w ရိုက်တာသတင်းဌာနရဲ့ အင်းဒင်ကျေးရွာဖြစ်စဉ် ဖော်ပြမှုနဲ့ အဆိပ်ရည်အပြည့်နဲ့ပုံး - Eleven Media Group <

ရိုက်တာသတင်းဌာနရဲ့ အင်းဒင်ကျေးရွာဖြစ်စဉ် ဖော်ပြမှုနဲ့ အဆိပ်ရည်အပြည့်နဲ့ပုံး

ရိုက်တာသတင်းဌာနက မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြထားသော အင်းဒင်ကျေးရွာဖြစ်စဉ်သတင်းမှ ဖော်ပြချက်အချို့

(၁) “ဝေးလံခေါင်ဖျားသည့် ကျေးရွာတစ်ခုတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဝင်ရွာသားများက ရိုဟင်ဂျာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး သတ်ဖြတ်ခဲ့ကြသည်” လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းတစ်ခုကို ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဖော်ပြခဲ့ပြီး သတင်းဓာတ်ပုံတွေကိုပါ ပူးတွဲဖော်ပြခဲ့ပါတယ်။

ရိုက်တာသတင်းဌာနအနေနဲ့ သမားရိုးကျဖော်ပြမှုမဟုတ်ဘဲ ထူးခြားတဲ့ ဖော်ပြမှုဖြစ်နေတာကိုလည်း သတိထားမိပါတယ်။ ပုံမှန်ဖော်ပြနေကျ အင်္ဂလိပ်ဘာသာအပြင် မြန်မာဘာသာကိုပါ ပြန်ဆိုပေးထားခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာတွင် ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီ ၁၀ ဦး (မူရင်းအရေးအသားတွင် ရိုဟင်ဂျာဟု ဖော်ပြထား) အသတ်ခံ မခံရမီ အလောင်းမြေမြှုပ်ဖို့ တူးထားတဲ့ မြေကျင်းတွေအနီး ဒူးထောက်ထိုင်ခိုင်းထားတဲ့ပုံနဲ့ သေဆုံးသူတွေကို မြှုပ်နှံရန် မြေတွင်းထဲ ထည့်ထားတဲ့ပုံတွေကို ဖော်ပြထားခြင်း၊ ဓာတ်ပုံမှာပါဝင်တဲ့ လက်နက်ကိုင်လုံခြုံရေး တပ်ဖွဲ့ဝင် မည်သူမည်ဝါ၊ သတင်းမှာ ဖြေကြားပေးသူ ဒေသခံတချို့ကို အမည်နဲ့တကွ ဖော်ပြထားခြင်းစတဲ့ ထူးခြားတဲ့ သတင်းဖော်ပြမှုတွေ မြင်တွေ့ရပါတယ်။

ဒီသတင်းမှာ ကျူးလွန်သူတွေဟာ ဗုဒ္ဓဘာသာဗမာလူမျိုး၊ ဗုဒ္ဓဘာသာရခိုင်လူမျိုးစတဲ့ ဝေါဟာရတွေကို အကြိမ် ၂၀ ကျော် ဖော်ပြထားပြီး အသတ်ခံရသူများနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာမွတ်စလင်၊ အစ္စလာမ်ဘာသာရေးဆရာ စတဲ့ ဝေါဟာရတွေကို ခြောက်ကြိမ် ဖော်ပြထားပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားမှုမှာ Buddhist Villagers (ဗုဒ္ဓဘာသာဝင် ရွာသားများ)၊ Rakhine Buddhist Elder (ဗုဒ္ဓဘာသာဝင် ရခိုင်လူကြီး)၊ Buddhist Community (ဗုဒ္ဓဘာသာဝင်အသိုင်းအ၀ိုင်း) စတဲ့ ကိုးကွယ်တဲ့ဘာသာလူမျိုးကို တွဲဆက်ဖော်ပြတဲ့ စကားလုံးပေါင်း ၆၀ ကျော်ကို အသုံးပြုထားပါတယ်။ ပြီးတော့ ဒီဖော်ပြမှုရဲ့ စာပိုဒ်တိုင်းမှာ ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများ၊ ဗုဒ္ဓဘာသာဝင် ရခိုင်ရွာသားများဆိုတဲ့ ဝေါဟာရတွေကို ထပ်ခါတလဲလဲ အသုံးပြုပြီး ဗုဒ္ဓဘာသာဝင်တွေအပေါ် အထင်အမြင်လွဲအောင် ပုံဖော်ထားသလို ဖြစ်နေပါတယ်။

