ပြဇာတ်မဆန် ဖြစ်ရပ်မှန်

ပြဇာတ်မဆန် ဖြစ်ရပ်မှန်
Published 11 February 2018

The Wild Geese ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတစ်ခန်း

တစ်ခါတလေ ရုပ်ရှင်ကြည့်နေရင်းနဲ့ ကိုယ်မသိတာတွေကို မမျှော်လင့်ဘဲ သိလိုက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ အင်တာနက်တွေ မပေါ်သေးတဲ့ ခေတ်တုန်းက အမေရိကန်ဒေါ်လာ ၁၀၀၀ တန်ကို တွေ့ဖူးသလားလို့ မိတ်ဆွေတချို့ကို မေးကြည့်တဲ့အခါ သူတို့က တွေ့တော့မတွေ့ဖူးဘူး၊ ကြားတော့ ကြားဖူးတယ်လို့ ဖြေခဲ့ကြပါတယ်။ အဲဒါနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ရာက ရုပ်ရှင်ဇာတ်ကားတစ်ကားထဲမှာ အမေရိကန် ဒေါ်လာ ၅၀၀၀၀၀ ကို ဒေါ်လာ ၁၀၀၀ တန်တွေနဲ့ ချည်းပေးသွားတာကို တွေ့လိုက်ရပါတယ်။ အဲဒီအခါကျမှ သတိရပြီး အင်တာနက်အားကိုးနဲ့ လိုက်ရှာကြည့်လိုက်တဲ့အခါ ဒေါ်လာ ၁၀၀၀ တန်ကို ၁၉၄၅ ခုနှစ်မှာ စတင်ရိုက်နှိပ်ခဲ့ပြီး ၁၉၆၉ ခုနှစ်ရောက်တော့ ဆက်မရိုက်ကြတော့တဲ့အကြောင်း သိလိုက်ရပါတယ်။ အဲဒီလိုလိုက်ရှာကြည့်ရင်းနဲ့ ရှေးယခင်တုန်းက ဒေါ်လာ ၅၀၀၀ တန်၊ ၁၀,၀၀၀ တန်သာ မက ၁၀၀,၀၀၀ တန်အထိတောင်  ရိုက်နှိပ်ခဲ့ ဖူးတယ်ဆိုတာကိုပါ သိခဲ့ရပါတယ်။ တစ်သိန်းတန်ကို အများပြည်သူတွေကြားမှာ သုံးစွဲဖို့မဟုတ်ဘဲ ဘဏ်အချင်းချင်း ငွေလွှဲပြောင်းတဲ့နေရာမှာ သုံးစွဲဖို့ ၁၉၃၄ ခုနှစ်နဲ့ ၁၉၃၅ ခုနှစ်တွေမှာ ရိုက်နှိပ်ခဲ့ပြီး ၁၉၆၉ ခုနှစ် နောက်ပိုင်းရောက်တော့ ဒီ ၁၀၀၀ တန်နဲ့ ၁၀၀၀ တန်ရဲ့အထက် တန်ဖိုးကြီးငွေစက္ကူတွေကို လုံးဝမမြင်ရ မတွေ့ကြရတော့ပါဘူး။ အဲဒါ ဒေါ်လာ ၁၀၀၀ တန်တွေ တွေ့လိုက်ရတဲ့ ဇာတ်ကားကတော့ ၁၉၆၈ ခုနှစ်က အဖြစ်အပျက်တွေကို အခြေခံဇာတ်လမ်းဆင် ရိုက်ကူးထားပြီး ၁၉၇၈ ခုနှစ်မှာ ထွက်ပေါ်လာခဲ့တဲ့ The Wild Geese ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ စိတ်ကူးယဉ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်တုန်းက အာဖရိကားက ရိုဒီးရှားနိုင်ငံမှာ အလွန်ထူးဆန်းတဲ့ လေယာဉ်တစ်စင်း ဆင်းသွားတယ်လို့ ကောလာဟလတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ လေယာဉ်ပေါ်မှာ ကြေးစားစစ်သားတော် တော်များများနဲ့ နာမကျန်းဖြစ်နေတဲ့ ကွန်ဂို သမ္မတ ‘မိုဆီရွှန်ဘီ’ ပါသွားတယ်လို့ ပြောတဲ့လူလည်း တော်တော်များပါတယ်။ သမ္မတဟာ ကြေးစားစစ်သားတချို့ရဲ့ အဓမ္မခေါ်ဆောင်သွားတာကို ခံခဲ့ရတာဖြစ်ပြီးနောက် ၁၉၆၉ ခုနှစ်ရောက်တော့ မိုဆီရွှန်ဘီဟာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီသတင်းဖြစ်ပြီးတဲ့နောက် ၁၉၇၈ ခုနှစ်မှာ အင်္ဂလိပ်နွယ်ဖွား ရိုဒီးရှားစာရေးဆရာ ‘ဒန်နီ ယယ်ကာနေ’  Daniel Carney (၁၉၄၄-၁၉၈၇) က The Wild Geese ဆိုတဲ့ ဝတ္ထုကို ရေးသားထုတ်ဝေပြီး မကြာခင်မှာ နာမည်တူနဲ့ပဲ ရုပ်ရှင် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့နာမည် ဖြစ်ပေါ်လာရတာကလည်း သမိုင်းကြောင်း ရှိပါတယ်။ ၁၇ ရာစုနှစ်တုန်းက အိုင်ယာလန်မှာ ‘ငန်းရိုင်း’ လို့ခေါ်တဲ့ ကြေးစားစစ်သားတွေရှိခဲ့ပါတယ်။ ဒီနာမည်ကို သဘောကျသွားတဲ့ တောင်အာဖရိက,က ကြေးစားစစ်သားတချို့ဟာ ဒီနာမည်ကိုယူပြီး အသုံးပြုလာခဲ့ရာက ဒီဝတ္ထုနဲ့ ဒီဇာတ်ကားရဲ့ နာမည်ဟာလည်း ‘ငန်းရိုင်းများ’ The Wild Geese ရယ်လို့  ဖြစ်လာခဲ့ရတာပါပဲ။

