<

ကဗျာတေးနှင့် မြေးတို့ပျော်

(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အစားအစာရောင်းချပွဲကို ဖေဖော်ဝါရီ ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင်ပြုလုပ်ခဲ့ပြီး ဒေသခံ တိုင်းရင်းသား ကလေးငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-မဖေငြိမ်း)

ဖေဖော်ဝါရီလရောက်ရှိတိုင်း နှစ်ပတ်လည်ကျင်းပသည့် ‘ပြည်ထောင်စုနေ့’ အထိမ်းအမှတ် ဂုဏ်ပြုခဲ့ကြပြီ။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်။ ထိုနေ့ကို အလွန်ဂုဏ်ပြုထိုက်ပါသည်။

အင်္ဂလိပ်သည် မြန်မာပြည်ကို လွတ်လပ်ရေး ပေးရတော့မည်ဟု လက်ခံလာသော်လည်း တောင်တန်းဒေသတစ်နေရာ တစ်ထောင့်ထောင့်နှင့်တော့ သဘောမညီ ကွဲနေဦးမည်ဟု ထင်မြင်နေခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ရောကိုယ်ပါ အလွန်ပြင်းပြထက်သန်သည့် အပင်ပန်းခံကာ ပြတ်သားစွာ ကြိုးပမ်းအားထုတ်မှုက နယ်ချဲ့အဖို့  အထင်နဲ့အမြင် ပါစင်အောင် လွဲသွားစေ တော့သည်။

သို့သော် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် မြန်မာပြည်ကို လုံးဝလွတ်လပ်ရေးပေးခဲ့ရပြီးနောက် ဗိုလ်ချုပ်ဆိုခဲ့သည့် ‘တစ်နှစ်အတွင်း လွတ်လပ်ရေးရမည်’ ဆိုသည်မှာ ဗျာဒိတ်အလားပမာ ဆိုချင်တော့သည်။ ထိုသို့သော အတိတ်သမိုင်းကြောင့် ‘ပြည်ထောင်စုနေ့’ ဆိုသည် အလွန်ဂုဏ်ပြုထိုက်သောနေ့ ဖြစ်ပေသည်။

ခရစ်ပြက္ခဒိန်လနှင့်ရက်အားဖြင့်ဆိုလျှင် ပြည်ထောင်စုနေ့ကို လွန်ပြီးနောက် တစ်ရက် ဖေဖော်ဝါရီ ၁၃ ရက်သည် ၁၉၁၅ ခုနှစ်က အဖရှေ့နေဦးဖာ၊ အမိဒေါ်စုတို့ရဲ့ သားထွေးလေး ‘မောင်ထိန်လင်း’ ၏ မွေးနေ့ ဖြစ်သည်။ မောင်ထိန်လင်းသည် သူ့ကျွန်မခံ စိတ်ဓာတ်ပြင်းထန်သည့် မြို့လုလင်သူကြီး  ‘မင်းကြီးရွှေလရောင်’ ၏ မြေးတစ်ယောက်ပင် ဖြစ်သည်။ ဇာတာငယ်မည် မောင်ထိန်လင်း ဖြစ်သော်လည်း အစ်ကိုတစ်ယောက်ဖြစ်သည့် မောင်အောင်သန်းအမည်နှင့် လိုက်ဖက်အောင် ခေါ်ခဲ့သော မောင်အောင်ဆန်း အမည်က ပိုပြီး ခေါ်တွင်ထင်ရှားခဲ့သည်။ မင်းကြီးရွှေလရောင်၏ မြေးပီပီ မောင်ထိန်လင်းခေါ် မောင်အောင်ဆန်းသည် နောင်သောအခါ သခင်အောင်ဆန်း၊ ဗိုလ်တေဇ၊ ဗိုလ်ချုပ်အောင်ဆန်း၊ အမျိုးသားခေါင်းဆောင်ကြီး အာဇာနည်ဖြစ်ခဲ့လေသည်။

ပြည်ထောင်စုသားတို့၏ ကျေးဇူးရှင် လွတ်လပ်ရေးဗိသုကာကြီးသည် တိုင်းပြည် လွတ်လပ်ရေးကို နယ်ချဲ့က မဖြစ်မနေပေးကိုပေးရမည်ဟု ဆိုခဲ့သည့်စကားအတိုင်း တိုင်းပြည်လွတ်လပ်ရေး ရခဲ့သော်လည်း သူ့အဖို့မှာကား လွတ်လပ်ရေးနိုင်ငံတော် အလံတင် အခမ်းအနားကြီးကိုပင် မကြုံလိုက်ရ။ ပြည်ထောင်စုနေ့ဟူ၍ ဖြစ်ပေါ်မော်ကွန်းတင်ခဲ့ရသော ‘‘ပင်လုံစာချုပ်’ အတွက် ကြိုးပမ်းပြီးမြောက်ပြီးသည့်နောက် ငါးလနှင့် ရက်ကလေးသီသီအစွန်းမှာပင် လုပ်ကြံခံခဲ့ရ၍ အသက်ဆုံးပါးခဲ့ရသည်။ ထိုသို့ ဖြစ်ရလေသော ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားချစ်မြတ်နိုးကြလေအောင် သူ၏ မွေးနေ့ ကို ‘ကလေးများနေ့’ အဖြစ် သတ်မှတ်လာခဲ့ကြသည်။

