<

မြို့တစ်မြို့ကို ဖြတ်သန်းခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဒီဇင်ဘာလအတွင်း နံနက်ပိုင်းက မြူနှင်းများ ကျရောက်နေစဉ် (ဓာတ်ပုံ – ထွန်းနေလှိုင်-နောင်ပိန်)

ကျွန်တော်တို့ စီးလာသောကားသည် မြို့တစ်မြို့ကို ဖြတ်သန်းလျက် ရှိပါသည်။ ထိုမြို့သည် ကျွန်တော်တို့ မြို့မဟုတ်။ သူတို့မြို့။ ဤမြေသည် ကျွန်တော်တို့ မြေမဟုတ်။ သူတို့ မြေ။ သူစိမ်းမြေမှာဟူသော အသိက ကျွန်တော့်ကို တက်ကြွနိုးကြားစေပါသည်။ ကျွန်တော် အပါအ၀င် ကားပေါ်မှလူများသည် ဟိုကြည့် သည်ကြည့် ကျီးကန်းတောင်းမှောက် ဖြစ်နေကြသည်။ တကယ်တော့ ကျွန်တော်တို့အားလုံး တောသားမြို့ရောက် ဖြစ်နေကြပါသည်။ “ဟယ် ကောင်းလိုက်တာ” “ရှယ်ပဲ” “ကွာလိုက်တာ” “တခြားစီပဲ” စသည့် စကားလုံးများ၊ အာမေဋိတ်သံများဖြင့် တစ်ကားလုံး ဆူညံနေကြသည်။ ဟုတ်ပါသည်။ ကွာခြားလွန်းလှပါသည်။ ဟုတ်ပါသည်။ တခြားစီပါ။

ကျွန်တော်သည် ကားမှန်ပြတင်းမှတစ်ဆင့် ကျွန်တော် ရောက်နေသည့် မြို့ကို အငမ်းမရ ငေးမောကြည့်နေမိသည်။ ကားက ဖြည်းဖြည်းမှန်မှန် သွားနေသည်ဆိုသော်ငြား အားလုံးကို စေ့စေ့စပ်စပ် သေသေချာချာကြည့်ဖို့ရာ မည်သို့မျှ မဖြစ်နိုင်ပါ။ ကြည့်နိုင်သလောက် ကြည့်ခွင့်ရသလောက်ကိုသာ ကျွန်တော် ကြည့်လိုက်ရပါသည်။ သို့သော် ထိုကြည့်နိုင်သလောက် ကြည့်ခွင့်ရသလောက်နှင့်ပင် ကြည့်ရကျိုးနပ်ပါသည်။ ရောက်ရကျိုးနပ်ပါသည်။ ထို့ကြောင့် ကျွန်တော် ကြည့်ပါသည်။ ကျွန်တော် မြင်ပါသည်။ ထို့နောက် ကျွန်တော် စိတ်မကောင်းဖြစ်ရပါသည်။ ၀မ်းနည်းရပါသည်။ ကြေကွဲရပါသည်။ ပြီးတော့ ရင်ထုမနာ ဖြစ်ရပါသည်။