ဒီလိုဖော်ပြမှုတွေနဲ့ ပတ်သက်လို့ (၁) ရိုက်တာသတင်းထောက်နှစ်ဦး အဖမ်းခံရပြီးချိန်တွင် ယခုကဲ့သို့ မဖော်ပြခဲ့ခြင်း၊ (၂) ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူမှု ပြုလုပ်မယ့် ဆုံးဖြတ်ချက်မချမီ တစ်ပတ်အလိုကျမှာ အခုလို ဖော်ပြခြင်း၊ (၃) သတင်း၊ သတင်းဓာတ်ပုံနဲ့ သတင်းမှာ အသုံးပြုတဲ့ ဝေါဟာရများ၊ သတင်းရေးသားမှုပုံစံများက ဘာသာရေး၊ လူမျိုးရေးအပေါ် တစ်ဖက်သတ် အထင်အမြင် လွဲမှားစေနိုင်ခြင်း၊ (၄) ဂျာနယ်လစ်ဇင်ကျင့်ဝတ်ကို ကျော်လွန်ဖော်ပြခြင်း စတဲ့ အချက်တွေကို မြင်တွေ့ရပါတယ်။

(၂) ၁၈၅၁ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့တဲ့ ကမ္ဘာ့အဆင့် ရိုက်တာသတင်းဌာနအနေနဲ့ ပဋိပက္ခဖြစ်စဉ်များ၊ ဘာသာရေး၊ လူမျိုးရေး အကြောင်းအရာများအပေါ် ရေးသား ဖော်ပြရာမှာ လူမျိုးတစ်ခုနဲ့တစ်ခုအကြား၊ လူ့အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား အမှန်တရားများ ပေါ်ပေါက်ရေး၊ အမုန်းတရားများ တိုးပွားမလာစေရေး၊ ဂရုပြုရမယ့် အခြေခံဂျာနယ်လစ်ဇင်ကျင့်ဝတ်ကို မသိနိုင်စရာ မရှိပါဘူး။

သာဓကအနေနဲ့ ရိုက်တာသတင်းဌာနက ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ ရှားရှားပါးပါး ဖော်ပြခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင်များက ဟိန္ဒူအမျိုးသားများကို လည်လှီးသတ်ဖြတ်ကာ ဟိန္ဒူအမျိုးသမီးတွေကို မွတ်စလင်ဘာသာသို့ အတင်းအကျပ် ပြောင်းခိုင်းပြီး မပြောင်းလိုသူတွေကို သတ်ဖြတ်မှု သတင်းဖော်ပြရာမှာ သတ်ဖြတ်သူများကို မွတ်စလင်များဟု ယူဆရသူ၊ မွတ်စလင်များအဖြစ် ပုံဖော်ထားသူဟူသော အသုံးအနှုန်းများကိုသာ ရေးသားခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ဒေသခံရခိုင်တိုင်းရင်းသားတွေကို ARSA အကြမ်းဖက်တွေက အကြမ်းဖက်သတ်ဖြတ်တာ၊ မွတ်စလင်အစွန်းရောက် အကြမ်းဖက်တွေက ဒေသခံ ဟိန္ဒူဘာသာဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေနဲ့ ပတ်သက်ပြီး အခုအင်းဒင်ကိစ္စ ဖော်ထုတ်သလို အသေးစိတ် စုံစမ်းရေးသားခဲ့တာမျိုး မတွေ့ရပါဘူး။

အခု အင်းဒင်ကိစ္စ သတင်းဖော်ပြချက်မှာပါဝင်တဲ့ တချို့ဝေါဟာရ စကားလုံးတွေကို ထပ်တလဲလဲ အသုံးပြုမှုတွေက မွတ်စလင်ရိုဟင်ဂျာတွေကို ဗုဒ္ဓဘာသာဝင်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်ဆိုတာမျိုးနဲ့ ကမ္ဘာတစ်လွှားမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်ဘာသာဝင်တွေအကြား ရန်တိုက်ပေးသလိုဖြစ်နေပြီး ဗုဒ္ဓဘာသာကို သိက္ခာချသလိုဖြစ်နေတယ်လို့ ယူဆစရာ ဖြစ်နေပါတယ်။

တကယ်တော့ ရခိုင်ပြည်နယ် ဖြစ်စဉ်ဟာ သာမန်ပဋိပက္ခဖြစ်စဉ် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အကျိတ်အခဲတွေကနေ ဖြစ်တည်လာတဲ့ ပြဿနာတွေလို့ ဆိုရမှာပါ။ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မသီတာထွေး အဓမ္မပြုကျင့် အသတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ဟာ ရခိုင်ပြည်နယ်တစ်လွှား၊ မြန်မာပြည်အနှံ့သာမက မလေးရှားရောက် မြန်မာများ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့အထိ ကူးစက်ခဲ့တဲ့ ဖြစ်စဉ်ကြီးတစ်ခုပါ။ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် ဖြစ်စဉ်ပြီးတဲ့နောက်မှာ အသတ်ဖြတ်ခံရတဲ့သူတွေဟာ ကမ္ဘာ့မီဒီယာတွေ ဦးစားပေးဖော်ပြတဲ့ ဘင်္ဂါလီတွေပဲ သေဆုံးခဲ့တာ မဟုတ်ပါဘူး။ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက် စတဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေလည်း အသတ်ဖြတ်ခံခဲ့ရတာပါ။ ဒါပေမဲ့ ရိုက်တာသတင်းဌာနအနေနဲ့ အဲဒီကိစ္စတွေအပေါ် အသေးစိတ် စုံစမ်းဖော်ထုတ်ခဲ့တာမရှိဘဲ အခုမှ အင်းဒင်ကိစ္စတစ်ခုတည်းကို အသေးစိတ် ဖော်ထုတ်ခဲ့တာပါ။

