မိုးထဲမှာပင် သန်စွမ်းသည်

မိုးထဲမှာပင် သန်စွမ်းသည်
Published 15 February 2018

ပခုက္ကူမြို့နယ်ရှိ လယ်ယာ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

ကျွန်တော်ကိုယ်တိုင်က တောင်သူလယ်သမားတစ်ဦးရဲ့သားဆိုတော့ တောင်သူတွေ အကြောင်းကို စိတ်ဝင်စားသည်။ တောင်သူတွေအတွက် အရေးကြီးတဲ့ မိုးလေဝသသတင်းကို နားစွင့်သည်။ သီးနှံဈေး အတက်အကျကို နားထောင်သည်။ မြေသိမ်း၊ ယာသိမ်း၊ ကမ်းပါးပြိုတဲ့ သတင်းတွေ ဖတ်သည်။ တောင်သူ လယ်သမား ဦးကြီးများသည် ခေတ်အဆက်ဆက်က ငဘများ ဖြစ်ကြသည်ဟူ၍ နားလည်ထားသည်။ အဘက်ဘက်က အဖိနှိပ်ခံရပြီး ဆင်းရဲခြင်းမှာ အသားကျနေသူများဖြစ်သည်။ သူတို့သည် ဘယ်လောက်ပင် ဆင်းရဲကျပ်တည်းသည်ဖြစ်စေ ဘယ်တော့မှ ဘဝကိုတော့ အရှုံးပေးကြသူများ မဟုတ်ကြ။ ခက်ခဲကြမ်းတမ်းသော လောကဓံရိုက်ချက်တွေကြားမှာပင် သူတို့က ရှင်သန်နိုင်ကြသည်။

မိုးရာသီထဲ လေနဲ့ မိုးနဲ့ သည်းသည်းထန်ထန် ရွာနေသော မိုးရေစက်တွေကြားထဲမှာ ငိုက်မျဉ်းနေသော မြက်ပင်ကလေးသည် မိုးတိတ်သွားသည့်အခါ ဦးခေါင်းထောင်ကာ ငွားငွားစွင့်စွင့် လန်းဆန်းနေတတ်သည်။ ထို အဖြစ်ကိုကြည့်ကာ ကျွန်တော်က တောင်သူလယ်သမား ငဘများကို စဉ်းစားနေမိတာ ဖြစ်သည်။ သူတို့သည်လည်း မြက်ပင်ကလေးများပင်ဖြစ်ကြသည်။ တစ်နည်းပြောရလျှင် သူတို့သည် မိုးမခပင်တွေဖြစ်သည်။

ယခုနှစ်က တောင်သူတွေ အထိနာသောနှစ်ဟု ဆိုရမည်။ အစောပိုင်းက အချိန်အခါမဲ့ မိုးရွာလိုက်၍ ချောင်းထဲက သဲသောင်ပြင်တွေမှာ စိုက်ထားတဲ့ အာလူးတွေ၊ ကြက်သွန်တွေ အတော်များများ ပျက်စီးဆုံးရှုံးရတဲ့ သတင်းတွေ ကြားလိုက်ရသည်။ ဟိုနေ့ကတော့ ပဲစင်းငုံ ဈေးကျတဲ့သတင်းနဲ့အတူ လုပ်အားခနဲ့ အရင်းတောင် မရနိုင်လို့ မရိတ်သိမ်းဘဲ အခင်းလိုက် ဒီအတိုင်း ပစ်ထားရတယ် ဆိုသည့် သတင်းတွေပင် ဖတ်လိုက်ရသေးသည်။

