ပဲစေ့ကလေးတွေ

ပဲစေ့ကလေးတွေ
Published 18 February 2018

ပြောပြရင် ယုံနိုင်စရာမရှိဘူး။ မနေ့ညပိုင်းက အိမ်ပြန်ရောက်တော့ အသင့်ဝယ်ယူထားတဲ့ ပဲကို ပြုတ်လိုက်တယ်။ ပဲအိုးထဲ ရေထည့်ပြီး ရုပ်သံက လွှင့်နေတဲ့ ဇာတ်လမ်းတွဲကို ကြည့်နေမိတယ်။ ‘ဒုံယီ’ ဇာတ်လမ်းတွဲ။ အဲဒီမှာ ကျွန်တော် ပြောပြချင်တာက ဒယ်အိုးထဲက ပဲစေ့တွေအကြောင်းဖြစ်တယ်။ ဇာတ်လမ်းတွဲလည်း ပြီးလေပြီ။ တခြားအစီအစဉ်တွေ လာနေတယ်။ ဒယ်အိုးထဲမှာ ရေခန်းလိုက်၊ ရေထပ်ထည့်လိုက်နဲ့ ပြုတ်နေလိုက်တာ ငါးကြိမ်လောက်ရှိပါပြီ။ ဒယ်အိုးထဲက ပဲက မနပ်နိုင်။ ခက်တော့ ခက်နေပြီ။ ည ၁၁ နာရီကျော်ပြီ။ ခုထိ ပဲက မနပ်သေးဘူး။

ကျွန်တော် ရေကန်ကိုသွားပြီး ရေတစ်ဖလား ခပ်ယူတယ်။ ပဲအိုးထဲ ထည့်တယ်။ ပဲအိုးနားက ထိုင်ခုံမှာ ထိုင်ရင်း ခုလိုစဉ်းစားမိပါတော့တယ်။ ဦးစွာ အိုအောင်ရဲ့ ကဗျာစာသားကို အမှတ်ရတယ်။ အိုအောင်က သူ့ကဗျာတစ်ပုဒ်ထဲမှာ ဒီလိုရေးတယ်။ ဒီပုတ်ထဲမှာ ဒီပဲတွေ ရှိနေတာ ဘိုးတော်ဘုရားလက်ထက်ကတည်းကလားတဲ့။

ပဲအိုးက တပွက်ပွက် မြည်သံကို ကြားနေရတယ်။ ပဲတွေက သိပ်ကြာနေခဲ့လို့ ထင်ပါရဲ့။ ကျွန်တော် ပဲအိုးကို ဖွင့်၊ ဇွန်းနဲ့ ကော်ယူပြီး မြည်းကြည့်တယ်။ သိပ်မဆိုးတော့ဘူး။ ညကလည်း ၁၂ နာရီ ထိုးတော့မယ်။ ပဲအိုးထဲက ရေကိုခန်းအောင် ပြုတ်လိုက်တယ်။ ဒီပဲ အကြောင်းစဉ်းစားရင်း သိပ်ကိုဟောင်းတဲ့ ပဲစေ့တွေဖြစ်နေမှာလို့ မှတ်ချက်ပြုမိတယ်။