(၃) မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ နုနယ်ပြီး ထိလွယ်ရှလွယ်တဲ့ အနေအထား ဖြစ်ပါတယ်။ အခက်အခဲများစွာ ရင်ဆိုင်နေရသလို ရခိုင်ပဋိပက္ခမှာလည်း ကိုးကွယ်ရာ မတူညီတဲ့ ဘာသာဝင်တွေကြား၊ လူမှုအသိုင်းအ၀ိုင်းကြား သဟဇာတဖြစ်ရေးနဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအတွက် အလေးထားနေကြရပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားရသူအားလုံးအတွက် စိတ်မကောင်းဖြစ်ရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ မွတ်စလင်ဘာသာဝင်တွေသာမက ရခိုင်တိုင်းရင်းသားတွေနဲ့ ကမန်၊ မြို၊ သက်၊ မရမာကြီး၊ ဟိန္ဒူဘာသာဝင်တွေ ပါဝင်နေတာကို သတိပြုသင့်ပါတယ်။

တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ Islamophobia အတွက် နိုင်ငံတော် လုံခြုံရေးကို ဆောင်ရွက်နေရတဲ့ အခြေအနေမှာ မြန်မာနိုင်ငံအကြောင်း ခရေစေ့တွင်းကျ လေ့လာမှုမရှိတဲ့ ကမ္ဘာ့မီဒီယာတချို့ကြောင့် မြန်မာနိုင်ငံဟာ အခက်တွေ့ခဲ့ရတာဖြစ်ပြီး အစိုးရပြန်ကြားရေးဌာန အနေနဲ့ ပြည်ပမီဒီယာတွေရဲ့ မဟုတ်မှန်တဲ့ ဖော်ပြမှုတွေအပေါ် တုံ့ပြန် ဆောင်ရွက်နိုင်မှုအပိုင်းမှာ လိုအပ်ချက်တွေ များစွာရှိခဲ့ပါတယ်။ ကမ္ဘာ့မီဒီယာတွေနဲ့ ရင်ဆိုင်ပြီး ထိရောက်တဲ့ တုံ့ပြန်နိုင်စွမ်းမရှိရင် ပြည်သူ့ဘဏ္ဍာတွေ အကုန်ခံပြီး ပြန်ကြားရေးဝန်ကြီးဌာန ဆက်ထားနေမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းမီဒီယာတွေအပေါ် ဖိနှိပ်တာတွေကိုကလည်း ထောက်ပြစရာတွေ ဖြစ်စေခဲ့ပါတယ်။

