တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ၊ နှုတ်ဆိတ်နေတဲ့လွှတ်တော်နဲ့ OBOR မှာ ဘာတွေစတေးရမလဲ

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ၊ နှုတ်ဆိတ်နေတဲ့လွှတ်တော်နဲ့ OBOR မှာ ဘာတွေစတေးရမလဲ
Published 12 February 2018

OBOR အစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ကျောက်ဖြူ-ကူမင်းရထားလမ်းမှ တရုတ်နိုင်ငံ ကူမင်းမြို့နှင့် အခြားမြို့များ ဆိပ်ကမ်းများကို ချိတ်ဆက်သွားမည့် Two Oceans Rail Link စီမံကိန်း (Ref & Photo: OBOR: China’s strategic interests and its potential impacts in Myanmar; Khin Khin Kyaw Kyee)

တရုတ်နိုင်ငံရဲ့ မဟာဗျုဟာ အိပ်မက်ကြီး One Belt One Road စီမံကိန်းကို မြန်မာနိုင်ငံမှာ စတင်ခဲ့တာက ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းကပါ။ ဒီလိုစတင်လာခဲ့တဲ့ အခြေအနေဖြစ်နေတဲ့အပြင် ၂၀၁၆ ခုနှစ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာလည်း တရုတ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး (Belt and Road Initiative) နဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစြင်္ကံ ကနဦး ဆောင်ရွက်ချက်တွေကို မြန်မာနိုင်ငံက ကြိုဆိုခဲ့တယ်ဆိုတာနဲ့ OBOR (တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း) ကို လက်ခံထားပြီး ဖြစ်ပါတယ်။

ဒီလို လက်ခံထားမှုအပြင် ‘ဝ’ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် (NCA) ကို အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်နဲ့ အစားထိုးဖို့နဲ့ တရုတ်နိုင်ငံရဲ့ OBOR ပေါ်လစီဟာ မြန်မာနိုင်ငံအတွင်းမှာ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်နိုင်ပြီး တိုင်းရင်းသားဒေသတွေအတွက် အကျိုးဖြစ်ထွန်းနိုင်မယ်လို့ မျှော်လင့်တယ်ဆိုပြီး ‘ဝ’ ဒေသပန်းခမ်း (ပန်ဆန်း) တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ တတိယအကြိမ် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြီးတော့ ဆင့်ကဲဖော်ပြပြီး ဖြစ်ပါတယ်။

ဒီစီမံကိန်းကြီးဟာ ၂၀၁၃ ခုနှစ်ကျမှ တရားဝင် စတင်ထုတ်ပြန်တယ် ဆိုပေမယ့် တရုတ်နိုင်ငံအနေနဲ့ဆိုရင် ရာစုနှစ်ပေါင်းများစွာကတည်းက ကြံရွယ်လာခဲ့တဲ့ စီမံကိန်းဖြစ်ပြီးတော့ စီမံကိန်းစတင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံကိုခွာပြီး တွေးလာတဲ့ မြန်မာအစိုးရကြောင့် OBOR မှာ မြန်မာနိုင်ငံမပါဘူးဆိုတဲ့ အခြေအနေ မြင်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံအတွက် မဟာဗျုဟာမြောက် အချက်အချာကျတဲ့ မြန်မာနိုင်ငံဟာ ပါဝင်လာခဲ့ပါတယ်။

OBOR မှာ မြန်မာပါမယ်ဆိုတာနဲ့ တစ်ပြိုင်နက်မှာ စိုးရိမ်စရာ ဖြစ်လာတာက ဒီလို မဟာဗျုဟာကြီးထဲကို မြန်မာနိုင်ငံဟာ ဘယ်လိုမူဝါဒတွေ၊ ဘယ်လိုမဟာဗျုဟာတွေ၊ ဘယ်လိုအခြေအနေတွေနဲ့ ဝင်နိုင်မလဲဆိုတာနဲ့ ဒီလိုစီမံကိန်းမှာ ဝင်တော့မယ်ဆိုတဲ့ တစ်ပြိုင်နက် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဥပဒေတွေ၊ ဘယ်လိုနည်းလမ်းတွေနဲ့ တားဆီးကာကွယ်မလဲဆိုတဲ့ မေးခွန်းထွက် ပေါ်လာပါတယ်။

ဒီလို မေးခွန်းထွက်ပေါ်လာမှုနဲ့အတူ မရှင်းလင်းမှုအဖြစ် ဒီစီမံကိန်းကို မြန်မာနိုင်ငံက အဓိကတာဝန်ယူမယ့်ဌာနဟာ OBOR စီမံကိန်းကို ပါဝင်မယ်ပြောခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနလား။ တရုတ်-မြန်မာစီးပွားရေးစြင်္ကံအတွက် တရုတ်နိုင်ငံဆီကို နားလည်မှုစာချွန်လွှာမူကြမ်းကို သွားရောက်ဆွေးနွေး အတည်ပြုပေးခဲ့တဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလား။ ဒီလိုမှ မဟုတ်ရင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်တို့ရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ယူမှာလားဆိုတာနဲ့ ဒီစီမံကိန်းမှာ ကျောက်ဖြူ-ကူမင်း မီးရထားလမ်း၊ ရေနက်ဆိပ်ကမ်းတွေ ပါဝင်နေတာဖြစ်တာကြောင့် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကပဲ Focal Ministry အဖြစ် တာဝန်ယူမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒီလို မေးခွန်းထွက်လာမှုနဲ့ တစ်ပြိုင်နက်တည်းမှာပဲ OBOR မှာ ပါတော့မယ်ဆိုတဲ့ အိသံထွက်လာပေမယ့် ကြိုတင်ပြင်ဆင်မှု ဘာတစ်ခုမှ မမြင်ရတဲ့ အခြေအနေအပြင် ဒီလိုစီမံကိန်းကြီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လက်ရှိလွှတ်တော်မှာ မေးမြန်းဆွေးနွေးမှု ပျောက်ဆုံးနေပြီးတော့ ပြည်သူလူထုကလည်း OBOR ဆိုတာ ဘာလဲမသိ၊ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်တွေမှာလည်း OBOR ဆိုတာကို ပြည်သူတွေသိလာအောင် မကြိုးစားဆိုတဲ့ အခြေအနေနဲ့ နှုတ်ဆိတ်နေတဲ့ လွှတ်တော်အဖြစ် မြင်နေရပါတယ်။