တစ်ခါတုန်းက အီဂျစ်နိုင်ငံက ပိရမစ်တွေကို တူးဖော်ရင်း ရုပ်အလောင်းတွေနဲ့အတူ သစ်စေ့တွေ တွေ့ရှိရကြောင်း ကျွန်တော် ဖတ်ဖူးတယ်။ ထူးဆန်းတာက နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အဲဒီသစ်စေ့တွေကို ပညာရှင်တွေက လေ့လာပြီး စိုက်ပျိုးနိုင်တယ်လို့ ဆိုကြခြင်းဖြစ်တယ်။ အင်း ကျွန်တော့်ပဲတွေရော ဘယ်တုန်းက ဘယ်လောက်တောင်ကြာမြင့်ခဲ့တဲ့ ပဲတွေပါလိမ့်။ ကဗျာတစ်ပုဒ်ထဲမှာ ကျွန်တော် ဒီလိုရေးဖူးတယ်။ ‘ဒုတိယကမ္ဘာစစ်လက်ကျန် ဝီစကီပုလင်းကြီး’ လို့။ ခုလည်း ဒီပဲတွေကိုကြည့်ရင်း ဒုတိယကမ္ဘာစစ်အတွင်းက ပဲစေ့တွေ ဖြစ်ချင်ဖြစ်နေမှာလို့ တွေးမိတယ်။ မိမိ ကိုယ်ကိုယ် ဖျော်ဖြေတင်ဆက်မှုဆန်ဆန် စဉ်းစားကြည့်ခြင်းပါပဲ။ အဲဒီမှာ ကျွန်တော်ပြောချင်တာကို ဦးတည်မိပါပြီ။ အဲဒါက ကဗျာတစ်ပုဒ်ရေးဖြစ်ပုံပါပဲ။ ဒါကို ကျွန်တော်ပြောပါမယ်။ ကဗျာခေါင်းစဉ်ကို ကျွန်တော် ဖော်ပြပါမယ်။ ရှုပါ။

ဒုတိယကမ္ဘာစစ်အတွင်းက ပဲစေ့တွေ
ဒုတိယကမ္ဘာစစ်အတွင်းက
အဖြစ်အပျက်တစ်ခုပါ။
နှစ်တွေ ကြာမြင့်ခဲ့ပြီမို့
မှတ်မိသိရှိသူတွေ
မရှိတော့သလောက်ပါပဲ။
စစ်မြေပြင်ဆီ ဦးတည်မောင်းနှင်နေတဲ့
ရိက္ခာယာဉ်တန်းဟာ ကျီးနဲ့ဖုတ်ဖုတ်
လူသူမရှိသလောက် တိတ်ဆိတ်နေတဲ့
ရွာကလေးကို ဖြတ်သန်းတယ်။
အဲဒီအချိန် ရိက္ခာတင်ထရပ်ကားတစ်စီး
ဘီးပေါက်ပြီး ထိုးရပ်သွားတယ်။
ကားပေါ်က မည်းမည်းတုတ်တုတ်နဲ့
စစ်သားကြီးတစ်ယောက် ဆင်းလာပြီး
ဘီးကို ခြေထောက်နဲ့ ကန်လိုက်တယ်။