ကမ္ဘာ့မီဒီယာတွေက မြန်မာနိုင်ငံကို မီဒီယာစစ်ပွဲနဲ့ ဖိအားပေးနေသလို မီဒီယာတွေမှာ ပါဝင်နေသူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် အကျိုးစီးပွားကိုယ်စီနဲ့ ဖိအားပေးနေတာတွေကလည်း သတိပြုစရာပါ။ ဒီဖိအားဟာ မီဒီယာတိုင်း၊ သတင်းထောက်တိုင်း လိုချင်ကြတဲ့ ပူလစ်ဇာဆုကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်။ အာအက်ဖ်အေ၊ ဗွီအိုအေ စတဲ့ အမေရိကန်ကျောထောက်နောက်ခံပြု မီဒီယာ၊ ဗြိတိန်က ကျောထောက်နောက်ခံပြုပေးထားတဲ့ ရိုက်တာနဲ့ ဘီဘီစီ၊ ကာတာအခြေစိုက် အယ်လ်ဂျာဇီးယားလို မီဒီယာတွေဟာ ရခိုင်ကိစ္စကို ပုံဖော်ရာမှာ ဘင်္ဂါလီအရေးကို ပိုမိုဇောင်းပေးနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အေအက်ဖ်ပီသတင်းဌာနရဲ့ ရခိုင်အရေးမှာ သတင်းအမှား ဖော်ပြခဲ့မှု၊ တူရကီဒုတိယ၀န်ကြီးချုပ်ရဲ့ ရခိုင်အရေး ဓာတ်ပုံမှားယွင်းဖော်ပြမှု၊ အယ်လ်ဂျားဇီးယားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဖော်ပြခဲ့ရာမှာ NLD ပါတီက မဲနိုင်ရင် နိုင်ငံသားကတ်ထုတ်ပေးမယ် ပြောခဲ့တယ်ဆိုပြီး တကယ်မပြောခဲ့တာတွေကို ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စကားနဲ့ မှားယွင်းဖော်ပြခဲ့တဲ့အပြင် ၁၉၄၇ ခုနှစ်မှာ ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မီတယ်လို့ အသက် ၅၀ ကျော်အရွယ်က ပြောတာကို ကိုးကားဖော်ပြခဲ့တာ၊ ဘင်္ဂါလီရွာတွေကို တကယ်မသွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီရွာတွေကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည် ထွက်သွားတာနဲ့ တစ်ပြိုင်နက် တိုက်ခိုက်မှုတွေ စတင်လာတယ်ဆိုတဲ့ ဘင်္ဂါလီတစ်ဦးရဲ့ လိမ်လည်ပြောကြားတာကို Channel News Asia မှာ ကိုးကားဖော်ပြခဲ့မှု၊ စက်တင်ဘာ ၁၈ ရက်က ရိုက်တာသတင်းဌာနရဲ့ သတင်းဓာတ်ပုံ မှားယွင်းဖော်ပြခဲ့မှု စတဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ ရောက်နေတာကို ပိုပြီးမြင်သာစေခဲ့သလို ကမ္ဘာ့မီဒီယာကြီးတွေရဲ့ ကျင့်ဝတ်မဲ့ချွတ်ချော်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ မှာ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်များရဲ့ အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်မှုကြောင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ ဒုလ၀ကဦးစီးမှူးတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်ဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်ခဲ့လို့ မောင်တောဒေသမှာရှိတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ တခြားလူနည်းစု ဟိန္ဒူဘာသာဝင်တွေ၊ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးခဲ့ကြပါတယ်။ ဖြစ်စဉ်အစောပိုင်းမှာ လုံခြုံရေး အပြည့်အ၀ ရယူနိုင်ခြင်း မရှိသေးတာကို အခွင့်ကောင်းယူပြီး ဘင်္ဂါလီအကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးမှုတွေ၊ တိုင်းရင်းသားတွေကို သတ်ဖြတ်မှု စတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

သြဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာ လဆန်းပိုင်းတွေမှာတော့ နယ်မြေတည်ငြိမ်မှုကို အဆင့်အလိုက် လုပ်ဆောင်နိုင်ချိန်မှာတော့ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို အလုံးအရင်းနဲ့ ထွက်ပြေးတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာလည်း ရခိုင်ဒေသ ပဋိပက္ခအတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဘင်္ဂါလီဒုက္ခသည်များအရေးကို ရှေ့တန်းတင်လာခဲ့ကြတယ်။ လူ့အခွင့်အရေး ဆုံးရှုံးမှု အခြေအနေတွေကို နိုင်ငံတကာမှာ ပိုမိုပျံ့နှံ့လာစေခဲ့တယ်။ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီတွေ ညှဉ်းပန်း သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာတွေ ရှိတယ်လို့ စွပ်စွဲချက်များ ပိုမိုပျံ့နှံ့သွားပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိနေတယ်လို့တောင် အနောက်နိုင်ငံတွေက သုံးသပ်ပြောဆိုမှုတွေ ရှိလာပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ဖြစ်စဉ်အပေါ် အခြေခံပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်တဲ့ ဖိအားပေးမှုတွေကိုပါ လုပ်ဆောင်ခဲ့ကြတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လူ့အခွင့်အရေးခေါင်းစဉ်ကို အသုံးပြုပြီး တံခါးပိတ်ဆွေးနွေးပွဲတွေနဲ့အတူ ဗြိတိန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက မြန်မာအစိုးရနဲ့ တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်ခဲ့ကြတယ်။

