ရေသန့်တံဆိပ်နဲ့ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတဲ့ဘဝမှ ကင်းဝေးကြပါစေ

ရေသန့်တံဆိပ်နဲ့ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတဲ့ဘဝမှ ကင်းဝေးကြပါစေ
Published 12 August 2017


သြဂုတ် ၁ ရက်က လှိုင်မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ကွင်းဆင်းစစ်ဆေးစဉ်

(၁)

လှည်းကူးနဲ့လှိုင်မြို့နယ်ရှိ ရေသန့်စက်ရုံတွေကို ရန်ကုန်တိုင်းဒေသကြီး FDA က ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး စက်ရုံ ၁၅ ရုံယာယီရပ်ဆိုင်းခဲ့ကာ စက်ရုံခြောက်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း သြဂုတ် ၃ ရက်က FDA ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းထုတ်ပြန်ခဲ့တယ်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကထောက်ခံချက်ရရှိပြီးတဲ့ သောက်ရေသန့်တွေ၊ စိစစ်ဆဲ သောက်ရေသန့်တွေနဲ့ ထောက်ခံချက်မရှိတဲ့ သောက်ရေသန့်တွေကို ကောင်းမွန်တဲ့ထုတ်လုပ်မှုနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့တာပါ။ စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် လှည်းကူးမြို့နယ်မှာ စက်ရုံလေးရုံကို ထုတ်လုပ်မှုယာယီရပ်ဆိုင်းခဲ့ပြီး စက်ရုံလေးရုံကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့ပါတယ်။ လှိုင်မြို့နယ်မှာတော့ စက်ရုံ ၁၁ ရုံကို ထုတ်လုပ်မှု ယာယီရပ်ဆိုင်းခဲ့ပြီး စက်ရုံနှစ်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ခြင်း ဖြစ်ပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ အရေးယူခံထားရတဲ့ သောက်ရေသန့်စက်ရုံတွေဟာ ယာယီရပ်ဆိုင်းထားခြင်းနဲ့ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခြင်းကို လိုက်နာခြင်းမရှိဘဲ ဆက်လက်ဖြန့်ဖြူး ရောင်းချနေမယ်ဆိုရင် အမျိုးသားအစားအသောက်ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ နောက်အဲဒီသောက်ရေသန့်လုပ်ငန်းတွေကိုလည်း ရေသန့်ထုတ်လုပ်နေခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်းနဲ့ ဈေးကွက်ထဲမှာဖြန့်ဖြူးရောင်းချခြင်း ရှိ၊ မရှိ စုံစမ်းဖော်ထုတ် ဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာထားပါတယ်။ မြန်မာပြည်မှာအထူးသဖြင့် ရန်ကုန်နဲ့မန္တလေးမှာ ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်ရောင်းချနေတဲ့ ရေသန့်လုပ်ငန်းတွေ၊ ကောင်းမွန်တဲ့ ထုတ်လုပ်မှုကျင့်စဉ် (GMP) နဲ့ ကိုက်ညီမှုမရှိတဲ့ ရေသန့်လုပ်ငန်းတွေကို မကြာခဏအရေးယူခဲ့ပါတယ်။ အရေးယူတဲ့အခါမှာလည်း လုပ်ငန်းပိတ်သိမ်းတဲ့အထိ အရေးယူခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ရှောင်တခင် ဝင်ရောက်စစ်ဆေးတဲ့အခါမှာ ရေသန့်တံဆိပ်ကပ်ပြီး မသန့်တဲ့ရေကို ရောင်းနေကြတဲ့လုပ်ငန်းတွေကို တွေ့နေရသေးပါတယ်။ ဒါတောင် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်စုံရပ်ကွက်စုံက ရေသန့်လုပ်ငန်းတွေကို စစ်ဆေးတာ မဟုတ်သေးပါဘူး။

(၂)

