ဣတ္ထိယတွေ မလုံခြုံမှုနဲ့ ရင်ဆိုင်နေရတဲ့ ရန်ကုန်

ဣတ္ထိယတွေ မလုံခြုံမှုနဲ့ ရင်ဆိုင်နေရတဲ့ ရန်ကုန်
Published 12 February 2018

ရန်ကုန်တိုင်းရဲ့ ခရိုင်လေးခု၊ မြို့နယ် ၄၆ မြို့နယ်ထဲမှာ လူဦးရေ ခုနစ်သန်းကျော် နေထိုင်ပါတယ်။ ရန်ကုန်တိုင်းဟာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းနဲ့ ပြည်နယ်များအနက် လူဦးရေအများဆုံးနေထိုင်တဲ့ တိုင်းတစ်တိုင်းလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းရဲ့ လူဦးရေ သိပ်သည်းဆက တစ်စတုရန်းကီလိုမီတာမှာ လူ ၇၁၆ ဦး ရှိပါတယ်။ ရန်ကုန်မြို့မှာ လူဦးရေများပြားခြင်း၊ သိပ်သည်းဆမြင့်မားခြင်းနဲ့ မြို့ပြလူဦးရေ အချိုးအစားမြင့်မားခြင်းကလည်း တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေကနေ အလုပ်အကိုင်နဲ့ လူမှုစီးပွားရေးအခွင့်အလမ်းတွေအတွက် ရန်ကုန်ကို ပြောင်းရွှေ့လာမှုကြောင့် ဖြစ်နိုင်တယ်ဆိုပြီး ၂၀၁၄ သန်းခေါင်စာရင်းက ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်အသီးသီးကနေ ရွှေ့ပြောင်းလုပ်ကိုင်ကြသူတွေ များပြားတာကြောင့် ရွှေ့ပြောင်းလုပ်သား အများဆုံးရှိတဲ့ တိုင်းတစ်တိုင်းလည်း ဖြစ်ပါတယ်။

လူဦးရေ များပြားလာတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အလုပ်လက်မဲ့ပြဿနာ၊ အိမ်ရာပြဿနာ၊ ပတ်ဝန်းကျင်သန့်ရှင်းမှုပြဿနာ၊ လူဦးရေထူထပ်မှု၊ အကြမ်းဖက်မှုဖြစ်စဉ်များနဲ့ အထွေထွေဒုစရိုက်မှုများ၊ လေထုညစ်ညမ်းမှု၊ သယ်ယူပို့ဆောင်ရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအတွက် မူဝါဒများ၊ ဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ်များ အရေးပေါ်ချမှတ်ဖို့ လိုအပ်နေတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။

ဒီလို ပြဿနာတွေထဲက အကြမ်းဖက်မှုဖြစ်စဉ်နဲ့ အထွေထွေဒုစရိုက်မှုတွေက ရန်ကုန်ရဲ့ နာမည်ကိုဖျက်ဖို့  တစ်စထက်တစ်စ သွေးတိုးစမ်းလို့ လာနေပါတယ်။

NLD အစိုးရရဲ့ နှစ်နှစ်သက်တမ်းအတွင်းမှာ  ထူးခြားမှုခင်းဖြစ်စဉ်တွေ အများအပြား ဖြစ်ပေါ်လာခဲ့သလို ရန်ကုန်မြို့အပါအဝင် နေရာအနှံ့အပြားမှာလည်း ပြည်သူတွေရဲ့ဘဝဟာ မလုံခြုံတဲ့အနေအထားကို တဖြည်းဖြည်းနဲ့ ရောက်ရှိလို့ လာပါတယ်။

လူသတ်မှု၊ နေ့ခင်းကြောင်တောင် အနုကြမ်းစီးမှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်အကျပ်ကိုင်ငွေညှစ်မှု၊ သက်ငယ်မုဒိမ်းမှု စတဲ့အမှုတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကြီးရဲ့ နေရာအနှံ့အပြားမှာ တစ်နေ့တစ်မျိုးမရိုးရအောင် ဖြစ်ပွားနေတာပါ။

ဒါ့အပြင် ကားချင်းငြိရာက လူမြင်ကွင်းမှာ မင်းမဲ့စရိုက်ဆန်ဆန် ရိုက်နှက်ထိုးကြိတ်တာမျိုးတွေ၊ လုယက်မှုကျူးလွန်တာတွေ၊ လမ်းသွားလမ်းလာတွေကို ဆိုင်ကယ်စီးသမားတွေက လုယက်တာမျိုးတွေကလည်း အများအပြားဖြစ်ပွားလာတဲ့အတွက် ပြည်သူတွေရဲ့ဘဝက ပိုပြီးမလုံမခြုံ ဖြစ်လာပါတယ်။