အဲဒီအချိန် တုန်ချည့်ချည့်
အဘွားအိုတစ်ယောက်ကို သူ မြင်တယ်။
အဘွားအိုဟာ စစ်ကြောင့်
စွန့်ခွာထွက်ပြေးသွားသူတွေနောက်
လိုက်ပါမသွားဘဲ ရွာထဲမှာ
ကျန်ရစ်နေသူပါ။
စစ်သားကြီးဟာ ရေဘူးကို မော့လိုက်ရင်း အဘွားအိုကို မေးတယ်။
အဘွားအိုက စစ်သားကြီးရဲ့
စကားကို နားမလည်ဘူး။
နောက်တော့
သူတို့နှစ်ယောက် ခြေဟန်လက်ဟန်နဲ့
စကားပြောကြတယ်။
အဘွားအိုဟာ သူ့ပါးစပ်ကို ဟပြီး
လက်နှိုက်ကာ လက်ဝါးကို ချပြတယ်။
ပြီး အဝေးက အိမ်ကလေးကို
လက်ညှိုးထိုးပြတယ်။
မည်းမည်းတုတ်တုတ်စစ်သားကြီးဟာ
လွယ်ထားတဲ့သေနတ်ကို
နေရာနည်းနည်းပြင်လိုက်တယ်။
ပြီးတော့ ထရပ်ကားပေါ်က
အိတ်ငယ်တစ်ခုကို ဆွဲယူလိုက်ပါတယ်။
ဒါဟာ ဒုတိယကမ္ဘာစစ်အတွင်းက
ပဲစေ့တွေ ထည့်ထားတဲ့
အိတ်ငယ်တစ်ခုပါပဲ။
စစ်သားကြီးဟာ
အဘွားအိုကို အဲဒီပဲစေ့တွေပေးပြီး
လက်ခါပြတယ်။
ပြီးတော့ သူ့ကားဘီးကို ဖြုတ်လဲတော့တယ်။
ရိက္ခာယာဉ်တန်းဟာ ခပ်ဝေးဝေးကို
မောင်းနှင်ရောက်ရှိသွားပါပြီ။
အဲဒီနေရာမှာ ထရပ်ကားသုံးစီးရပ်လို့။
နှစ်တွေကြာမြင့်ခဲ့ပြီမို့
အဘွားအို ရှိသေးသလား
မရှိတော့ဘူးလားလို့
ဘယ်သူမှ မပြောနိုင်ကြတော့ပါဘူး။
ခုတော့ ဒုတိယကမ္ဘာစစ်ကြီးလည်း
ပြီးဆုံးသွားခဲ့ပါပြီ။
ရိက္ခာတင်ထရပ်ကား ဘီးပေါက်လို့
ရပ်နားခဲ့တဲ့နေရာ
လူသူကင်းဆိတ်တဲ့ရွာဟာ
ခုတော့ အောင်မြင်ဖြစ်ထွန်းတဲ့
ပဲစိုက်ခင်းတွေနဲ့
သီးနှံအထွက်ကောင်းတဲ့ ရွာလေ
စကားဆိုသံ၊ ရယ်သံ၊ ကလေးငိုသံ၊
ခွေးဟောင်သံ၊ မောင်းထောင်းသံ၊
သီချင်းဆိုသံ ဆူညံလို့။

ဒုတိယကမ္ဘာစစ်အတွင်းက
ပဲစေ့တွေအကြောင်း
ပြန်ပြောင်းပြောပြနိုင်သူများ
ရှိလေဦးမလား
ဘယ်တော့မဆို ပဲစေ့တွေဟာ
လူသားရဲ့ အစိတ်အပိုင်းသာဖြစ်တယ်။
၁၃-၂-၂၀၁၈

ဒီကဗျာရေးပြီးတော့ အကြမ်းထည်ပေါ့လေ။ အဲဒါကို နောက်တစ်ခါဖတ် တချို့နေရာ နည်းနည်းပါးပါးလောက်ပဲပြင်ပြီး အတည်ပြုလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော် သတိရမိတာက မနက်စောစော အိမ်ရှေ့ကို ဖြတ်သွားတဲ့ ‘ပဲပြုတ်’ ဆိုတဲ့ ပဲသည် ကောင်မလေးရဲ့ အသံပါပဲ။ မျက်နှာဝိုင်းဝိုင်း၊ အသားခပ်ညိုညို၊ သနပ်ခါးပါးကွက်နဲ့ ချစ်ခင်စရာ နှမကလေးတစ်ယောက်လိုပါပဲ။ ကျွန်တော်တို့ နံနက်စာကို သူ့ဆီက ဝယ်ယူခဲ့ဖူးတာပေါ့လေ။ ကျွန်တော်ကိုယ်တိုင်ဟာ မနူးမနပ် ပဲစေ့ကလေးတစ်စေ့ပါပဲ။ မနူးမနပ် ပဲစေ့ကလေးတစ်စေ့ရဲ့ အတွေးများပါပဲ။ ပဲစေ့ကလေး တစ်စေ့ကပေးတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ကျွန်တော့်အဖို့ မန္တလေးနန်းတော်ရှေ့က ပန်းချီပန်းပုကျောင်းမှာ သုံးနှစ်တာ နံနက်စောစော ပဲဟင်းနဲ့ ထမင်းစားခဲ့ရပုံတွေလည်း အမှတ်ရဖွယ်ပါပဲ။ ပြီးတော့ ကျွန်တော်တို့ကျောင်းသားဘဝက ခေတ်စားခဲ့တဲ့ ‘ပဲပြုတ်သည် မထား’ ဆိုတဲ့ လွှမ်းမိုးရဲ့ သီချင်းကိုလည်း ကြားယောင်မိရပြန်တယ်။

