အပျိုစင်ဘီလူးကျွန်း

အပျိုစင်ဘီလူးကျွန်း
Published 12 August 2017

ဘီလူးကျွန်းသည် မော်လမြိုင်မြို့၏ အနောက်ဘက်ယွန်းယွန်း သံလွင်မြစ်တစ်ဘက် ကမ်းရေပတ်လည် ဝန်းရံလျက်ရှိသော မွန်ပြည်နယ်ထဲရှိ ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။ ဘီလူးကျွန်းကို ကျေးရွာပေါင်း ၆၄ ရွာ (ယခု ၇၈ ရွာဟုလည်း ပြန်လည်သတ်မှတ်ထား)၊ ကျေးရွာအုပ်စု ၄၆ ယခု ၄၃ အုပ်စုဟု ပြန်လည်သတ်မှတ်ထား) အုပ်စုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ချောင်းဆုံမြို့နယ်ဟုလည်း ခေါ်ဆိုသည်။ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) နှင့်အတူ အငြင်းပွားဖွယ်ရာများဖြင့် ဘီလူးကျွန်းသည် လှုပ်ခတ်နိုးထရန် စိုင်းပြင်းနေပါပြီ။

ယခင်ကာလတွင် လမ်းပန်းဆက်သွယ်ရေးအတွက် ရေလမ်းခရီးတစ်ခုသာ မှီခိုအားထားခဲ့ရသည်။ သံလွင်မြစ်ပြင်ကျယ်အဝေးမှ လှမ်းကြည့်လျှင် အပျိုစင်တစ်ဦးကဲ့သို့ အစွမ်းကုန်လှပရုန်းကြွတော့မည့်ဟန်ဖြင့် ရှင်းသန့်နေသည်။ ဘီလူးကျွန်း (ခေါ်) ချောင်းဆုံမြို့နယ်သည် ကျောက်သင်ပုန်း၊ ဆေးတံနှင့် ဂဠုန်ဆရာစံစသော ပုံရိပ်များဖြင့် ရှေးယခင်ကပင် မော်ကြွားနိုင်ခဲ့သည်။ ဘီလူးကျွန်းသည် ယခင်က တစ်ကျွန်းတည်းမဟုတ်ပါ။ ဘီလူးကျွန်း၊ မုဆိုးမကျွန်း၊ ခမောင်းပင်ကျွန်းစသော ကျွန်းခွဲများ ခွဲထွက်နေပါသည်။ နှစ်ကာလကြာမြင့်လာသောအခါ သံလွင်မြစ်၏နုန်းတင်မြေများ ပို့ချမှုကြောင့် ကျွန်းသုံးခုပေါင်းစပ်သွားပြီး တစ်ကျွန်းတည်း ဖြစ်ပေါ်လာကာ ‘ဘီလူးကျွန်း’ ဟုလူအများခေါ်ဆိုလာကြသည်။ ယခုအခါတွင် ချောင်းဆုံမြို့နယ်အဖြစ် သတ်မှတ်ထားသည်။

ဘီလူးကျွန်းပေါ်တွင် ကျေးရွာပေါင်း ၆၄ ရွာ (ယခု ၇၈ ရွာဟုလည်း ပြန်လည်သတ်မှတ်ထား) ရှိပြီး ကျေးရွာအုပ်စု ၄၆ အုပ်စု (ယခု ၄၃ အုပ်စုဟု ပြန်လည်သတ်မှတ်ထား) ရှိသည်။ ရေပတ်လည်ဝန်းရံထားပြီး သံလွင်မြစ်ဝတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ တောင်မှမြောက်သို့ အလျား ၁၉ မိုင်နှင့် ၄ ဖာလုံ၊ အရှေ့မှအနောက်သို့ အကျယ်ဆုံးနေရာတွင် ၁၀ မိုင်နှင့် ၂ ဖာလုံခန့်ရှိပြီး အကျဉ်းဆုံးနေရာတွင် ၄ မိုင်နှင့် ၂ ဖာလုံခန့်ရှိသည်။ ကျွန်းကြီး၏ စုစုပေါင်းအကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း ၂၅၉ ဒသမ ၀၈၉ မိုင်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမကျူးကျော်စစ်အပြီး ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်အရ အောက်မြန်မာပြည်ကို ဗြိတိသျှများ သိမ်းပိုက်နိုင်ခဲ့သောကြောင့် ဘီလူးကျွန်းသည် ဗြိတိသျှလက်အောက်ခံအဖြစ် ကျရောက်ခဲ့ဖူးသည်။ ၁၉၀၁ ခုနှစ်မတိုင်မီ ဘီလူးကျွန်းဟုခေါ်ဆိုခဲ့ရာမှ ချောင်းဆုံမြို့နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

