၆၆ (ဃ) ဟာ ပြစ်မှုကျူးလွန်သူတွေ အကာအကွယ်ယူနေတဲ့ဥပဒေ ဖြစ်နေပြီလား

၆၆ (ဃ) ဟာ ပြစ်မှုကျူးလွန်သူတွေ အကာအကွယ်ယူနေတဲ့ဥပဒေ ဖြစ်နေပြီလား
Published 12 February 2018

သတင်းသမားများ၏ ဘဝလုံခြုံရေးနှင့် လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ရရှိရေး လားရှိုးမြို့တွင် သတင်းမီဒီယာသမားများ ဇွန် ၁၆ ရက်က လက်ပတ်ဖြူလှုပ်ရှားမှု ပြုလုပ်စဉ်

ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်မည့် မြန်မာနိုင်ငံတွင် ယင်းစနစ်အား အနှောင့်အယှက် အဟန့်အတားဖြစ်စေမည့် ပုဒ်မတစ်ခုရှိသည်။ ယင်းပုဒ်မပြဋ္ဌာန်းခဲ့သည်မှာ သက်တမ်းလေးနှစ်သာ ရှိသော်လည်း လူထုအကြားတွင် ပြင်းစွာသော ရိုက်ခတ်မှုတစ်ခု ဖြစ်စေခဲ့သည်။ ယင်းပုဒ်မမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့သည့် ယင်းဥပဒေမှာ လေးနှစ်ကျော်အကြာတွင် အများပြည်သူ၏ တောင်းဆိုခဲ့ခြင်းကြောင့် အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက် လွှတ်တော်နှစ်ရပ်တွင် ပြင်ဆင်ချက် (သို့မဟုတ်) ဖျက်သိမ်းရန် လွှတ်တော်တွင် ဆွေးနွေး၍ ပြန်လည်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်နှစ်ရပ်မှ အတည်ပြုထားသည့် ပြင်ဆင်ချက်ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၉ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဥပဒေပြင်ဆင်ချက်အား အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ယင်းကဲ့သို့ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) အား အပြီးတိုင် ဖျက်သိမ်းပေးရန် လူထုတောင်းဆိုမှု တစ်နှစ်ကျော် ကြာမြင့်လာသည့်အချိန်မှသာ အကောင်အထည်ပေါ်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်လိုက်သည့်အခါ ပြင်ဆင်မှုသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်ခဲ့သည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ ထူးထူးခြားခြား ပြုပြင်ခြင်းမရှိဘဲ မည်သူမဆိုအောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူသည့် ပြဋ္ဌာန်းချက်ကို မည်သူမဆို အောက်ပါပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ပုဒ်မခွဲ (ဃ) ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြင်ဆင်အတည်ပြုခဲ့သည်။ ထို့ပြင် ဥပဒေပါပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။ ဥပဒေအရ ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်၊ ပုဒ်မ ၆၆ (ဃ) ပါ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်းပြုကြောင်း သက်ဆိုင်ရာ နစ်နာသူကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏ ကိုယ်စားလွှဲအပ်ခြင်းခံရသူက ဖြစ်စေ တိုင်တန်းချက်မဟုတ်လျှင် အရေးယူ ဆောင်ရွက်ခြင်းမပြုရဟူသည်တို့ကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ယခင်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရလျှင် အာမခံမရရှိဘဲ အမှုဖွင့်ခံရသူမှာ အချုပ်ကျခံရပြီး အချုပ်အတွင်းမှ တရားရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ယင်းအချက်မှာ ပြင်ဆင်လိုက်သည့် ဥပဒေကြောင့် တရားသူကြီး၏ ဆင်ခြင်တုံတရားပေါ်မူတည်ကာ အာမခံရရှိနိုင်သည်ဟု ပြောင်းလဲခဲ့သည်။ ထိုသို့ ပြောင်းလဲခဲ့သော်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ ထူးထူးခြားခြား ပြောင်းလဲလာခြင်းမရှိဘဲ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခံရသူက အမှုဖွင့် တရားစွဲဆိုခံရသူ များပြားလျက်ရှိနေဆဲပင်။ ပြင်ဆင်ခဲ့သည့် သြဂုတ် ၂၉ ရက်နောက်ပိုင်းမှစပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရသူ ၁၅ ဦးအထိရှိကြောင်း အသံ-လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့မှ Executive Director မောင်ဆောင်းခက ပြောကြားသည်။

မောင်ဆောင်းခမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရကာ ထောင်ခြောက်လကျခံခဲ့ရသူဖြစ်ပြီး ၎င်းမှာ အာမခံမရရှိဘဲ အချုပ်တွင်းမှ တရားရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။ “ဆက်သွယ်ရေးပုဒ်မက ဘာမှထွေထွေထူးထူး ပြောင်းလဲတာ မရှိဘူး။ စစ်မှန်တဲ့ ပြောင်းလဲမှုလို့ ခေါ်လို့မရဘူး။ ပြင်ဆင်ပြီးမှ တရားစွဲခံရတာ ကျွန်တော်တို့အဖွဲ့ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့စာရင်းအရ ၁၅ ယောက်ရှိတယ်” ဟု မောင်ဆောင်းခက ဆိုသည်။

