အကြီးကောင်

အကြီးကောင်
Published 14 February 2018

Photo: Avalon Waterways

တာဝန်ဆိုတဲ့အရာက သူ့ရှေ့ ပြုတ်ကျလာခဲ့တယ်။ သူလည်း အလန့်တကြားနဲ့ နောက်ကို တွန့်လိုက်တယ်။ ခန္ဓာကိုယ် မဟုတ်ဘူး။ စိတ်ကိုပေါ့။ ဒါပေမဲ့ သူ မငြင်းဆန်နိုင်ခဲ့ဘူး။ စကားသံတချို့က သူ့ကို အမြဲစောင့်ကြပ် သတိပေးနေခဲ့တယ်။ 'အကြီးကောင်' ရယ်လို့။

ဖြည်းဖြည်းလေးလေး စီးနေတဲ့မြစ်ရေပြင်က အဝေးကကြည့်ရင် အတန်ငယ်ငြိမ်သက်နေသလို သင်္ဘော ထိုးခွဲသွားတဲ့ လှိုင်းဂယက်တွေကြောင့်သာ အနည်းငယ် လှုပ်ခတ်သွားခဲ့ရတယ်။ အကြီးကောင်ဆိုတဲ့ အကောင်ကတော့ အဲဒီသဘောၤပေါ်မှာ မြင်ကွင်းထဲဝင် ရောက်လာတဲ့ အရာမှန်သမျှကို ဆွေးဆွေးလေးလေး လက်ခံသိမ်းဆည်းရင်း သူ့ဘဝပုံရိပ်တချို့ကို တွေးတော မြင်ယောင်နေတော့တယ်။ တစ်ခါတစ်ရံ သူ စီးနင်းလိုက်ပါလာတဲ့သင်္ဘောပေါ်မှာ သူ့လို အကြီးကောင်မျိုးတွေ ဘယ်နှယောက်များ ပါမလဲလို့ စိတ်နဲ့ လိုက်ရေတွက်မိတယ်။ စိတ်ထဲမှာပဲ ပျောက်ကွယ်သွားပြီး သူ့ထံ စုပြုံပြန်လည်တိုးဝင်နေခဲ့တယ်။

'အကြီးကောင်'ဆိုတာ ဘာလဲ။ အသိုက်အမြုံတစ်ခုထဲက မွေးချင်းတွေထဲ ရှေ့ဆုံးကနေ တိုးထွက်လာတဲ့ အတောင်အလက်တစ်ခု။ စိတ်လှုပ်ရှားဖွယ်ရာ ငိုသံတွေနဲ့ အသိုက်အမြုံတစ်ခုရဲ့ ဂီတကို စတင်တီးခတ်ပေးခဲ့သူ။ လစ်လပ်နေတဲ့ နေရာတစ်ခုကို အ စားဖြည့်ပေးလိုက်တဲ့ အင်ဂျင်စက်တစ်လုံးလား။ မော်တာတစ်လုံးလား။ ခွေးသွားစိပ်လေး တစ်စိပ်လား။ ဘယ်လိုပဲဖြစ်ဖြစ် အကြီးကောင်ကတော့ အကြီးကောင်ပဲ ဖြစ်ခဲ့တယ်။သူ့ထံ ကျရောက်လာတတ်တဲ့ လှိုင်းဂယက်တွေကိုတော့ အဲဒီတုန်းက သူ မမြင်နိုင်ခဲ့ဘူး။ အခု သူ စီးနင်းလာတဲ့ သင်္ဘောကြီးလို ရှေ့တိုး ရွေ့လျားသွားရင်းနဲ့သာ ကြမ်းတမ်းလာတဲ့လှိုင်း။ သန်မာလာတဲ့ ရေစီးအား။ ကွေ့တွေ ရောက်တိုင်း သင်္ဘောကြီးကို အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့ ရေစွယ်တွေလို တဖြည်းဖြည်း ရင်ဆိုင်သွားရင်းသာ။ တစ်ခါတစ်ရံ မုန်တိုင်းနဲ့ ထိပ်တိုက်တွေ့ခဲ့ရင် အဲဒီသင်္ဘောကြီးလို ခုခံနိုင်ပါ့မလားဆိုတာ သူ့ကို အမြဲ တုန်လှုပ်ချောက်ချားစေခဲ့တယ်။ သူ စီးနင်းလာတဲ့ သင်္ဘောကြီးက အနာဂတ်ပန်းတိုင်ရှိပေမဲ့ သူ့အတွက်တော့ အနာဂတ်ပန်းတိုင်က တစ်ခါတစ်ရံ ပျောက်ဆုံးနေခဲ့တယ်။ တစ် ခါတစ်ရံ ရေးရေးလေး မြင်ယောင်ရင်းနဲ့။