ကျွန်တော်တို့ကားသည် ဖြောင့်ဖြူးသာယာသည့် လမ်းမပေါ်တွင် တငြိမ့်ငြိမ့် မောင်းနှင်နေပါသည်။ ကျွန်တော်သည် လမ်းညွှန်ဖြူဖြူမလေးကျွေးသည့် လိမ္မော်သီးလေးကို အခွံနွှာစားရင်း လမ်းဘေးဝဲယာကို ငေးမောနေမိသည်။ လိမ္မော်သီးဝါ၀ါလေးများမှာ အရည်ရွှန်းစို ချိုလှပါသည်။ ကားလမ်းမကြီးကလည်း ဖြောင့်ဖြောင့်ဖြူးဖြူးနှင့် ချောမွေ့သာယာလှပါသည်။ ကြည့်ပါဦး လမ်းပေါ်မှာ မျဉ်းဖြူတွေ သားထားလိုက်သည်မှာ စနစ်ကျပါဘိ။ ဟောဒီမှာ စက်ဘီးပုံလေးနှင့် စက်ဘီးစီးရသည့်လမ်း။ ဒီဘက်မှာက ဘတ်စ်ကားလမ်း။ ကပ်လျက်မှာ ကုန်ကားလမ်း။ သတ်သတ်မှတ်မှတ်။ သေသေချာချာ။ ရေရေရာရာ။ အန္တရာယ်လည်း ကင်းရှင်းလည်း ရှင်းလှပါသည်။ ကားပေါင်းစုံ ဖြတ်သန်းနေကြသော်လည်း လုမောင်းသည့်ကား ပြိုင်မောင်းသည့်ကား စိတ်မရှည်သည့်ကား စည်းကမ်းမလိုက်နာသည့်ကား မတွေ့ရချေ။ အားလုံးက ဖြည်းဖြည်းမှန်မှန် သက်သောင့်သက်သာ စိတ်ရှည်လက်ရှည် ပြေပြေချောချော ရှိလှပါသည်။

ကျွန်တော်သည် လမ်းဘေးပလက်ဖောင်းများကို သေချာကြည့်သည်။ ဂရုတစိုက်ကြည့်သည်။ မျက်လုံးထဲမှ ပျောက်မသွားအောင် အလွတ်ကျက်ဘိသကဲ့သို့ ကြည့်မိသည်။ ထို ပလက်ဖောင်းများကို ကြည့်ရသည်မှာ စိတ်ချမ်းသာလှပါသည်။ ထိုပလက်ဖောင်းများသည် လူနှစ်ယောက်သွားသာရုံ ပခုံးချင်း တိုက်မိစေသည့် ပလက်ဖောင်းမဟုတ်။ လူ တင်မက စက်ဘီးဆိုင်ကယ်များပါ သွားလာ၍ရသည့် ပလက်ဖောင်းမျိုးဖြစ်သည်။ ထိုမျှမကသေး လမ်းဘေးဈေးဆိုင်သို့ ၀င်ထွက်သွားလာသည့် ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များပါ ရပ်နားထား၍ရသည့် ပလက်ဖောင်း။ လမ်းလျှောက်သူ၊ ဆိုင်ကယ်မောင်းလာသူ တိုးခြင်း တိုက်ခြင်းမရှိအောင် လွတ်လပ် ကျယ်ဝန်းလှသည့် ပလက်ဖောင်း။ လှပစွာလွတ်လပ် ကျယ်ဝန်းနေသည့် ပလက်ဖောင်းများကို ကြည့်ရင်း ပလက်ဖောင်း ဖန်တီးတည်ဆောက်ခဲ့သူများကို ကျွန်တော့်စိတ်ထဲမှ ဆုတောင်း မေတ္တာပို့သနေမိပါသည်။ ကြည့်လေ ပလက်ဖောင်းခင်းထားသည့် လေးထောင့်စပ်စပ် ကျောက်ပြားများက ခိုင်ခိုင်ခန့်ခန့် တောင့်တောင့်တင်းတင်း။ မိုးရွာလျှင် လမ်းမချောအောင် ကျောက်ပြားကြမ်းပြင်ကို ချောပြောင်နေအောင် မလုပ်ဘဲ ကြမ်းရှရှလေး ပြုလုပ်ထားသည်။ အဖွင့်အပိတ်လုပ်၍ရဟန်တူသော ကျောက်ပြားအ၀ိုင်းလေးများကလည်း လေးထောင့်ကွက် ပလက်ဖောင်း၏ အလှကို ဆန်းသစ်အောင် အားဖြည့်ပေးထားသကဲ့သို့ ရှိပါသည်။ ကျွန်တော် သဘောအကျဆုံးမှာ ပလက်ဖောင်းနှင့် ကားလမ်းမ အဆင်းအတက် လုပ်ရာတွင် သက်သောင့်သက်သာ လွယ်ကူအောင် ပြေပြေလျောလျောကလေး ဖန်တီးပေးထားခြင်းပင်။ တကယ်တော့ သူတို့ ပလက်ဖောင်းများက သိပ်အမြင့်ကြီး မဟုတ်ပါ။ သည်အတိုင်း ကားလမ်းမပေါ် ဆင်းလိုက်၍ ရပါသည်။ သို့သော် လမ်းသွားလမ်းလာများ မပင်မပန်းဘဲ သက်သာလွယ်ကူစွာ ဆင်းနိုင်တက်နိုင်စေခြင်းငှာ နေရာတိုင်းလိုလို၌ ထိုဆင်ခြေလျောလေးများကို ဖန်တီးပေးထား ပုံရလေသည်။ ထိုမျှသာလော မကသေးပါ။ စက်ဘီး၊ ဆိုင်ကယ်များ အဆင်းအတက် လုပ်နိုင်ရန် ပြုလုပ်ထားသော ဆင်ခြေလျှောလေးများလည်း ရှိပါသေးသည်။ ပလက်ဖောင်းပေါ်မှာ ဆိုင်ကယ်စီးလာသူက ကားလမ်းမဆီသို့ ကူးလိုလျှင် ထိုဆင်ခြေလျှောအတိုင်း ငြိမ့်ခနဲ အသာလေး ဆင်းချသွားရုံပင်။ ပလက်ဖောင်းပေါ် တက်လိုလျှင်လည်း ထို့အတူပင်။ လူက သတ်သတ်။ စက်ဘီးဆိုင်ကယ်က သတ်သတ်။ သြော် တတ်လည်းတတ်နိုင်ကြပါပေ။