ဒီလို ပြည်သူတွေ မလုံမခြုံဖြစ်နေရတဲ့အထဲမှာ အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့အခန်း ကဏ္ဍကပိုပြီး ထင်ရှားလာပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန (FDA) မှ ဒုတိယကြီးကြပ်ရေးမှူး မရွှေရည်ဝင်း (ခ) ရွှေရည်ကို တက္ကစီယာဉ်မောင်းဖြစ်သူ မျိုးဇော်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့တဲ့ဖြစ်စဉ်ဟာ ရန်ကုန်နေ အမျိုးသမီးထု အတွက်တော့ ချောက်ချားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီအကျိုးဆက်ကြောင့်ပဲ ရန်ကုန်မြို့နေ အမျိုးသမီးတွေသာမက သူတို့မိဘတွေရဲ့ ရင်ထဲမှာ စိုးရိမ်စိတ်က အလွန်အကြူးဖြစ်ခဲ့ပြီး အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တွေကလည်း တားမြစ်ပိတ်ပင်ခံရမှုတွေ ရှိလာပါတယ်။

ရန်ကုန်မြို့မှာ လူဦးရေ ခုနစ်သန်းကျော်အနက် အမျိုးသားဦးရေက ၃ ဒသမ ၅ သန်း ကျော်ရှိပြီး အမျိုးသမီးဦးရေက ၃ ဒသမ ၈ သန်းကျော်ရှိတဲ့အတွက် အမျိုးသားဦးရေထက် သုံးသိန်းကျော် ပိုများပါတယ်။

ဒီလို ၃ ဒသမ ၈ သန်းကျော်ရှိနေတဲ့ အမျိုးသမီးထုအတွက် လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ ဘယ်သွားသွား လုံခြုံမှု မရှိဘူးဆိုတဲ့ ခံစားချက်ပဲ ဖြစ်ပါလိမ့်မယ်။

“အခုဆို မလုံခြုံဘူးလို့ ခံစားရတယ်။ အရင်ကဆို တစ်ယောက်တည်းလည်း သွားနေလာနေတာပဲလေ။ ည ၁၀ နာရီဆိုတာလည်း ဘာမှမဟုတ်ဘူး။ တက္ကစီလည်းစီးရဲတယ်။ ဘတ်စ်ကားနဲ့လည်း ပြန်ရဲတယ်။ အခုဟာက ဒီအတိုင်း လမ်းလျှောက်နေရင်တောင်မှ နောက်ကနေ အသံကြားတာတို့ အရိပ်တွေ့ တာတို့ဆိုရင်တောင် ဘာလဲဆိုပြီး စိတ်ပူတယ်” လို့  စမ်းချောင်းမြို့နယ်နေ ကျူရှင်ဆရာမတစ်ဦးက ဆိုပါတယ်။

ဒီလို မလုံခြုံမှုကို သူ့မိဘတွေကပါ စိုးရိမ်စိတ်များနေတာကြောင့် လက်ရှိအချိန်မှာတော့ သူ့အလုပ်ကို ထိခိုက်မှုတွေရှိလာတဲ့အပြင် မိဘတွေနဲ့လည်း ကတောက်ကဆတ်ဖြစ်ရတယ်လို့ ဆက်ပြောပါတယ်။

“ညီမက အရင်တုန်းကလည်း စာသင်တယ်။ စာသင်လို့ပြန်တဲ့အခါကျရင် မိုးချုပ်လည်း ဘာမှမဖြစ်ဘူး။ အခုကျတော့ စာသင်ပြီးလို့ စာသင်တဲ့ အိမ်က ပြန်လိုက်ပို့ရင်တောင်မှ မိဘတွေနဲ့စကားများရတယ်။ အဲလောက် နောက်ကျမယ်ဆိုရင် မသင်နဲ့တော့လို့ဘာတို့ အိမ်က ပြောတာတွေရှိလာတယ်။ အဲဒီတော့ ညီမအလုပ်လည်း နည်းနည်းထိခိုက်လာတာပေါ့။ ပြီးတော့ မိဘတွေနဲ့လည်း စကားများရတယ်” လို့ သူက ဆိုပါတယ်။

အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေရဲ့ မိဘတွေသာမက အပြင်မှာ သင်တန်းတက်နေတဲ့ အမျိုးသမီးငယ်လေးတွေရဲ့ မိဘတွေမှာလည်း စိုးရိမ်ပူပန်မှုက တရိပ်ရိပ်မြင့်တက်လို့နေပါတယ်။

FDA မှ အမျိုးသမီး အသတ်ခံရမှုဖြစ်စဉ်နောက်ပိုင်း ဘတ်စ်ကားစီးတာပဲဖြစ်ဖြစ်၊ တက္ကစီစီးတာပဲဖြစ်ဖြစ် သတိထားဖို့ မိဘတွေရဲ့မှာကြားမှုက နေ့စဉ်လိုလို ရှိလာတယ်လို့ သာကေတမြို့နယ်မှာနေထိုင်တဲ့ ကွန်ပျူတာသင်တန်းတက်နေသူ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။