ပြင်ဆင်ခဲ့သည့်အချက်မှာ အဓိက အချက်အနေဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အား ကျူးလွန်ကြောင်း တွေ့ရှိပါက ယခင် ထောင်ဒဏ်သုံးနှစ်အစား နှစ်နှစ်သို့ ပြောင်းလဲလိုက်ခြင်းနှင့် နစ်နာသူ ကိုယ်တိုင်တိုင်ကြားမှသာ အရေးယူ ဆောင်ရွက်နိုင်သည်ဆိုသည့် အချက်များဖြစ်သည်။

လွှတ်တော်မှာ မအောင်မြင်တဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး

လွှတ်တော်နှစ်ရပ်တွင် ယင်းဥပဒေကို ဆွေးနွေးခဲ့စဉ်က ဖျက်သိမ်းရန် လွှတ်တော်ကိုယ်စားလှယ်အချို့က ဆွေးနွေးခဲ့သော်လည်း အရာမထင်ခဲ့ပေ။ ဆက်သွယ်ရေးဥပဒေပုဒ်မတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များမှာ အခြားသော ဥပဒေများတွင် ပါဝင်ခြင်းကြောင့် ဖျက်သိမ်းရန် ကြိုးစားခဲ့ကြောင်း စစ်ကိုင်းမဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ် (ခ) ဝင်းထွဋ်ဇော်က ပြောကြားသည်။

“လုံးဝဖျက်သိမ်းသင့်တာ။ လူတစ်စုကို အကာအကွယ်ပေးနေတဲ့ ဥပဒေပုံစံမျိုးဖြစ်နေတာကိုး။ ဖျက်သိမ်းဖို့ ကြိုးစားပေမယ့် ပြင်ဆင်ဆိုတာလောက်နဲ့ပဲ ကျေနပ်ခဲ့ရတယ်” ဟု ဦးဝင်းထွဋ်ဇော်က ပြောကြားသည်။

အလားတူ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးစဉ်ကလည်း လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက အဆိုပါပုဒ်မမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေခြင်း၊ အဆိုပါပုဒ်မတွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များအားလုံးသည် ရာဇသတ်ကြီးတွင် ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

“ရာဇသတ်ကြီးမှာလည်း ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အပြင်ကို ၆၆ (ဃ) မှာလည်း ဒီဥပဒေတွေကို ထပ်ပြီးတော့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ရာဇသတ်ကြီးမှာ ကိုယ်၊ နှုတ်၊ အမူအရာ၊ စာနဲ့ကျူးလွန်ပါက အရေးယူနိုင်တယ်။ ဆက်သွယ်ရေးကွန်ရက်မပါဘူးလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒါပေမဲ့ သက်သေခံဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ၂၀၁၅ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၇၃ ပုဒ်မ ၃ မှာ Document ဆိုသည့် စကားရပ်အဓိပ္ပာယ်နောက်တွင် Electronic Record and Information are ဆိုသည့် စကားရပ်ကို ဖြည့်စွက်ထားပြီး ဖြစ်သည့်အတွက် အွန်လိုင်းပေါ်က ပြစ်မှုတွေ အားလုံးကို ရာဇသတ်ကြီးက လုံလုံလောက်လောက် အရေးယူလို့ ရပါတယ်။ ဒါကြောင့် ဥပဒေနှစ်ခုဖြစ်နေလို့ ဒီ ၆၆ (ဃ) ကို ပယ်ဖျက်သင့်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်” ဟု ဦးအောင်ကျော်ကျော်ဦးက ဆွေးနွေးစဉ် ပြောကြားသည်။

