ခုနစ်အိမ်တန်း

ခုနစ်အိမ်တန်း
Published 17 February 2018

ပခုက္ကူမြို့ရှိ ခုနစ်အိမ်တန်းအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

ပခုက္ကူမြို့ရဲ့ အနောက်မြောက်ယွန်းယွန်း တစ်နေရာမှာ ခုနစ်အိမ်တန်းဆိုတဲ့ ရပ်ကွက်လေးတစ်ခု ရှိပါတယ်။ အနာကြီးရောဂါသည်တွေကို သီးသန့်ဘုံသဖွယ်ထားတဲ့ နေရာလေးတစ်ခုပါ။ ကျွန်တော်မမွေးခင်ကတည်းက ခုနစ်အိမ်တန်းလေးဟာ အခုချိန်ထိ စွန့်ပစ်ခံဘဝအဖြစ်တွေနဲ့သာ ရှင်သန်နေရပါတယ်။ အနာကြီးရောဂါသည်တွေဆိုတော့ တော်ရုံတန်ရုံလူတွေလည်း မရောက်ကြပါဘူး။ လူနည်းစုလောက်သာ သူတို့ဆီကို အကူအညီလာပေးနေတာ တွေ့ရ မြင်ရ ကြားနေရပါတယ်။ လူသူအရောက်နည်းတော့ အားကိုးရာမဲ့နေတဲ့ မိသားစုလေးတွေကို သနားစဖွယ် တွေ့မြင်နေရပါတယ်။ ရောဂါသည်တွေဖြစ်နေတော့ ဘယ်သူမှ သူတို့အနားကိုမကပ်ချင်ကြပါဘူး။ လူသားချင်းစာနာမှုဆိုတဲ့ ဝေါဟာရတွေလည်း ပျောက်ခြင်းမလှ ပျောက်ကုန်ကြသလို ဖြစ်နေပါတယ်။ အခုချိန်မှာ သူတို့ရဲ့အနာကြီးရောဂါတွေဟာ ဘယ်သူ့ကိုမှ တစ်ဆင့်မကူးစက်တော့ပါဘူး။ ရောဂါကမကူးစက်ဘူးဆိုပေမယ့် မိုးရာသီရောက်လာရင်တော့ သူတို့ခန္ဓာကိုယ်က အနံ့အသက်တွေဟာ နည်းနည်းတော့ အနံ့ဆိုးထွက်ပါသေးတယ်။ ကြင်နာမှု၊ စာနာမှု၊ ညှာတာထောက်ထားမှုဆိုတာ လူသားတိုင်းရှိသင့်တဲ့ ကျင့်ဝတ်တစ်ခုလို့ ထင်ပါတယ်။ စွန့်ပစ်ခံထားရပြီး အထီးကျန်နေတဲ့ သူတို့တစ်တွေကို ထပ်ပြီးမျက်ကွယ်ပြုလိုက်မယ်ဆိုရင် သူတို့ရဲ့ဘဝလေးတွေဟာ ပိုပြီးအထီးကျန်ကာ အကျည်းတန်သွားလိမ့်မယ်ဆိုတာ သေချာနေပါတယ်။ မျက်ကွယ်ပြုထားတော့ ဘယ်သူမှမမြင်နိုင်တော့သလို ဖြစ်သွားပါတယ်။

ဒါပေမဲ့ သူများတွေမမြင်နိုင်တဲ့နေရာကို မြင်တဲ့သူတွေတော့ ရှိပါတယ်။ အဲဒီလူတွေဟာ ဘယ်သူတွေလဲဆိုတော့ ကဗျာဆရာတွေပါပဲ။ ကဗျာဆရာတွေဆိုတာ သူများမမြင်နိုင်တဲ့ နေရာလေးတွေကို မြင်တတ်တယ်။ သူများမခံစားနိုင်တဲ့ အရာဝတ္ထုလေးတွေကို ခံစားတတ်တယ်။ ကဗျာဆရာဆိုတာ မဟုတ်မခံစိတ်လေးရှိသလို တော်လှန်စိတ်နဲ့လည်း အမြဲတက်ကြွနေတတ်ပါတယ်။ ကြည်နူးစရာမြင်ကွင်းလေးတွေကို မြင်ရတဲ့အခါ အကြည်ဓာတ်လေး ထွက်ပေါ်လာပြီး ရေးဖွဲ့လိုက်တဲ့ကဗျာတွေဟာ ငြိမ့်နေသလို တော်လှန်စိတ်နဲ့ထိတွေ့ပြီး ပေါက်ထွက်လာခဲ့ရင်လည်း ရေးဖွဲ့လိုက်တဲ့ကဗျာဟာ ဗုံသံအဖြစ် ထွက်မလာဘဲ ဗုံးသံအဖြစ် ပေါ်ထွက်လာပါတယ်။ သနားကြင်နာစရာ တစ်ခုခုကိုတွေ့လိုက်ရရင်လည်း ကြေကွဲလွယ်တတ်ပြီး မျက်ရည်တွေဟာ လက်ယပ်ခေါ်စရာမလိုဘဲ အလည်ရောက်တတ်ပါတယ်။ အခုလည်း အနာကြီးရောဂါသည်တွေကိုမြင်ပြီး ကရုဏာစိတ်ပေါက်ဖွားလာတဲ့ ‘ခုနစ်အိမ်တန်း’ ဆိုတဲ့ကဗျာတစ်ပုဒ်နဲ့ ထိတွေ့ခွင့်ရလိုက်ပါတယ်။ ရေးဖွဲ့သူက ပခုက္ကူမြို့ရဲ့ နယ်ခံကဗျာဆရာညီ (ပခုက္ကူ) ဖြစ်ပါတယ်။ သူ့ရဲ့ခုနစ်အိမ်တန်း ကဗျာလေးထဲမှာ စာနာထောက်ထားမှုတွေ အများကြီးတွေ့မြင်ရပါတယ်။

