<

နွေဦးထဲက စာအုပ်အငှားဆိုင်နေ့များ

ကျောင်းရက်ရှည်ပိတ်သော နွေရာသီသို့ ရောက်ရှိတော့မည်ဖြစ်သည်။ သရက်ပင်များတွင်လည်း သရက်ဖူးလေးများ ဖူးပွင့်နေပြီ ဖြစ်သည်။ သို့သော် ဆောင်း၏လက်ကျန် အအေးဓာတ်တို့ကို အစွမ်းကုန်ခံစားနေရသေးသည်။ ဆောင်းသည် နှုတ်ဆက်ခွဲခွာဖို့အတွက် အစွမ်းကုန်အေးစက်ပြနေ၏။သိပ်မကြာခင်၌ အနွေးထည်များကို ဗီရိုထဲသို့ ထည့်ကာ သိမ်းဆည်းရတော့မည်ဖြစ်သည်။

နွေဦးသည် ကျွန်တော်တို့ထံသို့ သစ်ရွက်ကြွေ များနှင့်အတူ၊ နွေးထွေးသော နေရောင်ခြည်များနှင့်အတူ ရောက်ရှိလာရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ပူလောင်လှသော နေရောင်ခြည်၏ဒဏ်ကို ရှောင်ရှားနိုင်ရန်အတွက် နေ့လယ်ခင်းများတွင် စာဖတ်ခြင်းဖြင့် အိမ်တွင်းပုန်းခဲ့သည်။ ကာတွန်းစာအုပ်များက နွေရာသီရက်များတွင် ကျွန်တော့်ကို ပျော်ရွှင်နေစေရန် ပြုလုပ်ပေးခဲ့ကြသည်။ နွေရာသီရက်များ၌ စာအုပ်အငှားဆိုင်များသို့ ပိုမိုရောက်ရှိခဲ့သည်။ အရိုင်း၊ မောင်တီထွင်၊ တွတ်ပီ၊ ရွှေဂေါင်းပြောင်တို့နှင့် တွေ့ဆုံရင်း စာဖတ်ခြင်း၏ အရသာဖြင့် အေးချမ်းရသောကာလများ ဖြစ်သည်။ ထိုအချိန်များသည်ကား ကျွန်တော်၏ ကျောင်းသားဘ၀ နွေရာသီကျောင်းပိတ်ရက်များပင်ဖြစ်သည်။

ယနေ့ခေတ် ကျောင်းသူကျောင်းသားများ၏ နွေရာသီ ကျောင်းပိတ်ရက်သည် ကစားရန်၊ စာဖတ်ရန်အတွက် မဟုတ်တော့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ နောက်ထပ် ရင်ဆိုင်သင်ကြားရမည့် စာများအတွက် ကျူရှင်များသို့ မိဘများ၏ ပို့ဆောင်တက် ရောက်စေခြင်းကို ခံရကာကစားချိန်၊ စာဖတ်ချိန်များ ပျောက်ကွယ်နေရသော နွေရာသီ ကာလများပင် ဖြစ်သည်။ စာအုပ်အငှားဆိုင်များသည်လည်း မြို့ရွာအသီးသီးတွင် ပျောက်ကွယ်သွားခဲ့သည်မှာ ၀မ်းနည်းဖွယ်ရာပင်ဖြစ်သည်။ သတင်းစာ ဂျာနယ်အရောင်းဆိုင်များ၌  ရွှေသွေး၊ တေဇ၊ ပုတက် အစရှိသော ကလေး စာစောင်များ ရောင်းချနေသေးသော်လည်း သားသမီးများဖတ်ရန်အတွက် ၀ယ်ယူပေးသော မိဘသည် အလွန်ရှားပါးနေပြီဖြစ်သည်။ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ၏ နွေရာသီနေ့ရက်များသည် သင်တန်းများ၊ ကျူရှင်များဖြင့် ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ စာကြည့်တိုက်များသို့ သွားရောက်၍ စာဖတ်သော လူငယ်လူရွယ်များသည်လည်း အလွန်နည်းပါးလှသည်။ စာကြည့်တိုက်များသည်လည်း လူငယ်များ မတွေ့ဆုံသည်မှာကြာမြင့်ပြီဖြစ်သည်။ နွေရာသီ၏စာအုပ်အငှားဆိုင် နေ့ရက်များသည်လည်း လွမ်းမောဖွယ်အဖြစ် ကျန်ခဲ့ပြီဖြစ်သည်။