‘ဖော့ခနာ’ Richard Burton ဟာ တစ်ချိန်က ဗြိတိသျှတပ်မတော်မှာ ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခုတော့ ကြေးစားစစ်သားတစ်ဦး ဖြစ်နေပါပြီ။ သူဟာ အင်မတန်ရက်စက်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဆာဘွဲ့ရသူဌေးကြီး ‘မတ်သဆန်’ Stewart Granger ကိုတွေ့ဖို့ လန်ဒန်ကို ရောက်လာပါတယ်။ မတ်သဆန်ဟာ တောင်အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ‘ဇင်ဘာလာ’ က အကျဉ်းကျနေတဲ့သမ္မတကြီး ‘လင်ဘာနီ’ ကို ကယ်တင်ချင်နေပါတယ်။ လင်ဘာနီဟာ ဗိုလ်ချုပ်ကြီး ‘အန်ဒိုဖာ’ ရဲ့ ဖြုတ်ချခြင်းကို ခံထားရသူဖြစ်ပြီး အခုသူဟာ ဇင်ဘာလာနိုင်ငံ တောတွင်းတစ်နေရာက ဗိုလ်ချုပ်ကြီး အန်ဒိုဖာရဲ့ ‘ဆင်းဘား’ လို့ခေါ်တဲ့ တပ်သားတွေ စောင့်ကြပ်ထားတဲ့ တောတွင်းအကျဉ်း စခန်းတစ်ခုမှာ အချုပ်နှောင်ခံနေရတဲ့အပြင် မကြာခင်မှာ ကွပ်မျက်ခံရတော့မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဖော့ခနာဟာ မတ်သဆန်အပ်တဲ့ သမ္မတကြီးကို ကယ်တင်ဖို့ လုပ်ငန်းကို လက်ခံလိုက်ပြီး လုပ်ငန်းအကောင်အထည်ဖော်ဖို့ လူစုရာမှာကြေးစား စစ်သား ၄၉ ယောက်ရပြီး အများစုဟာသူနဲ့ အတူ လက်တွဲတာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်။ အဲဒီအထဲမှာ စစ်မြေပြင် အတွေ့အကြုံများသူ အငြိမ်းစားဗိုလ်ကြီး ‘ဂျင်ဒါး’ Richard Harris ဗြိတိသျှလေ တပ်မတော်က အငြိမ်းစားတိုက်လေယာဉ်မှူး ‘ရှောင်ဖင်း’ Roger Moore နဲ့ ရှောင်ဖင်းခေါ်လာခဲ့တဲ့ တောင်အာဖရိကတပ်မတော်က ဗိုလ်အဆင့်နဲ့ထွက်လာခဲ့သူ ‘ကွတ်ဇီး’ Hardy Kruger ဆိုသူတို့ပဲ ဖြစ်ကြပါတယ်။ သူတို့ဟာ ဗြိတိသျှအစိုးရရဲ့ ခွင့်ပြုချက်နဲ့ အာဖရိက,က ဆွာဇီလန်ဆိုတဲ့ နိုင်ငံကို လေယာဉ်နဲ့သွားပြီး အဲဒီမှာ စစ်ရေးလေ့ကျင့်တာတွေ၊ လက်နက်တပ်ဆင်တာတွေ လုပ်ကြပါတယ်။ စစ်ဆင်ရေးမစခင်မှာ ဗိုလ်ကြီးဂျင်ဒါးဟာ ဗိုလ်မှူးကြီး ဖော့ခနာဆီက ကတိတစ်ခုကို တောင်းပါတယ်။ အဲဒါကတော့ ဒီစစ်ဆင်ရေးမှာ သူတစ်ခုခုဖြစ်သွားခဲ့ရင် ခုနစ်နှစ်အရွယ် သူ့ရဲ့တစ်ဦးတည်းသော သားလေး ‘အမီး’ ကို တစ်သက်လုံး ကြည့်ရှုစောင့်ရှောက်ပေးသွားဖို့ပါပဲ။