ဥပဒေတစ်ခုပြဋ္ဌာန်းပါက ဥပဒေမူလပြဋ္ဌာန်းစဉ်က ရည်ရွယ်ချက် အမှန်တကယ် ရ မရနှင့် ကျင့်သုံးပုံ မှန် မမှန် ဆန်းစစ်ရန် လိုအပ်ကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၄ ရက်အထိ ကောက်ခံရရှိသည့် ၇၄ မှုကို လေ့လာကြည့်ရာတွင် အမုန်းစကားနှင့် ပတ်သက်သည့် အမှုတစ်ခုမျှ မပါဝင်သည်ကို တွေ့ရကြောင်း၊ ပုဒ်မ ၆၆ (ဃ)ကို လိုလျှင်လိုသလို၊ မလိုလျှင် မလိုသလို တလွဲအသုံးပြုနေခြင်းကြောင့်၊ ပြည်သူကို ဒုက္ခပေးခဲ့၍ လွှတ်တော်က ဖျက်သိမ်းလိုက်သည့် ၁၉၅၀ အရေးပေါ်စီမံမှုဥပဒေ၊ ၁၉၇၅ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့်ဥပဒေ သန်းခေါင်စာရင်းဥပဒေများကဲ့သို့ ကျင့်သုံးပုံလွဲမှားမှုကြောင့် နာမည်ဆိုးနှင့် ကျော်ကြားနေခြင်းဖြစ်ကြောင်း၊ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာ၏ သတင်းဖော်ပြမှုကိုလည်း ထိခိုက်စေကြောင်း၊ Facebook တွင် အကောင့်အတု လုပ်ရသည်မှာ လွယ်ကူသောကြောင့် တစ်ဦးဦးအား အခြားတစ်ဦးဦးက ချောက်ချလိုပါက အကောင့်အတုဖွင့်ပြီး အသရေဖျက်မှုတစ်ခု လုပ်လိုက်ရုံဖြင့် ချောက်တွန်းခံရသူသည် အာမခံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တရားရုံးတွင် ၎င်းမဟုတ်ကြောင်း သက်သေပြရန်အတွက် အမှုပြီးပြတ်သည်အထိ ရင်ဆိုင်ရမည်ဖြစ်သောကြောင့် လူတစ်ဦး၏ ဂုဏ်သိက္ခာ၊ အချိန်၊ ငွေကြေးများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်မည် ဖြစ်သဖြင့် မိမိ၏ Profile အမှန်၊ အကောင့်အမှန်ဖြင့် အသုံးပြုသူများအပေါ် သက်ရောက်မှုရှိပြီး အကောင့် အတုများဖြင့် အွန်လိုင်းပေါ်တွင် စနစ်တကျ အမုန်းစကားများ၊ မမှန်သတင်းများ၊ ပုတ်ခတ်စော်ကားမှုများ ပြုလုပ်သူများကိုမူ အရေးမယူနိုင်ဘဲဖြစ်နေကြောင်း၊ ထိုသို့ဖြစ်ရသည်မှာ မညီမျှမှုပင်ဖြစ်နေပြီး ပြည်သူများကို လွတ်လပ်မှုအပ်နှင်းရန်၊ လွတ်လပ်မှု၏ အရသာကို ခံစားနိုင်ရန် ယင်းဥပဒေအား ပယ်ဖျက်ပေးရန် ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

သို့သော် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ ပြင်ဆင်ချက် နှစ်ချက်သာ ဖြစ်ခဲ့ခြင်းကြောင့် ထိရောက်ခြင်းမရှိကြောင်း ဆောင်းပါးရှင် ဦးထက်မြက်က ပြောကြားသည်။

“အဲဒီပုဒ်မက လုံးဝဖျက်သိမ်းမှပဲရမယ်။ အခုပြင်ဆင်လိုက်တယ် ဆိုတာက နာမည်ဆိုးထွက်လာတော့ ပြင်မယ်ဆိုပြီး လုပ်ပေးတာ။ ကျန်တာက ဘာမှမပြောင်းလဲဘူး။ ပျားရည်နဲ့ဝမ်းချထားတဲ့ ပုံစံပဲ။ လူတွေက ဖျက်သိမ်းပေးဖို့ တော်တော်များများ တောင်းဆိုတော့ ငြိမ်အောင်လုပ်ပေးလိုက်တဲ့ သဘောပဲ” ဟု စာရေးဆရာ ဦးထက်မြက်က ပြောကြားသည်။

ယင်းဥပဒေပုဒ်မမှာ ဒီမိုကရေစီစံနှုန်းဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် တားဆီး ပိတ်ပင်ထားသည့် ပုဒ်မတစ်ခုဖြစ်ကြောင်း လူတစ်စုက ရည်ရွယ်ချက် ရှိရှိဖြင့် ရေးဆွဲခဲ့ခြင်းအပေါ် လက်ရှိအစိုးရလက်ထက်အထိ တည်မြဲနေခြင်းကို မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေကြောင်း ဦးထက်မြက်က ဆက်လက်ပြောကြားသည်။