အသိုက်အမြုံတစ်ခုထဲက စတင်တိုး ထွက်လာခဲ့ရတဲ့ သူ့ အတောင်အလက်တွေကို သူ ပြန်ပွတ်သပ်နေမိတယ်။ တစ်ခါတစ်ရံ ညင်သာစွာနဲ့။ တစ်ခါတစ်ရံ ကြမ်းတမ်းစွာနဲ့။ဘဝရေစီးရဲ့ ဂယက်ထဲက ပွန်းပဲ့မှုတွေကို ကြိတ် မှိတ်အန်တု နေထိုင်ခဲ့ရင်း 'ရေပြင်အန္တရာယ် ကို ကောင်းကောင်းသိနေတဲ့ သင်္ဘောကြီးလို' သူ ဆက်လက် မောင်းနှင်နေခဲ့တယ်။ တကယ်တမ်း သူဟာ အသိုက်အမြုံတစ်ခုအတွက် အားကောင်းတဲ့ အင်ဂျင်စက်တစ်လုံးလို ဖြစ်နေခဲ့ရဲ့လား။ မာကျောတဲ့ မော်တာစက်တစ်လုံးလို ဖြစ်နေခဲ့ရဲ့လား။ လည်ပတ်အားကောင်းတဲ့ ခွေးသွားစိပ်လေးတွေလို ဖြစ်နေခဲ့ရဲ့လားဆိုတာ သူ့ကိုယ်သူ အကြိမ်ကြိမ် ပြန်မေးဖြစ်ခဲ့တဲ့ မေးခွန်းတွေပါပဲ။ အကြိမ်ကြိမ် သံသယရှိနေခဲ့သလို အကြိမ်ကြိမ် အန်တုချေမှုန်းခဲ့တာ တွေရှိနေခဲ့တယ်ဆိုတာ သူ ပြန်သတိထားခဲ့မိတယ်။

တဖြည်းဖြည်းနဲ့ မှောင်ရိပ်က သန်းလာတော့ သူ စီးနင်းလာတဲ့ သင်္ဘောကြီး အရောင် ပြောင်းလဲလာတယ်။ သင်္ဘောကြီး ထိုးခွဲလာတဲ့ ရေပြင်လည်း အရောင် ပြောင်းလဲလာတယ်။ ဆည်းဆာတောင် ကမ္ဘာတိုက်ရဲ့ ဘယ်နေရာကို ရွေ့လျားသွားခဲ့ပြီလဲဆိုတာ မသိ တော့။ ပိုပို အေးစက်လာတဲ့ အထိအတွေ့ ကို သူ ခံစား ထိတွေ့လာရတယ်။ သင်္ဘောကြီးရဲ့  ဘေးနံရံအကာ မိုးကာစတွေကို လေက ပြင်းပြင်း စောင့်တိုးနေတော့တယ်။ တဗြန်းဗြန်းနဲ့။သင်္ဘောတက်မရဲ့ တဂျုန်းဂျုန်းမြည်နေတဲ့ အသံက သင်္ဘောထဲမှာ အကျယ်လောင်ဆုံး ဖြစ်နေခဲ့တယ်။ သင်္ဘောရဲ့ ပဲ့ခန်းပိုင်းဆီက စားသောက်ဝိုင်းတွေဆီက စကားသံတွေနဲ့ အနံ့တွေ သူ့ထံ စုပြုံ ဝင်ရောက်လာနေတော့တယ်။ သူလည်း သူ ဝယ်ထားတဲ့ သင်္ဘောထဲက နေရာအကန့်လေးဆီ လှမ်းကြည့်လိုက်တော့ သူ့ဘေးက လူတချို့ ညစာကိုတောင် စားနေကြပြီ။ သင်္ဘောထဲက သီးသန့်အခန်းတွေဘက်ဆီ လှမ်းကြည့်လိုက်တော့ တချို့ အခန်းတံခါးတွေက အနည်းငယ် ပွင့်အာနေလျက်။ တချို့ အခန်းတံခါးတွေက သော့ခတ်ထားလျက်။အကြီးကောင်ရဲ့ အတွေးထဲမှာ အဲဒီအခန်း တွေက သူနဲ့ သိပ်မဆိုင်သလို ခံစားနေရတယ်။သူ့ကျောအတွက် အခင်းထည့်ထားတဲ့ အခန်း မဟုတ်သလို ခံစားနေရတယ်။သူ့အသက်ရှူသံအတွက် ကန့်ပေးထားတဲ့ အောက်ဆီဂျင်တွေ မဟုတ်သလို ခံစားနေရတယ်။ သူ သိပ်မကြာခင်မှာ အဲဒီမြင်ကွင်းဆီက ခွာပြီး သူ့နေရာ အကန့်လေးဆီ ရွေ့သွားရတော့တယ်။သူခဏတာ လဲလျောင်းနေလိုက်မိတယ်။ သင်္ဘောကြီးလည်း ရေပြင်ကို ထိုးခွဲရင်း တရွေ့ရွေ့နဲ့။