ကျွန်တော်၏ ငယ်စဉ်ဘ၀ နွေဦးနေ့ရက်များသည် စာအုပ်အငှားဆိုင်ရှိ ကာတွန်းစာအုပ်များကြားတွင် ကုန်လွန်ခဲ့သည်။ အတန်းတင်စာမေးပွဲ ဖြေဆိုပြီးသည်နှင့် ခြေလှမ်းများသည် စာအုပ်အငှားဆိုင်သို့ ဦးတည်တော့သည်။ ညနေခင်းအချိန်များတွင် ဘောလုံးကန်ခြင်း၊ စွန်လွှတ်ခြင်းများကို ပြုလုပ်သော်လည်း ကျန်ရှိသော အချိန်များကို ကာတွန်းစာအုပ်များဖတ်ခြင်းဖြင့်သာ ကုန်လွန်ခဲ့ကြသည်။ အရိုင်း၏ တောနက်ကြီးထဲသို့ နေ့စဉ် ရက်ဆက်သွားရောက်ခဲ့သည်။ ကိုပူစီနှင့်အတူ မကောင်းသူများကို ဖမ်းဆီးရင်း လူ ကောင်းများကို ကယ်တင်ရန် ကြိုးစားခဲ့သည်။ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ၏တီထွင်မှုများနှင့် အတူသိပ္ပံပညာ၏ ဆန်းပြားမှုကို ငေးမောအားကျခဲ့သည်။ မုဆိုးကျော်ကြီး မြိုင်ရာဇာ တွတ်ပီနှင့်အတူ တိရစ္ဆာန်များ၏ တောသဘာဝကို သိရှိခဲ့ရသည်။ ဦးစိတ်တိုနှင့် မျောက်ညိုတို့၏ ရန်ပွဲတွင် ရယ်မောခဲ့ရသည်။သမိန်ပေါသွပ်နှင့် အာတာလွတ်မြို့စားကြီး ဦးအာလူးတို့၏ ဟာသဖြစ်ရပ်များတွင် ပျော် ရွှင်ခဲ့သည်။ မူလတန်းကလေးတစ်ယောက်၏ နွေဦးရက်များသည် ပျင်းရိခြင်းမရှိဘဲ ကုန်ဆုံးခဲ့တော့သည်။

အလယ်တန်း ကျောင်းသားဘ၀၏နွေ ကျောင်းပိတ်ရက်များကိုတော့ ဆားပုလင်းနှင်းမောင်၏ စီးကရက်မီးခိုးများကို ငေးမောကြည့်ရင်း ကုန်လွန်ခဲ့ရသည်။ ထို့နောက် ဆရာကြီးရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှားတို့၏စာအုပ်များတွင် စီးမျောခဲ့သည်။ ဆရာကြီးရွှေဥဒေါင်း၏ သူတော်စိန်၊ ပထမံဆရာသိန်း စသော စာအုပ်များ၊ ဆရာကြီးဒဂုန်ရွှေမျှား၏ ကမ္ဘာမြေအောက်ခရီး၊ စုံထောက်ဦးထင်ကျော် စသည့် စာအုပ်များဖြင့် စွန့်စားခြင်း၏ အရသာတွင် ကပ်ငြိပျော်မွေ့ကြရသည်။ သိုင်းဝတ္ထုများသည်လည်း ကျွန်တော်၏ အလယ်တန်း ကျောင်းသားဘ၀ နွေရာသီရက်များတွင် ပါဝင်ခဲ့ပြန်သည်။ သိုင်းဝတ္ထုအတွဲများကို ဖတ်ရှုရန်အတွက် ကျောင်းပိတ်ရက်ရှည်ကြီးက အဆင်ပြေနေသည်။ သို့သော် ရှစ်တန်းကျောင်းသားဘ၀၏ အတန်းတင်စာမေးပွဲကြီးအပြီးတွင် ဖတ်ရှုသော စာအုပ်များ ပြောင်းလဲလာ တော့သည်။ ဘာသာပြန်စာပေများကို စတင် ဖတ်ရှုလာသလို နီကိုရဲ၊ မင်းခိုက်စိုးစံ၊ တာရာမင်းဝေတို့၏ စာအုပ်များ၏လွှမ်းမိုးမှုကိုခံရတော့သည်။ ပါပီလွန်နှင့် ဗင်ကို စာအုပ်က ဘာသာပြန်စာအုပ်များကို ဖတ်ရှုလာစေရန် ဆွဲဆောင်ပါတော့သည်။ ယောက်ျားတစ်ယောက်၏ ဇွဲသတ္တိဘ၀ကို အရှုံးမပေးလိုသော စိတ်ဓာတ်များကို နှလုံးသားထဲကို ရောက်ရှိသွားစေအောင် ပြုလုပ်ပေးသော စာအုပ်ဖြစ်သည်။ ဆယ်ကျော်သက်လူငယ်တစ်ဦး၏ ရင်ခုန်သံများအတွက်လည်း အချစ်ဝတ္ထုစာအုပ်များက လွမ်းစေအောင်၊ ချစ်တတ်အောင် ပြုလုပ်ပေးခဲ့သည်။မောင်စိန်ဝင်း (ပုတီးကုန်း)၊ မောင်လှမျိုး(ချင်းချောင်းခြံ)၊ ဂျူး စသည်ဖြင့် အချစ်၏အိပ်မက်ကို နူးညံ့စွာရရှိစေသော စာအုပ်များဖြင့် နွေညများကို ဖြတ်သန်းခဲ့ပြန်သည်။