ကျွန်းနေပြည်သူအများစုမှာ မွန်လူမျိုးများဖြစ်ကြသည်။ အခြားသော တိုင်းရင်းသားလူမျိုးစုများလည်း စုပေါင်းနေထိုင်လျက်ရှိသည်။ နှစ်စဉ်တန်ခူးလ မဟာသြင်္ကန်ကာလမှစပြီး နှစ်ဆန်း ၁၀ ရက်နေ့ထိတိုင် မွန်ဓလေ့ ရိုးရာဘုရားပွဲများကို ကျေးရွာအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ဧပြီ ၁၄ ရက်သြင်္ကန်အကျနေ့ ‘နတ်မှော်ရွာ’ ဘုရားပွဲမှစ၍ ဧပြီ ၂၆ ရက်နှစ်ဆန်း ၁၀ ရက်နေ့ ‘ကလွီရွာ’ ဘုရားပွဲထိ နှစ်စဉ်မပျက်မကွက် ကျင်းပနေဆဲပင်ဖြစ်သည်။

အခြားသော မဟာသြင်္ကန်ရက်များနှင့် ဆက်စပ်မှုမရှိဘဲ သီးခြားကျင်းပသော ဘုရားပွဲများလည်းရှိသည်။ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်တွင်ကျင်းပသော ‘မုနိုင်းရွာ’ ဘုရားပွဲ၊ တပို့တွဲလပြည့်တွင် ကျင်းပသော ‘ကဒါရွာ’ ကျိုက်ထူရုံဘုရားပွဲ၊ တပေါင်းလဆန်း ၁၃ ရက်တွင် ကျင်းပသော ‘ဒေါင်းဥရွာ’ ဘုရားပွဲ၊ တပေါင်းလဆန်း ၁၄ ရက်တွင်ကျင်းပသော ‘ဒေါင်းရပ်နောက်’ ဘုရားပွဲ၊ တပေါင်းလပြည့်နေ့တွင် ကျင်းပသော ‘ဒရယ်ရွာ’ ဘုရားပွဲတို့ပင်ဖြစ်ပါသည်။

ထိုဘုရားပွဲများတွင် မွန်လူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်း အငွေ့အသက်များကို တွေ့မြင်နိုင်ပါသည်။ ဘုရားပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရပ်ဝေးရပ်နီးမှ ကွဲကွာနေသော မိသားစုဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့ကြရန်ဖြစ်သည်။ ဘုရားပွဲသို့ လာရောက်လည်ပတ်သော ဧည့်သည်များ မည်သူမဆို ‘သူစိမ်း၊ သူကျက်မခွဲခြားဘဲ အိမ်တိုင်းမှ လိုလေသေးမရှိ ဧည့်ခံကျွေးမွေးခြင်းသည် ဘီလူးကျွန်း၏ ချစ်စရာ့ မွန်ရိုးရာဓလေ့တစ်ခုဖြစ်သည်။

ဘုရားပွဲများတွင် ဘီလူးကျွန်း၏ ရိုးရာဓလေ့တစ်ခုဖြစ်သော လှည်းယာဉ်မောင်းပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပလျက်ရှိသည်။ ချောင်းဆုံမြို့နယ်ရှိ ကရင်ဝင်းစိန်ကြားဆည် ဧရိယာအတွင်းရှိ ‘မဟာကန်တော်ကြီး’ တွင် နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့တွင် ရိုးရာလှေသဘင်ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

ဘီလူးကျွန်းတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် စက်မှုလက်မှုအတတ်ပညာများ အထိုက်အလျောက် ထွန်းကားခဲ့သည်။ ရေပတ်လည်ဝန်းရံထား၍ လျှပ်စစ်မီးမရရှိခဲ့သောကြောင့် တိုးတက်မှုနှေးကွေးခဲ့ရသည်။ ဘီလူးကျွန်းရှိ လက်မှုပညာများထဲတွင် ရွာလွတ်ဆေးတံသည် မြန်မာ၌သာမက ကမ္ဘာထိတိုင်အောင် အထူးထင်ရှားခဲ့သည်။