ကမ္ဘာ့ရေထုတွေ ညစ်ညမ်းလာမှုနဲ့အတူ သန့်ရှင်းတဲ့သောက်သုံးရေ ရှားပါးလာတဲ့အတွက် ရေကိုသန့်စင်ပြီး ပလတ်စတစ်ဘူးတွေ၊ ပုလင်းတွေနဲ့ ထည့်ရောင်းချတာကနေ ရေသန့်လုပ်ငန်းတွေ စတင်ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင် ၂၀၀၅ ခုနှစ်မတိုင်မီကတည်းက ရေသန့်နှစ်မျိုးသုံးမျိုးလောက် စတင်ရောင်းချခဲ့ပြီး ၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်ပေးထားတဲ့ ရေသန့်လုပ်ငန်းပေါင်း ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ရေသန့်ကို ၂၀ လီတာဘူး၊ တစ်လီတာဘူးတွေနဲ့ ရောင်းချခဲ့ကြတယ်။ အထူးသဖြင့် ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်တွေ၊ ရပ်ကွက်တွေမှာ ရေသန့်ဘူးတွေကို စက်ဘီး၊ ဆိုက်ကား၊ တွန်းလှည်း၊ မော်တော်ကားစသဖြင့် နည်းလမ်းမျိုးစုံနဲ့ သယ်ယူပို့ဆောင် ရောင်းချနေတာတွေ့ရသလို တံဆိပ်မျိုးစုံနဲ့ ရေသန့်ဘူးမျိုးစုံကို တွေ့နေရပါတယ်။ ပြည်သူအများစုကလည်း လိုအပ်ချက်အရ ရေသန့်လား၊ မသန့်လားဆိုတာကိုတောင် သံသယမရှိဘဲ ဝယ်ယူသောက်သုံးခဲ့ကြပါတယ်။

(၃)

ရန်ကုန်မြို့မှာ လူဦးရေထူထပ်လာတာနဲ့အမျှ သောက်ရေလိုအပ်ချက်ကလည်း မြင့်မားလာခဲ့တယ်။ အရင်ကတော့ ရန်ကုန်မြို့နေ လူအများစုဟာ အဝီစိတွင်းရေ၊ ဘုံပိုင်ရေတွေကို ရေကြည်ရေသန့်ထားပြီး အသုံးပြုခဲ့ကြတာပါ။ နောက်ပိုင်းရေသန့်လုပ်ငန်းတွေ အားကောင်းလာတော့ ဘာမှအလုပ်မရှုပ်ဘဲ အလွယ်တကူသောက်သုံးလို့ရတဲ့ ရေသန့်ဘူးတွေကို ဝယ်ယူအသုံးပြုခဲ့ကြတယ်။ ရေသန့်ဝယ်လိုအား ကောင်းလာတဲ့နောက်ပိုင်း FDA ခွင့်ပြုချက်ရ နိုင်ငံတကာအဆင့်မီ စက်တွေနဲ့ ရေသန့်ထုတ်လုပ်တဲ့လုပ်ငန်းတွေအပြင် FDA ခွင့်ပြုချက်မရှိဘဲ ရေသန့် စံချိန်စံညွှန်းမမီဘဲ ထုတ်လုပ်နေတဲ့ ရေသန့်လုပ်ငန်းတွေ၊ ရေသန့်စံချိန်စံညွှန်းမမီပေမယ့် နားလည်မှုနဲ့ ခွင့်ပြုချက်ယူပြီးလုပ်နေတဲ့ ရေသန့်လုပ်ငန်းတွေလည်း ပေါ်ပေါက်လာခဲ့တယ်။ အဲဒီလိုရေသန့်လုပ်ငန်းတွေဟာ ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြို့နယ်တွေ၊ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အတွေ့ရများပါတယ်။