ဒီလိုဆိုတော့ ရွာက အမေ့အိမ်၏ အခြေအနေကို မှန်းဆလို့ရနိုင်သည်။ တစ်နှစ်တစ်နှစ် မဖြစ်စလောက် ယာကွက်လေးထဲ ပဲစင်းငုံကို အားထားစိုက်နေရတာဆိုတော့ အိမ်၏ကျပ်တည်းမှုကို အဝေးကပင် သိနိုင်ပါသည်။ ဒီလိုအခြေအနေမှာ စိတ်သက်သာရာ ရစရာ ကဗျာလေးတစ်ပုဒ်ကို ဖတ်ရသည်။ ကဗျာက ဘာသာပြန် ကဗျာတစ်ပုဒ်ဖြစ်သည်။ ကင်ဂျီမီယာဇာဝါ၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ ဆရာ ကိုတာက ဘာသာပြန်ထားတာဖြစ်သည်။ ခေါင်းစဉ်က 'မိုးရွာထဲမှာပင် သန်စွမ်းသည်' တဲ့။

မိုးထဲမှာ သန်စွမ်းသည်

လေထဲမှာ သန်စွမ်းသည်

နွေနေနှင့် ဆောင်းမြူထဲလည်း

သန်စွမ်းလေသည်။

သူကား ကျန်းမာ၍ အကြမ်းပတမ်းခံ၏။

ဖျတ်ခနဲ လယ်သမား တစ်ဦးဖြစ်တဲ့ အဖေ့ကို သတိရလိုက်မိသည်။ တကယ်တော့ အဖေ့မှာ ဘာရောဂါမှ ကြီးကြီးမားမားမရှိခဲ့။ ၄၀ ကျော်အရွယ်သည် အရွယ်ကောင်း သန်တုန်းမြန်တုန်းပဲ ဖြစ်သည်။ အဖေသည် တောင်သူ လုပ်ငန်းအပြင် ထန်းတက်တဲ့ ထန်းသမားပင် လုပ်လိုက်သေးသည်။ နွားကျောင်းပြန်လာရာ က ရေချိုးမိရာကနေ ဖျားကာရွာက ဒေါက်တာရမ်းကုရဲ့လက်ချက်နဲ့ ဆေးထိုးမှားကာ မေးခိုင်ပိုးဝင်ပြီး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်သည်။

အလိုရမ္မက် ကင်း၍

အမျက်ဒေါသ အလျှင်းမရှိ

နှုတ်ခမ်းပေါ်၌ အပြုံးတစ်စ အမြဲရှိ၏။

အဖေသည် ဒေါသကြီးသူတစ်ယောက် မဟုတ်ပေမဲ့ ပြုံးခဲ ရယ်ခဲလှသည်။ အေးအေး ဆေးဆေးနေတတ်ပေမဲ့ တစ်ဖက်သားကို ကူညီချင်စိတ်ရှိသူဖြစ်သည်။ အပေါင်းအသင်းကို ခင်တွယ်တတ်သည်။ အိမ်မှာ မကြာခဏ အပေါင်းအသင်းတွေနဲ့ ထန်းရည်ဝိုင်းဖွဲ့ သောက်တတ်သည်။ ထန်းရည်က သူကိုယ်တိုင် တက်လှီးထားသော ထန်းရည်ဖြစ်သည်။ ပြုံးခဲရယ်ခဲလှသော အဖေသည် သူငယ်ချင်းများနှင့် ထန်းရည်ဝိုင်းမှာတော့ ရယ်ရယ်မောမောနှင့် စကားကောင်းနေတတ်ပြန်သည်။