ယခု ၂၀၁၈ ခုနှစ်သည် (၇၁) နှစ်မြောက် ‘ပြည်ထောင်စုနေ့’ ဖြစ်သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်သည်  ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၃ နှစ်မြောက်မွေးနေ့ဖြစ်သည်။

ထိုနေ့တွင် ပြည်ထောင်စုနိုင်ငံကြီးဖြစ်သော မိမိတို့၏ နိုင်ငံတစ်ဝန်းမှ ပြည်ထောင်စု သား၊ ကလေးငယ်များ ပျော်ရွှင်ကြပါစေ။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း . . .  စသည့် တောင်ပေါ်မြေပြန့်နိုင်ငံ အ၀န်း နေရာအနှံ့အသီးသီးမှ ပြည်ထောင်စုငယ်ကလေးများအသွင်ရှိနေကြမည့် သူတို့ ကလေးတွေ၏အကြားတွင် ပြည်ထောင်စုစိတ်အသိကလေးများ ကိန်းအောင်းရရှိသွားကြမည်ဆိုလျှင် ပြည်ထောင်စုနေ့သည် နှစ်ပေါင်းရာထောင်ချီအောင် တည်မြဲမည့် အတိတ်သမိုင်းကို သူတို့တွေ ကိုယ်တိုင်ရှာဖွေ သိမှတ် ခံစားသွားကြလိမ့်မည်ဟု ထင်မြင် ယုံကြည်မိပါသည်။

အလျဉ်းသင့်၍ မိတ်ဆက်တင်ပြပေးလိုပါသည်။ မိတ်ဆွေကဗျာဆရာ လူမွန် (ပခုက္ကူ) ၏ ‘ပြည်ထောင်စုနေ့’ ကဗျာကို ကလေးများရပ်ဝန်းမှာ သံပြိုင်ရွတ်ဆိုနိုင်ပါသည်။

‘လွတ်လပ်ရေးကြီးရဖို့ရာ

ညီညွတ်မှုလိုတာ၊

ခေါင်းဆောင်တွေကြိုးပမ်းကြ

ပြည်နယ်နှင့်ပြည်မ။

ညီညွတ်ကြတော့ မြို့ပင်လုံ

စုဝေးရောက်ရှိကုန်၊

တိုင်းရင်းသားစုံ သွေးစည်းနှော

သမိုင်းတွင်စေသော . . .။

ရဲရဲနီသော သွေးချင်းညီ

ဘယ်တော့မခွဲပြီ၊

ဖေဖော်ဝါရီ ဆယ့်နှစ်ရက်

မမေ့တို့ပြည်တွက်။

လက်ချင်းဆက်လို့ ကာကွယ်မည်

ကမ္ဘာဆုံးတိုင်ရည်၊

ညီအစ်ကိုတို့ ပျော်ရွှင်မွေ့

တို့ပြည်ထောင်စုနေ့။

(မထွေးလေးနှင့် ပန်းစံပယ်ကဗျာများ) မှ ဖြစ်ပါသည်။

တိုင်းပြည်ရတနာဖြစ်သော ကလေးများ ကို ပန်းကလေးများနှင့် တင်စားသည့်အခါ ပြည်ထောင်စုသည်လည်း ပန်းဥယျာဉ်ပမာဟု မင်းရွှေမင်း (အင်းစိန်) (အမျိုးသားစာပေဆုရ ကဗျာဆရာ) က ဖွဲ့သီခဲ့ပါသည်။

ပြည်ထောင်စုပန်းဥယျာဉ်

■      ဒို့ပန်းဥယျာဉ် စိမ်းစိုလွင်

ပန်းပေါင်းအစုံပင်၊

‘ကချင်’ ‘ကရင်’ထို’ကယား’

သွေးချင်းညီကိုများ။

■      သွေးသားရင်းချာ ‘ရခိုင်’ပါ

‘မွန်’ ‘ချင်း’ ‘ရှမ်း’ ‘ဗမာ’၊

ပန်းမျိုးရှစ်ဖြာမွှေးကြူသင်း

ဒို့ပန်းဥယျာဉ်တွင်း။

■      ဥယျာဉ်သန့်ရှင်းတည်မြဲအောင်

ဝိုင်းဝန်းဒို့ကြံဆောင်၊

ပျိုးထောင်ပန်းမန်စဉ်အမြဲ

ပေါင်းမြက်သုတ်သင်ပါဝင်နွှဲ

ဒါမှဒို့အောင်ပွဲ။

(ပြည်ထောင်စုပန်းဥယျာဉ်ကဗျာများ)။

ကျောင်းမှစိုက်ခင်းနှင့် ဥယျာဉ်တွင် ပေါင်းမြက်တို့ကို ရှင်းရသလိုပင် ပြည်ထောင်စုပန်းဥယျာဉ်အတွက် ဘယ်အရာတို့သည် ပေါင်းမြက်အဖြစ် သုတ်သင်ရမည်မှန်း တစ်ချိန်တွင် သူတို့ကလေးတွေ နားလည်သွားကြလိမ့်မည်။