“အရင်ကထက်စာရင် မိဘတွေက တားမြစ်သတိပေးလာတာတွေရှိတယ်။ ကားဆိုရင်လည်း အဖော်ပါမှစီးတို့ တွေ့ကရာတက္ကစီ မစီးနဲ့တို့ အဲဒီလိုမျိုးလေးတွေ ရှိလာတယ်” လို့ သူက ဆိုပါတယ်။

Generation Wave အဖွဲ့မှ မအိအိမိုးကတော့ ရန်ကုန်ဟာ ပိုဆိုးလာတယ်လို့ မှတ်ချက်ပြုပါတယ်။

“ရန်ကုန်ဟာ လုံခြုံမှုမရှိတာကတော့ အခုမှမဟုတ်ဘူး။ ဟိုးအရင်ကတည်းက မိန်းကလေးတွေကို ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တာတော့ရှိတာပဲ။ ဒါပေမဲ့ အခုဟာက ပိုဆိုးလာတဲ့အနေအထားမှာ ရှိတယ်” လို့ မအိအိမိုးက ဆိုပါတယ်။

ဘာကြောင့် သူ့အနေနဲ့ လုံခြုံမှုမရှိရတာလဲ။ ဘယ်လို အခြေအနေတွေ ကြုံတွေ့ခဲ့ရလို့ လုံခြုံမှု မရှိခဲ့ရတာလဲဆိုတာကို သူက ဆက်ပြောပြပါတယ်။

“ကျွန်မကိုယ်တိုင်ကြုံခဲ့တာက Capital Market မှာ ဈေးဝယ်နေတဲ့အချိန် မူးနေတဲ့ လူတစ်ယောက်က ကျွန်မကို တည့်တည့်ဝင်တိုးလာတယ်။ ဒီလို ကုန်တိုက်ဆိုတာက လူစည်ကားတဲ့နေရာ လူအများသွားလာနေတဲ့ နေရာမှာတောင် ဒါမျိုးတွေဖြစ်လာတဲ့အတွက် အခုအချိန်မှာ ပိုဆိုးလာတယ်လို့ ကျွန်မက ပြောတာ။ အရင်တုန်းကလို လူပြတ်တဲ့နေရာတို့၊ လိုင်းကားပေါ်မှာတောင် မဟုတ်တော့ဘူး” လို့ သူကဆိုပါတယ်။

ဒီလို လူမြင်ကွင်းလိုမျိုးမှာ မိန်းကလေးတွေရဲ့ ကာယိန္ဒြေကို ထိပါးမှုတွေရှိနေသလို ဘတ်စ်ကားပေါ်မှာလည်း ခါးပိုက်နှိုက်တွေရဲ့ ရန်ကိုကြောက်နေရပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က YBS ယာဉ်လိုင်းအမှတ် (၁) မှာ လိုက်ပါလာတဲ့ ခရီးသည် အမျိုးသမီးဆီကနေ ခါးပိုက်နှိုက်က ပိုက်ဆံအိတ်နှိုက်ယူတာကို ပြန်တောင်းရာမှာ အမျိုးသမီးရဲ့ခေါင်းကို လက်သီးနဲ့ထုခြင်း၊ ဆဲဆိုခြင်း၊ တံတွေးနဲ့ထွေးခြင်းတွေ ပြုလုပ်တဲ့ အပြင်ခါးပိုက်နှိုက်ရဲ့ အဖော်နှစ်ယောက်ကလည်း ဆဲဆိုခြင်း၊ လက်လိမ်ချိုးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ကားပေါ်မှာပါလာတဲ့ ခရီးသည် အမျိုးသားတစ်ဦးက ဝင်ရောက်ဖျန်ဖြေရာမှာ သူ့ကိုပါ ခါးပိုက်နှိုက်တွေက တံတွေးနဲ့ ထွေးတဲ့အတွက် ယာဉ်မောင်းက တောင်ဒဂုံရဲစခန်းဆီကို မောင်းနှင်ခဲ့တာကြောင့် ခါးပိုက်နှိုက်သုံးဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီဖြစ်စဉ်ကလည်း နေ့စဉ်ကျောင်းသွားကျောင်းပြန်၊ အလုပ်သွားအလုပ်ပြန်တဲ့အခါမှာ YBS ယာဉ်စီးနင်းနေရတဲ့ အမျိုးသမီးတွေအတွက်တော့ စိုးရိမ်စိတ်ကို တိုးပွားစေခဲ့ပါတယ်။ လက်ရှိအချိန်မှာ အပြင်ထွက်ပြီး ကျောင်းတက်၊ သင်တန်းတက်၊ အလုပ်လုပ်နေရတဲ့ မိန်းကလေးတွေအနေနဲ့ လမ်းပေါ်မှာ၊ ကားပေါ်မှာ ကြုံတွေ့နိုင်တဲ့ အကြောင်းတရားတွေကတော့ ကာယိန္ဒြေပျက်ပြားမှု၊ လုယက်ခံရမှု၊ ခြိမ်းခြောက်ခံရမှု၊ ကိုယ်ထိလက် ရောက်စော်ကားမှု၊ အဓမ္မကျင့်ကြံခံရမှုနဲ့ အဆိုးဆုံးကတော့ အသတ်ခံရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် Facebook အသုံးပြုနေတဲ့ အမျိုးသမီးငယ်တွေကိုလည်း ကောက်ကျစ်စဉ်းလဲတဲ့သူတွေက အသင့်စောင့်နေကြပြီး ခြိမ်းခြောက်ငွေညှစ်တာတို့၊ ချစ်သူဖြစ်တဲ့အခါ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရတာတို့၊ လူကုန်ကူးခံရတာတို့ စတဲ့ဖြစ်စဉ်တွေက အများအပြားဖြစ်ပွားလို့ လာပါတယ်။