ကားပေါ်မှနေ၍ ကျွန်တော် ကြည့်လာစဉ် ပလက်ဖောင်းတောက်လျှောက် ထူးထူးခြားခြား သတိပြုမိသော အရာတစ်ခု ရှိပါသေးသည်။ ထိုအရာမှာ သစ်ပင်များဖြစ်ပါသည်။ အဆိုပါ ပလက်ဖောင်းများပေါ်မှ လမ်းလျှောက်သွားလျှင် ခြေလှမ်း ၁၀ လှမ်းလောက်ရောက်လျှင် သစ်ပင်တစ်ပင် ရှိနေသည်ကို တွေ့ရပါလိမ့်မည်။ ကျွန်တော် ပိုပြီးအံ့သြသည်က ပလက်ဖောင်းပေါ်မှာ လေးထောင့်အကွက်ကြီးတစ်ခု ချန်လှပ်ကာ သစ်ပင်အတွက် မြေနေရာ ပြုလုပ်ပေးထားခြင်းပင်။ ကျွန်တော် ရောက်နေသည့် အဆိုပါမြို့ထဲမှာ ဘယ်ပလက်ဖောင်းကြည့်ကြည့် ထိုကဲ့သို့ သစ်ပင်စိုက်ထားသည်ကိုသာ တွေ့ရပါလိမ့်မည်။ ကျွန်တော်သည် အခက်အလက် ဝေေ၀ဆာဆာနှင့် ပတ်ဝန်းကျင်ကို အရိပ်ပေးသော ထိုသစ်ပင်များကိုကြည့်ပြီး စိတ်နှလုံး ရွှင်လန်းနေမိပါသည်။ ပျော်လည်း ပျော်နေမိပါသည်။ ထိုသစ်ပင်ရိပ်အောက်မှာ ထိုင်ခုံလေးများချကာ အပန်းဖြေနေသော အဘိုးအို အဘွားအိုများ၊ ကလေးသူငယ်များ၏ စိတ်ထဲ၌ ဘယ်လောက်များ ချမ်းမြေ့ကြည်နူး ပျော်မြူးနေကြမလဲ။ ကျွန်တော် သူတို့ကိုယ်စား ပီတိပွားမိပါသည်။ အဟောဝတ ချမ်းသာပေစွ၊ ကောင်းလေစွ။ ဤမြို့သည် သစ်ပင်များကို တန်ဖိုးထားသောမြို့။ သစ်ပင်များ၏ အကျိုးကျေးဇူးကို မမေ့မလျော့ ဂုဏ်ပြုတတ်သော မြို့ပါတကား။ ပလက်ဖောင်းအလှလည်း မပျက် ပတ်ဝန်းကျင် သဘာဝလည်း မချွတ်ယွင်းအောင် ပြုပြင်စီရင်တတ်သော မြို့ဖန်တီးရှင်များကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ချီးကျူးနေမိပါသည်။ ထို့အပြင် ဓာတ်ကြိုးနှင်မလွတ် အဆောက်အအုံနှင့်မလွတ် ဘာနှင့်မလွတ် ညာနှင့်မလွတ် စသည့်အကြောင်းပြချက် အမျိုးမျိုးဖြင့် အခုတ်ခံရ၊ ဖြိုလှဲခံရသည့် ဘေးဒုက္ခပေါင်းစုံမှ ကင်းလွတ်ခွင့်ရနေသော ထိုမြို့မှ သစ်ပင်များ၏ ကံကောင်းခြင်းကိုလည်း ကျွန်တော် မုဒိတာပွားကာ ၀မ်းသာနေမိပါသည်။ ထိုကဲ့သို့ မုဒိတာပွားရင်း လမ်းဘေးက မီးတိုင်များကို လှမ်းငေးကြည့်မိရာ ကျွန်တော် အံ့သြသွားရပြန်ပါသည်။ အမယ်ဘုတ်၏ ချည်ခင်ကဲ့သို့ ဘယ်ကစ ရှင်းရမှန်း မသိအောင် ရှုပ်ထွေးပွေလီနေသော ဓာတ်ကြိုးများဖြင့် ဖွဲ့စည်းထားသော ဓာတ်တိုင်များကို မြင်နေကျ ကျွန်တော့်မျက်လုံးထဲ၌ တစ်ခုခု လိုနေသလို ခံစားနေရသည်။ သူတို့ မီးတိုင်များကပဲ စံမမီသလိုလို ပုံစံမကျသလိုလို ထင်နေမိသည်။ ထိုအခါ တောသားမြို့ရောက် ကျွန်တော့်ကို ဘေးမှာပါလာသည့်ဂိုက်က လမ်းမီးတိုင်ဓာတ်ကြိုးများကို မြေအောက်မှ တစ်ဆင့် သွယ်တန်းကြောင်း ရှင်းပြလိုက်မှ သြော်ဒီလိုပါလားဟု သဘောပေါက်သွားပါသည်။ ညစ်ညစ်ပတ်ပတ် ရှုပ်ရှုပ်ထွေးထွေးများနှင့် နေသားကျနေသော ကျွန်တော် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေရာသို့ ရောက်လာသောအခါ မနေတတ် မထိုင်တတ်ဖြစ်ပြီး အရာရာကို ထူးဆန်းအံ့သြဖွယ်ဟုသာ ထင်နေမိပါတော့သည်။

