ချစ်၍လျှောက်ခဲ့သော လမ်းများ

ချစ်၍လျှောက်ခဲ့သော လမ်းများ
Published 14 February 2018

ဘုရားပွဲဈေးတန်းတစ်ခုကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

'ပွဲတော်လမ်း'

ပွဲတော်ထဲ လရောင် မရောက်ခင်

နေရောင်ဟာ သူတစ်ယောက်တည်း

ရောင်စုံစိတ်ကူးလေးတွေ

ဆေးခြယ်ထားတဲ့ လူ့ဘုံထဲ

ဆိုင်းသံကိုသာ နားစွင့်နေကြသူတွေ။

ဆုတောင်းလေးတွေ ရင်ပြင်တော်ပေါ်ကြွေကျ

ရေချမ်းစင်တဲလေးတွေရှေ့က

ကုသိုလ်စမ်းချောင်းလေး

သူ့ရေစီးမှာ လူတွေ အေးရိပ်ခိုကြ

အားငယ်နေရှာတဲ့ စက္ကူနွားရုပ်လေး

တွဲလွဲချိတ်ထားတဲ့ သေနတ်လေးကို

သူ ကြောက်ရွံ့နေရှာ။

ဇာတ်စင်တော် အဖွင့်လက်ခုပ်သံတွေထဲ

တောရွာလေးတွေရဲ့ပျော်ရွှင်မှုတွေ လွင့်ပျံ့

ဘယ်လိုပဲဖြစ်ဖြစ် ပွဲတော်ရဲ့လမ်းတွေ

လရောင်အောက်  နှစ်စဉ်ပွင့်ဖူးလို့။

 - ထက်လူအောင်

“ဘုရားပွဲကို ဘုရားပွဲကို” လို့ အော်ခေါ်နေတဲ့ အသံတွေကို ကြားနေရတယ်။ ဝတ်ကောင်းစားလှတွေနဲ့ အဲဒီကားတွေပေါ်ကို သူ့ထက်ငါ အလုအယက် တက်နေကြတဲ့ လူတွေကိုလည်း မြင်နေရတာပါပဲ။ ဒါပေမဲ့ အံသြစရာကောင်းတာက အဲဒီမြင်ကွင်းတွေ အဲဒီအသံတွေအတွက် ကျွန်တော့်စိတ်မှာ  ဘယ်လိုမှ မခံစားနေရတာပဲ။ တကယ်လည်း  အံသြနေမိခဲ့တယ်။

ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်တွေတုန်းကဆို အဲဒီလိုအသံတွေ အဲဒီလိုမြင်ကွင်းမျိုးတွေကို မြင်ပြီဆိုတာနဲ့ စိတ်ထဲမှာ မရိုးမရွ ဖြစ်လာတတ်လို့ပါပဲ။ မရိုးမရွ ဖြစ်ရုံတင်မက နီးစပ်ရာကားပေါ်ကို ကောက်တက်ပြီး ဘုရားပွဲဈေးဆီကို ခဏလောက်ဖြစ်ဖြစ် ရောက်သွားတတ်ပါသေးတယ်။ တကယ်တော့ ဒီဘက်နှစ်ပိုင်းတွေမှာ အပျော်အပါးကိစ္စဘက်တွေမှာ ကျွန်တော်ဟာ စိတ်မပါ လက်မပါ ဖြစ်နေခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိနေခဲ့ပါတယ်။ အသက်အရွယ်ကြောင့်လား ဒါမှမဟုတ် မပြေလည်တဲ့  စီးပွားရေးအနေအထားကြောင့် ား သေချာမသိပေမယ့် အဲဒီလိုပွဲတော်မျိုးတွေကို သွားဖို့ စိတ်မပါ လက်မပါ ဖြစ်နေခဲ့တာတော့ အသေအချာပါပဲ။