အမျိုးသမီးတွရဲ့ ကာယိန္ဒြေပျက်ပြားအောင်ပြုလုပ်ခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ မကြားဝံ့မနာသာ နှုတ်နဲ့ပြောဆိုခြင်း စတဲ့အပြုအမူတွေနဲ့ ပတ်သက်ပြီး ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) မှာ အရေးယူနိုင်တဲ့ ပုဒ်မတွေကို ပြဋ္ဌာန်းထားပါတယ်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၉ မှာ “မည်သူမဆို အမျိုးသမီးတစ်ဦးရဲ့ ကာယိန္ဒြေကို စော်ကားဖို့ကြံရွယ်ပြီး ပြောဆိုတာ၊ အသံပြုတာ၊ ကိုယ်အမူအရာကိုပြတာ သို့မဟုတ် အရာဝတ္ထုတစ်ခုကိုပြသခြင်းဖြင့် ထိုအမျိုး သမီးကို မြင်စေဖို့ကြံရွယ်လျှင် ထိုသူကို တစ်နှစ်အထိ အလုပ်လက်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၅၄ မှာလည်း “မည်သူမဆို အမျိုးသမီးတစ်ဦးရဲ့ ကာယိန္ဒြေပျက်စီးစေဖို့အကြံနဲ့ လက်ရောက်မှုကျူးလွန်တာဟာလည်း ရာဇဝတ်မကင်းတဲ့ အနိုင်အထက်ပြုမှုကို ပြုတာဖြစ်လို့ ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီလို အမျိုးသမီးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေ ရှိနေပေမယ့် တချို့အမျိုးသမီးတွေက ဥပဒေရှိမှန်းမသိကြသလို ဥပဒေရှိမှန်းသိပေမယ့်လည်း အရေးယူမှု အပိုင်းအားနည်းတာရယ်၊ အရေးယူခံရတဲ့သူက ပြန်လွတ်လာတဲ့အခါ ကိုယ့်ကိုအန္တရာယ်ပေးမှာကို ကြောက်တာရယ်ကြောင့် တချို့အမျိုးသမီးတွေက မတိုင်ရဲကြပါဘူး။

“ကျောင်းတက်တုန်းကတော့ တစ်ခေါက်ကြုံဖူးတယ်။ ဘတ်စ်ကားပေါ်မှာ အသက်ကြီးကြီး လူတစ်ယောက်က လိုက်ကပ်နေတာ။ ဘယ်လိုမှ ရှောင်လို့မရဘူး။ ကားပေါ်ကလူတွေကလည်း ဘာမှမပြောရဲကြဘူး။ အဲဒီတော့ ကိုယ့်ပြဿနာကို ကိုယ့်ဘာသာကိုယ်ရှင်းရတာပေါ့။ အဲလိုမျိုးဖြစ်တဲ့ အခါမှာ တိုင်ချင်တယ်။ ဒါပေမဲ့ ဘယ်လိုမျိုး ဖြစ်လဲဆိုတော့ တိုင်တဲ့အခါမှာ ရဲတွေက ဘယ်လောက်အထိ အရေးယူပေးနိုင်မှာလဲ။ နောက်ပြီး သူပြန်လွတ်လာရင် ကိုယ့်ကို ဒုက္ခမပေးဘူးလို့မှ မပြောနိုင်တာ။ ညီမတင်မဟုတ်ဘူး။ တခြားမိန်းကလေးတွေကလည်း အဲဒီလိုပဲတွေးမှာပဲ” လို့ စမ်းချောင်းမြို့နယ်နေ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ညီမတိုင်လိုက်ရင်တောင် ရဲတွေဘက်က ဘယ်လောက်အထိ ထိထိရောက်ရောက် အရေးယူပေးနိုင်မှာလဲ။ ပြီးတော့ကိုယ့်ကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲဆို တာနဲ့ပတ်သက်ပြီး ရဲတွေအပေါ်မှာ ညီမက ယုံကြည်မှု သိပ်မရှိဘူး။ နောက်ပြီးကိုယ်က တိုင်လိုက်လို့ရှိရင် တိုင်ခံရတဲ့သူကရော ကိုယ့်အပေါ်မှာ အငြိုးမထားနိုင်ဘူးလား။ အဲဒီဟာနဲ့ပတ်သက်ပြီး ကိုယ်ခံရမယ်ဆိုရင် ကိုယ့်ကို ကာကွယ်ပေးမယ့်သူ ဘယ်သူမှရှိမှာ မဟုတ်ဘူး” လို့ သာကေတမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ ကာယိန္ဒြေ ပျက်ပြားစေမှုနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ ရဲစခန်းတွေကို သွားရောက်တိုင်ကြားရာမှာ အရေးယူဆောင်ရွက်မှု မရှိတဲ့အပြင် ရဲအရေးမပိုင်တဲ့ အမှုအဖြစ်အကြောင်း ပြမှုတွေရှိနေတယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။