စာရေးသူဟာ ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့အတွက် ရေသန့်တံဆိပ်နဲ့ မသန့်တဲ့ရေတွေကို အမြဲတမ်းကြုံတွေ့ခဲ့ရပါတယ်။ လက်ရှိ စာရေးသူဝယ်သောက်နေတဲ့ ရေသန့်ကိုတောင် ဘယ်မှာဘယ်လိုထုတ်နေလဲ၊ FDA ထောက်ခံချက်ရှိလားမရှိလား၊ ကောင်းမွန်တဲ့ ထုတ်လုပ်မှုကျင့်စဉ် (GMP) နဲ့ကိုက်ညီမှု ရှိလားမရှိလားမသိပါဘူး။ တစ်ခါတစ်လေ ရေသန့်ဘူးထဲမှာ အနည်အမှုန်တွေပါတာ၊ ရေဘူးခွံမသန့်ရှင်းတာတွေကိုတော့ တွေ့ရတတ်ပါတယ်။ ဒါကို ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြို့နယ်တွေ၊ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေထိုင်နေသူ၊ နေထိုင်ခဲ့သူ အများစုကြုံတွေ့ဖူးကြမှာပါ။ သူ့ထက်ဆိုးတာက သောက်သုံးရေအခက်အခဲဖြစ်ပြီး လူတွေရေသောက်များတဲ့ နွေရာသီမှာဆိုရင် တချို့ရေသန့်ဘူးပို့တဲ့လူတွေက ရေသန့်ကို စက်ရုံထိသွားမယူဘဲ ဘုံပိုင်ရေကို ရေသန့်ဘူးထဲထည့်ပြီး ပို့ကြတယ်လို့ စာရေးသူကြားခဲ့ဖူးတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ဟုတ်တယ်ဆိုရင်တော့ ရေသန့်ဘူးသုံးစွဲသူတွေအတွက် စိတ်မကောင်းစရာပါပဲ။ နောက်ပြီး တချို့ရေသန့်စက်ရုံတွေက ညစ်ပတ်ပြီး ရေသန့်စက်ရုံလို့တောင် ပြောရခက်တဲ့အနေအထားပါ။ တချို့ကရေသန့်ကို သူတို့နေတဲ့အိမ်မှာပဲလုပ်ပြီး ဈေးကွက်ထဲရောင်းနေကြတာမျိုးလည်း ရှိပါတယ်။ သူတို့တွေ ရေကိုဘယ်လိုသန့်အောင်လုပ်ပြီး ရောင်းနေကြတာလဲဆိုတာ ပြည်သူတွေမသိကြပါဘူး။ ပြည်သူတွေကတော့ ရေသန့်တံဆိပ်မြင်တာနဲ့ ရေသန့်လို့ထင်ပြီး ဝယ်ယူသောက်သုံးခဲ့ကြပါတယ်။

(၄)

၁၉၉၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ထုတ်လုပ်တဲ့ ရေသန့်အမျိုးအစား ၁၃၀ ကို သဘာဝသယံဇာတ ကာကွယ်ရေးကောင်စီ (NRDC) ကစစ်ဆေးကြည့်တဲ့အခါ မသန့်ရှင်းတဲ့ရေ သုံးပုံတစ်ပုံလောက်တွေ့ရပြီး အဲဒီရေသန့်တွေဟာ လူတွေကို အန္တရာယ်ဖြစ်စေတယ်လို့ သတ်မှတ်လိုက်ပါတယ်။ အမေရိကန်လို ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံမှာတောင် ရေသန့်တံဆိပ်နဲ့ မသန့်ရှင်းတဲ့ရေတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်ဆိုတော့ မြန်မာပြည်လို မွဲတေနေတဲ့နိုင်ငံမှာ ရေသန့်ဆိုပြီးမသန့်တဲ့ရေတွေ သေချာပေါက်ရှိနေမှာပဲလေ။ တကယ်ဆိုရင် ရေသန့်ထုတ်လုပ်တဲ့နေရာမှာ ရေအရင်းအမြစ်သန့်ရှင်းဖို့၊ ရေသန့်စက်က တကယ်သန့်စင်နိုင်ပြီး ရေသန့်ထည့်တဲ့ဘူးတွေ သန့်ရှင်းဖို့၊ ထုတ်လုပ်တဲ့နေရာနဲ့ သယ်ယူပို့ဆောင်တဲ့နေရာတွေမှာ စနစ်ကျပြီး သန့်ရှင်းဖို့လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ရိုးရိုးရေနဲ့ရေသန့်ဟာ ဘူးနဲ့ထည့်တာနဲ့ မထည့်တာပဲကွာပါလိမ့်မယ်။

သောက်သုံးဖို့မသင့်တဲ့ ရေသန့်တံဆိပ်နဲ့ ရေတွေဟာ အရည်အသွေး အာမခံချက်မရှိတဲ့အပြင် အန္တရာယ်လည်းရှိပါတယ်။ ပညာရှင်တွေကလည်း မြန်မာပြည်မှာ သောက်သုံးနေကြတဲ့ ရေသန့်တွေအနက် အချို့ရေသန့်တွေက ရေသန့်စင်မှုစနစ်အဆင့် PPM နဲ့ကြည့်မယ်ဆိုရင် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်တဲ့အတွက် သတိထားဖို့လိုအပ်နေပြီလို့ ပြောခဲ့ကြပါတယ်။ ရေသန့်စစ်ဆေးမှုတွေအရ နာမည်ကျော် ရေသန့်အချို့မှာတောင် ရေမသန့်စင်မှု PPM ဟာ သုညဒသမ ၄၈ အထိရှိပြီး သာမန်တွင်းထွက်ရေနဲ့ ရေအမျိုးမျိုးမှာ သုညဒသမ ၅၁ ရှိတယ်လို့ သိရပါတယ်။ ရေထဲမှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ကပ်ပါးပိုးတွေ၊ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ၊ လူ (သို့) ပတ်ဝန်းကျင်ကို ဆိုးကျိုးပေးနိုင်တဲ့ ပိုးမွှားတွေပါဝင်နေရင် ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မသန့်တဲ့ရေကို သောက်သုံးမိရင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနိုင်သလို ဓာတုပစ္စည်းတွေပါဝင်တဲ့ ရေကိုနေ့စဉ်သောက်သုံးခြင်း၊ ရေချိုးခြင်းတွေကြောင့် အရေပြားနဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ပါတယ်။