ရခိုင်ဒေသ ဖြစ်စဉ်ရဲ့ အစပိုင်းမှာ အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ အားနည်းခဲ့သလို သတင်းထုတ်ပြန်နိုင်မှု လိုအပ်ချက်တွေကြောင့် နိုင်ငံတကာမျက်နှာစာမှာ ဘင်္ဂါလီ အရေးနဲ့ပတ်သက်ပြီး တစ်ဖက်သတ် စွပ်စွဲမှုတွေကို ထိရောက်အောင် တုံ့ပြန်နိုင်မှု မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ နိုင်ငံတကာ မီဒီယာတွေမှာ ရခိုင်ဒေသရဲ့ အကြမ်းဖက်ခံရမှု အခြေအနေမှန် ပျောက်ဆုံးပြီး ဘင်္ဂါလီ အရေးသာ ရှေ့တန်းရောက်ခဲ့ရတယ်။ တူရကီဒုတိယ၀န်ကြီးချုပ် ကိုယ်တိုင် သတင်းအမှားများ၊ ဓာတ်ပုံအတုများ ဖြန့်ဝေပြီး ဘင်္ဂါလီတွေအပေါ် အာဏာပိုင်တွေက လူမျိုးတုံး သတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ မဟုတ်မမှန် ဖြန့်ဝေမှုတွေအထိ ရှိခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဘင်္ဂါလီအရေးကို ရှေ့တန်းတင် ဆွေးနွေးခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ Agenda တစ်ရပ်အဖြစ် ဖိအားပေးခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်ကို လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ရန် အပါအ၀င် ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့သလို ကုလသမဂ္ဂ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၀င်ရောက်လာနိုင်တဲ့ R2P အစီအစဉ်ကို လုပ်ဆောင်နိုင်ဖို့ အခြေအနေမျိုးအထိ ပုံဖော်ခဲ့ကြပါတယ်။

(၄) အင်းဒင်လူသတ်မှုသတင်းကို အချိန်ကိုက် ဖော်ပြတာလား

ရိုက်တာသတင်းဌာနအနေနဲ့ အင်းဒင်ရွာ လူသတ်မှုဖြစ်စဉ်ကို အမှန်တရား ဖော်ထုတ်ဖို့အတွက်လား၊ ဒါမှမဟုတ် အခြားရည်ရွယ်ချက်တစ်ခုကြောင့် အချိန်ကိုက်ဖော်ပြတာလားဆိုတာ မေးခွန်းထုတ်စရာပါ။

အခု ရိုက်တာက ဖော်ပြတဲ့ အင်းဒင်ရွာ လူသတ်မှုဖြစ်စဉ် သတင်းမှာ သတင်းထောက်လေးဦး အမည်ကို ဖော်ပြထားပါတယ်။ အဲဒီထဲက နှစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံသား ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ဒီဇင်ဘာလ ၁၂ ရက်မှာ အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူတွေ ဖြစ်ပါတယ်။ ရခိုင်ဖြစ်စဉ်နဲ့ ဆက်နွှယ်သော အစိုးရလျှို့ဝှက် စာရွက်စာတမ်းများ ရယူမှုနဲ့ပတ်သက်ပြီး တရားစွဲဆို ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ဒီသတင်းမဖော်ပြမီ တစ်ရက်အလို ဖေဖော်ဝါရီ ၇ ရက်မှာ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်အပါအ၀င် အခြားနိုင်ငံ ငါးနိုင်ငံက မြန်မာနိုင်ငံမှ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီမွတ်စလင်တို့ရဲ့ ကံကြမ္မာအရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ ရိုက်တာသတင်းဌာနက ရခိုင်ပြည်နယ် အင်းဒင်ရွာ လူသတ်မှုဖြစ်စဉ် အသေးစိတ်ကို ဖော်ပြခဲ့တာပါ။

ရိုက်တာသတင်းဌာနအနေနဲ့ အမှန်တရားကို ဖော်ထုတ်ဖို့အတွက်ဆိုရင် မိမိသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရချိန်ကတည်းက ဒီလိုဖြစ်စဉ်တွေကို သတင်းရယူစုဆောင်းရင်း အဖမ်းခံရတာဖြစ်တယ်လို့ ထုတ်ပြန်သင့်ပါတယ်။ အစိုးရတာဝန်ရှိသူတွေ အနေနဲ့လည်း ဥပဒေအတိုင်း စုံစမ်းစစ်ဆေး အရေးယူနိုင်အောင် ဘယ်လိုဖြစ်စဉ်တွေ ရှိတယ်ဆိုတာကို အချက်အလက်တွေနဲ့ ဖော်ပြသင့်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အခုလိုမဖော်ပြခဲ့ဘဲ ရိုက်တာသတင်းထောက်တွေ အဖမ်းခံရတာ နှစ်လနီးပါးခန့်ကြာပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တောင်းဆိုမှုတွေ လုပ်ဆောင်နေချိန်နဲ့ တိုက်ဆိုင်ပြီး အချိန်ကိုက်ဖော်ပြတာဟာ အမှန်တရားကို ဖော်ထုတ်ဖို့လား၊ တခြားရည်ရွယ်ချက်က ဘာလဲဆိုတာ မေးခွန်းထုတ်စရာပါ။