မြန်မာဘက်မှာသာ OBOR ဆိုတာကို အစိုးရနဲ့ လွှတ်တော်က ပြည်သူတွေနားလည်အောင်၊ တိုင်းပြည်မနစ်နာအောင် ဘယ်လိုလုပ်နေတယ်ဆိုတာကို မထုတ်ပြန် မဆွေးနွေးကြပေမယ့် တရုတ်နိုင်ငံကတော့ သူ့နိုင်ငံရဲ့ မဟာဗျုဟာစီမံကိန်းကြီးမှာ ပါဝင်မယ့်နိုင်ငံတွေ အနေနဲ့ ညံ့ရင်ခံဆိုတဲ့ ပုံစံမျိုးနဲ့ စီမံကိန်းရှေ့ဆက်နိုင်ရေး စိုင်းပြင်းနေတာကို တွေ့နေရပါတယ်။

အခြားတစ်ဖက်မှာဆိုရင်လည်း ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ OBOR Process မှာ အဓိကကျတဲ့ Policy Coordination ဆိုတဲ့ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေ မြန်မာနိုင်ငံဆီကို ရောက်လာရင် မြန်မာနိုင်ငံ မနစ်နာဖို့ ကြိုတင်ပြင်ဆင်ရမယ့် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းပြင်ဆင်မှု တစ်ခုမှမရှိဘဲ မန္တလေးကို ဗဟိုပြုမယ့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံကို စတင်ဖို့ ဆွေးနွေးမှုပြုခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို Infrastructure Development အဆင့်ဟာ Policy Coordination ဆိုတဲ့ အဆင့်ကို ကျော်ခဲ့တာမို့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုပဲ အမှီပြုပြီး လုပ်ဆောင်ပုံရှိနေတဲ့ OBOR စီမံကိန်းဟာ ဒီလိုလူပုဂ္ဂိုလ်မရှိရင်၊ စီမံကိန်းဆိုးကျိုးတွေကို တားဆီးနိုင်တဲ့ ဥပဒေရှိမနေရင်၊ ဒီအစိုးရတစ်ရပ် သက်တမ်းကုန်သွားရင် ရင်ဆိုင်ရမယ့် မြန်မာနိုင်ငံအတွက်တော့ ရင်လေးစရာ အခြေအနေ ဖြစ်လာမှာ ဖြစ်သလို တရုတ်နိုင်ငံရဲ့ မဟာဗျုဟာကြီးမှာ မြန်မာနိုင်ငံ ဘယ်လိုမဟာဗျုဟာမြောက် ပါဝင်မလဲဆိုတာကို ပညာရှင်တွေ ထောက်ပြဝေဖန်နေချိန်မှာ အစိုးရနဲ့လွှတ်တော်က ဝေေ၀ဝါးဝါးအဆင့်မှာပဲ ရှိနေပြီး ကြိုတင်ပြင်ဆင်မှုတစ်ခုမှ မြင်မနေရတာဟာ ဒေါ်အောင်ဆန်းစုကြည်အလွန် မြန်မာနိုင်ငံအတွက်တော့ ရင်လေးစရာ အခြေအနေပါ။

OBOR မှာ ရင်လေးစရာ မြန်မာနိုင်ငံ

စီမံကိန်းတစ်ခုကို လုပ်တော့မယ်ဆိုတာနဲ့ လုပ်ဆောင်မယ့်နိုင်ငံတစ်ခုဟာ သူ့နိုင်ငံအတွက် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအကျိုးအမြတ်တွေအပြင် ပထဝီနိုင်ငံရေး အကျိုးအမြတ်ကိုပါ တွက်ဆပြီးမှ စနစ်တကျ စီမံကိန်းချ လုပ်ဆောင်တာပါ။ ဒီလို စီမံကိန်းချထားတာကို တရုတ်နိုင်ငံရဲ့ OBOR စီမံကိန်းမှာ မြင်နေရပါတယ်။ စီမံကိန်းတစ်ခုလုံး ခြုံကြည့်မယ်ဆိုရင် တရုတ်စွမ်းအင်လုံခြုံမှု၊ တရုတ်နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍရာခိုင်နှုန်း ၈၀ ကျော် တင်သွင်းနေရတဲ့ မလက္ကာရေလက်ကြားရဲ့ အရေးပါမှုကို လျှော့ချနိုင်မှု၊ ပင်လယ်ထွက်ပေါက်များစွာ ရရှိလာနိုင်မှု၊ အမေရိကန်နိုင်ငံရဲ့ ပါဝါကို လျှော့ချနိုင်မှု၊ တောင်တရုတ်ပင်လယ်မှာ သြဇာဖြန့်ကြက်နိုင်မှု ပိုမိုမြင့်မားလာမယ့် အခြေအနေ၊ မြန်မာ့နိုင်ငံရေးမှာ သြဇာပိုမိုမြင့်မားလာမယ့် အခြေအနေ စတာတွေကို မြင်နေရပါတယ်။

ဒီလို တရုတ်နိုင်ငံ ကမ္ဘာကို ဦးဆောင်နိုင်ရေး မဟာဗျုဟာမို့လို့ တခြားနိုင်ငံတွေက အကျိုးအမြတ်မရတော့ဘူးလား မေးမယ်ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။

တိုက်ကြီးသုံးတိုက်၊ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ နီးပါး ပါဝင်ပြီး ကမ္ဘာ့လူဦးရေရဲ့ ရာခိုင်နှုန်း ၆၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၂၆ ထရီလျံလောက်မြှုပ်နှံမယ့် ဒီစီမံကိန်းကနေ ကိုယ်ခံအားကောင်းတဲ့နိုင်ငံတွေက ဈေးကွက်အကြီးကြီးရလာမှာ ဖြစ်သလို တင်းကျပ်တဲ့ ဥပဒေတွေ၊ ခိုင်မာတဲ့ မူဝါဒတွေနဲ့ အနာဂတ်ကို ကြိုတင်ချိန်ဆထားနိုင်တဲ့ မဟာဗျုဟာတွေသာ ရှိနေမယ်ဆိုရင်၊ တိုင်းပြည် ကိုယ်ခံအားကောင်းနေမယ်ဆိုရင် နယ်မြေသစ်ဈေးကွက်သစ်များစွာကို ချိတ်ဆက်နိုင်မယ့် အခွင့်အရေး အပြည့်အ၀ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီလို အခွင့်အရေးကောင်းတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကတော့ ပါမနေပြန်ပါဘူး။