အခုပဲကြည့်လေ။ ကျွန်တော့်မျက်လုံးရှေ့မှ ပလက်ဖောင်းပြင်ကျယ်ကြီးကို ကြည့်ပြီး အံ့သြနေမိသည်။ ပလက်ဖောင်းများပေါ်မှာ စွန့်ပစ်အမှိုက်များမရှိ။ သစ်ပင်မှ ကြွေကျသည့် ရွက်ခြောက်လေးများ တစ်ခုစ နှစ်ခုစသာ တွေ့ရသည်။ ပလက်ဖောင်းပေါ်၌ အကျအနထိုင်ကာ ဈေးရောင်းသူများမရှိ။ ဈေးဝယ်သူ ဈေးမေးသူများ တိုးဝှေ့ကာ လမ်းပိတ်နေခြင်းမျိုးမရှိ။ မိမိဆိုင်ခန်းမှ ပစ္စည်းများကို ပလက်ဖောင်းပေါ်ချကာ စုပုံထားခြင်း၊ ထုပ်ပိုးပြင်ဆင်ခြင်းမျိုးမရှိ။ ပလက်ဖောင်းတစ်လျှောက် ထမင်းကျန် ဟင်းကျန်များ စွန့်ပစ်ထားခြင်း၊ ရေဆိုးရေညစ်များ ဖျန်းပက်ထားခြင်းလည်း မရှိချေ။ ‘ဆိုင်ရှေ့ ကားပိတ်မရပ်ရ’ ‘ဆိုင်သို့လာသည့် ကားများသာရပ်ရန်’ စသည့် ဆိုင်းဘုတ်များလည်း မတွေ့ရပါ။ တစ်ဦးနှင့် တစ်ဦး တွန်းကာ တိုက်ကာ တိုးကာ ဝှေ့ကာ အော်ဟစ်ဆူညံနေကြသည့် အသံများကိုလည်း မကြားရပါ။ အရာရာသည် အေးအေးဆေးဆေး။ သက်သောင့်သက်သာ ညင်ညင်သာသာ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့။ အလှုပ်များကြားထဲ၌ အငြိမ်ကို တွေ့ရသည်။ အငြိမ်များကြားထဲ၌ အလှုပ်ကိုလည်း တွေ့ရသည်။ အဘိုးအိုတစ်ယောက် အဖော်မပါဘဲ ဖြည်းဖြည်းနှေးနှေး လမ်းလျှောက်နေသည်။ ကလေးနှစ်ဦး ပလက်ဖောင်းအစပ်၌ ရပ်ထားသည့် စက်ဘီးတစ်စင်းပေါ် တက်ထိုင်ကာ ရယ်မောနေကြသည်။ မိခင်ဖြစ်သူသည် ကလေးပါသော လက်တွန်းလှည်းလေးကို အေးအေးဆေးဆေး တွန်းသွားသည်။ အရောင်းဝန်ထမ်းမလေးများ ဆိုင်ရှေ့၌ ခုံလေးခင်းကာ ထမင်းစု စားနေကြသည်။ တစ်ခါတစ်ခါ သစ်ရွက်ခြောက်လေးများ ပလက်ဖောင်းပေါ်သို့ ဝေ့၀ဲကြွေကျလာကြသည်။