ကြေးစားစစ်သည်တွေဟာ ဇင်ဘာလာ နိုင်ငံတောတွင်း တစ်နေရာက အကျဉ်းစခန်းကို လေထီးနဲ့ ခုန်ဆင်းကြပါတယ်။ လေယာဉ်ပေါ်က ဒီအတိုင်းခုန်ဆင်းပြီး မြေကြီးနဲ့နီးမှ လေထီးကိုဖွင့်တဲ့ HALO  (High Altitude Low Open) ဆင်းနည်းမျိုးနဲ့ ဆင်းကြတာပါ။ သူတို့ဟာ ရန်သူ့ခံစစ်ကြောင်းတွေကို ထိုးဖောက်ဝင်ရောက်ပြီး သမ္မတကြီးကို ကယ်တင်နိုင်ခဲ့ကြပါတယ်။ သမ္မတကြီးကတော့ အချိန်အတော်ကြာ နာမကျန်းဖြစ်နေခဲ့လို့အတော့်ကို အားနည်းနေပါပြီ။ သူတို့ဟာ သမ္မတကြီးကိုခေါ်ဆောင်ပြီး လေယာဉ်ကွင်းဟောင်း တစ်ခုဆီကိုရောက်အောင် ချီတက်နိုင်ခဲ့ကြပါတယ်။ ဒီလေယာဉ်ကွင်းဟောင်းမှာပဲ သူတို့အားလုံးကို ကယ်ထုတ်မယ့် လေယာဉ်လာမှာဖြစ်ပြီး မူလက ချိန်းထားတဲ့အချိန်မှာ သူတို့ရောက်အောင် လာနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်ကျမှ မတ်သဆန်က ကယ်တင်ဖို့ စီမံချက်ကို ဖျက်လိုက်ပါတယ်။ ဒါကလည်း ဇင်ဘာလာက ဗိုလ်ချုပ်ကြီး အန်ဒိုဖာကသမ္မတ လင်ဘာနီကိုပြန်ပေးရင် ဇင်ဘာလာက ကြေးနီသတ္တုမိုင်းတွင်းတွေအားလုံး သူ့ကို လုပ်ခွင့်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို မတ်သဆန်က လက်ခံလိုက်လို့ပါပဲ။ ကယ်ဆယ်ရေးလေယာဉ်ဟာ ပြေးလမ်းပေါ် ဆင်းပြီးကာမှ အရှိန်ယူပြီး ပျံတက်သွားပါတယ်။ လေယာဉ်မှူးက အမိန့်အတိုင်းဆောင်ရွက်လိုက်ရလို့ စိတ်မကောင်းပါဘူး၊ မိတ်ဆွေတို့ ကံကောင်းပါစေလို့ ဆက်သွယ်ရေး စက်ထဲကနေ ပြောသွားပါတယ်။ ဒါ့ကြောင့် ဖော့ခနာတို့အဖွဲ့ဟာ ဇင်ဘာလာတောနက်တွေအတွင်းမှာ သမ္မတနဲ့အတူ သောင်တင်သွားပါတော့တယ်။ သမ္မတကို ကယ်တင်ပြီး လွတ်မြောက်အောင် ကြိုးစားရာမှာ ဗိုလ်ချုပ်ကြီး အန်ဒိုဖာရဲ့ ဆင်းဘားစစ်သည်တွေဟာ စစ်ရေးကျွမ်းကျင်သူတွေဖြစ်လို့ ဖော့ခနာတို့ဘက်က အကျအဆုံးတွေများပြီး ကျဆုံးသူ တွေထဲမှာကွတ်ဇီးလည်း ပါသွားပါတယ်။