ကျောင်းတက်ခေါင်းလောင်းသံကြားရင်
သားက အဝေးကိုပြေးထွက်ပြီး
ငိုချလိုက်တာပဲတဲ့၊
ကျောင်းဝေးသူ ၁၀ နှစ်သားလေးရဲ့စကား
ငါကြားခဲ့တယ်။

၁၀ နှစ်အရွယ်လေးတွေဆိုတာ ကျောင်းနေလို့ကောင်းတဲ့ အရွယ်လေးတွေပါ။ စာကျက်လို့ကောင်းတဲ့ အရွယ်လေးတွေပါ။ ကလေးအချင်းချင်း ဆော့ကစားလို့ ကောင်းတဲ့အရွယ်လေးတွေပါ။ ဒါပေမဲ့ စွန့်ပစ်ခံမိသားစုထဲက ပေါက်ဖွားလာတဲ့ ကလေးငယ်တစ်ယောက်ဟာ ကျောင်းတက်ချင်ပေမဲ့ ကျောင်းတက်ခွင့်မရခဲ့ရှာပါဘူး။ ကျောင်းတက်ခေါင်းလောင်းသံလေးတွေ ကြားရရင် အများနည်းတူ ကျောင်းမတက်နိုင်တော့ မျက်ရည်ဟာ လက်နက်သဖွယ် ထွက်ပေါ်လာပြီး ငိုနေတဲ့အသံကို ကဗျာဆရာက ကြားခဲ့ရပါတယ်။

ကမ္ဘာပေါ်ထိုးကျလာတဲ့
နေရောင်မှာ အနွေးဓာတ်မရသူ
ညီလေးငယ်၊
အဖန်ငါးရာ ငါးကမ္ဘာထက်
ကံကောင်းမယ့် တစ်ရက်ကိုသာ
မျှော်နေရသူလေးလေ။

အထီးကျန်နေတဲ့ ကလေးငယ်တစ်ယောက်အတွက် နွေးထွေးမှုကို ရှာတွေ့ဖို့ဆိုတာ အတော်ခက်ခဲလွန်းလှပါတယ်။ ကဗျာဆရာက သူ့ရဲ့ညီအရင်းတစ်ယောက်လို စိတ်ထဲနှစ်ပြီး သနားနေမိတယ်။ ဖြေသိမ့်ပေးလိုက်တာက အဖန်ငါးရာငါးကမ္ဘာဆိုတာ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတစ်ခုအဖြစ် ရှုမြင်ကာ ကံကောင်းထောက်မလာမယ့် ရက်တစ်ရက်ကိုသာ ရေနစ်နေတဲ့သူ လှေကြုံစောင့်သလို စောင့်မျှော်နေခိုင်းရပါတယ်။

စိတ်တွေသန်စွမ်းပါရဲ့နဲ့
လက် ၁၀ ချောင်းမပြည့်ရှာသူ၊
ခန္ဓာဟာ
ထိလွယ်ရှလွယ် အနိစ္စပဲ။

ခန္ဓာကိုယ်မသန်စွမ်းပေမဲ့ စိတ်ဓာတ်ခွန်အား အပြည့်ရှိသူတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။ အခု ခုနစ်အိမ်တန်းက ကလေးငယ်ဟာ စိတ်ဓာတ်ခွန်အားတွေ၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဖြစ်ချင်သလို မဖြစ်ရတဲ့ဘဝမှာ လက်လေးတွေကို ရေတွက်ကြည့်လိုက်တော့ လက် ၁၀ ချောင်းမပြည့်ဘဲ ဖြစ်နေပါတယ်။ တရားသဘောနဲ့ ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်တိုင်းမမြဲနိုင်ပါဘူး။ မမြဲနိုင်ဘူးဆိုတာသိပေမဲ့ ချွတ်ယွင်းနေတဲ့ လက် ၁၀ ချောင်းဟာ မြင်ရသူအတွက် ထိလွယ်ရှလွယ်စွာ ကြေကွဲရပါတယ်။

သေစာ ရှင်စာလေးတောင် မတတ်တဲ့
မိသားစုအသိုက်အမြုံလေးမှာ
တစ်ကို စိတ်ထဲမှတ်ပြီး
လက် ၁၀ ချောင်းထောင်ဖို့
ဝေလာဝေး မြေပေါ်ရပ်ဖို့တောင်
တစ်ယောက်အကူအညီ ယူရတယ်။

