<

ကျွန်တော့်ချစ်သူ ဈေးသည်မ

(၁)

“ဟေး” ခနဲထအော်ပြီး တစ်ဟုန်ထိုး ပြေးဆင်းလာကြသည့် လူအုပ်ကြီးကြားထဲတွင် ပုံပန်းသဏ္ဍာန်ကွဲပြားသည့် အမူအရာတစ်ခုသည် အထင်းသားပေါ်လွင်နေသည်။ သေချာပြီ။ မျက်နှာမှာ ခမောက်ဖြင့်ကွယ်နေသော်လည်း မြင်ဖူးနေကျ ခြင်းပလိုင်းတစ်ခုကို တွေ့လိုက်ရုံမျှဖြင့် သူမမှန်း တပ်အပ်သိရသည်။

ညနေခင်းနှင့် ကလူကျီစယ်နေသော နေမင်းမှာ အနောက်အရပ်ကို မေ့လျော့နေလေသည်။ ဖုထစ်ရွတ်တွသည့် တောင်တန်းတို့သည် ရွှေရောင်လွှမ်းချင်ချင်ဖြစ်နေသော်လည်း မီးစာကုန်ရေခန်းလုနီး အိုစာမှုကို ဟန်မကိုယ့်နိုင်ကြတော့ချေ။ တစ်ချက်ကလေးသော်မှ လေက မဝှေ့သော်လည်း ဆောင်းရိပ်၏ အအေးဓာတ်ကလူတစ်ကိုယ်စာ ချွေးသိပ်ပေးနိုင်စွမ်းရှိသည်။ သူမကို မြင်လိုက်မှပဲ နှစ်ကိုယ်စာ ရင်ပူလာရသည်။

သနပ်ခါးရေကျဲကျဲကို ဖြစ်သလိုသာ လိမ်းထားပြီး ဆံပင်ကိုကြက်ပေါင်ကွင်းဖြင့် စည်းထားသည်။ စင်ကြယ်ဖိနပ်ကိုစီးသည်။ အသားအရေမှာ အနည်းငယ်ညိုညက်ချင်ပါသော်လည်း ၀င်းဝါသည်။ နုနုဖပ်ဖပ်  ၀င်းမွတ်သည်မျိုးတော့ မဟုတ်။ ခန္ဓာကိုယ်မှာ ပါးလှပ်၍ပေါ့ပေါ့ပါးပါး ရှိလှသည်။ ထို အမူအရာလေးကိုပဲ ကျွန်တော်အသည်း စွဲခဲ့ရသည်။ သူမအကြောင်း စဉ်းစားမိသည်နှင့် ခေါင်းစခြေဆုံး သူမ၏ တစ်ကိုယ်လုံးသည် မျက်လုံးထဲက မထွက်တော့ပေ။ ပစ္စက္ခမြင်ကွင်း၌တွင်လည်း ရာနှင့်ချီသော လူအုပ်ကြီး  ကွယ်ပျောက်သွားခဲ့ပြီး အသော့လေး ဆင်းလာတဲ့ သူမတစ်ဦးတည်းကိုသာ ငေးကြည့်နေမိသည်။

 

(၂)

သူမနာမည်က အေးမိ။ ဈေးသည်မလေးတစ်ယောက် ဖြစ်သည်။ ဈေးသည်ဆိုပေမယ့် သမားရိုးကျ ဈေးသည်မျိုးတော့ မဟုတ်။ ယောက်ျားရင့်မာတွေချည်း ရှိတဲ့ကြားထဲမှာပဲ လှုပ်ရှားရုန်းကန်ရတဲ့ ဈေးသည်မလေး တစ်ယောက်။ နယ်မြေကြမ်းတမ်းတဲ့ မှော်ထဲက မှော်ဈေးသည်လေးတစ်ယောက် ဖြစ်သည်။ အရင်က စွန့်ပစ်မြေစာပုံတစ်ခုမှာ  အဒေါ်ဖြစ်သူနှင့် ဈေးရောင်းသည်။ အခုတော့ တစ်ဦးတည်း ခွဲထွက်လာခဲ့ကာ လူပိုများတဲ့ လုပ်ကွက်ထဲသို့ ၀င်ရောင်းသည်။ ဖားကန့်ရောက်လာသည်မှာ တစ်နှစ်ကျော်ရုံမျှ သာရှိသေးသော်လည်း အလုပ်လာဘ်မြင်သည်ဟု ဆိုရမည်။ တကယ်တမ်းမှာလည်း သူမဟာ ဈေးရောင်းပြီး စီးပွားရှာရုံစိတ်ကူးသက်သက်ဖြင့် အောက်ပြည်အောက်ရွာကနေ ရောက်လာခဲ့သည် မဟုတ်ပါလား။