“အဲဒီပုဒ်မက အခုထိ သက်ဆိုးရှည်နေတာ မေးခွန်းထုတ်စရာ ဖြစ်နေပြီ။ နိုင်ငံရေးအရ ပြောလို့ဆိုလို့ဆိုပြီး Facebook ပေါ်တင်လိုက်ရင်လည်း ၆၆ (ဃ)၊ ဆူပူရမ်းကားလို့ဆိုပြီး Facebook ပေါ်တင်လိုက်ရင်လည်း ၆၆ (ဃ)။ တင်တာတွေကလည်း အမှန်တွေပဲ။ အဲဒါကို ၆၆ (ဃ) နဲ့ ဆွဲတယ်ဆိုတော့ ဒါကဥပဒေကိုပြန်ပြီး ဆန်းစစ်ဖို့လိုနေပြီ။ နောက်ပြီးတော့ ဂျာနယ်တွေမှာ ရေးထားတဲ့စာတွေကို အွန်လိုင်းပေါ်တင်ရင်လည်း ၆၆ နဲ့က ငြိတယ်။ The Voice ဆိုရင် ၆၆ နဲ့ အဆွဲခံရတာပဲ။ ကျန်တာတွေနဲ့ ဆွဲလို့ရတာကို ဘာကြောင့် ဒါနဲ့ပဲ ဆွဲတာလဲ။ မေးစရာတစ်ခုက ရှိလာတာက အရင်ကတော့ ဆွဲခံရပြီဆိုရင် ထောင်ထဲသွား၊ အခုကျတော့ အာမခံဆိုတာ ပါလာတယ်။ ဒါပေမဲ့ မေးခွန်းထုတ်စရာတွေက အများကြီးပဲ” ဟု ဦးထက်မြက်က ပြောကြားသည်။

စာရေးဆရာဦးထက်မြက်မှာ ၆၆ (ဃ) နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမှုမစမီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အလွတ်သဘောတွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သူဖြစ်သည်။

“အဲဒီတုန်းကတော့ ကိုယ့်အပေါင်းအသင်းနဲ့ မတွေ့တာလည်း ကြာပြီဖြစ်တော့ သွားတွေ့တဲ့သဘောပဲ။ ဒါပေမဲ့ ၆၆ (ဃ) ဖျက်သိမ်းပေးဖို့ပဲ ပြောခဲ့တယ်” ဟု ဦးထက်မြက်က ပြောကြားသည်။

အလားတူ ဆက်သွယ်ရေးဥပဒေပုဒ်မ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးလှုပ်ရှားမှု ပြုလုပ်သည့် အရပ်ဘက် အဖွဲ့အစည်း ၂၂ ခုတို့ကလည်း ပုဒ်မ ၆၆ (ဃ) မှာ မိမိ၏ လွတ်လပ်စွာ တွေးခေါ်ထင်မြင် ယူဆခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်ကို ကျင့်သုံးခြင်းကို တရားစွဲဆိုနေခြင်း၊ တဝန်ယူမှု တာဝန်ခံမှုရှိသည့် သတင်းသမားများကို အသရေဖျက်မှုဖြင့် တရားစွဲကာ ရာဇဝတ်ပြစ်ဒဏ်ပေးနေခြင်းများကြောင့် မတူကွဲပြားသောအသံများကို တိတ်ဆိတ်စေလျက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ကို ထိခိုက်စေကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ရှိသင့်ရှိထိုက်သော တရားဝင်သော နိုင်ငံရေးဝေဖန်မှုများကို ရည်ရွယ်ပစ်မှတ်ထား ဖိနှိပ်သောကြောင့် ဒီမိုကရေစီ အလေ့အထကောင်းများ သေဆုံးစေကြောင်း ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ကတော့ လွှတ်တော်မှာ မအောင်မြင်သေးတဲ့ ပုဒ်မ ၆၆ ကို ဖျက်သိမ်းပေးဖု့ိ လှုပ်ရှားမှုတွေကို ဆက်လုပ်သွားမယ်။ ကျွန်တော်တို့ အဖွဲ့တွေ စုပေါင်းတောင်းဆိုထားတဲ့အတိုင်း အဲဒီပုဒ်မ ဖျက်သိမ်းတဲ့အထိ လုပ်သွားမယ်” ဟု မောင်ဆောင်းခက ပြောကြားသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံရပြီဆိုပါက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ခံရသူ၏ ဆက်သွယ်ရေးပစ္စည်းဖြစ်သည့် လက်ကိုင်ဖုန်းကို သိမ်းဆည်းကာ CID သို့ ပေးပို့စစ်ဆေးကြောင်း၊ CID ၏ ခွင့်ပြုချက်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားစွဲဆိုရမည်ဖြစ်သည်။ ယင်းအချက်နှင့်ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးစဉ်က မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ပယ်ဖျက်ပေးရန် ဆွေးနွေးခဲ့သည်။