ပွဲတော်တွေတင် မဟုတ်ပါဘူး။ နည်းနည်းပါးပါး လူနေထူထပ်တဲ့ လက်ဖက်ရည်ဆိုင်လို နေရာမျိုးတွေကိုလည်း တတ်နိုင်သလောက် ကျွန်တော် ရှောင်နေမိတတ်ပါတယ်။ဟုတ်ပါတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ စာဖတ်တာ၊ စာရေးတာလို ကိစ္စရပ်မျိုးတွေဘက်ကို ပဲ ကျွန်တော့်စိတ်တွေက အားသန်နေခဲ့ပါတယ်။ စာမဖတ်ဖြစ် စာမရေးဖြစ်ရင်တောင်မှ ငြိမ်ငြိမ်ဆိတ်ဆိတ် တွေးနေရတာကိုပဲ သဘောကျနေမိခဲ့ပါတယ်။ ယုတ်စွအဆုံး အိမ်မှာနေရင်တောင် အိမ်က မိသားစုဝင်တွေနဲ့ အနည်းငယ်ဝေးတဲ့ ခြံထဲလိုနေရာမျိုး မှာ ဆင်းပြီးနေတတ်မိပါတယ်။

အဲဒီလိုဆိုလို့ လူတောမတိုးတဲ့ပုံစံ လူတွေထဲ မဝင်ဆံ့တဲ့ ပုံစံမျိုးတော့လည်း မဟုတ်ပါဘူး။ ကျွန်တော် လုပ်စရာတွေကို ပုံမှန်လုပ်ပြီး ကျွန်တော် ဆက်ဆံစရာရှိတဲ့ လူတွေနဲ့လည်း ပုံမှန်ဆက်ဆံဖြစ်နေခဲ့ကာ ကျွန်တော့် အားလပ်ချိန် ကျွန်တော်ရဲ့ ကိုယ်ပိုင်အချိန် တွေမှာ ကျွန်တော်နေချင်တဲ့ပုံစံမျိုးနဲ့ နေနေခဲ့တာမျိုးပဲ ဖြစ်ပါတယ်။

လူသူရှင်းတဲ့နေရာမှာ ငြိမ်ငြိမ်ဆိတ်ဆိတ်ထိုင်ပြီး ငြိမ်ငြိမ်ဆိတ်ဆိတ်တွေးမယ်၊ ငြိမ်ငြိမ်ဆိတ်ဆိတ် စာဖတ်ပြီး ငြိမ်ငြိမ်ဆိတ်ဆိတ်ပဲ ကျွန်တော် တွေးမိသမျှကို ချရေးမယ်။ကျွန်တော့်ခေါင်းထဲမှာ ဒီလောက်ပဲ ရှိနေခဲ့ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေချင်မိတဲ့ နှစ် ပိုင်းတွေလို့ ပြောရင်တော့ ပိုမှန်လိမ့်မယ် ထင်ပါတယ်။

တကယ်လည်း တစ်ယောက်ယောက်နဲ့ ငြင်းခုံရမှာ၊ တစ်ယောက်ယောက်နဲ့ ပြိုင်ဆိုင်ရမှာကို ကျွန်တော့်စိတ်က လုံး၀ လက်မခံခဲ့ဘူး။ မတော်တဆ ငြင်းခုံရဖို့ကြုံလာခဲ့ရင်လည်း အလျှော့ပေးပစ်လိုက်မိတာချည်းပါပဲ။ အထူးသဖြင့် အခုလို ပွဲတော်နေရာတွေကို ကျွန်တော် လုံး၀ ရှောင်ကြဉ်နေချင်မိတယ်။ ဖုန်တထောင်းထောင်းနဲ့ လူတွေကျပ်ညပ်နေတဲ့ လမ်းတွေထဲကို တိုးဝှေ့လျှောက်ရမှာကို ကျွန်တော် ကြောက်နေမိတယ်။ ဈေးဆိုင် ပေါင်းစုံက အနံ့မျိုးစုံ၊ လူပေါင်းမြောက်မြားစွာဆီက အနံ့မျိုးစုံ စီးမျောခိုဝင်နေမယ့် ပွဲ  တော်ဝန်းကျင်က လေကိုရှူရှိုက်ဖို့အတွက် တွေးလိုက်မိရုံနဲ့ကို ကျွန်တော်စိတ်မှာ အသက် ရှူကျပ်နေခဲ့မိတယ်။