တကယ်တော့ ဒီသင်္ဘောကြီးရဲ့ သက်တမ်းက ဒီရေပြင်တွေပေါ်မှာ ခေါက်တုံ့ခေါက် ပြန်နဲ့ သက်တမ်းမရှည်လွန်း မတိုလွန်း ခရီး နှင်ခဲ့ပြီးပါပြီ။ သူ့ရဲ့သက်တမ်းလိုပင်။ အသိုက်အမြုံတစ်ခုထဲက 'အကြီးကောင်' ဆို တဲ့ သူ့ဘဝကိုသူ သင်္ဘောကြီးနဲ့ ယှဉ်တွဲမြင် ယောင်နေမိတယ်။သင်္ဘောကြီးနဲ့ ဆက်စပ်နေတဲ့ လှိုင်းဂယက်တွေကို သူ့ဘဝရဲ့လှိုင်းဂယက်တွေလိုမျိုး။ သင်္ဘောကြီးနဲ့ ဆက်စပ်နေတဲ့ သောင်ကျွန်းတွေကို သူ့ဘဝရဲ့ သောင်ကျွန်းတွေလိုမျိုး။ သင်္ဘောကြီးနဲ့ ဆက်စပ်နေတဲ့ ရေစွယ်တွေကို သူ့ဘဝရဲ့ ရေစွယ်တွေလို မျိုး။ သင်္ဘောကြီးနဲ့ ဆက်စပ်နေတဲ့ မုန်တိုင်းတွေကို သူ့ဘဝရဲ့ မုန်တိုင်းတွေလိုမျိုး ယှဉ်တွဲတွေးတောနေမိတယ်။ အဲဒီလိုတွေးတောမိတဲ့ အတွေးတွေထဲမှာ အကြီးကောင်ဆိုတဲ့ သူ့ကို သင်္ဘောကြီးလိုမျိုး လှိုင်းဂယက်တွေ ရိုက်ခဲ့ပြီးပြီ။ သောင်ကမ်းတွေပေါ် တင်ခဲ့ပြီးပြီ။ ရေစွယ်တွေနဲ့ ငြိခဲ့ပြီးပြီ။ မုန်တိုင်းနဲ့လည်း ဆုံခဲ့ပြီး ပြီ။ 'ဘာလိုသေးလဲ အကြီးကောင်' လို့ သူ့ကိုယ်သူ ပြန်မေးနေမိတယ်။ သူ့ကိုယ်သူ ပြန်စိန်ခေါ်မိတယ်။ သူ့ကိုယ်သူ ပြန်တိုက်ခိုက်မိတယ်။