“ဒါတရားစွဲခံရသူကို ကာကွယ်ပေးတယ်လို့ အပေါ်ယံကြည့်ရင် မြင်နိုင်ပေမယ့် တကယ်တမ်းကျတော့ ဒါဟာအကျိုးသက်ရောက်မှု အကြောင်းအရာ ဖြစ်သွားပါတယ်။ အထက်အာဏာပိုင်တွေက အောက်ခြေပြည်သူတစ်ယောက်ကို တရားစွဲမယ်ဆိုရင် ရေစုန်ဆင်းရသလို ရှောရှောရှူရှူဖြစ်ပြီးတော့ အထက်အာဏာပိုင်တွေကို အောက်ခြေပြည်သူတစ်ယောက်က ပြန်ပြီးတော့ တရားစွဲမယ်ဆိုရင် ရေဆန်တက်ရသလို ခက်ခက်ခဲခဲ အခွင့်အရေး ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် လူတွေက အဂတိတရားလေးပါးဆိုတာ အနည်းနဲ့အများ ရှိကြပါတယ်။ ကျွန်တော့်အနေနဲ့ သာမန်ပြည်သူတစ်ယောက် အနေနဲ့ အထက်ကအရာရှိတစ်ယောက် ဥပမာဆက်သွယ်ရေးဝန်ကြီးကို တရားစွဲမယ်ဆိုရင် ခွင့်ပြုမလား၊ အဲဒီလိုသူ့အထက်က ဝန်ကြီးတွေကိုစွဲရင် ခွင့်ပြုမလား၊ တာဝန်ရှိတဲ့သူတွေကိုစွဲရင် ခွင့်ပြုမလား၊ ဘယ်လိုမှ မဖြစ်နိုင်လောက်အောင် အခြေအနေ ဖြစ်ပါတယ်။ ဒါပေမဲ့ အောက်ခြေပြည်သူတွေကို စွဲမယ်ဆိုရင်တော့ ဒါဟာအင်မတန်မှကို လွယ်သွားတယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ဦးဖေသန်းက ပြောကြားသည်။

သို့သော် ယင်းအချက်မှာ ပယ်ချခဲ့ရပြီး လက်ရှိတွင် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုတွင် အာဏာနှင့် ပါဝါမရှိသူများ၏ တိုင်ကြားမှုများကိုမူ အမှန်တရား ဖော်ထုတ်စီရင်ပေးခြင်း မရှိခဲ့ကြောင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ပြင်ဆင်ရေးနှင့်ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖြစ်ပွားလျက်ရှိသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုများတွင်လည်း အာဏာပါဝါမရှိသူများက တိုင်ကြားချက်များမှာ ထိရောက်မှုမရှိသည့် အချက်မှာ မေးခွန်းထုတ်စရာ အခြေအနေတစ်ခု ဖြစ်နေသည်ကိုလည်း တွေ့ရသည်။

“ဥပဒေဆိုတာ လူတန်းစားတစ်ရပ်အတွက်ပဲ လုပ်လို့မရဘူး။ အကုန်လုံးက အကျိုးခံစားခွင့်ရှိရမှာ။ နောက်တစ်ခုက ဒီပုဒ်မကို လိုသလို အသုံးချနေတဲ့ ပုံစံဖြစ်နေတော့ ရဲလည်းအလုပ်ရှုပ်တယ်” ဟု စာရေးဆရာထက်မြက်က ဆက်လက်ပြောကြားသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မကို အကာအကွယ်ယူနေသလား

မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်သည့် လူမှုကွန်ရက်မီဒီယာဖြစ်သော Facebook စာမျက်နှာတွင် ရေးသားခံရသူက ရေးသားသူအား ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ခြင်းများလာသည်ကို တွေ့ရသည်။ ထိုသို့ အမှုဖွင့်ခံရပြီဆိုပါက အမှန်တရား ရှာဖွေရန်ထက် ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခံရမည်ဖြစ်သည်။ ယင်းသို့ အမှုဖွင့်ခံရခြင်းကြောင့် အမှန်တရားမှာ ပျောက်ဆုံးနေခြင်းများကို တွေ့ရသည်။

ထင်ရှားသည့် ဖြစ်စဉ်အချို့မှာ ၂၀၁၇ ခုနှစ် မေတွင် ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ရှေ့နေတစ်ဦးက မြောက်ဒဂုံရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူးတစ်ဦးမှာ ပွဲစားများဖြင့်ပေါင်းပြီး မြေကွက်အလွတ်များကို ရောင်းစားနေသည်ဟု Facebook တွင် ရေးသားခဲ့သည့် ဖြစ်စဉ်၊ ဇွန်လတွင် ဒေါ်ကေသီခိုင် အမည်ရှိ အမျိုးသမီးအား ၎င်း၏ညီမ သမ္မတရုံးညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူက တရားစွဲဆိုခဲ့သည့် ဖြစ်စဉ်၊ မိုက်ကယ်ကျော်မြင့်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိက ငွေကြေးများ လာဘ်ယူခဲ့သည်ဟုဆိုကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည့် အကြောင်းအား လွှင့်တင်ခဲ့သည့်ဖြစ်စဉ်၊ အိမ်ဖော်မိန်းကလေးနှိပ်စက်သည်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်များက မမှန်မကန် ဆုံးဖြတ်သည်ဟု လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် ခွေးပရဟိတဂေဟာ ဖွင့်လှစ်ထားသည့် ဒေါ်မြတ်သက်မွန်အား ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က စွဲဆိုထားသည့်ဖြစ်စဉ်၊ မော်ဒယ် ရွှေအိမ်စည်နှင့် အမျိုးသမီးတစ်ဦးအား အမျိုးသမီးတစ်ဦးက အမှုဖွင့်ထားခြင်း၊ အမျိုးသမီးငယ်များအား ဗေဒင်ဟောရာတွင် ထိကိုင်သည်ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည့် ကေခိုင်မြင့်မြတ်အမည်ရှိ အကောင့်ပိုင်ရှင် အမျိုးသမီးငယ်အား ဗေဒင်ဆရာအောင်ချစ်ပိုက အမှုဖွင့်ထားသည့်ဖြစ်စဉ် စသည်တို့ဖြစ်သည်။

ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ၆၆(ဃ) ဖြင့် တရားစွဲခံရမှု ခုနစ်မှုရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရမှု ငါးမှုရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် တရားရုံးတင် တရားစွဲဆိုခံရသည့်အမှု ၉၆ မှု ရှိလာကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းအမှုများတွင် ပြစ်ဒဏ်ချမှတ်ပြီး အမှု ၁၃ မှု၊ လတ်တလော အာမခံမရရှိဘဲ အချုပ်ကျနေသောအမှု သုံးမှုအထိရှိသည်။ ထိုအမှုများတွင် တပ်မတော်က တရားစွဲခဲ့သောအမှုခုနစ်မှု၊ NLD ပါတီမှ တရားစွဲခဲ့သောအမှု ခုနစ်မှုနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကြားလူများက တရားစွဲခဲ့သော အမှု ၁၀ မှုရှိသည်။ သတင်းမီဒီယာသမားများကို စွဲဆိုထားမှု ၁၂ မှုအထိရှိနေပြီး သတင်းသမား ၂၀ တရားရင်ဆိုင်ရလျက်ရှိသည်။ ယင်းစာရင်းမှာ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ၂၀၁၇ ခုနှစ် သြဂုတ်လအထိ ကောက်ယူထားသည့်စာရင်းဖြစ်ပြီး ရဲစခန်းတွင် ပိတ်သိမ်းသွားသည့် အမှုများနှင့် တရားခံမဖော်နိုင်သည့် အမှုများ ပါဝင်ခြင်း မရှိပေ။ ထိုစာရင်းများကိုသာ ကောက်ယူမည်ဆိုပါက အမှုများ ရာကျော်သွားမည်ဖြစ်သည်။

“အောင်ချစ်ပိုအမှုဆိုရင် သူတကယ်ကျူးလွန်သလား၊ မကျူးလွန်သလား စစ်ဆေးရမှာ။ အခုကျတော့ အမျိုးသမီးငယ်တွေကို သူက အမှုပြန်ဖွင့်လိုက်တယ်။ အဲဒီတော့ ဒီ ၆၆ ထပ် အရေးကြီးတာက အမျိုးသမီးငယ်တွေ ကျူးလွန်ခံရသလား မခံရဘူးလားဆိုတာက ပေါ့သွားနိုင်တယ်။ အဲဒါတွေက တရားဥပဒေစိုးမိုးရေးမှာ အနှောင့်အယှက် ဖြစ်စေနိုင်တယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဋ်ဇော်က ပြောကြားသည်။

တရားဥပဒေစိုးမိုးရေး လုပ်ဆောင်မည်ဆိုပါက မလိုလားအပ်သည့်ပုဒ်မများ၊ ခေတ်နောက်ကျနေသည့် ပုဒ်မများကို ပြင်ဆင်ပယ်ဖျက်မှသာ ထိရောက်နိုင်မည်ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြဝေဖန်လျက်ရှိသည်။

“ဆက်သွယ်ရေးဥပဒေကို ပယ်ဖျက်။ ပြီးရင် နည်းပညာနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ခု အစားထိုးမလား။ ဒါမှမဟုတ် ဒီထဲက ဒီမိုကရေစီစံနဲ့ မကိုက်ညီတဲ့ပုဒ်မတွေကို ပယ်ဖျက်မလား။ အဲဒီလိုလုပ်မှရမယ်။ အကောင်းဆုံးကတော့ ဆက်သွယ်ရေး ဥပဒေက ပယ်ဖျက်လိုက်တာ အကောင်းဆုံးပဲ” ဟု စာရေးဆရာ ဦးထက်မြက်က ပြောကြားသည်။