သူမအကြောင်း အများအပြားကိုကျွန်တော် စုံစမ်းသိရှိထားပြီးဖြစ်ပါသည်။ မစို့မပို့သော သူမ၏ ဈေးခြင်းတောင်းလေးသည် တစ်နေ့လျှင် သုံးသောင်းဝန်းကျင် အမြတ်ကျန်အောင် ဖန်တီးပေးသည်။ ခြောက်သောင်း၊ ခုနစ်သောင်းဖိုးလောက်ရောင်းရပါက သုံးသောင်းလောက် အမြတ်ကျန်ကြောင်းကို သူမ ကိုယ်တိုင်ပြောပြဖူးသည်။ ဒီလိုဆိုပြန်တော့ အပြောလွယ်သလိုရှိသော်လည်း အလုပ်လွယ်ပြန်သည်မဟုတ်။ နံနက်ဆို ၂ နာရီ၊ ၃ နာရီအချိန်ထပြီး မှောင်ကြီးမည်းကြီးထဲ ဈေးလာရောင်းရသည်။ စွန့်စားရသည်။ ယခုလို ညနေပိုင်းအချိန်တွင် ဒုတိယအကျော့ ပြန်လာရောင်းရသည်။

သူမ၏ တစ်နိုင်စာဈေးခြင်းတောင်းထဲတွင် မုန့််ပဲသရေစာ အများအပြားမပါသောလည်း အမျိုးအမည်အတော်စုံလင်သည်။ ကွမ်းယာ၊ ဆေးလိပ်နှင့်ပစီပစာစားစရာ တချို့ဖြစ်သည့် ပေါင်မုန့်၊ ဝေဖာ၊ ဖျော်ရည်နှင့် အသီးအနှံများ ပါသည်။ ကြိုက်နှစ်သက်ရာ အချဉ်ပေါင်းကို လတ်လတ်ဆတ်ဆတ် သုပ်ပေးသည်။ မနက်ပိုင်းများတွင်တော့ ဗိုက်ဖြည့်စရာ ကောက်ညှင်းပေါင်းတို့ အကြော်တို့ ပူပူလောလော ပါတတ်သည်။

 

(၃)

ဖားကန့်ဒေသတစ်ခွင်မှာ ယခုတစ်နှစ် နှစ်နှစ်အတွင်း ပြောင်းလဲမှုများစွာရှိခဲ့သည်။ လွယ်ကူသောအရာအချို့သည် ခက်ခဲသွား တာမျိုးရှိသကဲ့သို့ မျှော်လင့်ရန်ခက်ခဲသော အရာအချို့သည် လွယ်ကူလာကြသည်။ ထိုထိုသော အပြောင်းအလဲများနောက် လူပေါင်းမြောက်မြားစွာ လိုက်ပါစီးမျောခဲ့သည်။ ဒီအထဲတွင် ကျွန်တော့်ရဲ့ ဈေးသည် မလေးသည်လည်း ရှေ့ဆုံးက ပါဝင်ခဲ့သည်။

ဟိုးယခင်က ဈေးသည်မလေးများသည် ကျောက်တူးဖော်ရေးလုပ်ကွက်များ၏  အပြင်ဘက်မှာသော်လည်းကောင်း၊ စွန့်ပစ် မြေစာပုံများပေါ်မှာသော်လည်းကောင်း ရှိကြသည်။ အထမ်းငယ်လေးဖြင့် ရောင်းသူက ရောင်းသည်။ မိုးကာတဲထိုး၍ဆိုင်ဖွင့်သူက ဖွင့်သည်။ ယခုမူကား သတ္တိခဲဈေးသည်မ လေးအချို့ နယ်ချဲ့လာကြသည်။ ၎င်းတို့၏ ပစ်မှတ်သည် ညနေ ၄ နာရီ။