(၅) နိုင်ငံရေးကစားကွက် ဖြစ်နေလား

၂၀၁၇ ခုနှစ် သြဂုတ်လနှောင်းပိုင်းမှာ တစ်ကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ရခိုင်-ဘင်္ဂါလီပြဿနာဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဆိုတာတွေအပြင် အင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေးကစားကွက်အဖြစ် ပုံဖော်ခံနေရသလား ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုမှုတွေ ရှိလာပါပြီ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂါလီကိစ္စဟာ ကမ္ဘာလုံးဆိုင်ရာ ပထ၀ီနိုင်ငံရေးအခြေအနေနဲ့ မီးလောင်ရာလေပင့် လုပ်ခဲ့ပုံပေါ်တယ်လို့ Institute of Oriental Studies of The Russian Academy of Sciences ရဲ့ အရှေ့တောင်အာရှရေးရာဌာနမှူး Dmitry Mosyakov က ရုရှားတီဗီ (RT) ကို ပြောကြားထားပါတယ်။

ဘင်္ဂါလီအရေးကိစ္စမှာ အချက်သုံးချက်ရှိပြီး ပထမအချက်က ရခိုင်ဒေသမှာ ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် ပြုလုပ်ထားတဲ့ တရုတ်အရေး ကိစ္စအပေါ် အမေရိကန်ရဲ့ ၀င်ရောက် ကစားတာဖြစ်ပြီး ဒုတိယအချက်က အရှေ့တောင်အာရှမှာ မွတ်စလင် အစွန်းရောက်ဝါဒ ထွန်းကားလာစေဖို့ မီးမွှေးလိုက်တာပါလို့ သုံးသပ်ခဲ့တယ်။ နောက်တစ်ချက်ကတော့ အာဆီယံဒေသက အင်ဒိုနီးရှား၊ မလေးရှားနဲ့ မြန်မာနိုင်ငံအကြား သွေးခွဲဖို့ ကြိုးပမ်းခြင်းဖြစ်တယ်လို့လည်း Dmitry Mosyakov က သုံးသပ်ထားပါတယ်။

ရခိုင်ဒေသမှာ ရွှေသဘာဝ ဓာတ်ငွေ့သိုက်ကဲ့သို့ အဖိုးတန် ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်များ ရှိနေခြင်းကြောင့် တရုတ်နိုင်ငံက မျက်စိကျခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွန်းမိန်မြို့အထိ ဆက်သွယ်ထားတဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စတင်ခဲ့တာဖြစ်ကြောင်း၊ အဲဒီစီမံကိန်း ဆောက်လုပ်နေစဉ်အတွင်း လူပေါင်းတစ်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရခိုင်-ဘင်္ဂါလီပြဿနာ ၂၀၁၂ ခုနှစ် မှာ ဖြစ်ပွားခဲ့ကြောင်း အရှေ့တောင် အာရှရေးရာဌာနမှူး Dmitry Mosyakov က ရုရှားနိုင်ငံ Sputnil အွန်လိုင်းမဂ္ဂဇင်း၊ Opinion ကဏ္ဍမှာ ဖော်ပြခဲ့ပါတယ်။

မကြာသေးမီက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား OBOR သဘောတူညီချက်မူကြမ်း ချုပ်ဆိုနိုင်ခဲ့သလို မြန်မာနဲ့ ရုရှားနိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး အလျင်အမြန် တိုးတက်လာခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အဆင့်မြင့် တိုက်လေယာဉ် SU-30 များ ရောင်းချရန် သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒီအချက်ကို အမေရိကန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သလို ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ ဖိအားတွေ အများအပြား ရှိခဲ့ပါတယ်။ တပ်မတော်ထိပ်တန်းခေါင်းဆောင်တချို့ကိုလည်း အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။