ဒီလိုနဲ့ ဖော့ခနာတို့ကြေးစားစစ်သည် အဖွဲ့ဟာ သမ္မတကြီးလင်ဘာနီရဲ့ ဇာတိချက် ကြွေဖြစ်တဲ့ ‘ကာလီမာ’ ဆိုတဲ့ ရွာလေးကို ရောက်လာကြပါတယ်။ ရွာလေးမှာရှိတဲ့ အိုင်ယာလန်လူမျိုး သာသနာပြုဘုန်းတော်ကြီးက ရိုဒီရှားနိုင်ငံလောက်အထိတော့ ပျံလို့ရနိုင်မယ့် စစ်သုံး ဒေါက်ကလပ်စ်ဒါကိုတာ လေယာဉ်တစ်စီးတော့ အနီးအနားတစ်ဝိုက်မှာရှိနေကြောင်း ပြောပြပါတယ်။ ဒီလေယာဉ်ကို ဗိုလ်ရှောင်ဖင်း စက်နှိုးနေတဲ့အချိန်မှာတော့ ဆင်းဘားတပ်သားတွေဟာ အနားကို ရောက်လာကြပါပြီ။ တရစပ်ပစ်ခတ်နေတဲ့ ကျည်ဆန်တွေကြားကနေ လေယာဉ်ပေါ် တက်ကြရတာမို့ ဒီတစ်ခါ အကျအဆုံးကတော့ အရင်ကထက်တောင် ပိုပြီးများပါသေးတယ်။ ဂျင်ဒါးလည်း သေနတ်ထိမှန်ထားလို့ ပြေးလမ်းပေါ်မှာ ထော့နဲ့ထော့နဲ့ နဲ့ အားယူလျှောက်နေရတာမို့ ပြေးနေတဲ့ လေယာဉ်နောက်ကိုမီအောင် လိုက်မတက်နိုင်တော့ပါဘူး။ သူ့နောက်မှာလည်း ဆင်းဘားစစ်သားတွေ ကပ်လိုက်လာကြပါတယ်။ ဒါ့ကြောင့် ဖော့ခနာ ငါ့ကိုပစ်လိုက်ပါတော့လို့ အော်နေရှာပါတယ်။ ဒါ့ကြောင့် ဖော့ခနာဟာ စိတ်မချမ်းမသာစွာနဲ့ပဲ ရဲဘော်ရဲဘက်တစ်ယောက်ရဲ့ ဇီဝိန်ကိုခြွေပေးလိုက်ရပါတယ်။ အခုတော့ သမ္မတကြီးနဲ့ စစ်သည် ၁၃ ယောက်ပဲ ကျန်ပါတော့တယ်။ ဗိုလ်ရှောင်ဖင်းဟာ လေယာဉ်ကို ရိုဒီးရှားနိုင်ငံက ‘ကာရီဘာ’ လေဆိပ်မှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကျသွားပါပြီ။ သမ္မတကြီးဟာ လေဆိပ်အရောက်မှာပဲရထားတဲ့ သေနတ်ဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့ပါပြီ။ ဒါ့ကြောင့် စစ်ဆင်ရေးဟာ မအောင်မြင်တော့ပါဘူး။