(၅)

တကယ်တော့ လူသားတွေအားလုံး ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် သန့်ရှင်းတဲ့ရေလိုအပ်ပါတယ်။ ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်ရှိတဲ့ လူတစ်ဦးအတွက် ရေသုံးလီတာခွဲ နေ့စဉ်လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ရေများများသောက်ရင် ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ဆိုကြပေမယ့် မိမိကိုယ်အလေးချိန် အချိုးအစားအတိုင်း လိုအပ်သလောက်ရေကိုသာ သောက်သုံးသင့်ပါတယ်။ ဘာသာရေးရှုထောင့်အရ ဓာတ်ကြီးလေးပါးမှာလည်း ရေဓာတ်က အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် “ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်” ဆိုပြီး ဆိုရိုးစကားရှိခဲ့တာ မဟုတ်လား။ လက်ရှိမှာလည်း ရန်ကုန်နေလူထုကို ခြိမ်းခြောက်နေတဲ့ H1N1 ဗိုင်းရပ်စ်ကို ကာကွယ်ရေး နည်းလမ်းတွေထဲမှာတောင် ရေများများသောက်ပါဆိုတာပါပါတယ်။ ဒါကြောင့် လူသားတွေအတွက် ရေဟာ လုံးဝမရှိလို့မဖြစ်တဲ့အရာပါပဲ။ အဲဒီလိုမရှိမဖြစ် လိုအပ်နေတဲ့ရေဟာ သန့်ရှင်းနေဖို့လည်းလိုပါတယ်။ ရေတွေသန့်ရှင်းမှု နည်းနေတယ်ဆိုလို့ လူတွေဟာရေသန့်တွေကို ဝယ်သောက်ခဲ့ကြတယ်။ အခုအဲဒီရေသန့်တွေထဲမှာမှ မသန့်ရှင်းတဲ့ ရေသန့်တွေရှိနေတယ်။ မကြာခဏလည်း စစ်ဆေးတွေ့ရှိနေပါတယ်။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ အမြစ်ပြတ်နှိမ်နင်းပေးသင့်ပါတယ်။

နောက်ပြီး FDA က ရေသန့်စက်ရုံတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး လုပ်ငန်းပိတ်သိမ်းအရေးယူမှုတွေကို အဂတိလိုက်စားမှုကင်းကင်းနဲ့ အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်ဖို့လိုပါတယ်။ လုပ်ဆောင်တဲ့နေရာမှာလည်း မြို့နယ်အနှံ့မှာရှိတဲ့ ရေသန့်တံဆိပ်နဲ့ မသန့်တဲ့ရေသန့်လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက် အရေးယူဖို့လိုပါတယ်။ ပြည်သူတွေဟာ ရေသန့်ကို တန်ရာတန်ကြေးနဲ့ ဝယ်ယူသောက်သုံးနေချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း ပြည်သူအပေါ် စေတနာထားပြီး တကယ်သန့်စင်တဲ့ ရေသန့်တွေကိုသာ ရောင်းချပေးစေချင်ပါတယ်။

အစိုးရနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့လည်း စနစ်တကျ စုံစမ်းစစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ်ပြုလုပ်ပြီး စံချိန်စံညွှန်းမကိုက်ညီတဲ့ သောက်သုံးဖို့မသင့်တဲ့ ရေသန့်တွေကို ပြည်သူတွေသိအောင် ကြေညာပေးရပါမယ်။ ပြီးရင် အဂတိလိုက်စားမှုကင်းစွာနဲ့ ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ ဒါမှသာ ပြည်သူတွေဟာ ရေသန့်တံဆိပ်နဲ့ မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးနေရတဲ့ဘဝမှ ကင်းဝေးကြရမှာဖြစ်ပါတယ်။

Writer - မင်းချစ်နိုင်

Most Read

Most Recent