ယခုလက်ရှိ လုပ်ကိုင်လျက်ရှိသော စက်မှုလက်မှု အတတ်ပညာများတွင် ‘မုဒွန်းရွာ’ ရှိ ကျောက်သင်ပုန်းနှင့် ကျောက်တံလုပ်ငန်းသည်လည်း တစ်ခေတ်တစ်ခါ ကျောင်းပညာရေးတွင် မရှိမဖြစ် အလွန်အသုံးဝင်ခဲ့သော ပစ္စည်းဖြစ်သည်။ ရွာလွတ်ရွာတွင် ကမ္ဘာကျော် ဆေးတံလုပ်ငန်းနှင့် လမ်းလျှောက်တုတ်လုပ်ငန်း၊ ‘ကလော့ရွာ’ နှင့် ‘နှီးမှုတ်ရွာ’ တို့တွင် ဝါးခမောက်လုပ်ငန်း၊ ‘တောင်စွန်းရွာ’ တွင် အုန်းဆံကြိုး၊ ခြေသုတ်ဖုံစသော စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသည်။ ဘီလူးကျွန်းတွင် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ၊ သမိုင်းဝင်အမွေအနှစ် သာသနိကအဆောက်အအုံများသာမက ရှေးဟောင်းမြို့များလည်း ရှိပါသေးသည်။ ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်တွင် ဟံသာဝတီပြည့်ရှင်မွန်ဘုရင် ဓမ္မစေတီမင်းသည် ပဲခူးကလျာဏီ သိမ်တော်ကြီးနှင့်အပြိုင် တစ်နိုင်ငံလုံးသိမ်ပေါင်း ၅၀၀ တည်ဆောက်ခဲ့ရာမှ ဘီလူးကျွန်းတွင် သိမ်လေးသိမ်တည်ခဲ့သည်ဟု ဆိုထားသည်။ ယခုအခါတွင် သိမ်သုံးသိမ်သာ သိရတော့သည်။ ယင်းသိမ်များမှာ ‘မုနိုင်သိမ်၊ ဘုရားကြီးကုန်းသိမ်၊ ကမာကေးသိမ်’ တို့ဖြစ်ကြသည်။

ဗုဒ္ဓသာသနာ အဓွန့်ရှည်ရန် ရည်ရွယ်၍ သာသနာပြုလုပ်ငန်း ပြန့်ပွားရေးအတွက်လည်း ဆရာတော်ကြီးများက ကြိုးစားအားထုတ်ခဲ့သည်။ ဘီလူးကျွန်းရှိ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများသည် ကောဇာသက္ကရာဇ် (၁၃၁၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်နေ့တွင်) ‘ပရိယတ္တိဟိတကာရီအဖွဲ့ကြီး’ ကိုတည်ထောင်၍ သာသနာအဓွန့်ရှည်ရေးအတွက် သာသနာ့ဗိမ္မာန်တွင် စာပြန်ပွဲများ ကျင်းပခဲ့သည်။ သာသနာ့ပုဂ္ဂိုလ်ထူးအနေဖြင့် သာသနာရေးတွင် အမြင့်ဆုံးဘွဲ့ ‘အဘိဓဇမဟာရဋ္ဌဂုရု’ ဘွဲ့ခံ သက်တော် ၁၀၄ နှစ်မှ ခန္ဓာဝန်ချသွားသော ‘အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောသလ္လ မဟာထေရ်ဆရာတော်ကြီး မုဒွန်းရွာမှ ပေါ်ထွက်ခဲ့ဖူးသည်။

လူပုဂ္ဂိုလ်ထူးအနေဖြင့် ဂဠုန်ဆရာစံသည် လယ်သမားအရေးသူပုန်ထပြီး ဗြိတိသျှအစိုးရ လိုက်လံဖမ်းဆီးရာ လာရောက်တိမ်းရှောင်စဉ် ‘ကမာမိုရွာ’ တွင် ဆေးဆရာအဖြစ် လာရောက်ပုန်းအောင်း နေထိုင်ခဲ့ဖူးသည်။ ဆရာစံကို ဂုဏ်ပြုသောအားဖြင့် ဆရာစံရုပ်တုကိုလည်း ကမာမိုရွာ၌ ထွင်းထုပြသထားသည်။ ဟံသာဝတီခေတ်တွင် ပုသိမ် ၃၂ မြို့၊ ဟံသာဝတီ ၃၂ မြို့၊ မုတ္တမ ၃၂ မြို့စသော မြို့ပြ ၉၆ မြို့ရှိခဲ့သည်။ မုတ္တမ ၃၂ မြို့ထဲတွင် ပါဝင်သော ဒရယ်ရွာ၊ ကုလားဘီရွာ၊ ဝယ်လန်ရွာ၊ သက္ကောရွာတို့သည် ဟံသာဝတီခေတ် ရှေးဟောင်းမြို့များဖြစ်ကြသည်။