ကျောင်းမနေခဲ့ရတဲ့ ကလေးငယ်တစ်ယောက်အတွက် သေစာ ရှင်စာဖတ်တတ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန်တော်တို့လည်း သင်္ချာတွေ၊ အလီတွေမရသေးခင် ငယ်ရွယ်စဉ်အခါက တစ်ကိုစိတ်ထဲမှတ်ထားပြီး ကျန်တဲ့လက်ချောင်းလေးတွေကို ကွေးပြီး သုံး၊ လေး၊ ငါးဆိုပြီး ရေတွက်ခဲ့ရပါတယ်။ အခု လက် ၁၀ ချောင်းမပြည့်တဲ့ ကလေးငယ်တစ်ယောက်အဖို့ လက်လေးတွေကို ဘယ်လိုချိုးပြီးရေတွက်ရမလဲ စဉ်းစားရင်း ဝမ်းနည်းလို့မဆုံးခင် ခြေထောက်လည်း မကောင်းရှာတော့ အတော်စိတ်ထိခိုက်ရပါတယ်။

ဝဋ်နာ ကံနာဆိုတာ
ဘုရားချွတ်လို့မရတဲ့ အင်္ကျီပဲ၊
ကြေကွဲရပါတယ်။

ဘဝအဆက်ဆက်က ဝဋ်ကြွေးပါလာရင် ကိုယ်ယူခဲ့တဲ့ ဝဋ်ကြွေးအတွက် ပြန်ဆပ်ရပါတယ်။ ပါလာတဲ့ ဝဋ်ကြွေးဒုက္ခကို ဘုရားသော်မှ ဆပ်ပေးလို့မရပါဘူး။ အဲဒီတော့ ဘာမှခြေချွတ်ပေးလို့မရတဲ့ ကဗျာဆရာဟာ ကြေကွဲရပြန်ပါတယ်။

လူဖြစ်လာပေမယ့်
လူဖြစ်ရှုံးရသူ ညီငယ်လေးရေ
လက်ချောင်းလေးတွေ မပြည့်စုံတာ
ကဗျာပါကွဲ့။
ခြေချောင်းလေးတွေ
နှာခေါင်း
ပါးစပ်
မျက်လုံး
အိုကွာ
မင့်နားရွက်လေးတွေ ကုပ်နေတာလည်း
အလွန်တရာကြီးမြတ်တဲ့
ကဗျာတစ်ပုဒ်ပါကွယ်။

ကဗျာဆရာက လူဖြစ်ရှုံးလာတဲ့ ကလေးငယ်တစ်ယောက်မှာ လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေ၊ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးလေးတွေ မပြည့်စုံတာကို မပြည့်စုံဘူးလို့ မမြင်ရက်ပါဘူး။ ကဗျာတစ်ပုဒ်လို ချစ်စရာလူသားတစ်ယောက်အနေနဲ့ပဲမြင်ပြီး တန်ဖိုးကြီးတဲ့ကဗျာတစ်ပုဒ်အဖြစ် ရှုမြင်လိုက်နိုင်ပါတယ်။

အားမလျှော့လိုက်ပါနဲ့
ရှိသမျှ အားကုန်ထုတ်ပြီး
ပျော်ရွှင်ပါ၊
ကျေနပ်ပါ၊
ရှင်သန်ပါ၊
လောကထဲ
လောကရဲ့ဒဏ်ကို ရင်ကော့ပြီး
ခံယူပါကွယ်။

အဘက်ဘက်က မပြည့်စုံသူတစ်ယောက်အတွက် အားငယ်မယ်ဆို အားငယ်ချင်စရာပါ။ ဒါပေမဲ့ မပြည့်စုံမှုကို ခံနိုင်ရည်မွေးပြီး ပျော်ရွှင်အောင်နေတတ်ဖို့၊ ကိုယ့်ဘဝကို ကျေနပ်နိုင်ဖို့၊ အားမငယ်အောင် အားပေးစကားပြောပေးဖို့ လိုအပ်ပါတယ်။ လောကဓံကို ကြံ့ကြံ့ခံနိုင်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တယ်လို့ နှစ်သိမ့်ရပါတယ်။

တကယ်တော့
သံသရာမှာ
လူသားစိတ်မွေးနိုင်ဖို့ပဲ
လိုပါတယ်ညီလေးရေ။

ပြည့်စုံမှု၊ မပြည့်စုံမှုဆိုတာ လူသားတိုင်းရင်ဆိုင်နေရတဲ့ ဘဝအခက်အခဲတွေပါပဲ။ တစ်ခုပြည့်စုံနေရင် တစ်ခုတော့လိုအပ်နေမှာ အမှန်ပါပဲ။ ဘယ်သူမှပြီးပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး။ လိုအပ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ လူသားလောကကြီးမှာ လူရယ်လို့ဖြစ်လာရင် လူစိတ်မွေးတတ်ဖို့ပဲ အဓိကဖြစ်ပါတော့တယ်။

Most Read

Most Recent