တကယ်တော့ သင်္ဘောကြီးမှာလည်း အနာဂတ်ရှိသလို သူ့မှာလည်း အနာဂတ်တွေ ရှိနေခဲ့ပါတယ်။ သင်္ဘောကြီးက ရေပြင်နဲ့ ချစ်မေတ္တာ သံယောဇဉ် ရှိနေခဲ့ရင် သူ့မှာလည်း ချစ်မေတ္တာနဲ့ သံယောဇဉ်ရှိချင်ခဲ့ပါတယ်။ သင်္ဘောကြီးက လေထုနဲ့ပွတ်သပ်ရင်း လွတ်လပ်စွာ ရွေ့လျားပြီး ရှိနေခဲ့ရင် သူလည်း လွတ်လပ်စွာ ရွေ့လျားပြီး ရှိနေခဲ့ချင်ပါတယ်။သင်္ဘောကြီးက အစစ်အဆေးတွေ၊ အဖိအနှိမ်တွေကို ကျော်လွှားရင်း ရှင်သန်နေခဲ့ရသလို သူလည်း ရှင်သန်နေခဲ့ရပါတယ်။ သင်္ဘောကြီးက သူနဲ့ ဆက်စပ်နေတဲ့သူတွေအတွက် ရှင်သန်နေရဲ့။ သူကလည်း အသိုက်အမြုံအတွက်၊ သူနဲ့ဆက်စပ်နေတဲ့ ဝန်းကျင်အတွက် ရှင်သန်နေခဲ့တယ်။ အကြီးကောင်ဆိုတဲ့ နာမ်စားကို ဂရုပြုရင်း။ အသိုက်အမြုံရဲ့ အဦးဆုံး အတောင်အလက်တစ်ခုလို ပျံသန်းရင်း လဲကျရင် ကျ၊ ပြန်ထရင် ထ။ ဂီတတစ်ခု လို တီးခတ်ရင်း ကီးကြောင်ရင် ကြောင်၊ ဘ၀ မှောင်ရင် မှောင်။ အင်ဂျင်စက်တစ်လုံးလို အားကောင်းရင် ကောင်း၊ စက်ကျရင် ကျ။မော်တာတစ်လုံးလို မာကျောရင် ကျော ပျော့ ရင်လည်း ပျော့။ ခွေးသွားစိတ်လေးတွေလို လည်ပတ်အား ကောင်းရင်လည်း ကောင်း၊ ကြမ်းဖြစ်ရင်လည်း ဖြစ် သူ ရှင်သန်နေခဲ့ရတယ်။ အကြီးကောင်ဆိုတဲ့  အတောင်အလက်နဲ့၊ ဒဏ်ရာ ဒဏ်ချက်နဲ့။ ဒါပေမဲ့ အကြီးကောင်ဆိုတဲ့ နာမ်စားထဲမှာ ချစ်ခြင်းမေတ္တာကို သတ်ပစ်မယ့် ဗိုင်းရပ်စ်တွေ၊ လွတ်လပ်မှုကိုသတ်ပစ်မယ့် ဗိုင်းရပ်စ်တွေ၊ နား၊ မျက်စိ၊ အသိဉာဏ်တွေထဲက ပွင့်ထွက်လာမယ့် ရှင်သန်ခြင်း အဓိပ္ပာယ်တွေကို သတ်ပစ်မယ့် နိုင်ငံရေးဝတ်ရုံ အကျပ်အတည်း ဗိုင်းရပ်စ်တွေနဲ့ အခုထိ ထိပ်တိုက်တိုးနေရခြင်းက အကြီးကောင်ဆိုတဲ့ နာမ်စားကို ချည့်နဲ့အောင် ထိုးနှက်နေခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေပါပဲ။ မကျက်သေးတဲ့ ဒဏ်ချက်တွေ။ ထပ်တိုး ဒဏ်ချက်တွေနဲ့ ရှင်သန်ရင်း၊ ရွေ့လျားရင်း။