ပဲကလေးက ဆိမ့်လိုက်တာ၊
ပြောစရာရှိဘူး။
ညအခါ လသာသာ ကိုယ်တော်သုံးတယ်
လေပုန်းကမြူး

ဆိုတဲ့ ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းတို့ စာဆိုခဲ့ပုံကို ကျွန်တော် သတိရမိပြန်တယ်။

‘ဆင်းရဲသားတို့ရပ်ကွက်မှာ ကျွန်တော် မွေး×××မီးမရှိတဲ့တဲကလေးဟာ ကျွန်တော့်အိမ်ပါ×××ပန်းရောင်းရင်းနဲ့ ကျောင်းတက်ရသူမို့×××သူဌေးသားများက ကျွန်တော့်ကို မပေါင်းပါခင်ဗျာ××× ကျောင်းခန်းထဲက ပဲပြုတ်သည် မထား××× မျက်စိစပ်လို့ အိပ်ငိုက်ကာကျောင်းကိုလာ×××’ တဲ့

ကိုလွှမ်းမိုး အဲဒီလိုသီဆိုခဲ့တဲ့ သီချင်းလေ။ ကျွန်တော်တို့အားလုံးရဲ့ အသည်းနှလုံးထဲအထိ လာမြည်တဲ့ သီချင်းပါလေ။ ကလေးတွေနှုတ်ခမ်းကို ထမင်းရည်သုတ်ပေးပြီး လမ်းတစ်လျှောက်ချခဲ့တဲ့ ပဲစေ့ကလေးတွေအတိုင်း အဝေးကြီးထိ လိုက်သွားရတဲ့ ပုံပြင်တွေကို ကျွန်တော် ငယ်စဉ်က နားထောင်ခဲ့ဖူးတယ်။

ပဲစေ့ကလေးတွေအတိုင်း လိုက်သွားရင် ကျွန်တော် ဘယ်ကိုရောက်သွားမှာလဲဟင်။ မိုးဦးကျခါနီး တစ်ညနေ ကျွန်တော့်အခန်း ဘေးပြတင်းပေါက်အောက်ဘက်ကို ကြည့်လိုက်တော့ ပဲစေ့ကလေးတွေ အပင်ပေါက်နေတာကို တွေ့ခဲ့ရဖူးတယ်။ ပဲစေ့အဖျင်းကလေးတွေမို့ ကျွန်တော် လွှင့်ပစ်ခဲ့တာ။ ဒါပေမဲ့ မိုးငွေ့၊ ရေငွေ့ရတော့ သူတို့ဟာ အပင်ပေါက်လာကြတယ်။ ပဲစေ့ကလေးတွေကို အကြာကြီး သိမ်းဆည်းထားသူတစ်ယောက်တော့ ရှိနေပြီထင်တယ်။ မနူးမနပ် ပဲစေ့တွေကိုတော့ ကျွန်တော်ကိုယ်တိုင် ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ။ ခင်ဗျား အားလပ်တဲ့အခါ ဒုတိယကမ္ဘာ စစ်အတွင်းက ပဲစေ့တွေအကြောင်း အတူတကွ စဉ်းစားကြည့်ကြမလား။ မိမိကိုယ်ကိုယ် ဖျော်ဖြေတင်ဆက်မှု တစ်ခုပါပဲ။ ဒါပေမဲ့ အဲဒါက မနူးမနပ်ဖြစ်နေတဲ့ ပဲစေ့တွေ မဟုတ်လား။ ပဲစေ့ကလေးတွေအကြောင်း စာလုံးပေါင်း ကြည့်ခဲ့တာ။

Most Read

Most Recent