၁၀ တန်းစာမေးပွဲဖြေဆိုပြီးသော နွေ ဦးရက်များတွင်ကျွန်တော်သည် မြို့လေး၏ မြောက်ဘက်တွင်ရှိသော စာအုပ်အငှားဆိုင် တစ်ဆိုင်သို့ ရောက်ရှိသွားခဲ့သည်။ စာအုပ် အငှားဆိုင်အမည်မှာ ဖန်မီးအိမ်ဖြစ်သည်။ ဆရာကြီးတင်မိုး၏ ကဗျာခေါင်းစဉ်နာမည် ဖြင့် ထိုစာအုပ်အငှားဆိုင်သည် ရသစာပေ များထဲသို့ ကျွန်တော့်အား ဆွဲယူခေါ်ဆောင် သွားခဲ့သည်။

သူ့အဆင်းသည်

နေမင်းပမာ၊ သော်တာအလား

မ၀င်းငြားလည်း၊ သူ့အားသူ့မာန်

သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ

ဤလောကကို

အလှဆင်လိုဟန်တကား။

ဆရာကြီးတင်မိုး၏ အထက်ပါကဗျာစာပိုဒ်ကို ဆိုင်တွင် ချိတ်ဆွဲထားသည်။ စာအုပ်အနှောင့်များတွင် လှပသော လက်ရေးဖြင့် ရေးထားသောစာအုပ်များကို စာအုပ်စင်များတွင် ညီညာစွာဖြင့် စီထားသည်။စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးလေးကြီးသည် စာပေ၀ါသနာရှင်တစ်ဦးဖြစ်သလို ကဗျာဆရာတစ် ဦးလည်းဖြစ်သည်။ အရာရှိပေါက်စ ၀န်ထမ်းတစ်ဦးလည်း ဖြစ်ပြန်သည်။ သူ၏ စာအုပ်ဆိုင်တွင် စာအုပ်ငှားရမ်းဖတ်ရှုသက် အနည်းငယ်ကြာသောအခါတွင် ကျွန်တော်၏ စာပေ၀ါသနာကို သတိထားမိသွားဟန်တူသည်။ဖတ်ရှုသင့်သောစာအုပ်များ၊ ဖတ်ရှုဖို့ကောင်းသော စာအုပ်များကို လမ်းညွှန်တော့သည်။ မဟေသီ၊  ရုပ်ရှင်တေးကဗျာ၊ ရွှေအမြုတေ၊ နွယ်နီ စသည့် မဂ္ဂဇင်းများတွင် ပါဝင်သော စာပေဆိုင်ရာဆောင်းပါးများကိုလည်း ရှင်းလင်း ပြောပြတတ်သေးသည်။ မဂ္ဂဇင်းများကတစ် ဆင့် ကဗျာကို ထိတွေ့လာတော့သည်။ ဖန်မီးအိမ်စာအုပ်အငှားဆိုင်ရှိ မဂ္ဂဇင်းအဟောင်းများကို မွှေနှောက်ဖတ်ရှုတော့သည်။ ဆရာဒဂုန်တာရာ၏ ကဗျာပေါင်းချုပ်စာအုပ်၊ ဆရာဒေါင်းနွယ်ဆွေ၏ ကလျာမိမိမုန်း၊ ဆရာမောင်ခိုင်မာ၏ ရှင်မရေ ကဗျာများကို ဖတ်ရှုရခဲ့သည်။ ၁၀ တန်းဖြေပြီးခါစ လူငယ်တစ်ဦး၏ အသိဥာဏ်၊ အနုပညာခံစားမှုစွမ်းရည်  ရှိသလောက်ဖြင့် ရသစာပေ၏ ကောင်းကင် ကြီးထဲတွင် ပျံသန်းခဲ့ရသည်။ မဂ္ဂဇင်းများတွင် ပါသော ခေတ်ပေါ်ကဗျာများ၏ကျယ်ပြန့် နက်ရှိုင်းမှုများကို ဖမ်းဆုပ်နိုင်ရန်အတွက် စာဖတ်သက်ရင့်သောသူများ၏ ကဗျာဓာတ်များကို ထုံကူးခွင့်ရခဲ့သည်။