(၆) ပြည်တွင်းနဲ့ ပြည်ပမီဒီယာတွေရဲ့ မတူညီတဲ့ အနေအထား

မီဒီယာတွေ ရပ်တည်ဖို့ ခက်ခဲလာတဲ့အချိန်မှာ တချို့ဟာ အထောက်အပံ့ခံတွေ ဖြစ်ကုန်တယ်။ အောင်မြင်မှုအရှိဆုံး၊ ကြော်ငြာရရှိမှုနဲ့ စောင်ရေအများဆုံးဖြစ်တဲ့ Eleven တောင် ရပ်တည်ဖို့ အတော်ရုန်းကန်နေရတယ်။ မီဒီယာအများစုဟာ ရပ်တည်မှုအတွက် ရုန်းကန်နေကြရတယ်။ ဒီလိုအချိန်မှာ လစာဒေါ်လာ ထောင်ချီပေး၊ လူတွေအများအပြား ခန့်ထားပြီး သတင်းတွေရဖို့ လုပ်လာတာကြောင့် ယှဉ်ပြိုင်နိုင်ဖို့ ခက်လာတယ်။ အမေရိကန်အစိုးရရဲ့ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဗြိတိန်အစိုးရရဲ့ ဘီဘီစီ၊ ကာတာအစိုးရရဲ့ အယ်လ်ဂျာဇီးယားစတဲ့ သတင်းဌာနတွေရဲ့ လုပ်ဆောင်မှုတွေက သတိပြုစရာဖြစ်လာတယ်။ ပြီးတော့ တချို့သတင်းဂျာနယ်ကြီးတွေ၊ သတင်းစာတွေကိုယ်တိုင် ဂျာနယ်လစ်ထရိန်နင်ဆိုတဲ့ခေါင်းစဉ်အောက်မှာ အထောက်အပံ့တွေ ယူတာမျိုးတွေ ရှိလာတယ်လို့ ကြားလာရတယ်။ ဒီလို အထောက်အပံ့တွေက ဘယ်အတွက်ပေးတာလဲ။ ဒီမိုကရေစီအတွက်၊ ဂျာနယ်လစ်ဇင် ဖွံ့ဖြိုးဖို့အတွက်ဆိုရင် ပြဿနာမရှိနိုင်ပေမဲ့ ဘင်္ဂါလီကိစ္စနဲ့ ဘာသာရေးကိစ္စကိုပဲ အဓိကဇောင်းပေးတာမျိုး၊ ငြိမ်းချမ်းရေးဆိုတာကို အကြောင်းပြပြီး စစ်တပ်ဆန့်ကျင်ရေး၊ ပြည်ထောင်စု မတည်မငြိမ်ဖြစ်အောင် လုပ်ရေးတွေအတွက် ဆိုရင်တော့ အန္တရာယ်ရှိတာ အမှန်ပဲ။ Geo-politics အရ တရုတ်လိုနိုင်ငံရဲ့ အိမ်နီးချင်းအဖြစ် ရှိနေတဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းရေး မတည်မငြိမ်ဖြစ်ရင် အန္တရာယ်ရှိတယ်။ ဒီလိုအခြေအနေမှာ အစိုးရအနေနဲ့ ပြည်တွင်းမီဒီယာတွေကို အကာအကွယ်ပေးရမယ့်အစား ပြည်တွင်းမီဒီယာတွေကို ဖိနှိပ်၊ သတင်းသမားတွေကို ဖိနှိပ်တာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ပြည်ပမီဒီယာတွေနဲ့ အင်အားခြင်းမမျှစွာ ပြိုင်ဆိုင်နေရတဲ့ ပြည်တွင်းမီဒီယာတွေကို အားမပေးခဲ့လေတော့ ပြည်ပမီဒီယာတွေရဲ့ တစ်ဖက်သတ် ဖော်ပြချက်တွေကို တုံ့ပြန်ရာမှာ ထိရောက်မှု အားနည်းခဲ့ရပါတယ်။

တကယ်တော့ ရိုက်တာရဲ့ အခုလို လုပ်ဆောင်မှုဟာ အဆိပ်ရည် အပြည့်နဲ့ ပုံးလိုပါပဲ။ သတင်းအတွက် ရိုးသားမှုရှိတယ်ဆိုရင် ဒီကိစ္စကို ပရော်ဖက်ရှင်နယ်ပီပီသသ ဖော်ထုတ်ရမယ့်အချိန်က အခုမှမဟုတ်ပါဘူး။ ရိုက်တာက သတင်းသမားနှစ်ယောက် အဖမ်းခံရတဲ့ အချိန်မှာ လုပ်သင့်တာပါ။ အစောကြီးကတည်းက ဒီလိုတွေဖြစ်တာပါလို့ Defend လုပ်သင့်တယ်။ ဂျာနယ်လစ်ဇင်ကိစ္စမှာ ကိုယ့်သတင်းထောက်တွေဘက်က ပြတ်ပြတ်သားသား ရပ်တည်ရမယ်။ ဒီလိုမျိုး ဥပဒေမဲ့ လူသတ်မှုတွေ မရှိသင့်ဘူး။ ဒါကြောင့် ဥပဒေမဲ့ လူသတ်မှုဖြစ်ရင် စုံစမ်းစစ်ဆေးနိုင်ဖို့ ဒီနေရာမှာသာမက တခြားနေရာတွေမှာလည်း စုံစမ်းစစ်ဆေးပေးနိုင်ဖို့ ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်သင့်တယ်။