ဆန်လုံးညိုနှင့် ပဲဟင်းချို နေ့တိုင်း

ဟင်းသီးဟင်းရွက် နည်းနည်းသာစား၏

ဘာပဲဖြစ်လာပစေ

ကိုယ့်အဖို့အတွက်တော့ မကြောင့်ကြ

သူ့ဉာဏ် ပဋိဘာန်မှာ

ကိုယ်တွေ့ ကိုယ်ကြုံမှ လာ၏။

“ကောက်စိုက်သမတွေ အိမ်ကိုပြန်၊ ပဲရေပွနဲ့ ချဉ်ရေကျန်” ဟု ငယ်ငယ်က ကောက်စိုက်သမတွေ လယ်ထဲက ပြန်လာတာမြင်ရင် သီးချင်းလိုလို ကဗျာလိုလို လုပ်ဆိုခဲ့ဖူးတာ သတိရလိုက်သည်။ နေဝင်ရီတရော ယာထဲကိုင်းထဲက ပြန်လာတဲ့သူတွေက ရွာထဲကို ဝင်လာတာနဲ့ ရင်းနှီးတဲ့ အိမ်ရှေ့ရောက်ရင် “ဟေ့ ဘာဟင်းချက်လဲဝေ့” ဟု အော်ကာ မေးတတ်သည်။ “ဘာရှိမှာလဲအေ၊ ချည်ရည် ငရုတ်သီးထောင်းပေါ့” ဟု အိမ်တိုင်းလိုလိုက ပြန်ဖြေတတ်သည်။ တောမှာဆိုတော့လည်း ဒါပဲပေါ့လေ။ မြို့တွေမှာလို ဖွယ်ဖွယ်ရာရာ ဘယ်ရှိပါ့မလဲ။

မေ့မေ့လျော့လျော့ မနေ

ထန်းပင်တွေအောက်က သက်ငယ်တဲ

ကွင်းထဲမှာ နေ၏။

ရွာက အမေ့အိမ် ပြင်ဆောက်လိုက်တာ မကြာလှသေးပေ။ ဟို အရင်ကအိမ်က ထန်းရွက်မိုးနဲ့ တဲအိမ်ဖြစ်သည်။ ထိုတဲအိမ်နဲ့ နေခဲ့ရသောနှစ်တွေက နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့သည်။ အမိုးက ထန်းရွက်တွေဆွေးတဲ့အခါ အသစ်ပြန်ပြန်ပြီး မိုးရသည်။ ဒါကြောင့် အမေက အိမ်ကို သွပ်မိုးနဲ့ ကျကျနန ဆောက်ချင် နေခဲ့တာဖြစ်သည်။ အဖေ ထန်းတက်တုန်းကတော့ တောထဲက ထန်းတောထဲမှာ ထန်း လျက်ဖိုနှင့်အတူ တဲလေးထဲမှာ နေခဲ့ရသည်။ အဖေသည် သွပ်မိုးနံကပ်နဲ့ အိမ်ကလေးမှာ ကိုပဲ နေမသွားရရှာခဲ့ပေ။

အရှေ့အရပ်မှာ ကလေးတစ်ယောက်

ဖျားသည် ဆိုစို့

ကလေးကိုပြုစုရန် သူသွားသည်။

အနောက်အရပ်မှာ

ကလေးမအေတစ်ယောက်

အလုပ်ပင်ပန်း၍ နွမ်းနေသည် ဆိုစို့

ထိုမအေဆီသွား ပြောင်းဖူးစည်းတွေ

ကူသယ်ပေးသည်။

တောင်ရပ်ကလူတစ်ယောက်

သေလုလု ဖြစ်သည်ဆိုစို့

ထိုသူ့ဆီသွား မကြောက်ပါနဲ့ဗျာဟု

ပြောသည်။

မြောက်ရပ်မှာ ရန်ဖြစ်ကြ၊ တရားတပေါင်

ဖြစ်ကြသည် ဆိုစို့

အသေးအဖွဲတွေများ

ပြေလည်ကြပါလားဟု ဖျန်ဖြေသည်။

တစ်အိမ်နဲ့ တစ်အိမ် ရိုင်းပင်းကူညီကြသည်က ရွာတွေ၏ ထုံးစံပဲဖြစ်သည်။ တစ်အိမ်အိမ်က နွားတဲဆောက်တယ်၊ မီးဖိုချောင် ဆောက်တယ်ဆိုပါက နီးစပ်ရာ တစ်အိမ်တစ် ယောက်လာကာ ဝိုင်းလုပ်ကြသည်။ တစ်ယောက်တစ်ယောက် လုပ်ရင်းကိုင်ရင်း အော်လိုက်၊ ဟစ်လိုက်၊ ပြောင်လိုက်၊ နောက်လိုက်နဲ့ ပျော်စရာပင် ကောင်းနေသေးသည်။ အိမ်ရှင်က ရေနွေးကြမ်း၊ ကောက်ညှင်းပေါင်း၊ လက်ဖက်၊ အသုပ်စသည်တို့ဖြင့် ကျွေးမွေးတတ် သည်။