ထို့အပြင် လူငယ်လေးတစ်ယောက်သာ ဖြစ်သော ကျွန်တော့်အတွက် ရုပ်ပြစာအုပ်များကလည်း ပေါများလှသည်။ ထွက်သမျှ ရုပ်ပြစာအုပ်များကို ဖန်မီးအိမ်ဆိုင်ကလည်း တင်ပေးသည်။ ထွက်သမျှ မဂ္ဂဇင်းစာအုပ်များ ကိုလည်း ငှားရမ်းနိုင်ရန် ကြိုးစား၍ဆိုင်တွင် တင်ပေးသည်။ ရသစာပေစာအုပ်ကြီးများကို  ဖတ်ရှုမှတ်သားရင်း ပေါ့ပေါ့ပါးပါး ရုပ်ပြစာအုပ်များဖြင့် အပန်းဖြေခဲ့ရသည်။ မဂ္ဂဇင်းများတွင် ပါဝင်သော မင်းသား မင်းသမီးများ၏ အကြောင်းများ၊ အလှအပဖက်ရှင်များအ ကြောင်းများကို ဖတ်ရှုခံစားရင်းဖြင့် ကဗျာများ၊ စာပေဆိုင်ရာဆောင်းပါးများကို သေသေချာချာ လေ့လာဖတ်ရှုဖြစ်ခဲ့သည်။ ထို့ နောက်ပိုင်းကာလများတွင်တော့ ကဗျာကောင်းများ၊ ၀တ္ထုတိုကောင်းများ၊ စာပေဆိုင်ရာ ဆောင်းပါးကောင်းများကိုသာ ရွေးချယ် ဖတ်ရှုတော့သည်။

နွေဦးကာလ၏ ကျောင်းပိတ်ရက်များတွင် ကျွန်တော်တို့ မြို့လေးရှိတစ်ခုတည်းသော စာကြည့်တိုက်လေးတွင် ကလေးငယ်များဖြင့် ပြည့်နှက်နေသည်။ ပုံပြင်စာအုပ်အကြောင်းများကို တစ်ဦးနှင့်တစ်ဦး အားရပါးရ ပြောနေကြသည်။ ကျွန်တော်တို့ မြို့လေးတွင် လည်း စာအုပ်အငှားဆိုင်များ၊ စာအုပ်အရောင်းဆိုင်များ အများအပြားပေါ်ထွက်လာသည်။ အွန်လိုင်းမှနေ၍ အိမ်အရောက် စာအုပ်ပို့ပေးကာ ရောင်းချသောစနစ်လို အွန်လိုင်းကနေ စာအုပ်ငှားရမ်းကာ အိမ်သို့အရောက် လာပို့ပေးသည်ကို စောင့်ယူဖတ်ရှုရသော စနစ်လည်း ပေါ်ထွက်လာသည်။ကလေးငယ်များ၊ လူငယ်များ၏လက်တွင်ရှိသော စမတ်ဖုန်းများ၊ တက်ဘလက်များထဲတွင် အင်တာနက်မှနေ၍ ဒေါင်းလုတ် (Download) ဆွဲရယူထားသော စာအုပ်များဖြင့် ပြည့်နှက်နေသည်။ ကဗျာရွတ်ပွဲများ၊ စာ ပေဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများသည် လူငယ်များဖြင့်စည်ကားနေသည်။

သစ်ရွက်များသည် ပူပြင်းလှသော နေရောင်အောက်တွင် ကြွေကျလာသည်။ကလေးငယ်များ၊ လူငယ်များသည် လေးလံလှသော လွယ်အိတ်များ၊ ကျောပိုးအိတ်များကို လွယ်ကာသင်တန်းတက်ရောက်ရန်၊ ကျူရှင်သွားရန်အတွက် လမ်းများပေါ်တွင် သွားလာနေကြသည်။

သရက်ပင်အောက်တွင် စာထိုင်ဖတ်နေရင်း တွေးမိသောအတွေးများ၊ ဖြစ်စေချင်သော အရာများသည် နွေ၏ အပူရှိန်အောက်တွင် အငွေ့ပြန်သွားခဲ့ပြီဖြစ်သည်။ အခြေအနေဆိုးများကို ကြုံတွေ့ရသော်လည်း ရသစာပေကို မြတ်နိုးသောသူများ ရှိနေသရွေ့ စာအုပ်ကောင်းများ၊ စာပေကို မြတ်နိုးဖတ်ရှုသော လူငယ်များ ထွက်ပေါ်လာနေဦးမည်ကတော့ အသေအချာပင်ဖြစ်သည်။














Copy Protected by Chetan's WP-Copyprotect.