မြန်မာနိုင်ငံက OBOR မှာ ပါဝင်မယ့် ပကတိအခြေအနေကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မှီခိုထားတာကလွဲရင် ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ ကြိုတင်စီမံမှု၊ ပြည်သူကို အသိပေးမှု၊ စီမံကိန်း အခြေအနေ ဆွေးနွေးချပြမှု တစ်ခုမှရှိမနေတာကို မြင်နေရပါတယ်။ အခြားတစ်ဖက်မှာဆိုရင်လည်း ဒီစီမံကိန်းကြီးမှာ ပါဝင်နိုင်ဖို့ စစ်ဘက်လုံခြုံရေး (Military Security)၊ စီးပွားရေးလုံခြုံရေး (Economic Security)၊ ရင်းမြစ်လုံခြုံရေး (Resource Security)၊ နယ်စပ်ဒေသ လုံခြုံရေး (Border Security)၊ လူဦးရေဆိုင်ရာ အချက်အလက် လုံခြုံရေး (Demographic Security)၊ ဘေးအန္တရာယ်လုံခြုံရေး (Disaster Security)၊ စွမ်းအင်လုံခြုံရေး (Energy Security)၊ ပထဝီမဟာဗျုဟာ လုံခြုံရေး (Geostrategic Security)၊ သတင်းအချက်အလက် လုံခြုံရေး (Informational Security)၊ စားနပ်ရိက္ခာ လုံခြုံရေး (Food Security)၊ ကျန်းမာရေးလုံခြုံရေး (Health Security)၊ လူမျိုးနွယ်စုလုံခြုံရေး (Ethnic Security)၊ သဘာဝပတ်ဝန်းကျင် လုံခြုံရေး (Enviromental Security)၊ ဆိုင်ဘာလုံခြုံရေး (Cyber Security)၊ မျိုးရိုးဗီဇလုံခြုံရေး (Genomic Security) နဲ့ အမိမြေလုံခြုံရေး (Homeland Security) မဟာဗျုဟာတွေ တစ်ခုမှ တိတိပပ ချပြနိုင်ခြင်း မရှိသလို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်သွားပါမယ်ဆိုတာတောင် ပြောပြနိုင်စွမ်း မရှိသေးတာကို မြင်နေရပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ မော်ကြွားနိုင်ဖို့၊ လူရာဝင် အသိအမှတ်အပြုခံရဖို့ဆိုရင် စီးပွားရေး အင်အားကောင်းဖို့၊ ကျန်းမာကြံ့ခိုင်တဲ့ လူသားအရင်းအမြစ် အင်အားကောင်းဖို့၊ နည်းပညာအင်အား၊ ယဉ်ကျေးမှုအင်အားနဲ့ ပုံသဏ္ဌာန်မျိုးစုံနဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်တဲ့ ကာကွယ်ရေးအင်အား ဒီငါးခုနဲ့ တုံ့ပြန်နိုင်ဖို့လိုပြီး ဆွီဒင်တို့ အစ္စရေးတို့လို ဗလငါးတန်နဲ့ ကြံ့ကြံ့ခံ တုံ့ပြန်ရင်ဆိုင်နိုင်စွမ်းရှိနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ရခိုင်ပဋိပက္ခနဲ့ မြန်မာပြည်ကို ထိုးချနေတဲ့ အခုလိုကာလမှာ ပိုမိုလိုအပ်ပေမယ့် လက်ရှိ မြန်မာနိုင်ငံကတော့ စစ်အင်အားကလွဲရင် ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မရှိပါဘူး။ ဒီနေ့ခေတ်မှာ ကာကွယ်ရေးအင်အားဆိုတာ စစ်အင်အားတစ်ခုပဲ သတ်မှတ်တော့တာ မဟုတ်ဘူးဆိုတာ ရခိုင်ပဋိပက္ခမှာ ခွက်ခွက်လန်အောင် ရှုံးခဲ့တဲ့အပြင် တစ်ချိန်က ကမ္ဘာမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တောင် ကမ္ဘာ့အလယ်မှာ ဆုတံဆိပ် ရုပ်သိမ်းခံခဲ့ရတဲ့အထိ ဖြစ်စေခဲ့တဲ့ Media War အကြောင်း လေ့လာကြည့်ရုံနဲ့ မြင်ရမှာဖြစ်သလို မြန်မာ့စစ်အင်အားဆိုတာကလည်း ကမ္ဘာ့အဆင့် ၃၀ ပတ်လည်မှာပဲရှိနေပြီး လက်တွေ့ရင်ဆိုင်နေရတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံတွေနဲ့ စစ်အင်အားမှာ ကိုယ်နဲ့ထက်ကြပ်မကွာ လိုက်ပါနိုင်တဲ့ တန်းတူအင်အားတွေနဲ့ဆိုတာ သတိမူမိဖို့ လိုအပ်ပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံက စီမံကိန်းအသစ်လား

