့ စာကိုထုတ်ပေးသွားခဲ့ပါတယ်။ မားရီးယပ်စ်ဟာ ကောဆက်အတွက် ပြန်စာရေးပြီး စာကို ခုနက ကျောင်းသားလေးကတစ်ဆင့် ရွှန်းဆီကို ပို့ခိုင်းလိုက်ပါတယ်။ စာရတဲ့အခါ သမီးလို ဖြစ်နေပြီဖြစ်တဲ့ ကောဆက်ရဲ့ချစ်သူ မားရီးယပ်စ် အန္တရာယ်မဖြစ်အောင်ကာကွယ်ပေးဖို့  ရွှန်းဟာ ဆန္ဒပြတဲ့နေရာကို လိုက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေဖမ်းမိထားတဲ့ ရှက်ဗတ်ကို သူကိုယ်တိုင် သတ်ချင်လို့ လို့ပြောပြီး ရွှန်းကတောင်းယူတဲ့အခါ ကျောင်းသားတွေက ပေးလိုက်ကြပါတယ်။ ဒါပေမဲ့ တကယ်သတ်ခါနီးရောက်တော့ ရွှန်းက မသတ်ဘဲ ရှက်ဗတ်ကို လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ နောက်ကနေထက်ကြပ်လိုက်နေတဲ့ အကုသိုလ်ဝိပါက်ကို လွတ်အောင် ရှောင်မပြေးနိုင်တော့ဘူးဆိုတာကို သိသွားတဲ့ ရှက်ဗတ်ဟာ ‘စိန်း’ မြစ်ထဲကို ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်။ နောက်အရုဏ်တက်ချိန်မှာ စစ်သားတွေဟာ ကျောင်းသားတွေလုပ်ထားတဲ့ခံတပ်ကို အမြောက်နဲ့ပစ်ပြီး ဖြိုခွင်းပါတယ်။ ရွှန်းဟာ ဒဏ်ရာရနေတဲ့ မားရီးယပ်စ်ကို ပဲရစ်မြို့ရဲ့ ရေဆိုးထုတ်မြောင်းထဲကိုဆွဲချပြီး နှစ်ယောက်သား ထွက်ပြေးနိုင်ခဲ့ကြပါတယ်။ နောက်သူတို့နှစ်ဦးဟာ သီလရှင်ကျောင်းထဲရောက်သွားကြပြီး အဲဒီမှာ ကောဆက်ရော သူ့ကို ငွေဒင်္ဂါးပေးခဲ့တဲ့ ဘုန်းတော်ကြီးပါ တွေ့လိုက်ရပါတယ်။ နောက်ဆုံးမှာ ရွှန်းဟာ မာရီးယပ်စ်နဲ့ ကောဆက်တို့ကို လက်ထပ်ပေးသွားခဲ့ပြီး မကွယ်လွန်ခင်မှာ ထောင်ဝန်ခံကတိကို ချိုးဖောက်ခဲ့တဲ့ အပြစ်ဝန်ခံစာတွေကိုလည်း ရေးပေးသွားနိုင်ခဲ့ပါတယ်။

ဒီဇာတ်ကားထဲက အေဘီစီကျောင်းသား အရေးအခင်းဟာ စိတ်ကူးယဉ်ဖြစ်ပါတယ်။ တကယ်ဖြစ်ခဲ့တဲ့ ပြင်သစ်တော်လှန်ရေးဟာ (၅.၅.၁၇၈၉) ကနေ (၉.၁၁.၁၇၉၉) ထိ ၁၀ နှစ် ခွဲကြာမြင့်ခဲ့ပြီး အရေးတော်ပုံလည်း အောင်မြင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ သက်ဦးဆံပိုင် ဘုရင်စနစ် ကွယ်ပျောက်သွားခြင်းပါပဲ။ ဒါပေမဲ့ ရလဒ်အားလုံးဟာ အကောင်းချည်းပဲတော့ မဟုတ်ပါဘူး။ ဆိုးကျိုးတွေလည်း ပေါ်ထွန်းခဲ့ပါတယ်။ အခုအချိန်မှာတော့ ပြင်သစ်ဟာ ဒီမိုကရေစီအသားကျနေပြီး စက်မှုအဖွံ့ဖြိုးဆုံးနိုင်ငံ ခုနစ်နိုင်ငံထဲမှာလည်း ပါနေပါပြီ။ ပဲရစ်စ်ဟာ အလွန်လှပပြီး တန်ဖိုးကြီးမားလှတဲ့ ရုပ်ထုတွေအပါအဝင် ကြည့်ချင်စရာတွေ ပေါများလွန်းလို့ ပဲရစ်စ်မြို့ထဲဝင်သွားမိရင် ပြတိုက်တစ်ခုထဲ ရောက်သွားလေသလားလို့ ခံစားမိရပါတယ်။ ပြင်သစ် ပြည်သူတွေဟာ တိုက်တုန်းကတိုက် ဆန္ဒပြစရာရှိတုန်းက ဆန္ဒပြခဲ့ကြပေမယ့် အခု အဲဒီအကြောင်းတွေကို ပြန်မပြောနိုင်အားကြတော့ပါဘူး။ ဘုံဘဝမှာ တစ်ချိန်တုန်းက ကြုံခဲ့ဆုံခဲ့ရတာတွေလို့ပဲ သဘောထားနိုင်ကြပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘေးပတ်ဝန်းကျင်နိုင်ငံတွေအားလုံးလိုလိုက ထိပ်ထိပ်ကြဲတွေချည်းဖြစ်နေကြလို့ ကိုယ့်နိုင်ငံစီးပွားရေး အင်အားတောင့်တင်းအောင် အမြဲဝါယမစိုက်နေကြရလို့ပဲ ဖြစ်ပါတယ်။ စီးပွားရေး ကောင်းလာတော့လည်း ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုဟာ ဘယ်လိုဆိုတာ လူသိအောင်လုပ်ဖို့ စိုင်းပြင်းလာကြရပြန်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတစ်နိုင်ငံဟာ အခြေအနေနဲ့ အချိန်အခါအလိုက် ပြောင်းလဲနေတာဖြစ်လို့ ဦးတည်ချက်မှားလို့ မဖြစ်ပါဘူး။ လက်ရှိပြင်သစ်နိုင်ငံအတွက် အရေးအကြီးဆုံးအချက်ဟာ ဘာလဲဆိုတာကို ပြင်သစ်လူမျိုးတွေမသိရင် အချိန်နဲ့ လုပ်အားတွေဟာ နှမြောစရာတွေဖြစ်ကုန်ကြမှာ သေချာပါတယ်။

Most Read

Most Recent