ကျွန်တော်တို့ကားသည် ထိုမြို့ပေါ်မှ လမ်းမများကို ကွေ့ကာဝိုက်ကာ ဖြတ်သန်းမောင်းနှင်ရင်း တောင်ထိပ်တစ်ခုပေါ်မှ ဘုရားစေတီရှိရာသို့ ဦးတည်သွားနေခြင်း ဖြစ်ပါသည်။ ထိုမြို့ကို ဖြတ်သန်းချိန်၌ ဘာမှမကြာ။ ခဏတစ်ဖြုတ်လေးသာ။ သို့သော် ခဏတာ မြင်လိုက်ရသော ထိုမြို့ကို ကျွန်တော်မမေ့။ ကျွန်တော့်စိတ်ကူးထဲ၌ အကြာကြီး ဖြတ်သန်းနေရသလို ထင်ရသည်။ ကျွန်တော့်အတွေးထဲ၌ အကြာကြီး တည်မြဲနေသလို ခံစားရသည်။ ကျွန်တော်တို့ စီးလာသောကားသည် မြို့တစ်မြို့ကို ဖြတ်သန်းလာခဲ့ပါပြီ။ ထိုမြို့သည် ကျွန်တော်တို့ မြို့မဟုတ်။ သူတို့မြို့ ဖြစ်ပါသည်။

February 13, 2018














Copy Protected by Chetan's WP-Copyprotect.