နောက်သုံးလအကြာမှာ ဖော့ခနာဟာ လန်ဒန်က မတ်သဆန်ရဲ့အိမ်ကြီးထဲကို ရောက်လာပါတယ်။ ဖော့ခနာက မတ်သဆန်ကို သေနတ်နဲ့ချိန်ပြီး နံရံမှာ လုပ်ထားတဲ့ မီးခံသေတ္တာကို ဖွင့်ခိုင်းပါတယ်။ မီးခံသေတ္တာထဲက ငွေတွေ ထုတ်ခိုင်းတဲ့အခါ အားလုံးအမေရိကန်ဒေါ်လာ တစ်ထောင်တန်တွေချည်းဖြစ်နေပြီး တန်ဖိုးကတော့ ဒေါ်လာငါးသိန်းတိတိ ရှိနေတာကို တွေ့ရပါတယ်။ ငွေတွေအားလုံး အိတ်ထဲထည့်ပြီးတဲ့အခါ ဖော့ခနာရဲ့ အသံတိတ် ကိရိယာတပ်ထားတဲ့ ပစ္စတိုပြောင်း၀ တုန်ခါသွားပြီး မတ်သဆန်လည်း လဲကျသွားပါတယ်။ ဖေ့ခနာဟာ အိမ်အပြင်ကကားထဲမှာ အသင့်စောင့်နေတဲ့ ဗိုလ်ရှောင်ဖင်းနဲ့အတူ မတ်သဆန်ရဲ့အိမ်ထဲက အောင်မြင်စွာ ထွက်ခွာလာနိုင်ခဲ့ပါတယ်။ ဖော့ခနာဟာ ဗိုလ်ကြီးဂျင်ဒါးကိုပေးခဲ့တဲ့ ကတိအတိုင်း ဘောလုံးကွင်းမှာ ရောက်နေတဲ့ ဂျင်ဒါးရဲ့ သားအမီးကို သွားတွေ့ပြီး သူ့အဖေက ဘာတွေမှာ သွားခဲ့တယ်ဆိုတဲ့အကြောင်း အမီးကို ပြောပြနေချိန်မှာ ရုပ်ရှင်လည်းပြီးသွားပါတယ်။