ယင်းပုဒ်မဖြင့် တရားစွဲဆိုခြင်း မပြုဘဲ အသရေဖျက်မှုဖြင့်လည်း တရားစွဲဆိုနိုင်ကြောင်း၊ အသရေဖျက်မှုပုဒ်မ ၅၀၀ မှာလည်း ပြစ်ဒဏ်မှာ နှစ်နှစ်အထိ သတ်မှတ်ထားကြောင်း၊ သို့သော် အများစုမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အား လက်နက်တစ်ခုသဖွယ် အသုံးချနေသည်ကို တွေ့ရသည်။

ဆက်သွယ်ရေးဥပဒေအား ပြင်ဆင်လိုက်သည်ဆိုသည့် အချက်များမှာလည်း များစွာပြောင်းလဲလာခြင်းမရှိဘဲ အာမခံပေးနိုင်သည်ဆိုသည့် ဖြစ်စဉ်မှာပင် တရားသူကြီး၏ ဆင်ခြင်တုံတရားပေါ်တွင် မူတည်သည်ဟူသော အချက်မှာ မေးခွန်း ထုတ်စရာ အခြေအနေတစ်ခုဖြစ်ကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။

ထို့ပြင် ပုဒ်မ ၆၆ (ဃ) အရ တိုင်ကြားသူ ၇၅ ရာခိုင်နှုန်းသည် မတူညီသော နောက်ကြောင်းရာဇဝင် ခုနစ်မျိုးရှိပြီး ပြည်သူ့ဝန်ထမ်းအရာရှိ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်၊ စီးပွားရေး၊ မီဒီယာ၊ ဘာသာရေး၊ အနုပညာနှင့် တက်ကြွလှုပ်ရှားသူတို့ဖြစ်ကာ ပုဒ်မ ၆၆ (ဃ) ဖြင့် တိုင်ကြားသူ အများစုသည် အာဏာရှိသူများဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် ပတ်သက်သူ အများစုလည်း ပါဝင်ကြောင်း Free Expression Myanmar (လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ) ၏ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဂတိလိုက်စားမှုကို အဟန့်အတားဖြစ်နေတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ

ယခုနှစ်စပိုင်းတွင် အစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ကြိုးပမ်းလာမှုများ ရှိနေသော်လည်း ယင်းဆက်သွယ်ရေးဥပဒေမှာ အနှောင့်အယှက် တစ်ခုဖြစ်နေသည်။ အဂတိလိုက်စားမှုများကို တိုင်ကြားနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး လူထုက ရှင်းရှင်းလင်းလင်း မသိရှိနိုင်သည့် အခြေအနေတွင် လူမှုကွန်ရက် စာမျက်နှာမှာ ပြည်သူများအတွက် တိုင်ကြားစရာ နေရာတစ်ခုဖြစ်နေသည်။ ယင်းအချက်မှာ အမှန်တရားကို ဖုံးကွယ်လိုသူများအတွက် ဆက်သွယ်ရေးဥပဒေမှာ အကောင်းဆုံး အကာအကွယ် တစ်ခုပင်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်ဇော်က ပြောကြားသည်။

“ဒီဥပဒေရှိနေသမျှ ကာလပတ်လုံး သူဟာသူခိုးပါလို့ ပြောချင်တာတောင် ပြောလို့မရဘူး။ အမှန်တရားကို ပြောလို့မရဘူး။ ပြောလိုက်ပြီဆိုတာနဲ့ တင်တဲ့သူက အရင်အမှုဖွင့်ခံရတာပဲ” ဟု ဦးဝင်းထွဋ်ဇော်က ပြောကြားသည်။

အစိုးရအဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဆိုသော်လည်း ယင်းဥပဒေကြောင့် အနှောင့်အယှက် များစွာဖြစ်နေသည်ကို တွေ့ရသည်။

“အစိုးရဌာနတစ်ခု လူတစ်ယောက် လာဘ်စားနေပါတယ်လို့ ပြောလို့မရဘူး။ အဲဒီလို သတင်းထွက်လာပြီဆိုရင် အဲဒီလူ အဲဒီဌာနကို စုံစမ်းတာကနောက်မှ။ အရင်ဆုံးတင်တဲ့သူ အမှုဖွင့်ခံရဖို့များတယ်” ဟု မောင်ဆောင်းခက ဆိုသည်။