တကယ်လည်း သေသေချာချာ စဉ်းစားကြည့်တော့ လူတွေကြားထဲကို တိုးဝှေ့ပြီး လျှောက်ရတာရယ်၊ သာမန်အချိန်မှာ ၅၀၀ ပေးပြီး ဝယ်စားလို့ရနိုင်တဲ့ အစားအစာတွေ ကို  ၁၀၀၀ လောက်ပေးပြီး ဝယ်စားကြရတာကလွဲရင် ပွဲတော်တွေဟာ သိပ်ပြီးပျော်စရာ မကောင်းဘူးလို့ ထင်တယ်။ အဲဒီလိုပဲ ဖျာတစ်ချပ်စာနေရာကို သောင်းဂဏန်းပေးပြီး ပွဲတွေကို ကြည့်မယ့်အစား စာအုပ်တစ်အုပ်ကို  ဖတ်နေလိုက်ရတာကမှ ပိုပြီး ကောင်းလိမ့်ဦးမယ်လို့ ထင်တယ်။

ဒါပေမဲ့ ဒါတွေဟာ ဒီဘက်ပိုင်းမှ ဖြစ်ပေါ်လာတဲ့ ကျွန်တော်ရဲ့စိတ်ခံစားမှုတွေဖြစ်ပြီး လွန်ခဲပြီးတဲ့ နှစ်ပိုင်းတွေကတော့ ပွဲတော်တွေကိုသွားဖို့ အခုမြင်နေရတဲ့ လူတွေလိုပဲ ကျွန်တော်လည်း ပျော်ရွှင် တက်ကြွ ခဲ့ပါတယ်။အထူးသဖြင့် ကလေးတစ်ယောက်အဖြစ်နဲ့ နေ့ရက်တွေမှာ ပွဲတော်တွေကို ပိုပြီးရင်ခုန်ပျော်ရွှင်ခဲ့ရဖူးပါတယ်။ ပွဲဈေးတန်းက ဆိုင်ခန်းတွေမှာ ချိတ်ဆွဲထားတဲ့ ကစားစရာအရုပ်တွေကို တမေ့တမော့ ငေးကြည့်ခဲ့ဖူးပါတယ်။တစ်ပတ်ပြီးတစ်ပတ် လည်ပတ်နေတဲ့ရဟတ်ကြီးတွေကို တအံ့တသြ ငေးကြည့်မိခဲ့ဖူးပါ တယ်။ လမ်းဘေးမှာ လမ်းလယ်ကောင်မှာ ခွက်တစ်လုံးရှေ့ချပြီး နှစ်နှစ်ခြိုက်ခြိုက် ခွေအိပ်နေကြတဲ့ ကလေးတွေကိုကြည့်ပြီး  တစ်ယောက်ယောက်က တက်နင်းမိသွားမှာကို တွေးပူမိခဲ့ပါတယ်။