“လက်ရှိအချိန်မှာ အမျိုးသမီးထုက အများဆုံး စော်ကားခံနေရတယ်။ အခုဟာက အဲဒါတွေနဲ့ပတ်သက်လို့ သွားတိုင်ရင် တော်ရုံတန်ရုံ အရေးယူပေးမှုမရှိဘူး။ ရဲအရေးမပိုင် လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လျစ်လျူရှုကြတယ်။ ရဲစခန်းတွေက ရဲအရေးမပိုင်ရင်လည်း ကကပုံစံနဲ့ နောက်တစ်နေ့မှာဖြစ်ဖြစ် ချက်ချင်း ရုံးတင်ပေးဖို့လိုတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ရဲစခန်းကို တိုင်းကြားတဲ့အခါမှာ အမျိုးသမီးကိစ္စဖြစ်တာကြောင့် အမျိုးသမီးအချင်းချင်း တိုင်ကြားနိုင်အောင် လုပ်ပေးနိုင်ပါက ပိုအဆင်ပြေနိုင်တယ်လို့ Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။

“တိုင်ကြားတဲ့နေရာမှာ အခက်အခဲ အများဆုံးရှိတာက သွားတိုင်လို့ရှိရင် တာဝန်ရှိတဲ့ရဲတွေ၊ တာဝန်ရှိတဲ့သူတွေက အရေးတယူ မလုပ်ဘူး။ ဒါလေးများ အသားပဲ့ပါတာမဟုတ် ဘူးဆိုတဲ့ပုံစံမျိုး ဆက်ဆံတာတွေ ရှိတယ်။ အဲဒီတော့ ဒီလိုတိုင်ကြားရုံတင်မကဘဲနဲ့ ဒီကိစ္စတွေကို ထွက်ချက်ယူတဲ့အခါမှာ အမျိုးသမီးအချင်းချင်းဆို ပိုအဆင်ပြေတာတွေ ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေတိုင်ကြား နိုင်အောင်လုပ်သင့်တယ်” လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ အမျိုးသမီးတွေအနေနဲ့ တွေ့ကြုံနေရတဲ့ ကိစ္စတွေမှာ ဥပဒေရဲ့ အကာအကွယ်မဲ့နေသလိုမျိုး ဖြစ်နေပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ။ အဓိကကတော့ တရားဥပဒေစိုးမိုးမှု မရှိတာ ကြောင့်ဖြစ်ပြီး နောက်တစ်ချက်ကတော့ ပြည်သူတွေကို စောင့်ရှောက်ရမယ့် ရဲတပ်ဖွဲ့ဝင် အင်အားမလုံလောက်မှုကြောင့်ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ NLD အစိုးရသက်တမ်း နှစ်နှစ်နီးပါးမှာ ပြည်သူတွေဘက်က မေးခွန်းတွေ မေးစရာရှိလာပါတယ်။ NLD အစိုးရအနေနဲ့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည် ဖော်နိုင်ပြီလား။ NLD အစိုးရသက်တမ်း နှစ်နှစ်နီးပါးအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ ဘယ်လောက်အတိုင်းအတာအထိ ခရီးရောက်ခဲ့ပြီလဲ။ အစိုးရသစ်ရဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်ချက်အပေါ် ပြည်သူတွေက ဘယ်လောက်အတိုင်းအတာအထိ ယုံကြည်ခဲ့ကြပြီလဲစတဲ့ မေးခွန်းတွေက ပြည်သူတွေဘက်မှာ ထောင်ပုံရာပုံရှိနေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေး ခရီးစဉ်တစ်ခုမှာ လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ရဲ့ ပြည်သူလူထု အားလုံးစဉ်းစားရမှာ တစ်ယောက်ချင်း တစ်ယောက်ချင်း စဉ်းစားပါ။ ကိုယ့်ရဲ့ဘဝဟာ လွတ်လပ်ရဲ့လား၊ ကိုယ့်ရဲ့ဘဝဟာ လုံခြုံရဲ့လား။ အဲဒါဟာ ဒီမိုကရေစီရဲ့ အတိုင်းအထွာပါ။ ကျွန်မတို့ အမြဲတမ်းပြောပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ဘဝကို လွတ်လပ်မှုလည်း အာမခံရမယ်။ လုံခြုံမှုလည်း အာမခံရမယ်။ ပြည်သူများဟာ ကိုယ့်အိမ်ကထွက်လို့ရှိရင် လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ ထွက်နိုင်ရဲ့လား။ ကိုယ်သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ သွားနိုင်ရဲ့လား” လို့ ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ NLD အစိုးရ နှစ်နှစ်နီးပါး သက်တမ်းရှိလာတဲ့ အချိန်အထိတော့ ရန်ကုန်မြို့မှာ အမျိုးသမီးတွေအနေနဲ့ ကိုယ်သွားချင်တဲ့ နေရာကို လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ မသွားနိုင်ကြသေးပါဘူး။