ဒါပေမဲ့ ဒီလိုအချိန်မျိုးမှ ဖော်ပြတဲ့အတွက် မေးခွန်းထုတ်စရာတွေ ဖြစ်စေပါတယ်။ ရိုက်တာအနေနဲ့ သတင်းရယူစုဆောင်းပုံ၊ သတင်းတင်ဆက်ပုံက ရိုးသားမှုရှိရဲ့လား။ ဂျာနယ်လစ်ဇင်ကျင့်ဝတ်ကို ကျော်လွန်ပြီး လုပ်ခဲ့တယ်လို့ ယူဆစရာ ရှိနေတယ်။ ဒီသတင်းနဲ့ ပတ်သက်တဲ့ အချက်အလက်ရရှိခဲ့တာက စက်တင်ဘာလ အစောပိုင်းဖြစ်နေပြီး ရိုက်တာသတင်းထောက်နှစ်ယောက် အဖမ်းခံရတာက ဒီဇင်ဘာ ၁၂ ရက်မှပါ။ ရရှိထားတဲ့ အချက်အလက်တွေအရ သတင်းအတွက် လုံလောက်နေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဘာလို့ထပ်ဆက်သွယ်သလဲဆိုတာ စိတ်ဝင်စားစရာပါ။ ရဲတပ်ဖွဲ့ဝင်တွေဆီက ရနိုင်တာတွေထဲမှာ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက်တွေ ရှိနိုင်ပါတယ်။ အဲလိုအချက်တွေ ရလာခဲ့မယ်ဆိုရင်တောင် တရားဝင်ဖြစ်အောင် လုပ်ဆောင်သင့်ပါတယ်။ ပြီးတော့ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးစစ်ဆေးခံရမှုနဲ့ ပတ်သက်ပြီး အစောဆုံး ကြေညာချက်ထုတ်တာ အမေရိကန်သံရုံးက ဖြစ်ပါတယ်။ ပြီးတော့ နောက်ဆက်တွဲကြေညာချက်တွေ ထုတ်ပြန်သလို ရခိုင်ကော်မရှင်မှာပါတဲ့ ဘီရစ်ချက်ဆန်ကိုယ်တိုင် ထုတ်ဖော်တောင်းဆိုတဲ့အထိ အမေရိကန်တွေရဲ့ ပါဝင်ပတ်သက်မှုကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

သေချာတာက ရိုက်တာရဲ့ သတင်းဖော်ပြသင့်တဲ့ အချိန်ဟာ ဒီလိုအချိန်မဟုတ်ပါဘူး။ ဒါကြောင့် ဒီသတင်းတင်ဆက်ပုံဟာ ရိုးသားမှုမရှိဘူး၊ ကျင့်ဝတ်ထက်ကျော်လွန် လုပ်ဆောင်ထားတယ်၊ မြန်မာနိုင်ငံကို အပြစ်မရောက်ရောက်အောင်၊ အစိုးရ၊ တပ်မတော်နဲ့ ရခိုင်လူမှုအသိုင်းအ၀ိုင်းသာမက မြန်မာနိုင်ငံသားတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ် သိက္ခာမကျကျအောင် ရည်ရွယ်ချက်ရှိရှိ ချိန်သားကိုက် လုပ်ဆောင်သလို ဖြစ်နေတယ်။ Agenda Setting ချပြီးလုပ်သလို ဖြစ်နေတယ်။

ကျွန်တော်တို့အနေနဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ထောင်ဒဏ်နှစ်ရှည် ချမှတ်နိုင်တဲ့ ပုဒ်မကြီးမျိုးနဲ့ တရားစွဲဆိုဖမ်းဆီးထားတာကို လက်မခံဘူး၊ ကန့်ကွက်ပါတယ်။ ဂျာနယ်လစ်တွေကို ဖိနှိပ်ပြီး လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်တွေကို ကန့်သတ်ဖိနှိပ်တာတွေ အားလုံးကို ကန့်ကွက်ပါတယ်။ ဒါပေမဲ့ ကျင့်ဝတ်ကိုကျော်လွန်ပြီး ရိုးသားမှုမရှိတာမျိုးကိုတော့ ထောက်ပြရမှာပါ။ လုံခြုံရေးကောင်စီက တစ်ဆင့် မြန်မာနိုင်ငံကို အရေးယူ ဆောင်ရွက်အောင် တမင်အကွက်ချပြီး မြန်မာနိုင်ငံမှာ R2P ဖြစ်လာအောင်၊ Safe Zone တွေ ဖြစ်လာအောင်၊ အကြမ်းဖက်မှုတွေ တိုးပွားလာအောင် လှုံ့ဆော်တဲ့သဘောမျိုးနဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို သိက္ခာကျအောင် မြန်မာ့လူ့အဖွဲ့အစည်းကို သိက္ခာချဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုမျိုးကိုတော့ လုံးဝလက်မခံနိုင်ပါဘူး။ ဒါကြောင့် အခုလို အခြေအနေနဲ့ အချိန်အခါမျိုးမှာ ရိုက်တာရဲ့ အင်းဒင်ကျေးရွာဖြစ်စဉ် ဖော်ပြမှုဟာ အဆိပ်ရည်အပြည့်နဲ့ပုံးလို့ပဲ ဆိုရမှာပါ။

February 11, 2018














Copy Protected by Chetan's WP-Copyprotect.