ပြီးတော့ ခြေထောက်မပါ လက်မပါဘဲ တောင်းရမ်းစားသောက်သူတချို့ကို တွေ့တဲ့အခါ သွားလာစရာ ခြေထောက်မရှိဘဲ အဲဒီလူတွေ ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲဆိုတဲ့ အတွေးမျိုးကိုလည်း တွေးမိခဲ့ဖူးပါသေးတယ်။ ပွဲဈေးတန်းမှာ ရောင်းတတ်တဲ့ မုန့်ဟင်းခါးဟာ ကျွန်တော့်အတွက် အရသာအရှိဆုံးအစားအစာပါပဲ။တကယ်တော့ ပွဲတော်တွေဟာ တချို့လူတွေအတွက် အပျော်ရှာဖို့ဖြစ်ပေမယ့် တချို့လူတွေအတွက်တော့ စီးပွားရှာဖို့နေရာသာ ဖြစ်ပါတယ်။ အဲဒီလိုပဲ တချို့လူတွေအတွက် ပွဲ တော်ဆိုတာ အမောအပန်းတွေကို ဖြေဖျောက်ဖို့ နေရာတစ်ခုလည်း ဖြစ်ပါသေးတယ်။ အထူးသဖြင့် ကျေးလက် တောရွာနေသူများအတွက် ပွဲတော်တွေဟာ တစ်နှစ်ပတ်လုံး ပင်ပန်းထားခဲ့ကြသမျှကို အတိုးချအနားယူကြတဲ့နေရာလို့တောင်မှ ပြောလို့ရပါတယ်။ တကယ်လည်း ပွဲတော်အစကနေ အဆုံးအထိ အိမ်မပြန်စတမ်း ပွဲတော်မှာပျော်ကြတဲ့ဓလေ့နဲ့ နေရာဒေသ အတော်များများ ရှိနေခဲ့ပါတယ်။

ဘယ်သူတွေအတွက် ဘယ်လို ပွဲတော်မျိုးပဲဖြစ်ဖြစ် ဘယ်လောက် စည်ကားပျော်ရွှင်စရာကောင်းတဲ့ ပွဲတော်မျိုးကိုပဲဖြစ်ဖြစ်  ဒီဘက်နှစ်ပိုင်းတွေမှာ ပွဲတော်လမ်းတွေကိုလျှောက်ဖို့ ကျွန်တော် ကြောက်ရွံ့နေမိခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။ ပွဲတော်လမ်းတွေ ပေါ်တိုးဝှေ့လျှောက်သွားဖို့ ဝန်လေးနေမိခဲ့တာကတော့ အမှန်ပဲဖြစ်ပါတယ်။ ပွဲတော်တွေကပေးမယ့် ပျော်ရွှင်မှုထက် ဆိတ်ငြိမ်ခြင်းကပေးမယ့် စိတ်ချမ်းသာကြည့်မွေ့မှုကို ပိုပြီး လိုလားနေမိခဲ့တယ်လို့ ပြောရင်တော့ ပိုမှန်လိမ့်မယ် ထင်ပါတယ်။ တကယ်တော့တစ် ယောက်တည်း အေးအေးဆေးနေရဖို့ဆိုတာဟာလည်း သိပ်လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ မိသားစုရှိတဲ့သူ အဲဒီမိသားစုဝင်တွေထဲမှာ ကလေးငယ်ရှိတဲ့ သူတွေဆိုသာပြီး ဆိုးပါလိမ့်မယ်။ တကယ်လည်း ကလေးဆိုတာမျိုးက ငြိမ်ငြိမ်သက်သက် တိတ်တိတ်ဆိတ်ဆိတ် နေတတ်ကြသူတွေ မဟုတ်ပါဘူး။ အမြဲတမ်း တစ်ခုခုနဲ့ ဆော့ကစားနေတတ်ကြ၊ အမြဲတမ်း တစ်ခုခုကို အော်ဟစ်နေတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဘယ်သူ့ရဲ့ ကလေးဘဝတိုင်းမဆို ဒီအတိုင်းပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။