“တရားဥပဒေစိုးမိုးမှုက အရင်အစိုးရလက်ထက်က အားနည်းခဲ့သလို အခုအစိုးရ လက်ထက်မှာလည်း အားနည်းနေတုန်းပဲ” လို့ Generation Wave အဖွဲ့မှ မအိအိမိုးက သူ့အမြင်ကို ပြောပါတယ်။

“ကျွန်မတို့ဆို လမ်းထဲမှာ CCTV တွေတပ်တယ်။ လမ်းမီးတွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ ထွန်းတယ်။ ပြည်သူတွေက ကြံဖန်ပြီးတော့ ကိုယ့်ဟာကိုယ် လုံခြုံအောင်လို့ လုပ်နေရတာပဲ” လို့ မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါ်နှင်းရည်အေးက ဆိုပါတယ်။

တရားဥပဒေစိုးမိုးမှုဆိုတာ အစိုးရက သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့ အာဏာကို ဥပဒေနဲ့အညီ ကျင့်သုံးခြင်းပါ။ တရားဥပဒေစိုးမိုးရေးမှာ မှုခင်းရေးရာကျဆင်းရေးလည်း ပါဝင်ပါတယ်။ ဒီလို မှုခင်းကျဆင်းဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အဓိက တာဝန်ရှိတာကတော့ ရဲတပ်ဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတကာမှာ ရဲတပ်ဖွဲ့နဲ့ ကာကွယ်စောင့်ရှောက်ရမယ့် ပြည်သူအချိုးမှာ ၁း၄၀၀ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ ရဲတပ်ဖွဲ့ဝင်အင်အားဟာ ၅၉၄၃ ဦးသာရှိပြီး ရန်ကုန်နေလူဦးရေက ခုနစ်သန်းကျော်ရှိတာကြောင့် ရဲနဲ့ ပြည်သူအချိုးမှာ ၁း၁၂၃၉ ဦး ဖြစ်နေပါတယ်။

ဒါကြောင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ဝင်အင်အားက နိုင်ငံတကာ စံနှုန်းနဲ့ ညီညွတ်မှုမရှိတဲ့အတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အခက်အခဲတွေ ရှိနေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တင်ပြထားတာ ရှိပါတယ်။

ဒီလို ရဲတပ်ဖွဲ့ဝင်အင်အား နည်းနေတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိနေတဲ့အပေါ် အဖြေရှာဖို့ လိုပါတယ်။ ဘယ်လို အဖြေရှာကြမလဲ။

“အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လုံခြုံမှု ကိစ္စတွေကို မြို့နယ်အဆင့်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရဲတပ်ဖွဲ့တွေအားလုံး တစ်လတစ်ကြိမ်ဖြစ်စေ၊ နှစ်လတစ်ကြိမ်ဖြစ်စေ တွေ့ဆုံဆွေးနွေးပွဲ လုပ်စေချင်တယ်” လို့ ရန်ကုန်လူငယ်ကွန်ရက်မှ မသဉ္ဇာရွှန်းလဲ့ရည်က အကြံပြုပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ နှစ်အလိုက်ထုတ်ပြန်ခဲ့တဲ့ အမှုကြီး ၁၀ မျိုးထဲမှာ အမျိုးသမီးတွေအတွက် ထပ်မံစိုးရိမ်စရာကောင်းတဲ့ အမှုကတော့ သိသိသာသာ မြင့်မားလာတဲ့ မုဒိမ်းမှုပဲဖြစ်ပါတယ်။ အရင်အစိုးရသက်တမ်းဖြစ်တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ရန်ကုန်တိုင်းအတွင်းမှာ မုဒိမ်းမှုပေါင်း ၆၅၆ မှု ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ၁၄၅ မှု၊ ၂၀၁၂ ခုနှစ်မှာ ၁၃၅ မှု၊ ၂၀၁၃ ခုနှစ်မှာ ၁၅၂ မှု၊ ၂၀၁၄ ခုနှစ်မှာ ၁၃၀၊ ၂၀၁၅ ခုနှစ်မှာ ၉၄ မှု စုစုပေါင်း ၆၅၆ မှု ရှိခဲ့ပါတယ်။