ကျွန်တော်တို့ အဖေထန်းတက်ရာ တောထဲမှာနေတုန်းကတောင် အဖေက ရွာမှာ ဝိုင်းလုပ်စရာ အလုပ်ရှိလျှင် မပျင်းမရိပင်သွားပြီး ဝိုင်းကူလုပ်တတ်သည်။ ကျွန်တော်တို့ တဲရဲ့ မြောက်ဘက် ချောင်းရဲ့တစ်ဖက်မှာ အရီး ဒေါ်သန်းညွန့်ရဲ့ သရက်ခြံရှိသည်။ သရက်သီးခူးသည့် ရာသီရောက်လျှင် အဖေ က အမြဲတမ်း သွားပြီး ဝိုင်းခူးပေးတတ်သည်။ အရီးဒေါ်သန်းညွန့်ကလည်း မကြာခဏ ကျွန်တော်တို့တဲကို လာလည်တတ်သည်။ တစ်ရက်မှာတော့ ရွာကပြန်လာတဲ့ အရီးဒေါ်သန်းညွန့် မိုးမိ၍ ကျွန်တော်တို့ တဲမှာ မိုးဝင်ခိုသည်။ မိုး တိတ်တော့ သူ့တဲပြန်မယ်လုပ်တော့ ချောင်းရေက တဝေါဝေါစီးနေတာမို့ အဖေက လက် ကိုတွဲပြီး လိုက်ပို့ရသည်။ ချောင်းထဲမှာ လှည်း နဲ့ ဖြတ်ကူးနေတုန်း ချောင်းရေနဲ့အတူ မျောပါ သွားဖူးတာသတိရပြီး အဖေ့ကိုစိုးရိမ်မိသည်။ ထိုနေ့ကတော့ ချောင်းရေက သိပ်မသန်လို့ပဲလား မသိ၊ အဖေ ဒီဘက်ကမ်းကို ချောချောမောမောနဲ့ ပြန်ကူးလာနိုင်ခဲ့ပါသည်။

ကျွန်တော်တို့တဲနှင့် ယာခင်း သုံးကွက် ခြားလောက်မှာ ဦးကြည်ရွှင်တို့တဲ ရှိသည်။ သူတို့က ကျွန်တော်တို့ရွာက မဟုတ်။ ရွာရဲ့ အရှေ့ဘက်က ရွာကဖြစ်သည်။ တဲချင်းနီးဆိုတော့ ခင်မင်ရင်းနှီးနေသည်။ တစ်ညမှာတော့ ကျွန်တော်တို့တဲကို ဦးကြည်ရွှင် လက်နှိပ် ဓာတ်မီးတစ်လက်နဲ့ ရေးကြီးသုတ်ပျာ ရောက်ချလာသည်။ သူ့သမီး အပေါ့အပါး ထသွားရာ ကနေ မြွေကိုက်ခံရ၍ အဖေ့ကို လာအကူအညီတောင်းတာ ဖြစ်သည်။ အဖေက ချက်ချင်းပဲ လှည်းကပြီး ရွာကို လှည်းနဲ့ လိုက်ပို့သည်။ သို့သော် ရွာရောက်တော့ အသက်မမီတော့ပေ။