ကနဦး OBOR မှာဆိုရင် လမ်းကြောင်းခြောက်ခု ပါဝင်ပါတယ်။ တရုတ်နိုင်ငံအနောက်ပိုင်းကနေ ရုရှားနိုင်ငံအနောက်ပိုင်းလမ်းကြောင်း ယူရေးရှားပေါင်းကူး စြင်္ကံ၊ တရုတ်နိုင်ငံတောင်ပိုင်းကနေ ရုရှားအရှေ့ပိုင်းလမ်းကြောင်းဖြစ်တဲ့ တရုတ်-မွန်ဂိုလီးယား-ရုရှား စြင်္ကံ၊ တရုတ်နိုင်ငံအနောက်ပိုင်းကနေ တူရကီကို ချိတ်ဆက်မယ့် တရုတ်-ဗဟိုအာရှ- အနောက်အာရှ စြင်္ကံ၊ တောင်တရုတ်ကနေ စင်ကာပူနိုင်ငံကို ချိတ်ဆက်မယ့် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ်စြင်္ကံ၊ တရုတ်အနောက်တောင်ပိုင်းနဲ့ ပါကစ္စတန်ကို ချိတ်ဆက်မယ့် တရုတ်-ပါကစ္စတန်စြင်္ကံနဲ့ မြန်မာပြည်လီ ဒိုလမ်းဟောင်းကို အခြေခံဖို့ ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာစြင်္ကံတို့ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရက တရုတ်ကိုခွာတွေးပြီး မြစ်ဆုံစီမံကိန်း ရပ်တန့်ချိန်နဲ့ တိုက်ဆိုင်တဲ့ ၂၀၁၃ ခုနှစ်မှာ OBOR ကို ချပြခဲ့တာကြောင့် မြန်မာနိုင်ငံကို ထည့်သွင်းမဖော်ပြခဲ့ပေမယ့် တရုတ် OBOR မှာ မြန်မာနိုင်ငံဟာ ပါကစ္စတန်နိုင်ငံလောက်ကို အရေးပါတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Hong Liang က ဖေဖော်ဝါရီ ၁ ရက်မှာ မန္တလေးမြို့ကို ဗဟိုပြုမယ့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ တရုတ်-မြန်မာနယ်စပ်ဒေသကို ဖြတ်ကျော်ပြီး မန္တလေးမြို့အထိ၊ မန္တလေးမြို့ကနေ အရှေ့ဆီတန်းလာပြီး ရန်ကုန်မြို့သစ်အထိ၊ မန္တလေးမြို့ကနေ အနောက်ကို တန်းသွားပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိဆိုတဲ့ တရုတ်-မြန်မာစီးပွားရေးစြင်္ကံကို အတူတကွ တည်ဆောက်ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့ရှိတယ်လို့ ရေးသားခဲ့ပါတယ်။

ဒီလို ရေးသားမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ပေကျင်းမှာကျင်းပတဲ့ တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ လမ်းတည်ထောင်ရေးနဲ့ စပ်လျဉ်းတဲ့ အစည်းအဝေးကို တက်ရောက်ဖို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်း ဦးဆောင်ပြီး လုပ်ငန်းရှင်တွေ လိုက်ပါသွားတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံကိုသွားပြီး ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအကြား စီးပွားရေးစြင်္ကံလမ်း တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) အတွက် အပြီးသတ်ညှိနှိုင်းမှု ပြုခဲ့ပြီလို့ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ခဲ့ပေမယ့် ဒီစီမံကိန်းအတွက် အသေးစိတ် အချက်အလက် ထုတ်ပြန်မှုတော့ ရှိမနေပြန်ပါဘူး။

မန္တလေးကို ဗဟိုပြုမယ့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံဟာ ရန်ကုန်မြို့သစ်နဲ့ ကျောက်ဖြူကိုပဲ အဓိက ချိတ်ဆက်သွားမှာလားဆိုတာ ချိန်ဆရမယ့်အချိန်နဲ့ တစ်ပြိုင်နက် ၂၀၁၆ ခုနှစ် နိုဝင်ဘာနောက်ဆုံးပတ်က မန္တလေးမှာ ကျင်းပတဲ့ အစည်းအဝေးမှာ တရုတ်ကောင်စစ်ဝန်ချုပ် ဝမ်ဂျောင်ရင်က တရုတ်ဘက်က မြန်နှုန်းမြင့် ရထားလမ်းဟာ တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီဘက်ကနေ မြန်မာဘက်ခြမ်းဆီ ဝင်လာနိုင်ရေး ဆောက်လုပ်ရေးလုပ်ငန်းတွေကို ချိတ်ဆက်နိုင်ဖို့ လုပ်ဆောင်နေပြီလို့ ပြောကြားခဲ့ပါတယ်။ တစ်နာရီ မိုင် ၂၀၀ နှုန်းနဲ့ ပြေးဆွဲမယ့် ဒီမြန်နှုန်းမြင့် မီးရထားလမ်းဟာ မူဆယ်-လားရှိုး-မန္တလေး-ရန်ကုန်နဲ့ မော်လမြိုင်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်မယ့် စီမံကိန်း ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာဆိုရင်လည်း ကူမင်းနဲ့ ကျောက်ဖြူကို ချိတ်ဆက်မယ့် ကုန်ရထား ဖြစ်နိုင်ခြေများတဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်းစတင်ဖို့ အတွက်လည်း တရုတ်နိုင်ငံဘက်ခြမ်းမှာ စတင်ဖို့ ပြင်ဆင်နေပြီး ကျောက်ဖြူနဲ့ တရုတ်ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ကို ချိတ်ဆက်မယ့် ဒီမီးရထားလမ်းစီမံကိန်းဟာ ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ အပြိုင်ဖြစ်ပြီး ၈၆၈ ကီလိုမီတာ (၅၃၉ မိုင်) ရှည်လျားမှာ ဖြစ်ပါတယ်။ စီမံကိန်းမှာ လူစီးရထားနဲ့ ကုန်တင်ရထားတွေ ဖြတ်သန်းသွားလာနိုင်ဖို့ စီမံခဲ့တာပါ။ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံကို အသုံးချပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အာဏာတိုးချဲ့နိုင်မယ့်အပြင် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် သမုဒ္ဒရာနှစ်စင်းပိုင်ဆိုင်ရေး အိပ်မက်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်၊ ပစိဖိတ်သမုဒ္ဒရာထွက်ပေါက်နှစ်ခုအတွက် အရေးပါတဲ့ စီမံကိန်းလည်း ဖြစ်နေပါတယ်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းအတွက် တရုတ်နိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်လောက်ကစပြီး ကြိုးပမ်းခဲ့ပေမယ့် မြန်မာ့နိုင်ငံရေး ရေချိန်က တရုတ်ဘက် အလေးမသာတာကြောင့် ၂၀၁၄ ခုနှစ်မှာ မြန်မာဘက်ခြမ်းက စီမံကိန်းကို ရပ်တန့်ပြီး တရုတ်နိုင်ငံဘက်မှာ ကျောက်ဖြူ-ကူမင်း ရထားလမ်းနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေကို အကောင်အထည် ဖော်နေခဲ့ပါတယ်။ ရှမ်းပြည် နယ်ရဲ့ အရှေ့မြောက်ဘက် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းနယ်စပ်စီးပွားရေး ပူးပေါင်းမှုဇုန်၊ မိန်းတိန် တရုတ်-မြန်မာ နယ်စပ်စီးပွားရေးဇုန်၊ ချင်းရွှေဟော်နယ်စပ် စစ်ဆေးရေးဂိတ်ကို တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယလေးနိုင်ငံ စီးပွားရေးလမ်းကြောင်းအတွက် ရည်ရွယ်ပြီး တရုတ်နိုင်ငံက အထူးအမြန် တည်ဆောက်နေခဲ့ပါတယ်။ ဒီစီမံကိန်းမှာ ကူမင်း-ချင်းရွှေဟော်-ကျောက်ဖြူရထားလမ်း အပါအဝင် စီမံကိန်းသုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ဘက်ခြမ်းကနေ တောင်အာရှနဲ့ အရှေ့တောင်အာရှကို ဖြာထွက်မှု ဗဟိုအဖြစ် သတ်မှတ်ရွေးချယ်ထားတဲ့ ဒီစီမံကိန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့်လုပ်ငန်းတွေက ကူမင်း-ချင်းရွှေဟော်-ကျောက်ဖြူရထားလမ်း၊ တာလိ-လင်ချန်း အမြန်လမ်းမနဲ့ ချန်းယွင်လေဆိပ်တို့ ပါဝင်နေပါတယ်။