NLD အစိုးရ နှစ်နှစ်သက်တမ်းနီးပါးမှာတော့ ရန်ကုန်တိုင်းအတွင်း မုဒိမ်းမှု ၄၉၉ မှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ၂၂၉ မှု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၂၇၀ အထိ မြင့်မားလာတာကို တွေ့ရမှာပါ။ ဒီမုဒိမ်းမှုတွေထဲမှာ သက်ငယ်မုဒိမ်းတွေလည်း ပါဝင်နေပါတယ်။

ဒါပေမဲ့ သက်ငယ်မုဒိမ်းမှုတွေ အရေအတွက်များပြားလာခြင်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၅ ရဲ့ ပဉ္စမအပိုဒ်မှာ ပါရှိတဲ့ အသက် ၁၄ နှစ်အောက် မိန်းကလေးအား အလိုတူသည်ဖြစ်စေ၊ အလိုမတူသည်ဖြစ်စေ၊ ကာမစပ်ယှက်ပါက မုဒိမ်းမှုမြောက်ကြောင်း ဖော်ပြချက်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၇ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၆) အဖြစ် အသက် ၁၄ နှစ်အောက် စကားရပ်နေရာမှာ အသက် ၁၆ နှစ်အောက်ကို အစားထိုး ပြင်ဆင်လိုက်တာကြောင့်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ ပြန်လည်ဖြေရှင်းထားပါတယ်။

ဒီနေ့ခေတ်မှာ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ကြောက်စရာကောင်းလာတာက သူစိမ်းအပြင် ဖခင်အရင်းနဲ့ ဆွေမျိုးသားချင်းတွေကပါ ကျူးလွန်လာကြတာကို တွေ့ရပါတယ်။

မုဒိမ်းမှုတွေ မြင့်မားလာတဲ့အပေါ်မှာ လူသတ်မုဒိမ်းနဲ့ သက်ငယ်မုဒိမ်း သေဒဏ်ပေးရေး ဥပဒေပြဋ္ဌာန်းပေးဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေး အဖွဲ့က လုပ်ဆောင်နေပြီး ပြည်သူတွေရဲ့ လက်မှတ်ကောက်ယူမှု ကမ်ပိန်းကို စတင်နေပြီ ဖြစ်ပါတယ်။

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်လို့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရာဇသတ်ကြီးကိုပြင်ဆင်သည့် ဥပဒေကြမ်း”  ကို လက်ခံဆွေးနွေးဖို့ အဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။

အဆိုတင်သွင်းပြီးချိန်မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ သဘောထားမှတ်ချက်ကို တောင်းခံခဲ့ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိန်းက သဘောထားမှတ်ချက်ပြုရာမှာ ဥပဒေကြမ်းတွင် ပုဒ်မ ၃၇၆ ၏ မူရင်းပြဋ္ဌာန်းချက်များနှင့် အသက် ၁၆ နှစ်အောက် မိန်းကလေးများကို ကျူးလွန်သည့် မုဒိမ်းမှုတွင် ဖြည့်စွက်လိုသော ပြစ်ဒဏ်များကို မြန်မာစာ၊ မြန်မာဘာသာဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေကို ဖြည့်စွက်ပြင်ဆင်ရန် ပြင်ဆင်လိုသည့် အချက်များကို မြန်မာဘာသာစကားဖြင့် တင်သွင်းသော ဥပဒေကြမ်းသည် သင့်မြတ်လျော်ကန်မှု ရှိ၊ မရှိ စဉ်းစားစေလိုကြောင်း သဘောထား မှတ်ချက်ပေးခဲ့ပါတယ်။

ဒီလို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သဘောထားမှတ်ချက်ပေးပြီးချိန်မှာတော့ ဒေါ်ခင်စောဝေတင်သွင်းတဲ့ ၁၈၆၁ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ ပြင်ဆင်ချက်ကို မြန်မာလိုသာ ရေးသားထားတာကြောင့် မူရင်း အင်္ဂလိပ်ဘာသာ ပြဋ္ဌာန်းချက်တွင် ထည့်သွင်းပြင်ဆင်ရန် ပြင်ဆင်ရေးနည်းလမ်းမမှန်တဲ့အတွက် လွှတ်တော်က လက်ခံဆွေးနွေးဖို့ မရှိဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။

ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းကလည်း သက်ငယ်မုဒိမ်းအတွက် ဥပဒေတစ်ခုပြဋ္ဌာန်းပြီး အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိပေးဖို့ သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမဲ့ လွှတ်တော်က ပယ်ချမှုတွေနဲ့ မဲရှုံးနိမ့်မှုတွေကြောင့် အရာမထင်ခဲ့ပါဘူး။