ညနေ ၄ နာရီထိုးလျှင် ရေမဆေးကျောက်ရှာသူတွေ ကုမ္ပဏီလုပ်ကွက်တွေထဲ ၀င်ရှာကြသည်။ ဒီမတိုင်ခင်အထိတော့ ရှာခွင့်မရှိ။ လုပ်ကွက်လုံခြုံရေးယူထားသော တပ်ဖွဲ့ဝင်များမှ တားဆီးထားသည်။ ညနေ ၄ နာရီ မထိုးမချင်း စုပြုံစောင့်ဆိုင်းကြရသည်။ ရေမဆေးသမားအုပ်ကြီးသည် ထောင်ဂဏန်း အထိရှိလေသည်။ ဈေးသည်မလေးများမှာ ထိုရေမဆေးသမားအုပ်ကြီး လုပ်ကွက်ထဲ ၀င်ခွင့်ရချိန်ကို စောင့်ဆိုင်း၍ ရေမဆေး သမားများနှင့်အတူ လုပ်ကွက်အတွင်း ၀င်ရောက်ကာ ဈေးရောင်းချကြသည်။

 

(၄)

‘သဘောကောင်းတဲ့ဈေးသည်မ..မနောကောင်းတဲ့ဈေးသည်မ..ကျွန်တော့် ချစ်သူဈေးသည်မလေးရယ်…’

ဖားကန့်ရဲ့ မရိုးနိုင်တဲ့သီချင်းကို သူမဆီမှာ ကွမ်းယာထုပ်ရင်း အများနည်းတူ စောင်းမြောင်းဆိုကြည့်သည်။ သူမကလည်း  ရယ်သွမ်းသွေးရုံကလွဲ၍ အများနည်းတူ ကျွန်တော့်သီချင်းသံကိုမသိဘာသာပြုလိုက် သည်ချည်းပင်။

အချစ်ဆိုတာက ချစ်ရတဲ့အရာမျိုးပဲ မဟုတ်ပါလား။ သူ့ဘက်ကပဲချစ်ချစ်၊ ကိုယ့်ဘက်ကပဲချစ်ချစ် ချစ်ချင်သူကို ချစ်လို့ရတာပါပဲ။ နှစ်ဦးနှစ်ဘက်ချစ်မှ အချစ်လို့ခေါ်တွင်ရမယ်လို့ ဘယ်မှာများ ပညတ်ထားပါသလဲ။  သူမဘက်က ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကျွန်တော်က ချစ်နေရင်လည်း ဈေးသည်မလေးအေးမိဟာ ကျွန်တော့်ချစ်သူပါပဲလေ။

ဖားကန့်ရဲ့ရာဇ၀င်မှာ ရေမဆေးသမားလေးနှင့် ဈေးသည်မလေးတို့ဇာတ်လမ်းများသည် ဖန်တစ်ရာတေခဲ့ပြီဖြစ်သည်။ ရေမဆေးသမားတွေဟာ လောပန်းလောင်း တွေဆိုပါက ဈေးသည်မလေးများသည် လောပန်းကတော်လောင်းများ ဖြစ်ရမည်။ ကြည်ဖြူမည်ဆိုပါလျှင် ရာဇ၀င်သစ်အတွက် သူမနှင့်အတူ မော်ကွန်းတစ်စောင် ရေးထိုးလိုသည်။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆက်ဆံရေးမျိုးထက်ပိုတဲ့အသည်း နှစ်လွှာဂဟေ ဆက်ကာစုံမက်ချင်လှသည်။ သို့သော် ဂျင်ပဲ့ချင်းပေါက်ဖို့တော့ ကျွန်တော်ကိုယ်တိုင်က မ၀ံ့ရဲသေးပြီ။ မပြေလည်သော ဘ၀နှစ်ခုကြားမှာ သူမဟာ ဓားစာခံဖြစ်ဖို့ မထိုက်တန်ပါ။ ကျွန်တော့်ရဲ့ ခြေလှမ်းများကို နှေးကွေးထားလိုက်ပြီ။ ကျွန်တော့်ရဲ့နှုတ်ကို ဆွံ့အထားလိုက်ပြီ။ အဝေးကပင် ငေးကြည့်နေဦးမည်။

ထို့နောက်တွင်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြောပေါင်းတစ်ထောင်မှ ညှစ်ထုတ်လိုက်သော ခွန်အားအစုံသည် လက်အတွင်း မြဲမြံစွာဆုပ်ကိုင်ထားသော သံတိုင်ဆီသို့ ရောက်ရှိသွားပြီး ကျောက်စိုင်ကျောက်ခဲတို့  ကွဲကြေကုန်တော့သည်။

February 11, 2018














Copy Protected by Chetan's WP-Copyprotect.