ချင်းရွှေဟော်နယ်စပ်၊ လင်ချန်းနယ်စပ် စီးပွားရေးပူးပေါင်းမှုဇုန်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာက စတင်ပြီး အထူးအလေးပေး အမြန်တည်ဆောက်နေပြီး ဒီဇုန်မှာဆို ထုတ်ကုန်သွင်းကုန် စီးပွားရေးဇုန်၊ အထွေထွေစီးပွားရေး၊ ဝန်ဆောင်မှုလုပ်ငန်းဇုန်၊ ကုန်ပစ္စည်း ထိန်းသိမ်းသိုလှောင်ရေးဇုန်၊ ရောင်းဝယ်ရေးနဲ့ စစ်ဆေးရေးဇုန်၊ အထွေထွေ အခွန်ကင်းလွတ်ခွင့်ဇုန်နဲ့ ဈေးဆိုင်ခန်းများဇုန်ဆိုပြီး ဖွဲ့စည်းတည်ဆောက်နေပြီး ဇုန်ဧရိယာ ၄ ဒသမ ၂၃ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပါတယ်။

သိုလှောင်ရေးနဲ့ ကုန်ပစ္စည်း စစ်ဆေးရေးဇုန်သုံးခုကိုလည်း ဆောင်ရွက်နေပြီး ဦးစားပေးလုပ်ငန်းတွေအဖြစ် တရုတ်-မြန်မာနယ်စပ် ဆက်စပ်လမ်းမကြီး တည်ဆောက်ရေးဖြစ်ပြီး လမ်းအကျယ် ၄၃ မီတာနဲ့ ၄ ဒသမ ၃ ကီလိုမီတာ ရှည်လျားပါတယ်။ ဒီတရုတ်-မြန်မာလမ်းမကြီးကို ပစိဖိတ်သမုဒ္ဒရာ ထွက်ပေါက်အဖြစ် ကူမင်း-လင်ချန်း-ချင်းရွှေဟော်ကတစ်ဆင့် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ဖောက်လုပ်သွားမှာပါ။

ဒီလမ်းမကြီး တည်ဆောက်ရာမှာ ကွမ်းလုံတံတားသစ် တည်ဆောက်ရေးအတွက်လည်း ပါဝင်ပြီး ဆောက်လုပ်ချိန် တစ်နှစ်ခန့်ကြာမြင့်မှာပါ။ ဒီစီမံကိန်းမှာလည်း ရထားလမ်း၊ ကားလမ်း၊ လေကြောင်း လမ်းသုံးခုစလုံး ဆောင်ရွက်နေပြီး ကူမင်း- လင်ချန်းရထားလမ်းပိုင်းဟာ ဖောက်လုပ်ပြီးစီးနေပါပြီ။ လင်ချန်း - ချင်းရွှေဟော်လမ်းပိုင်း ဖောက်လုပ်မှုဟာ ၂၀၂၀ ပြည့်နှစ်မှာ ပြီးစီးမှာလို့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကူမင်း-လင်ချန်းအဝေးပြေးလမ်းကို ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး လင်ချန်း- ချင်းရွှေဟော် အမြန်လမ်းပိုင်းကို ရထားလမ်းနှင့်အတူ ၂၀၂၀ ပြည့်နှစ်မှာ တစ်ပြိုင်နက် ပြီးစီးဖို့ လျာထားဆောင်ရွက်နေတာပါ။ လင်ချန်းမှာ လေယာဉ်ကွင်းရှိနေပြီဖြစ်ပြီး ချန်းယွင်လေဆိပ် ထပ်မံတည်ဆောက်မှုကတော့ ဒီနှစ်ကုန်မှာ ပြီးစီးမှာပါ။ မိန်းတိန်လေဆိပ် ဆောက်လုပ်ခွင့်ကိုလည်း တင်ပြထားပြီး ၂၀၂၀ ပြည့်နှစ်မှာ အပြီးဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချင်းရွှေဟော်-လားရှိုးလမ်းပိုင်းအတွက် မီးရထားလမ်းနဲ့ ကားလမ်းဖောက်လုပ်ဖို့ စီစဉ်ထားပါတယ်။

တရုတ်နိုင်ငံဘက်က စီမံကိန်းအတွက် နည်းမျိုးစုံနဲ့ စိုင်းပြင်းနေပေမယ့် မြန်မာနိုင်ငံဘက်မှာတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ဘာမှမသိကြတဲ့ အခြေအနေ၊ ဘာတစ်ခုမှ ထုတ်ပြန်မှုမရှိတဲ့ အစိုးရနဲ့ ပြည်သူသိရှိအောင် ဘာမှမေးမြန်းဆွေးနွေးမှု၊ ဥပဒေပြုရေး ကြိုးပမ်းမှုတစ်ခုမှမရှိတဲ့ လွှတ်တော်နဲ့ မြန်မာနိုင်ငံကြီးဟာ တိတ်ဆိတ်စွာနေနေတာကိုပဲ မြင်နေရပြီး ဒီလိုတိတ်ဆိတ်မှုဟာ မြန်မာနိုင်ငံကို ထိုးကျွေးလိုက်မှု ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