မိုးခေါင်သော်မူ သူငိုသည်

နွေက ဆုံးရှုံးတာများ

တဖြည်းဖြည်း ဇွဲနဲ့ လုပ်သည်။

သူ့အား ငဘဟု အများက ခေါ်ကြသည်

သူ့ဂုဏ်အား သီချင်းစပ်သူ မရှိ

အားကျနှစ်လိုသူလည်း မရှိပါ

အကြင်ပုဂ္ဂိုလ်ကား

ကျွန်တော်ဖြစ်လိုသော သူတည်း။

ရာသီဥတု သာယာကောင်းမွန်နေဖို့သည် တောင်သူတွေအတွက် အဓိကကျသော မျှော်လင့်မှုဖြစ်သည်။ သို့သော် ရာသီဥတုဆိုသည်က နှစ်စဉ် ပုံသေခန့်မှန်းလို့ရသည့် အရာမဟုတ်။ တစ်ခါတစ်ခါ မိုးက ခေါင်ချင်ခေါင်သည်။ မိုးက ခေါင်လွန်းတော့လည်း စိုက်လို့ ပျိုးလို့မရ။ မိုးက များလွန်းပြန်တော့လည်း အဆင်မပြေ။ အချိန်မဟုတ် အခါမဟုတ် မိုးက ရွာချင်ရွာတတ်ပြန်သည်။ အခက်အခဲကြားက ရလာတဲ့သီးနှံလေး လက်ထဲ ရောက်လာပြန်တော့လည်း ဈေးက ထိုးကျနေတာ ကြုံရပြန်သည်။

တစ်နှစ်က ရွာပြန်တော့ အစ်ကိုကြီးက “တောင်သူမ လုပ်ချင်တော့ဘူးကွာ” ဟု ညည်းညူနေသည်။ “တစ်နှစ်နဲ့ တစ်နှစ် လုပ်ရကိုင်ရတာ ပင်ပန်းလွန်းတာပဲရှိတယ်။ ပိုက်ဆံက ဘာမှ ရတာမဟုတ်ဘူး” ဟု ဆိုသည်။ ရွာတွေမှာ လူငယ်တွေကလည်း မြို့တက်ပြီး အလုပ် လုပ်သူက လုပ်သည်။ နိုင်ငံခြားထွက်သူက ထွက်သည်။ ရွာမှာ လုပ်သားက တဖြည်းဖြည်း ရှားလာသည့် သဘောဖြစ်သည်။

မြို့မှာသွား အလုပ်လုပ်တယ်ဆိုသည် ကလည်း ပွဲရုံ၊ ဆိပ်ကမ်းတွေမှာ ကုန်ထမ်း၊ အလုပ်ကြမ်းတွေသာ လုပ်ကြရတာဖြစ်သည်။ မိန်းကလေးတွေကတော့ အိမ်ဖော်အလုပ်ပေါ့။ ရွာက ကလေးမလေးတစ်ယောက် မန္တလေး က တရုတ်မိသားစု အိမ်တစ်အိမ်မှာ အိမ်ဖော် သွားလုပ်တော့ အိမ်ရှင်တရုတ်က “မင်းတို့ ရွာမှာ ဘာလုပ်စားကြသလဲ” လို့ မေးသတဲ့။ “တောင်ယာစိုက်ပျိုး လုပ်ကိုင်စားကြတာပါ” လို့ ဖြေတော့ “စိုက်ဖို့ပျိုးဖို့ ရေ ဘယ်ကရသလဲ” လို့ မေးပြန်သတဲ့။ ကလေးမက မိုးပေါ်ကို လက်ညှိုးထိုးပြီး “မိုးပေါ်ကရတဲ့ ရေနဲ့ပါ” လို့ ဖြေတော့ တရုတ်က အံ့သြသွားသည်ဟု ဆို သည်။ အေးလေ မိုးဆိုတာ ကိုယ်လိုချင်သလို ကောက်ရွာလို့ ရတာမှ မဟုတ်ဘဲလေ။ ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေမှာလို ရေအချိန်မရွေး ရနိုင်တဲ့ ဆည်မြောင်းတွေက ကိုယ့်ရွာမှာမှ မရှိပဲ။ ဘာပဲဖြစ်ဖြစ်လေ စီးပွားရေးက စိုက်ပျိုးရေးကို အခြေခံထားတဲ့ နိုင်ငံဆိုတော့ တောင် သူလယ်သမား ငဘများကတော့ ဆင်းဆင်းရဲရဲနဲ့ မိုးကိုပဲအားကိုးပြီး လုပ်ကိုင်စားသောက် နေကြရဦးမှာပဲဖြစ်သည်။

Most Read

Most Recent