မုဒိမ်းမှုအတွက် ပြစ်ဒဏ်အဖြစ် ပုဒ်မ ၃၇၆ မှာ “မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ မုဒိမ်းကျင့်ခံရသော မိန်းမသည် မိမိ၏မယားဖြစ်၍ အသက် ၁၂ နှစ်အောက် မဟုတ်လျှင်မူကား မုဒိမ်းကျင့်သော ထိုလင်ကို နှစ်နှစ်ထိ ထောင်ဒဏ်တစ် မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြထားပါတယ်။

NLD အစိုးရလက်ထက်မှာတော့ သက်ငယ်မုဒိမ်းမှုတွေကို တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ရာမှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၂၀ ကို နောက်ပိုင်းချမှတ်လာတာ တွေ့ရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိ သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို ပြစ်ဒဏ်တိုးမြှင့်သတ်မှတ်ပေးဖို့က ပြည်သူတွေကြားမှာ ဝိဝါဒတွေ ကွဲပြားနေကြတုန်းပါပဲ။ အများစုက သက်ငယ်မုဒိမ်းကို သေဒဏ်ပေးဖို့ ဆန္ဒရှိကြပေမဲ့ သေဒဏ်ပေးရုံနဲ့ သက်ငယ်မုဒိမ်းမှုတွေ ပျောက်ပျက်သွားမလားဆိုတာကို မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။

သက်ငယ်မုဒိမ်းမှုများနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကနေ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအဖြစ် ပြန်လည်ရေးဆွဲ ဆောင်ရွက်လျက်ရှိတဲ့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကိုလည်း အသစ်ရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး ဒီဥပဒေကြမ်းတွေမှာ ကလေးနဲ့ အမျိုးသမီးတွေ၊ မသန်စွမ်းသူ အမျိုးသမီးတွေအပေါ်မှာ ကျူးလွန်တဲ့ မုဒိမ်းမှုတွေနဲ့ပတ်သက်လို့ ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်တွေ သတ်မှတ်နိုင်ရေးကို ထည့်သွင်းရေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဥပဒေအဖြစ်တော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

“လွှတ်တော်ကလည်း အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ ဥပဒေတွေကို အမြန်ဆုံး ရေးဆွဲပြီးတော့ ပြည်သူ့ရဲ့အသံတွေကို ထည့်သွင်းပြဋ္ဌာန်းပေးပြီးတော့ အမြန်ဆုံး လွှတ်တော်တွေက ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ်။ အဲဒီလိုမှမလုပ်ရင် အမျိုးသမီးတွေကို ကာကွယ်ဖို့ ဥပဒေမရှိတဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ ၂၈ သန်းကျော် အမျိုးသမီးထုရဲ့ အင်မတန် စိုးရိမ်ဖွယ်ရာအခြေအနေကို ရောက်လာမယ်လို့ သုံးသပ်ရမယ်” လိ့ု ဒေါက်တာဒေါ်ညိုညိုသင်းက ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အမျိုးသမီးအခွင့်အရေး စောင့်ရှောက်တဲ့ ဥပဒေကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားမယ်လို့ ပြောကြားပါတယ်။

“မြန်မာနိုင်ငံမှာ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်တဲ့ဥပဒေကို ရေးဆွဲပြဋ္ဌာန်းဖို့ရာ လွှတ်တော်မှာ ကျွန်မတို့တင် ပြထားတာရှိတယ်။ ဒီဥပဒေကလည်း အခုချိန်အထိ လွှတ်တော်ထဲမှာလည်း ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးတော့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေက လိုတယ်” လို့ ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် အမျိုးသမီးတွေ လုံခြုံစွာ သွားလာလုပ်ကိုင်စားသောက်နိုင်ဖို့အတွက်ဆိုရင် လက်ရှိအချိန်မှာ အရေးကြီးနေတာက အမျိုးသမီးအားလုံးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မယ့် အထူးပြုထားတဲ့ ဥပဒေတစ်ရပ်ကို အရေးတကြီးပြဋ္ဌာန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဆို အမျိုးသမီးအားလုံးကို လုံခြုံစိတ်ချစွာ ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် ဥပဒေမျိုးက ဘယ်လိုဥပဒေမျိုးဖြစ်သင့်တယ်လို့ မိတ်ဆွေတို့အနေနဲ့ မှတ်ချက်ပြုချင်ကြပါသလဲ။

“လက်ရှိအချိန်မှာ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ သီးသန့်ဥပဒေက လိုအပ်နေတဲ့ အနေအထားမျိုးှမှာ ရှိတယ်။ ဒါကို လွှတ်တော်က အမြန်ဆုံးပြဋ္ဌာန်းပေးနိုင်ဖို့ လိုပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ဆိုပါတယ်။

 

Most Read

Most Recent