ဒေါ်လာ ၇ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံမယ့် ကျောက်ဖြူစီမံကိန်း

ဦးသိန်းစိန်အစိုးရလက်ထက်က တရုတ် ၈၅ ရာခိုင်နှုန်း၊ မြန်မာ ၁၅ ရာခိုင်နှုန်းနဲ့ သဘောတူခဲ့တာကို လက်ရှိအစိုးရလက်ထက် နိုင်ငံ့အကျိုးစီးပွားအတွက် ပြန်လည်ဆွေးနွေးရာမှာ ဒေါ်လာ ၇ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အစုရှယ်ယာ ရာခိုင်နှုန်း ၇၀ ပဲ ရယူတော့မယ်လို့ တရုတ်က သဘောတူခဲ့ပြီး မြန်မာဘက်က အစုရှယ်ယာ ရာခိုင်နှုန်း ၃၀ ထည့်ဝင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။

ဒီနေရာမှာ ဆွေးနွေးစရာတစ်ချက် ရှိလာတာကတော့ ၇၀၊ ၃၀ ကို မြန်မာနိုင်ငံဘက်က နည်းတယ်ထင်နေပေမယ့် လက်တွေ့ မြန်မာဘက်မှာ ဒေါ်လာ ၇ ဒသမ ၂ ဘီလျံရဲ့ ရာခိုင်နှုန်း ၃၀ ဖြစ်တဲ့ ဒေါ်လာနှစ်ဘီလျံကျော်ကို စိုက်နိုင်တဲ့ အင်အားရှိလို့လားလို့ မေးခွန်းထုတ်ခံနေရတယ်လို့ ဆိုပါတယ်။

ဒီမေးခွန်းနဲ့ တစ်ပြိုင်နက်မှာ ဆွေးနွေးမှု ပဲ့တင်သံအဖြစ် အရင် ၈၅၊ ၁၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံက မြန်မာဘက်ကို အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်းပဲ ပေးတာဖြစ်ပြီး ၇၀၊ ၃၀ မှာတော့ မြန်မာဘက်က ငွေစိုက်ရမယ်ဆိုတဲ့ အသံကလည်း ထွက်ပေါ်နေပါတယ်။ ဒီလိုငွေစိုက်ထုတ်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် စီးပွားရေးအကျိုးအမြတ် တွက်ခြေကိုက်ပါ့မလားဆိုတဲ့ ဆင့်ကဲမေးခွန်းထွက်လာပါတယ်။ ဒီဆင့်ကဲ မေးခွန်းမှာ ၇၀၊ ၃၀ ဟာ မြန်မာဘက်ကတစ်ပြားမှ မစိုက်ရဘူးဆိုရင်တော့ အကျိုးအမြတ်ရရှိမှာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံဘက်က စိုက်ထုတ်ရမယ်ဆိုရင်တော့ အကျိုးအမြတ် မသေချာတဲ့အပြင် တရုတ်ကြွေးမြီ ထောင်ချောက်မှာ မြန်မာဟာ ပိုက်ဘောမိနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။

တရုတ်ချေးငွေတွေဟာ အတိုးနှုန်းများတယ်။ လက်ရှိမှာလည်း ဒေါ်လာလေးဘီလျံလောက် အကြွေးတင်နေတယ်။ လက်ရှိအစိုးရဟာ ဦးသိန်းစိန်အစိုးရလို ကြွေးမြီတွေလျှော်ပစ်ဖို့ ဆွေးနွေးနိုင်မှု မရှိသလို လွှတ်တော်မှာ တရုတ်အတိုးနှုန်းတွေ များလွန်းနေတာမို့ လျှော့ချရေး ဆွေးနွေးပါဆိုတာကိုတောင် လုပ်ဆောင်နိုင်မှု မရှိသေးပါဘူး။ အခြားတစ်ဖက်မှာဆိုရင်လည်း ချေးငွေရယူပြီး တည်ဆောက်ခဲ့တဲ့ တရုတ်-မြန်မာရေနံပိုက်လိုင်းဟာ ချေးငွေအတိုးတွေ ဆပ်နေရတာနဲ့တင် မြန်မာနိုင်ငံဟာ ကိုယ့်မြေကိုယ့်ရေက ဖြတ်သွားတဲ့ ဒီပိုက်လိုင်းဆီကနေ အကျိုးအမြတ် ခံစားခွင့် မရှိသလို ဖြစ်နေတာကိုလည်း ဆင်ခြင်ရမှာ ဖြစ်သလို သီရိလင်္ကာလို တရုတ်ချေးငွေနဲ့ ဆိပ်ကမ်းကြီး တည်ဆောက်ပြီး ဘယ်သူမှ သင်္ဘောလာမကပ်လို့ တရုတ်ဆီ နှစ် ၁၀၀ လောက် ဆိပ်ကမ်းထိုးအပ်ရတဲ့အပြင် ဘာတစ်ခုမျှ ထုတ်ကုန်မရှိဖြစ်နေတာကြောင့် နောက်ဆက်တွဲစီမံကိန်းတွေပါ ထိုးအပ်ရတဲ့အဖြစ်မျိုး လုံးဝမဖြစ်ဖို့ လိုအပ်ပါတယ်။

အခြားတစ်ဖက်မှာဆိုရင်လည်း တရုတ်နိုင်ငံဟာ စီမံကိန်းတစ်ခုလာလုပ်ရင် သူ့နိုင်ငံဆီ သူ့ငွေတွေပဲ ပြန်ဝင်အောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်တာမို့ စီမံကိန်းစာချုပ်ကအစ အသေးစိတ် ကြိုတင်ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအသေးစိတ် ပြင်ဆင်နိုင်မှပဲ မြန်မာနိုင်ငံဟာ ‘မိအေး နှစ်ခါနာ’ အဖြစ်မျိုးက ဝေးမှာပါ။