ကန့်ဘလူခင်မောင်ဆွေကတော့ သူဆုရခဲ့သည့် ‘သားရွှေစင်ကဗျာများ’တွင် တို့များ ညီအစ်မ’ဆိုပြီး ဖွဲ့ခဲ့သည်။ နိမိတ်ပုံတင်စား အမည်ကလေးများနှင့်ဖြစ်သည်။

■      ရန်ကုန်မြို့သူ ပန်းကလျာ

ဗမာမလေးပါ။

ဝုန်လန်ကျိန်ဟာ ချင်းမလေး

ဟားခါးမြို့မှာမွေး။

■      ကချင်မလေး မဂျာဘူ

မြစ်ကြီးနားမြို့သူ၊

ကရင်ပျိုဖြူ နော်ရင်မွှေး

ဘားအံမြို့မှာမွေး။

■      နန်းငယ်ထွေးက ရှမ်းပါကွယ်

တောင်ကြီးဇာတိနွယ်၊

ဖြူနုသွယ်က ရခိုင်မို့

ဌာနေစစ်တွေမြို့။

■      မိပို့ပို့က မွန်ကညာ

မော်လမြိုင်ကလာ၊

မဘူးမြာက ပျိုကယား

လွိုင်ကော်မြို့ကလား။

■      ၀မ်းသာအားရ ကြည်နူးပျော်

အမြဲစည်းလုံးနော်၊

နေပြည်တော်မှာ ဆုံတွေ့ကြ

တို့များညီအစ်မ။

စင်စစ်တော့ ပြည်ထောင်စုသား ပြည်ထောင်စုဖွားများသည် တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားကြသူများပင်ဖြစ်ကြ သည်။ သွားနေကြသော ခရီးပန်းတိုင်သည် ပြည်ထောင်စုငြိမ်းချမ်းရေးပင်ဖြစ်သည်။  ‘အရုဏ်ဦးမှာဖူးတဲ့ပန်း’ကဗျာများတွင် ရွှေ မြိုင်ပြုံးလဲ့မော်ကလည်း ‘ပြည်ထောင်စုလှေ’ ဆိုပြီး လှေတော်သားများ၏ အားမာန်အသံများဖြင့် ရေးဖွဲ့ခဲ့သည်။

■      တစ်လှေတည်းထိုင် ဦးပဲ့ကိုင်

ရခိုင်လှော်ဟေး၊ ဗမာကြွေး

ယီးလေးလေး ယီးလေးလေး။

■      ရှမ်း ချင်း ကချင် မွန် ကရင်

စွမ်းအင်ဖွေးဖွေး၊ တက်ကုန်ပြေး

ယီးလေးလေး ယီးလေးလေး။

■      လှိုင်းဟုန် လေဟုန်၊ တို့မဖြုံ

ယုံကြည်အားပေး ကယားလေး

ယီးလေးလေး ယီးလေးလေး။

■      ပြည်ထောင်စုလှေ၊ လှော်ခတ်နေ

တွေဝေမနှေး၊ လုံ့လမွေး

ယီးလေးလေး ယီးလေးလေး။

■      စည်းလုံးချစ်ခင် ညီညွတ်လျှင်

ပန်းဝင်နိုင်ရေး၊ တို့အရေး

ယီးလေးလေး ယီးလေးလေး။

■      တက်ညီလက်ညီ၊ အားမာန်ချီ

ပြည်ထောင်စုမွေး၊ ပြည်သူ့သွေး

ယီးလေးလေး ယီးလေးလေး။

ရည်မွန်သော နှလုံးသားတို့ဖြင့် ရေးဖွဲ့ခဲ့ကြသော ကဗျာဆရာတို့၏ ကဗျာကလေးများမှာ အနှစ်သာရများဖြင့် ချစ်စရာဟု မြင်ပါသည်။

ပြည်ထောင်စုဖွားကလေးများ ဘေးရန် ကင်းကွာ ပျော်ရွှင်နိုင်ကြပါစေ။ ဒီလို ကဗျာ ကလေးများသည်လည်း အရေအတွက် နည်း ပါးလှသော စာအုပ်များထဲတွင်သာရှိမနေဘဲ မြန်ပြည်အနှံ့ ဆရာမိဘတို့မှတစ်ဆင့် ကလေး များအကြား ပျံ့နှံ့ပါစေ။

ကလေးများ၏ ကဗျာတေးဆိုသံများဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးခရီးသည်လည်း နီးသထက်နီးပါစေဟူ၍။














Copy Protected by Chetan's WP-Copyprotect.