၂၀၁၇ ခုနှစ် ဇွန်လထုတ်ပြန်ခဲ့သည့် အဖွဲ့ ၂၂ ဖွဲ့ ပါဝင်သည့် ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် လာဘ်ပေးလာဘ်ယူ ကိစ္စများအပေါ် ဖော်ထုတ်တင်ပြသူများအား အသရေဖျက်မှုဖြင့် တရားစွဲကာ ဖမ်းဆီးထောင်ချနိုင်ခြင်းကြောင့် အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အဟန့်အတားဖြစ်စေကြောင်း၊ ဥပဒေ၏ ေ၀ဝါးကျယ်ပြန့်မှု၊ တိကျသည့် လုပ်ထုံးလုပ်နည်းနှင့် စီရင်ထုံးအားနည်းမှုတို့ကြောင့် လက်တစ်လုံးခြား အလွဲသုံးစား လုပ်နိုင်ခြင်းများ ရှိနေသည်ကို တွေ့ရှိရသည့်အတွက် ရေရှည်တွင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး ပြည်သူလူထုဘ၀ လုံခြုံမှုကိုပါ ထိပါးလာနိုင်ခြင်းကြောင့် အုပ်ချုပ်သူအစိုးရကို ယုံကြည်မှု ကျဆင်းစေကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည့်အမှုများအနက် တင်ဒါခေါ်ယူရာတွင် စည်းကမ်းများနှင့် မညီညွတ်ဟု ဝေဖန်ခဲ့သည့် အကောင့်ပိုင်ရှင်များလည်း တရားစွဲခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ပြီး လွတ်လပ်စွာ ဝေဖန်မှုအား တားဆီးဟန့်တားနေသည်ကို တွေ့ရသည်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိုတော့ ဒီပုဒ်မက အဟန့်အတားတစ်ခုပဲ။ အဲဒါအပြင် ၂၀၁၇ ခုနှစ် နိုင်ငံသားများရဲ့ပိုင်ဆိုင်မှုနဲ့ ပုဂ္ဂလိက ကာကွယ်ပိုင်ဆိုင်ရေးဥပဒေနဲ့လည်း ဖွင့်လာတာတွေ့ရတယ်။ မကွေးမြို့နယ် တရားရုံးမှာဆိုရင် ဦးမျိုးအောင်ဆိုတဲ့လူက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားတယ်။ ပြီးတော့သူက သူ့ရဲ့ Facebook မှာ တိုင်ထားတယ် ဆိုတာကို တင်တယ်။ အဲဒီလိုရေးလိုက်လို့ဆိုပြီး အချုပ်ထဲရောက်နေတယ်။ အခုဟာက ငါ့ကိုဒီလိုလုပ်ရင်တော့ ဒီလိုပြန်လုပ်မယ်ဆိုတာ ဖြစ်နေတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အဟန့်အတားတစ်ခု ဖြစ်နေသည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အား ဖျက်သိမ်းသင့်သည့် အခြေအနေတွင် ရှိသော်လည်း လက်ရှိတွင်မူ အဆိုပါ ဥပဒေကို ဖျက်သိမ်းရန် တောင်းဆိုမှု နည်းပါးလျက်ရှိသည်ကို တွေ့ရသည်။

ဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ထင်မြင်ယူဆခွင့်၊ ရေးသားခွင့်များမှာ အသက်သွေးကြောတစ်ခုဖြစ်သည်။ သို့သော် ယင်းကဲ့သို့ ပြုလုပ်မည်ဆိုပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်နေသည်ကိုလည်း တွေ့ရသည်။ ယင်းပုဒ်မအား ပြောင်းလဲလိုက်သည်ဟု ဆိုသော်လည်း ယင်းပြောင်းလဲမှုမှာ သိသာထင်ရှားခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

လွန်ခဲ့သည့် နှစ်နှစ်ကာလအတွင်း အာဏာရှိသူတို့သည် ၎င်းတို့၏ လုပ်ရပ်အပေါ် ဝေဖန်မေးခွန်းထုတ်သူများအား ပုဒ်မ ၆၆ (ဃ) ကို လက်နက်သဖွယ် ရွေးချယ်အသုံးပြု၍ အပြစ်ပေးခဲ့ကြောင်း၊ အစိုးရ၏ ၂၀၁၇ ခုနှစ် သြဂုတ်လက ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ချက်သည် သိသာထင်ရှားသော ထိရောက်မှု မရှိခဲ့ကြောင်းနှင့် အစီရင်ခံစာတွင် ပုဒ်မ ၆၆ (ဃ) သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေကြောင်း ရှင်းလင်းထားပြီး တရားဝင် ဆွေးနွေးငြင်းခုံမှုကို ဖြတ်တောက်တားဆီးရန် ပုဒ်မ ၆၆ (ဃ) ကို အသုံးပြုနေဆဲဖြစ်ကြောင်း ထင်ရှားသည့် အထောက်အထား ရှာဖွေတွေ့ရှိခဲ့ကြောင်း Free Expression Myanmar (လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒီမိုကရေစီစနစ်ကျင့်သုံးမည်ဟု ပြောဆိုထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်အတွက် အဟန့်အတား၊ နိုင်ငံတိုးတက်ရေးတွင် ကြီးမားသော အထောက်အကူဖြစ်မည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အဟန့်အတားဖြစ်နေသည့် ယင်းဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အား အစိုးရနှင့် လွှတ်တော်က မည်သို့မည်ပုံ ပြန်လည်ကိုင်တွယ်မည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ပေသည်။

Most Read

Most Recent