အတော်လေး ညဉ့်နက်လာတော့ သင်္ဘောကြီးထဲမှာ မီးတွေ လင်းထိန်လာခဲ့တယ်။ ပိုပိုလည်း အေးစက်လာတယ်။ လေက သင်္ဘောကြီးဘေးနံရံတွေသာမက အထဲကိုပါ ဖြတ်ဝင်လာခဲ့တယ်။ လှိုင်းဂယက်သံတွေက ပိုမိုကျယ်လောင်လာတယ်။ သင်္ဘောကြီးလည်း ပိုမိုလှုပ်ရမ်းလာတယ်။ အကြီးကောင်ဆိုတဲ့ သူလည်း သင်္ဘောဦးပိုင်းဆီ လျှောက်လှမ်းသွားခဲ့တယ်။ သင်္ဘောဦးခန်းရဲ့ အလယ်မှာရပ်ရင်း ရှေ့တူရူဆီ သူ ရပ်ကြည့်နေခဲ့မိတယ်။ မှောင်ရိပ်ထဲမှာ အရာရာဟာ ဝိုးတိုးဝါးတား။ သင်္ဘောကြီးရဲ့ ဟွန်းသံတစ်ချက်ပေးတိုင်း အသံလှိုင်းတွေက တော်တော်နဲ့မရပ်ဘဲ သူ့ နားစည်ကို ဝင်ဆောင့်နေခဲ့တယ်။ မှိတ်တုတ်မှိတ်တုတ် မီးရောင်လေးတွေက မြစ်ပြင်ကျယ်မှာ ရေကြောင်းအချက်ပေး ပွိုင့်လေးတွေလို လှလျက်၊ ကြည်လျက်။ တကယ်တော့ သင်္ဘောကြီးက သူ့ရဲ့အနာဂတ်ပန်းတိုင်ဆီ ရွေ့လျားသွားနေခြင်းပဲ။ တဝုန်းဝုန်းနဲ့ လှိုင်းဂယက်တွေကို ဖြတ်ရင်း။ သူသင်္ဘောကြီးရဲ့ ဦးခန်းဆီကနေ ရှေ့ကိုမျှော်ကြည့်နေတာက ဘာများဖြစ်နိုင်မလဲ။ ဘယ်လိုမျှော်လင့်ချက်မျိုး ဖြစ်နိုင်မလဲ။ ဘယ်လို အနာဂတ်မျိုး ဖြစ်နိုင်မလဲ။ ချစ်ခြင်းမေတ္တာအတွက်လား။ လွတ် လပ်မှုအတွက်လား။ နိုင်ငံရေးဝတ်ရုံအကျပ်အတည်းတွေထဲက ထွက်မြောက်နိုင်ဖို့လား။ သင်္ဘောကြီးနဲ့ ယှဉ်တွဲမြင်ယောင်ရင်း တစ်စုံတစ်ရာကို သူ မျှော်လင့်နေခဲ့တယ်။

အမေရိကန်စာရေးဆရာကြီး 'ဂျက်လန်ဒန်'ရဲ့ 'ပင်လယ်ဝံပုလွေ' ဝတ္ထုကြီးထဲက ဇာတ်ကောင် 'လာဆင်' ကြီးကတော့ သူ့ရဲ့ တစ္ဆေသင်္ဘောကြီးထဲမှာ သူ့အတ္တနဲ့ သူ့ရှင်သန်ခြင်းကို သေတဲ့အထိ သေချာခဲ့ပါတယ်။ အကြီးကောင်ဆိုတဲ့ သူကရော။ ၁၉၉၀ ဝန်းကျင်အစ နဲ့ အခုထိ သူရှင်သန်တဲ့ ဝန်းကျင်က သူအခု စီးလာတဲ့ သင်္ဘောကြီးလို မဟုတ်ခဲ့ပါ။ ပင်လယ်ဝံပုလွေ ဝတ္ထုထဲက လာဆင်ကြီး စီးနင်းခဲ့တဲ့  တစ္ဆေသင်္ဘောကြီးလိုလည်း မဟုတ်ပါ။ သူ ရှင်သန်ရခြင်းက ဇာတ်ကောင် လာဆင်ကြီး ရဲ့ ဝန်းကျင်မဟုတ်သလို  ဗယ်ရင်းပင်လယ်ပြင်လည်း မဟုတ်ပါ။ လာဆင်ကြီးက အကြီးကောင်လား၊ အလတ်ကောင်လား၊ အငယ်ကောင်လား သေချာမသိပေမဲ့ သူကတော့ တစ်ခု သေချာပါတယ်။ သူ့ရဲ့ဝန်းကျင်မှာ အကြီးကောင်ဖြစ်နေခဲ့ခြင်းပေါ့။

Most Read

Most Recent