အထူးသဖြင့်တော့ ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းဟာ တရုတ်နိုင်ငံ ကူမင်းကနေ အခြားတရုတ်နိုင်ငံရဲ့ဆိပ်ကမ်းတွေ၊ မြို့တွေကို ချိတ်ဆက်နိုင်ပြီး မလက္ကာရေလက်ကြားရဲ့ အရေးပါမှုကို လျှော့ချနိုင်မယ့် စီမံကိန်းဖြစ်နေတာကြောင့် ကျောက်ဖြူ-ကူမင်း ရထားလမ်း ဆောက်လုပ်ခွင့်မရဘဲ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို စတင်မှာ မဟုတ်ဘူးဆိုတာကိုလည်း သတိပြုမိဖို့ လိုအပ်ပါတယ်။

တိတ်တဆိတ်လွှတ်တော်

အစိုးရဘက်က ဒီစီမံကိန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်မှုနဲ့ သွားနေတာပဲဆိုတဲ့ အခြေအနေမှာ ဝန်ကြီးဌာနတွေဘက်က စီမံကိန်းနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ စွမ်းဆောင်မှုမတွေ့ရရင် အစိုးရကို စောင့်ကြည့်ထောက်ပြရမယ့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်မှာ အတိအကျ တာဝန်ရှိလာပါတယ်။

၂၀၂၀ နောက်ပိုင်းမှာ စတင်မယ့် စီမံကိန်းဆိုပြီး မျက်နှာလွဲခဲပစ်လုပ်လို့မရသလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရှိနေတာပဲဆိုပြီး မသိဟန်ဆောင်နေလို့လည်းမရဘဲ တစ်ဦးတစ်ယောက်အပေါ် တည်မှီတဲ့ စီမံကိန်းဟာ ဒီလူတစ်ဦးတစ်ယောက် မရှိတော့ရင် နိုင်ငံအတွက် ဘေးထွက်ဆိုးကျိုးမရှိဖို့ လွှတ်တော်က ဦးဆောင်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ တောင်ဘက် မျှော်မူဝါဒ (Look South Policy)၊ အမျိုးသားစွမ်းအင် လုံခြုံရေးမူဝါဒ (National Energy Strategy) နဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို စီးနင်းနိုင်ရေးအိပ်မက်၊ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမကြီးနဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ် -အိန္ဒိယ-မြန်မာ စီးပွားရေးစြင်္ကံစတဲ့ အခြေအနေပေါင်းစုံအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်းအတွက် လက်ဦးမှု ရယူချင်တာကို ကြိုတင်မမြင်နိုင်ခဲ့တဲ့ အရင်အစိုးရရဲ့ ပေါ့ဆမှုကြောင့် မြန်မာ့မြေ ရခိုင်ပြည်နယ်မှာ အကြီးအကျယ် လာရောက်တည်ဆောက်မယ့် စီမံကိန်းဟာ တရုတ်သနားမှ မြန်မာချမ်းသာမယ့် အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ကျောက်ဖြူ-ကူမင်းရထားလမ်းဟာ OBOR မဟာဗျူဟာအတွက် အသက်တစ်မျှ အရေးကြီးတဲ့ လမ်းပိုင်းဖြစ်သလို ရေလမ်းနဲ့ ကုန်းတွင်းကို ချိတ်ဆက်ပေးမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ မြန်မာက ခြေတစ်လှမ်း ညံ့ဖျင်းခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုးထဲကအကောင်းကို ကြံဖန်တွေးရင်တော့ သီရိလင်္ကာရဲ့ ဟန်ဘန်တိုတာဆိပ်ကမ်းလောက် မဆိုးရွားဘူးလို့ ကောက်ချက်ယူရမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဒီစီမံကိန်းအတွက် ပြင်ဆင်စရာ အများအပြား ရှိနေပါတယ်။

ကုန်ထုတ်စက်မှုနိုင်ငံ၊ နည်းပညာနိုင်ငံအဖြစ် ကြီးကျယ်မလာနိုင်တော့တဲ့ မြန်မာနိုင်ငံဟာ သယံဇာတတွေကလည်း ကုန်လုချိန်ဖြစ်နေတဲ့အပြင် စိုက်ပျိုးရေးနဲ့ ကြီးကျယ်ဖို့အတွက်လည်း မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်အများစုဟာ ပိုးသတ်ဆေး ဓာတ်ကြွင်းပြဿနာကြောင့် ကမ္ဘာမှာ ဈေးကွက်အကျပ်အတည်း ဖြစ်နေပါတယ်။ အဲဒါကြောင့် မဟာဗျူဟာ လေ့လာသူတွေက ရခိုင်ပြည်နယ်ကို ဗဟိုပြုပြီး ကုန်သွယ်ရေးလမ်းကြောင်းနိုင်ငံအဖြစ် တည်ဆောက်နိုင်ဖို့ ညွှန်းဆိုပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ဒေသဟာ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် နယ်မြေတစ်ခုဖြစ်သလို တရုတ်အတွက်အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့အတွက် အကျိုးစီးပွား မြောက်မြားစွာရှိတဲ့နေရာပါ။

ရခိုင်ဒေသက စီမံကိန်းတွေကို ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတစ်ခုပဲ ရှိတယ်ဆိုပေမယ့် ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကာလကတ္တားနဲ့ စစ်တွေမြို့ကို ချိတ်ဆက်ပေးမယ့်အပြင် ဘင်္ဂါလီအရေး ဖြေရှင်းနေတဲ့ တပ်မတော်ကို AA က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုထားတဲ့ ချင်းပြည်နယ် ပလက်ဝ၊ ကလေးဝဘက်တွေက နေပြီးတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ကို ဖြတ်သန်းသွားမယ့် ကုန်းလမ်းရေလမ်း လမ်းနှစ်သွယ်စီမံကိန်းပါ။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ OBOR စီမံကိန်းကို Power Balance လုပ်ဖို့အတွက် ချိန်ညှိနိုင်တဲ့ လိုအပ်ချက်လည်း အိန္ဒိယနိုင်ငံမှာ ရှိနေပါတယ်။