လူကြီးတွေရဲ့ ရင်ထဲမှာ ဘာတွေ ဖြစ်နေတယ်။ ဘာတွေ ပူပန်နေတယ်ဆိုတာကို သူတို့တစ်တွေ မသိကြပါဘူး။ သူတို့ လိုချင်တာ သူတို့ ဖြစ်ချင်တာကိုပဲ သူတို့တွေ သိတတ်ကြတာပါ။ တကယ်တော့ ကလေးတစ်ယောက်အနေနဲ့ ကစားတာ၊ စားတာ၊ အိပ်တာနဲ့ စာသင်ကြား ဖို့ကလွဲရင် တခြားပူပန်စရာတွေကို သိစရာမလိုဘူးလို့လည်း ကျွန်တော်ကတော့ ထင်ပါတယ်။ ဒါဟာ ကလေးတစ်ယောက်ရဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ နောက်ပြီး သူတို့ လိုချင်တာရှိတဲ့အခါ ဖြစ်နိုင်တာ မဖြစ်နိုင်တာ လူကြီးတွေ တတ်နိုင်တာ မတတ်နိုင်တာကို အသာထားပြီး မရမက ပူစာခွင့်ဟာလည်း သူတို့မှာရှိနေတဲ့ အထူးအခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်တော့ ဘယ်သူမဆို ကလေးဘဝက ကိုယ် လိုချင်တာကို ကိုယ့်မိဘ၊  ညီအစ်ကို မောင်နှမတွေဆီကနေ ပူဆာကြ ဖူးလိမ့်ကြမယ်ထင်ပါတယ်။

အထူးသဖြင့် အခုလိုပွဲတော်ရက်တွေကို ရောက်တဲ့အခါ ပွဲတော်ကို သွားဖို့ ပွဲတော် ဈေးဆိုင်ခန်းတွေမှာ ချိတ်ဆွဲထားတဲ့ အရုပ်တွေ၊ ကစားစရာတွေကို ဝယ်ပေးဖို့ ပူဆာဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လည်း ကျွန်တော့်ရဲ့ ခုနစ်တန်းအရွယ် သမီးငယ်နဲ့ ပထမတန်းအရွယ် သားငယ်ဟာ သူတို့ကို ဘုရားဈေးပွဲကို လိုက်ပို့ပေးဖို့ ပူဆာထားခဲ့ကြပါတယ်။ ကျွန်တော်ကလည်း လိုက်ပို့မယ်လို့ ကတိပေးထားခဲ့ပါတယ်။ အဲဒီအတွက် ပွဲတော်လမ်းတွေကို မလျှောက်ချင်သည်ဖြစ်စေ လျှောက်ချင်သည်ဖြစ်စေ အနည်းဆုံးတစ် ခေါက်လောက်တော့ ကျွန်တော် လျှောက်ရဦးမှာ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ မြောက်မြားစွာသော လူတွေထဲကို တိုးဝှေ့ရ၊ ညှော်နံ့သင်းနေတဲ့ လေတွေကိုလည်း ရှူရှိုက်ရဦးမှာ ဖြစ်ပါ တယ်။ ဒါတင်မက ကျွန်တော်ရဲ့ သားနဲ့သမီး ရယူချင်လို့ ပူဆာလာမယ့် ပစ္စည်းလေးတွေ၊ ကစားစရာလေးတွေကို ဝယ်ယူပေးနိုင်ဖို့လည်း ကြိုးစားရဦးမယ် ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော် ထမ်းဆောင်ရမယ့် ဝတ္တရားဖြစ်လို့ ကျွန်တော်ရဲ့ ပုဂ္ဂလိကခံစားချက်တွေကို ခဏလောက် ဘေးကို ဖယ်ထားရလိမ့်ဦးမှာ ဖြစ်သလို ဒါဟာ ကျွန်တော်ချစ်တဲ့သူတွေရဲ့ ဆန္ဒဖြစ်လို့ ကျွန်တော့်ဆန္ဒ အဖြစ် လက်ခံပေးလိုက်ရဦးမှာပါ။

အဲဒီလိုပါပဲ  အသက်ရှင်နေသမျှ လျှောက်ချင်သည်ဖြစ်စေ မလျှောက်ချင်သည်ဖြစ်စေ ကျွန်တော်တို့ဟာ  ကျွန်တော်တို့ချစ်တဲ့ခင်တဲ့သူတွေအတွက် တချို့သော လမ်းတွေအပေါ်ကို တက်နင်း လျှောက်လှမ်းပေးနေရဦးမှာလည်းပဲ ဖြစ်ပါတယ်။

Most Read

Most Recent