ဒီဇာတ်ကားထဲမှာ တွေ့ရတဲ့ ရွာသားတွေဟာ အာဖရိက,က ဒေသခံတွေဖြစ်ကြပါတယ်။ သူတို့ရွာတွေအတွင်းမှာနဲ့ ရွာနားမှာ တိုက်ပွဲတွေဖြစ်လို့ သူတို့တစ်တွေ ပြေးကြလွှားကြ၊ သေကြကျေကြရပုံတွေကတော့ ကိုယ်တို့ဆီကနဲ့ သိပ်မကွာလှပါဘူး။ ဒီဇာတ်ကားဟာ လောကမှာ အာဏာမရှိရင်လည်း ငွေရှိ၊ ငွေမရှိရင်လည်း အာဏာရှိမှ လူ့ဘဝမှာ လူဖြစ်ရကျိုးနပ်တယ်လို့ ယုံကြည်လက်ခံထားသူတွေအကြားမှာ မြေစာပင်ဖြစ်ကြရတဲ့ ပြည်သူတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ စာရေးဆရာဟာ အာဖရိကအကြောင်း ကောင်းကောင်း သိနေသူဖြစ်တဲ့အတွက် ဇာတ်လမ်းဟာ တော်တော်သဘာဝကျနေပါတယ်။ ဒါပေမဲ့ ရုပ်ရှင်အဖြစ် ပေါ်ထွက်လာတဲ့အခါမှာတော့ ဇာတ်လမ်းဟာ အတော့်ကို ကွဲလွဲသွားပါပြီ။ ရုပ်ရှင်ဟာ ကြည့်ကောင်းသလိုရှိပေမယ့် သဘာဝမကျတော့ဘဲ တအားပြ ဇာတ်ဆန်နေတာကို တွေ့ရပါတယ်။ စစ်ပွဲနဲ့ မရင်းနှီး မကြုံတွေ့ဖူးသူတွေ အကြိုက်ဖြစ်အောင် တမင်ရိုက်ပြထားတဲ့အတွက် အခုလို ဖြစ်သွားရတာလို့ ထင်မိပါတယ်။ စစ်တိုက်ဖူးသူတွေနဲ့ စစ်ဘေးစစ်ဒဏ်ခံခဲ့ရဖူးသူတွေ အနေနဲ့ကတော့ အဖြစ်မှန်နဲ့မနီးစပ်ဘဲ ပြဇာတ်ဆန်လွန်းလှတဲ့ ဒီဇာတ်ကားကို မခံစားနိုင်ကြပါဘူး။ စာရေးဆရာဟာ ကင်ဆာရောဂါ ဝေဒနာကြောင့် အသက် ၄၃ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားတဲ့အတွက် သူ့ဝတ္ထုတွေကို လူတွေနောက်ထပ် ဖတ်ခွင့်မရကြတော့ပါဘူး။ သူ့အတွက်ကတော့ ဒီလိုဝတ္ထုမျိုးဖန်တီး ရတာဟာသူ့ရှေ့မှာ ဖြစ်ပျက်နေတာတွေကိုပဲ ကြည့်ရေးရတာမို့ ဘာမှအခက်အခဲရှိဟန် မတူပါဘူး။ ဒါ့ကြောင့် သူသာ မသေခဲ့ရင် သူ့ရဲ့ အဖြစ်မှန်ဝတ္ထုတွေ အမြောက်အမြားကို ဆက်ဖတ်ကြရဦးမှာဖြစ်သလို လူကြည့်များ အောင်ရိုက်ထားတဲ့ ပြဇာတ်ဆန်ဆန်စစ် ကားတွေကိုလည်း ဆက်ကြည့်ခွင့်ရကြဦးမယ် ထင်ပါတယ်။

ဒီဇာတ်ကားမှာ အမေရိကန်မင်းသား မပါ,ပါဘူး။ နာမည်ကြီး မင်းသားလေးယောက်စလုံးဟာ အင်္ဂလိပ်တွေချည်း ဖြစ်နေကြပေမယ့်လည်း အောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ စစ်ကားကိုရိုက်လိုကြတဲ့ အဓိကအကြောင်းရင်းတစ်ချက်ရှိပြီး အဲဒါကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ စစ်ဖြစ်မနေတဲ့အတွက် စစ်ဖြစ်ရာအရပ်ဒေသက လူတွေကို အဝေးကနေ လှမ်းပြီးလေ့လာ စူးစမ်းလိုစိတ်နဲ့ ရုပ်ရှင်ကြည့်ချင်ကြတဲ့ ပရိသတ်တွေအများကြီး ရှိနေကြလို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီရုပ်ရှင်ကြည့်ပရိသတ်တွေကို ပြဇာတ်မဆန်ဘဲ စစ်တကယ်ဖြစ်နေတဲ့ အရပ်ဒေသတွေက လူတွေရဲ့ဖြစ်ရပ်မှန်ဘဝတွေကို မျက်မြင်တွေ့ရအောင် ခေါ်ပြလိုက်မယ်ဆိုရင်တော့ စစ်ကားကို နောင်ဘယ်သောအခါမှ ကြည့်ချင်စိတ်မရှိတော့အောင် သူတို့တစ်တွေ စိတ်ကုန်သွားကြမှာပဲ ဖြစ်ပါတယ်။

Most Read

Most Recent