သေးကွေးတဲ့နယ်မြေနဲ့ လူဦးရေပေါက်ကွဲမှုကို ကြုံနေရလို့ Great Bengal အိပ်မက်နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကုန်သွယ်ရေးကဏ္ဍအတွက် မြန်မာနိုင်ငံကို မှီခိုနေရသလို၊ တရုတ်ပြည်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံ ပြုပြင်ပြောင်းလဲရေးစီမံကိန်းတွေမှာ မြှုပ်နှံလာသလို နည်းပညာ အကူအညီတွေလည်း ထောက်ပံ့ပေးလာခဲ့ပါတယ်။ အိန္ဒိယကို ပြန်လည်ထိန်းချုပ်ဖို့ လုပ်ဆောင်တဲ့ ဒီစီမံကိန်းမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကုန်စည်ကူးသန်းရောင်းဝယ်မှုအတွက် ဆက်သွယ်ရေးလမ်းတွေ ဖောက်လုပ်ဖို့ လိုအပ်လာပါတယ်။ ဒီလို လိုအပ်နေတဲ့ လမ်းတွေက မြန်မာနိုင်ငံကို ဖြတ်သန်းပြီးတော့မှ ဖောက်လုပ်ရမှာပါ။ ဒီအတွက်တော့ BCIM စြင်္ကံကတော့ ရှိနေပြီးသားပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံနေရတဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ IS စစ်သွေးကြွတွေ ထောက်ပံ့ပေးထားတဲ့ ARSA အဖွဲ့သာ နယ်စပ်မျဉ်းမှာ ခြေကုပ်ရသွားပြီး IS တို့ မျှော်မှန်းတဲ့ အစ္စလာမ္မစ်လွတ်မြောက်နယ်မြေသာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းမှာ ဖြစ်လာခဲ့ရင် ဘင်္ဂလားဒေ့ရှ်ရဲ့ တရုတ်နဲ့ချောမွေ့စွာ ကုန်သွယ်ရေးအိပ်မက်ဟာ လန့်နိုးရပါလိမ့်မယ်။

တကယ်ဆိုရင် မြန်မာနိုင်ငံသားတွေက တရုတ်စီမံကိန်းတွေကို နာကြည်းနေတယ်ဆိုတာ အကြောင်းမဲ့မဟုတ်ဘဲ အရင်အစိုးရတွေနဲ့ပေါင်းပြီး ကုပ်သွေးစုတ် အမြတ်ထုတ်ခဲ့တာတွေကြောင့် ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေကသာ နိုင်ငံတကာစံနှုန်းအတိုင်း လေးစားလိုက်နာလာမယ်။ မြန်မာ့တည်ဆဲဥပဒေတွေရဲ့ အားနည်းချက်တွေကို လူလည်ကျ အခွင့်အရေးမယူဘဲ နိုင်ငံကြီးသားပီသမယ်။ အရင်အကျင့်ဟောင်းတွေပြင်ပြီး မြန်မာနိုင်ငံကို တကယ့်ဆွေမျိုးပေါက်ဖော်နိုင်ငံလို သဘောထားရင် မြန်မာနိုင်ငံသားတွေက ပြန်လည်လက်ခံလာကြမှာဖြစ်ပြီး လက်ရှိအစိုးရအနေနဲ့လည်း အရင်အချိန်တွေတုန်းကလို မြန်မာနိုင်ငံကချည်း တစ်ဖက်သတ်ခံနေရတဲ့ စီမံကိန်းတွေဆိုတဲ့ အခြေအနေမဖြစ်ဖို့နဲ့ ကိုယ့်နိုင်ငံရဲ့ ပထဝီအနေအထား အားသာချက်တွေကို အသုံးချပြီး နိုင်ငံကြီးပွားတိုးတက်အောင် မူဝါဒတွေ၊ မဟာဗျူဟာတွေ ဥပဒေတွေ ကြိုတင်ချမှတ်ပါတော့လို့ပဲ တိုက်တွန်းရတော့မှာ ဖြစ်ပါတယ်။

ဒီလို မူဝါဒတွေ မဟာဗျူဟာတွေ ဘယ်လိုချမှတ်မလဲဆိုရင် လွှတ်တော်ဟာ OBOR မှာ မြန်မာနိုင်ငံ ဘယ်လိုပါဝင်မလဲ။ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာကဘာလဲ။ တရုတ်နိုင်ငံရဲ့ စက်ရုံတွေ မြန်မာဘက်ခြမ်းမှာ လာဆောက်ရင် လေထုရေထုညစ်ညမ်းမှု ဥပဒေတွေ ဘယ်လိုထိန်းကျောင်းဖို့ ရေးဆွဲမလဲ။ မြန်မာ့ရေမြေပေါ်မှာ လယ်ယာစိုက်ပျိုးရေးတွေ လာရောက်လုပ်ကိုင်မယ်ဆိုရင် အရင်တုန်းက တရုတ်ဘက်က ပေးတဲ့ဆင်ခြေလို ငါတို့က မင်းတို့ ဥပဒေတွေ လိုက်နာနေတာပဲဆိုတာမျိုး မဖြစ်ရအောင် ခေတ်ကာလနဲ့ မလျော်ညီတဲ့ မြေယာလျော်ကြေးတွေ ဥပဒေတွေ ဘယ်လိုပြင်မလဲ။ လက်ရှိမှာ ပြဿနာမျိုးစုံဖြစ်ပွားနေတဲ့ တစ်ရှူးငှက်ပျော၊ တရုတ်ဖရဲ စတဲ့ တရားမဝင် စိုက်ခင်းပြဿနာတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အခြေအနေတွေကို စောင့်ကြည့်မေးခွန်းထုတ်ဖို့ လိုအပ်မှာ ဖြစ်သလို လိုအပ်ရင် လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ OBOR မှာ မြန်မာနိုင်ငံ Smart ကျစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေတွေ OBOR ဆိုင်ရာဥပဒေများစွာကို ကြိုတင်ပြင်ဆင်ရေးဆွဲဖို့ လိုအပ်မှာဖြစ်ပါတယ်။

အစိုးရအဆက်ဆက်ရဲ့ ကျေးဇူးရှင်နေရာအဖြစ်ကို ရရှိနေတဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာကြီးမှာသာ အစိုးရနဲ့ လွှတ်တော်က ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့ရင် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ မဟာဗျူဟာမြောက်နိုင်ငံ အဆင့်က လျော့ကျပြီး အခွန်ဘဏ္ဍာဆက်နိုင်ငံအဆင့်က တက်နိုင်မှာ မဟုတ်ဘူးဆိုတာကို သတိချပ်ဖို့ လိုအပ်ပါတယ်။

Most Read

Most Recent