နှစ်ပေါင်းများစွာ သီးခြားကမ္ဘာဆန်ဆန် ရပ်တည်ခဲ့သည့် ဘီလူးကျွန်းသည် ပကတိအပျိုစင်တစ်ယောက်ပမာ အရောင်စွန်းထင်းခြင်းမရှိ ဖြူစင်ဝင်းပစွာ တည်ရှိနေပါသည်။ ယခု ၂၀၁၇ ခုနှစ်တွင် သံလွင်ချောင်းခြား လမ်းပန်းဆက်သွယ်ရေး အခက်အခဲနွံမှ လွတ်မြောက်လာသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသောကြောင့် စီးပွားရေးအခွင့်အလမ်းများနှင့် အခြားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ လာရောက်အခြေချ လုပ်ကိုင်တော့မည်ဖြစ်သည်။ ထိုအခွင့်အလမ်းများကို လက်တစ်ဆုပ်စာ လူတစ်စုလက်အောက်သို့ သယံဇာတများ တစ်လွှာချင်းပိုင်း ဖျက်မခံရရန်မှာ ကျွန်းသူကျွန်းသားများ အထူးသတိပြုရမည့် အချက်တစ်ခုဖြစ်သည်။

ညို့မှိုင်းမှိုင်းတောင်တန်းများ၊ လယ်ကွင်းစိမ်းစိမ်းများ၊ စက်မှုလက်မှုအတတ်ပညာများ၊ ပင်လယ်ငါးဖမ်းလုပ်ငန်းများ၊ စိမ်းလန်းသော သဘာဝပတ်ဝန်းကျင်များသည် ယနေ့အချိန်ထိ နုပျိုလတ်ဆတ်လျက်ရှိသည်။ မြို့ပြဆန်ဆန် မွန်းကျပ်မှု အငွေ့အသက်မရှိ၊ သက်သောင့်သက်သာ တည်ရှိနေပါသေးသည်။ ကောင်းမွန်လာသည့် လမ်းပန်းဆက်သွယ်ရေး၊ ခေတ်စနစ်၏ တိုက်စားမှုကိုအသွင်သစ်ဖြင့် ဘီလူးကျွန်းသည် ၂၁ ရာစုထဲ ဆက်လက်စီးမျောရပါဦးမည်။

ဘီလူးကျွန်း (ခေါ်) ချောင်းဆုံမြို့နယ်ဟု လူအတော်များများ သိခဲ့သော ယက္ခဒီပမြေသည် ၂၀၁၇ ခုနှစ်တွင် မြန်မာ့စာမျက်နှာထက်မှာသာမက ကမ္ဘာထိတိုင်အောင် ကျော်ကြားခဲ့ပါပြီ။ အငြင်းပွားဖွယ်ရာများနှင့် သံလွင်မြစ်ပေါ်ကျောခင်းပြီး မော်လမြိုင်မှ ဘီလူးကျွန်းကို ဆက်သွယ်ပေးသော ဗိုလ်ချုပ်အောင်ဆန်း တံတားကြီးနှင့်အတူ ဘီလူးကျွန်းသည် လူအများစိတ်ဝင်စားမှုကို ရရှိလာပါသည်။ နှစ်ပေါင်းများစွာ သံလွင်ချောင်းခြား၍ သီးခြားကမ္ဘာဆန်ခဲ့ရာမှ ၂၀၁၇ ခုနှစ်ကောင်းမွန်လာသည့် လမ်းပန်းဆက်သွယ်ရေးနှင့်အတူ ဘီလူးကျွန်းသည် တိုးတက်ရန် နိုးထသက်ဝင် လမ်းထလျှောက်ခဲ့ပြီဟု ဆိုရပါတော့မည်။

ကျမ်းကိုး
■ မုဒွန်းရွာ ဆရာကြီးဦးမောင်သာ (မူအုပ်-ငြိမ်း) ရေးသားသော ချောင်းဆုံမြို့နယ် (ခေါ်) ဘီလူးကျွန်းသမိုင်း

■ စာရေးသူ ရာမညမင်းသက်နိုင်၏ ‘တကော့ခမိုင်’ (ခေါ်) ဘီလူးကျွန်းအကြောင်း (ချောင်းဆုံမြို့နယ် ရန်ကုန်အသင်းထုတ်ဝေသည့်ယက္ခ ဒီပမဂ္ဂဇင်း-၂၀၁၆)

■ ဘီလူးကျွန်း၏ စက်မှုလက်မှု ယဉ်ကျေးမှု (စာတည်းအဖွဲ့-ယက္ခဒီပမဂ္ဂဇင်း၂၀၁၆)

■ ဘီလူးကျွန်းရှိ ကျေးရွာအုပ်စုများနှင့် ကျေးရွာများ (စာတည်းအဖွဲ့-ယက္ခဒီပမဂ္ဂဇင်း ၂၀၁၆)

Writer - ရာမညမင်းငြိမ်းချမ်း

Most Read

Most Recent